Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၅၄)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးဟာ ဒီနေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။ (၁၈-၅-၂၀၁၇)ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ပဉ္စမ ပုံမှန်အစည်းအဝေးဟာ ဒီနေ့ဆိုရင် (၅၄)ရက်မြောက်ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ဒီအစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း (၃၁၀)ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့် မပြမေးခွန်း(၇၂၉)ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အရေးကြီးအဆို (၂)ခု အပါအဝင် အဆို(၂၃)ခု တင်သွင်း နိုင်ခဲ့ပြီး အတည်ပြုအဆို (၁၁)ခုနဲ့ မှတ်တမ်းတင်အဆို (၁၂)ခု တို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများ အနေနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၃၃)ခု ရှိပြီး ဥပဒေကြမ်း (၁၆)ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆောင်ရွက်ရန်ကျန် ဥပဒေကြမ်း (၁၇)ခု ကျန်ရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ယခုအစည်းအဝေးကာလအတွင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၂)ဦး  ကတိသစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ (၁၉)ခုရဲ့ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီရဲ့ သက်တမ်းတိုးမြှင့်ခြင်းနဲ့  ပြည်သူ့ လွှတ်တော်၊ တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ၏ တာဝန်များအား ပြင်ဆင်သတ်မှတ်ခြင်း များကို  ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦးကို ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း၊ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်(၂)ဦးကို ကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုး တာဝန်ပေးအပ်ခြင်းနဲ့ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးကို လေ့လာသူများအဖြစ် အစားထိုးတာဝန်ပေးအပ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး တာဝန်များ ဆောင်ရွက်တဲ့အခါမှာ မိမိတို့ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူလူထုကို အကာအကွယ် မပေးနိုင်တဲ့ ဥပဒေတွေဖြစ်နေရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေနိုင်တယ်ဆိုတာ အထူး သတိပြုကြရမှာ ဖြစ်ပါတယ်။ တင်းကြပ်တဲ့ဥပဒေတွေဟာ ပြင်းထန်တဲ့ အုပ်ချုပ်မှုပုံစံ (Extremism)နဲ့ ဥပဒေအရ အုပ်ချုပ်ခြင်းပုံစံ (By the Law) များကို ဦးတည်သွားစေနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားပြီး ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ဖို့အတွက် မဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်မှသာ လူထုအကျိုးပြု ဥပဒေတွေအဖြစ် ပြည်သူက အားကိုး ယုံကြည်လာကြမှာ ဖြစ်ပါတယ်။ ထို့အတူ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တစ်ခုဖြစ်တဲ့ (Check and Balance) ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ကိုယ်စားလှယ်များ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ရနေတာ ကိုယ်တိုင်မြင်တွေ့ကြားသိကြပြီး ဖြစ်ပါတယ်။  “ကျွန်တော်တို့မှာ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်များ၊ စည်းကမ်းချက်များနဲ့ မညီညွတ်တဲ့ မေးခွန်းတွေ၊ အဆိုတွေကိုသာ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ် များရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်ပြင်ဆင်တည့်မတ်ပေးခြင်း အနည်းငယ်သာရှိကြောင်း ပွင့်လင်းစွာ အသိပေး ပြောကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          အစည်းအဝေးရပ်နားထားစဉ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ဒီမိုကရေစီကျင့်စဉ် များနဲ့အညီ ပြုမူဆောင်ရွက်ကြရမှာ ဖြစ်သလို ပြည်သူလူထုက ယုံကြည်အားကိုး လေးစား တန်ဖိုးထားရသူများအဖြစ် ပြုမူပြောဆိုဆက်ဆံ နေထိုင်သွားကြဖို့ အထူး မှာကြားလိုပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ်၊ အာဏာပိုင် အဖွဲ့အစည်းက အလေးထားအပ်သူများ အဖြစ် ကျင့်ကြံလုပ်ကိုင်ကြရန် အရေးကြီးပါတယ်။ မိမိတို့ဟာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်နေသူများ ပီပီ ပြည်သူလူထုကိုလည်း ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကို လေးစားလိုက်နာကြစေဖို့  ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ (All Inclusive Democracy) ဖြစ်လာဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ဥပဒေပြုရေးတာဝန်တွေကို တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ ဆက်လက် ထမ်းဆောင်နိုင်ကြဖို့ လိုအပ်သလို မိမိကိုယ်ကို အမြဲမပြတ် စွမ်းရည်မြှင့်တင် ဆောင်ရွက်နိုင်ရန်လည်း ကြိုးစားပေးကြပါ။ ပြည်သူလူထုနဲ့ ကင်းကွာမနေဘဲ ပြည်သူ့ကြားက ပြည်သူ့ကိုယ်စားလှယ်များအဖြစ် စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံ ဆောင်ရွက်ပေးကြပါ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြပါ။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီရဲ့လုပ်ငန်းများကိုလည်း စေ့စေ့စပ်စပ် ဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်တဲ့ (Public Democratic Participation) ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီကို တစ်နည်းနည်းနဲ့ နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ အန္တရာယ် ကိုလည်း မျက်ခြေမပြတ် သတိပြုကာကွယ်ပေးကြပါ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းကြောင်းမှ သွေဖည် သွားနိုင်အောင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားစေနိုင်တဲ့ အကြမ်းဖက်မှုအန္တရာယ် များကိုလည်း သတိတရား လက်ကိုင်ထားပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတားဆီး ဖယ်ရှားပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်-

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်