Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် လွှတ်တော် လက်ကမ်းစာစောင်အား တိုင်းရင်းသားဘာသာစကားများဖြင့် ထုတ်ဝေခြင်း-စာအုပ် မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် လွှတ်တော်လက်ကမ်းစာစောင်အား တိုင်းရင်းသားဘာသာစကားများဖြင့် ထုတ်ဝေခြင်း - စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်လက်ကမ်းစာစောင်များကို တိုင်းရင်းသားဘာသာစကားဖြင့် မိတ်ဆက်တင်ပြခြင်း အစီအစဉ်မှာ ယခုလိုပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် လွှတ်တော်များရဲ့ အခန်းကဏ္ဍသည် အဓိကနေရာမှ ပါဝင်နေပါကြောင်း၊ လွှတ်တော်များဟာ ပြည်သူတွေရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားရှိပြီး ပြည်သူများကိုယ်စား ဥပဒေပြုခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းနဲ့ ကိုယ်စားပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်များဟာ "ပြည်သူ့အသံ- လွှတ်တော်အသံ""ပြည်သူ့ဆန္ဒ- လွှတ်တော်ဆန္ဒ""ပြည်သူတို့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်" ဆောင်ပုဒ်နှင့်အညီ ပြည်သူတို့ရဲ့ အကျိုးစီးပွားများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ရဲ့လုပ်ငန်းစဉ်များအပေါ် ပြည်သူများ သိရှိ နားလည်ပြီး ပိုမိုပူးပေါင်းပါဝင်လာသည်နှင့်အမျှ လွှတ်တော်သည်လည်း ပိုမိုခိုင်မာအားကောင်း လာမည်ဖြစ်ပါကြောင်း။

မြန်မာ့လွှတ်တော်ဖွံ့ဖြိုးရေးအတွက် Hanns Seidel Foundation မိတ်ဖက် အဖွဲ့အစည်း နှင့် ၂၀၁၂ ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လွှတ်တော်ဆိုင်ရာ အသိပညာ ဗဟုသုတများကို လွယ်ကူ ရိုးရှင်းစွာလေ့လာသိရှိစေရန်နှင့် ပြည်သူများအနေဖြင့် လွှတ်တော်လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လာစေရန်ရည်ရွယ်၍ လွှတ်တော်လက်ကမ်းစာစောင်များကို ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ လွှတ်တော်နှင့် ဟန်ဆိုင်ဒယ်ဖောင်ဒေးရှင်းတို့ ၂၀၁၆ ခုနှစ် မှ စတင်ကာ လွှတ်တော်လက်ကမ်း စာစောင်ထုတ်ဝေနိုင်ရန် ကြိုးစားဖော်ဆောင်ခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ယခုအခါ လွှတ်တော် လက်ကမ်းစာစောင်အား တိုင်းရင်းသား ဘာသာစကားဖြင့် ပြန်ဆိုနိုင်ဖို့အတွက် ကြိုးစားအားထုတ်ခဲ့ရာမှာ ကချင် (ဂျိန်းဖော့)၊ ကယား၊ ကရင် (ပိုး)၊ ချင်း (လိုင်ဇိုး)၊ မွန်၊ ရခိုင်နဲ့ ရှမ်း အစရှိတဲ့ တိုင်းရင်းသားဘာသာစကား ၇ မျိုး ကိုထပ်မံ ဘာသာပြန်ဆို ထုတ်ဝေနိုင်ခဲ့ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံဟာဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လွှတ်တော်ကလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားပြုနေသော အဖွဲ့အစည်းကြီး ဖြစ်ပါ ကြောင်း၊ ကျွန်တော်သည်လည်း ကချင်တိုင်းရင်းသား လူမျိုးတစ်ဦး ဖြစ်ပါကြောင်း၊ လွှတ်တော် အသိပညာပေးရေးလုပ်ငန်းစဉ်များအား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့ ပိုမို လွယ်ကူစွာ နားလည်နိုင်ဖို့ကို မိမိတို့ လွှတ်တော်အနေနဲ့ အတတ်နိုင်ဆုံး ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက် ရှိပါကြောင်း။

ဒီလိုလွှတ်တော်လက်ကမ်းစာစောင်များကို တိုင်းရင်းသားဘာသာစကားဖြင့် ပြန်ဆိုနိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့တဲ့ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဂျာမနီနိုင်ငံမှ လွှတ်တော်များ၊ ဟန်ဆိုင်ဒယ်ဖောင်ဒေးရှင်းနဲ့ ဘာသာပြန်ဆိုမှုမှာ ကူညီပေးကြတဲ့ တိုင်းရင်းသား အသိပညာရှင်များ၊ ပါဝင်ကူညီပေးကြသည့် ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိရင်း ဂုဏ်ပြုပြောကြားလိုပါကြောင်း။

ဒီနေ့အစီအစဉ်များမှာဆိုရင် လွှတ်တော်လက်ကမ်းစာစောင်မှာ ပါဝင်တဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြမှုတွေ ပါဝင်တဲ့အတွက် ပြည်သူလူထုအနေနှင့် လွှတ်တော်ရဲ့ လုပ်ငန်း တာဝန်တွေ၊ ဆောင်ရွက်ချက်တွေကို ပိုမိုသိရှိနားလည် သဘောပေါက်မယ်လို့ ယုံကြည်ပါကြောင်း၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လွှတ်တော်များ ခိုင်မာအားကောင်း စေရေးအတွက် ပြည်သူလူထုအနေနဲ့ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါ ကြောင်း၊ အားလုံးကိုကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

Video Conferencing စနစ်ဖြင့် ကျင်းပသည့် အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုသမ္မတမြန်နိုင်ငံတော်ဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E.Mr. Thomas Neisinger ၊ Hanns Seidel Foundation မှ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Achim Munz နှင့် တာဝန်ရှိသူများ၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် သတင်းမီဒီယာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၁၅ ရက်