Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီးယား အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီးယား အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ သားများ၏ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး ကာလများတွင် တည်ငြိမ်အေးချမ်း အောင်မြင်စေရေး တို့နှင်‌့ ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်