Skip to main content

ပင်လယ်ရေတိုက်စား၍ ပျက်စီးသွားသောကမ်းပြိုတားတမံများကို နည်းပညာမရှိဘဲ မွမ်းမံရုံဖြင့် ရေရှည်ခိုင်ခံ့ရန် မဖြစ်နိုင်ပါကြောင်း၊  နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကမ်းပြိုကာကွယ်သည့် နည်းစနစ်များကိုလေ့လာပြီး စနစ်တကျတည်ဆောက်မှသာ ရေရှည်ခိုင်ခံ့မည်ဖြစ်ပါကြောင်း၊ ပေါင် မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာနှင့် ဒေးကင်းကျေးရွာတို့သည် နှစ်စဉ် ပင်လယ်ရေတိုက်စား၍ ကမ်းပြိုသည့်ဒဏ်ကို ခံစားနေရပါကြောင်း၊ ပင်လယ်ရေတိုက်စားသည့်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ သည့် ကမ်းပြိုမှုကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ်တွင် ကျပ်သိန်း ၄၅၀၀ ကုန်ကျခံပြီး တည်ဆောက်ခဲ့ ပါသော်လည်း သုံးလခန့်သာကြာပြီး ပြိုပျက်ပျက်စီးခဲ့ရပြီး ပြန်လည်ထိန်းသိမ်းရန် ဘတ်ဂျက်ကျပ် သိန်း ၆၀၀ ထပ်မံချပေးခဲ့သော်လည်း ထူးခြားမှုမရှိပါကြောင်း၊ နှစ်စဉ် ပြုပြင်ထိန်းသိမ်းစရိတ် သိန်း ၄၀၀ နှစ်စဉ် ချပေးခဲ့သော်လည်း ယနေ့အချိန်ထိ စိတ်ချရသည့်အခြေအနေ မဖြစ်သေးပါဘူးကြောင်း၊  အလားတူပဲ ဒေးကင်းကျေးရွာသည်လည်း ပင်လယ်ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုကို ကာကွယ် ရန် မြေသားတမံကို ကျပ်သိန်း ၂၅၀၀ ကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ဖြင့် ချပေးခဲ့သော်လည်း ကမ်းပြို ခြင်းကို တားဆီး၍မရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တတ်သိပညာရှင်များရှိသော်လည်း ခေတ်မီ နည်းပညာအားနည်းချက်ကြောင့် နည်းဟောင်းအတိုင်းသာ ဆက်လက် ဆောင်ရွက်နေရသည့် အတွက် ရေရှည်ခိုင်ခံ့မှုမရှိဘဲ ဖြစ်နေပါကြောင်း၊ ကျောက်စီနံရံအဖြစ် တည်ဆောက်ခြင်း၊ ကျောက် တုံးများချပြီး ကာကွယ်နေသည့်နည်းသည် ပင်လယ်ရေတိုက်စားသည်ကို ကာကွယ်၍မရပါ ကြောင်း၊  နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းများဖြင့် တည်ဆောက်မှသာ ဘတ်ဂျက်လေလွင့်မှု ကို လျော့နည်းစေမည်ဖြစ်ပါကြောင်း၊

ယခ ုနိုင်ငံတကာတွင် ကျင့်သုံးနေသော ကမ်းပြိုကာကွယ်သည့်နေရာတွင် ထိရောက်သော Geo Tube သုံးနည်း၊ Geo Formas သုံးနည်း၊ Plastic Sheet Pile သုံး၍ ကာကွယ်နည်းများကို  သုံးစွဲနေကြသည်မှာ ကြာမြင့်နေပါပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူး မြို့နယ်၊ ထီးကုန်းကျေးရွာတွင် ကမ်းပြိုတာကို Geo Formas နည်းဖြင့် တည်ဆောက်ထားတာကို တွေ့ခဲ့ရပြီး ဤနည်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲသင့်ပါကြောင်း၊ ဘတ်ဂျက်အနေဖြင့် ကြည့်မည်ဆိုပါက အလှပ်ကျေးရွာ ကမ်းပြိုကာကွယ်သည့်နေရာတွင် Geo Tube နည်းဖြင့် သုံးမည် ဆိုပါက ပေ ၁၀၀၀ အရှည်၊ ၁၀ ပေ တာရိုးအမြင့်ကို တည်ဆောက်ကုန်ကျစရိတ်သည် ကျပ် ၃၉၁.၄ သန်းသာ ကုန်ကျမှာဖြစ်ပြီး တည်ဆောက်ချိန်က သုံးလကြာမြင့်မည်ဖြစ်ပြီး နှစ် ၅၀ ကြာရှည် ခံမည် ဟုလည်း တွက်ချက်ခဲ့ကြပါကြောင်း၊ ယခင်နည်းဟောင်းအတိုင်း သဲဖြည့်ကျောက်စီ ကုန်ကျစရိတ် သည် ကျပ်သိန်း ၈၅၀ ကုန်ကျသော်လည်း တစ်နှစ်သာ ကြာရှည်ခံမည်ဖြစ်ပါကြောင်း၊ ဒေးကင်း ကျေးရွာလိုမျိုး ကမ်းပြိုကာကွယ်သည့်နေရာတွင် Geo Formas နည်းဖြင့် သုံးစွဲပါက ကမ်းအရှည်ပေ ၁၆၀၀၊ အမြင့် ၁၅ ပေ ကို Formas အရှည် ပေ ၅၀ ဖြင့် ကုန်ကျစရိတ်က ကျပ် ၅၇၁ သန်းသာ ကုန်ကျပြီး တည်ဆောက်ချိန်က သုံးလကြာမြင့်မည်ဖြစ်ပြီး နှစ် ၅၀ ကြာရှည်ခံမည်ဖြစ်ပါကြောင်း၊  ယခင် နည်းဟောင်းအတိုင်းတည်ဆောက်မည်ဆိုပါက ပေ ၁၀၀ ကို ကျပ်သိန်း ၅၀၀ ကုန်ကျမည် ဖြစ်ပြီး အလွန်ဆုံးငါးနှစ်သာ ကြာရှည်ခံမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေရှည်ခိုင်ခံ့ ကောင်းမွန်စေ ရန်အတွက် ပညာရှင်များ၏လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင် မှသာ နိုင်ငံတော်၏ဘတ်ဂျက်အလေအလွင့်သက်သာပြီး ပြည်သူများလည်း စိတ်အေးချမ်းသာစွာ နေထိုင်မည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ပင်လယ်ရေတိုက်စားခံကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန် အတွက် ပညာရှင်များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင် ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ လူနေအိမ်ခြေများနှင့် လယ်မြေဧက ၂၀၀ ကျော်အပေါ် ပင်လယ်ရေလှိုင်းရိုက်ခတ်မှုနှင့် ရေငန်ဝင်ရောက်မှု ကာကွယ်ပေးနိုင်ရန် လွန်ခဲ့သည့် ၂၂ နှစ်ခန့်က ဒေသကနေ တည်ဆောက်ထိန်းသိမ်းခဲ့သော အမြင့်ခြောက်ပေရှိ ရေငန်တားတမံသည် မုန်တိုင်းဒီရေ နှင့် ထူးကဲဒီရေ မြှင့်တက်လာသည့်အလျောက် ကျိုးပေါက်ပျက်စီးခဲ့ပါကြောင်း၊  ရေငန်ဝင်ရောက်မှု ကို ကာကွယ်နိုင်ခြင်းမရှိတော့သည့်အအတွက် ဒေသခံများ၏တောင်းဆိုချက်အရ အလျားပေ ၁၂၀၀ ရှိသော ရေငန်တားတမံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ်သန်း ၄၅၀ နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ပေးခဲ့ပါကြောင်း၊ အဆိုပါ ရေငန်တားတမံသည် မြေမျက်နှာသွင်ပြင်အနေအထားအရ ဘင်္ဂလားပင်လယ်အော်နှင့် တစ ်ဆက်တစ်စပ်တည်းဖြစ်ပြီး ပင်လယ်ပြင်နှင့်ထိစပ်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၂၇ ရက်နေ့ တွင် ထူးကဲမုန်တိုင်း (မိုရာ)တိုက်ခတ်မှုကြောင့် တမံ၏လှိုင်းကာနံရံ အလျားပေ ၃၀၀ ခန့် ပြိုကျခဲ့ပြီး ပင်လယ်ဘက်ခြမ်း တမံလျှောစောက်ရှိကျောက်ကွက်များ လျှောကျခြင်းတို့ဖြစ်ခဲ့ပါကြောင်း၊ သို့ သော်လည်း အဓိကကျသည့် မြေသားတာတမံကျိုးပေါက်ခဲ့မှု မရှိခဲ့သည့်အတွက် ကျေးရွာများ အတွင်း ရေငန်ဝင်ရောက်မှု မရှိသည့်အခြေအနေ ဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၆၀ နှင့် ပင်လယ်ဘက်ခြမ်း တမံလျှောစောက်မှ တစ်လုံးချင်းစီ သွားသည့်ကျောက်များကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး လှိုင်းပုတ်ခတ်ဆွဲချမှုကို ခံနိုင်သည့်အလေးချိန် Own Weight ရရှိစေရန်အတွက် Gabion Box များနှင့် စုစည်းချထား ကာကွယ်ခဲ့ပါကြောင်း၊  ၂၀၁၉ ခုနှစ် မိုးရာသီမှာ မွန်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်များ ကြုံ တွေ့ခဲ့ရသော်လည်း အဆိုပါ အလှပ်ရေငန်တားတမံအနေဖြင့် ထိခိုက်မှုမရှိဘဲ ကောင်းမွန်ခိုင်ခံ့စွာနှင့် ရေငန်ဝင်ရောက်မှုဒဏ်ကို ကာကွယ်ပေးနိုင်ခဲ့သည့် အနေအထားဖြစ်ပါကြောင်း၊

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဒေးကင်းကျေးရွာရှိ ဒေးကင်းရေငန်တားတာတမံသည် သံလွင်မြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးနှင့်တာသည် အလွန်နီးကပ်လာပါကြောင်း၊ အလျားပေ ၄၈၀၀ ရှိသည့် ကမ်းပြိုတားတမံဖြစ်သော ဒေးကင်းတာတမံအပိုင်း(၁)ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၂၅၀ နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက်ပေးခဲ့ပါကြောင်း၊ အဘက်ဘက်ကသုံးသပ်ပြီး စနစ်တကျဆောင်ရွက်ပေးခဲ့မှု ဖြစ်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ် မိုးရာသီတွင် ဒေးကင်းတာရှိ ကမ်းရင်းတာအနေဖြင့် သံလွင်မြစ် ရေတိုက်စားခြင်းကြောင့် နိမ့်ကျမှုရှိခဲ့သော်လည်း ရေငန်ဝင်ရောက်မှုဒဏ်ကို ကာကွယ်ပေးနိုင်ခဲ့ပါ ကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရန် ရေရှည်တည်တံ့စွာ ရေအသုံးချနိုင်မှုဖြစ်စေရေး တို့ကို ဌာနတွင်လုပ်ငန်းစဉ်များချပြီး နိုင်ငံတကာရှိ ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့သည့်ဒေသများတွင် မိုးများသော်လည်း ပင်လယ်ရေငန်နှင့် ထိတွေ့နေသည့် ကမ်းရိုးတန်းဒေသများတွင် စိုက်ပျိုးရေ၊ သောက်သုံးရေရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရန် မိုးရာသီကာလအတွင်းမှာ ရွာသွန်းသည့်မိုးရေများကို ထိရောက်အကျိုးရှိစွာ သိုလှောင်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှု သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရေးအတွက်လည်း ရေဘေးကာကွယ်ရေးတာများ ပြုပြင်ထိန်းသိမ်းခြင်း၊ အရေးပေါ်လိုအပ်သည့် ပန်းတာများ အချိန်မီတည်ဆောက်ခြင်း၊ ချောင်းများ၊ မြောင်းများနှင့် ရေနုတ်မြောင်းများ တူးဖော် ပေးခြင်းတို့ကို အထူးဦးစားပေး အလေးအနက်ထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်း၏ အကျိုးဆက်အဖြစ် ဒေသတွင်းပြည်သူများတွင် အချိန်တိုအတွင်း သိသာထင်ရှားသည့်အကျိုး ခံစားရမှု ရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်ပင်လယ်ရေတိုက်စားခံ ကျေးရွာများရှိ ကမ်းပြိုတားတမံ များ ရေရှည်တည်တံ့ခိုင်မာစေရန် လိုအပ်သည့်စူးစမ်းလေ့လာမှုများ ဖြစ်သည့်လှိုင်းအမြင့်၊ လှိုင်း အလျား၊ လေတိုက်နှုန်း၊ ရေစီးကြောင်းအခြေအနေ၊ ရေမျက်နှာပြင်အနိမ့်အမြင့်၊ အနည်ကျနှုန်း အခြေအနေနှင့် ဘူမိရုပ်သွင်ဆိုင်ရာအခြေအနေ စသည့်အချက်အလက်များကို ကမ်းရိုးတန်း အင်ဂျင် နီယာဆိုင်ရာ နည်းပညာနှင့် အသေးစိတ်လေ့လာ ဆောင်ရွက်သွားရန်ရှိမည် ဖြစ်ပါကြောင်း၊ ရရှိလာ သည့်ရလဒ်များကို အခြေပြုပြီး ပုံစံတူပြုလုပ်စမ်းသပ်ခြင်း (Model Study)စသည့် လုပ်ငန်းစဉ် အဆင့်အဆင့်ကို လုပ်ဆောင်ရမည်ဖြစ်ခြင်းကြောင့် ရန်ပုံငွေခွင့်ပြုနိုင်မှု အခြေအနေများကိုပါ ထည့် သွင်းစဉ်းစားပြီး အချိန်ယူ ဆောင်ရွက်သွားရမည်လည်းဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်များက လျော့ပါးသက်သာစေရေး လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ မိမိတို့၏ ဆောင်ရွက်နိုင်စွမ်းရှိသော အတိုင်းအတာအတွင်းက နှစ်စဉ် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မှာမူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိခြင်း ဖြစ်ပါကြောင်း၊ လက်တွေ့ဆောင်ရွက်နိုင်သည့် ရေကြီးမှုကာကွယ်ရေး အဆောက်အအုံများကို တည် ဆောက်ထိန်းသိမ်းခြင်း (Structural Measures)နှင့် ရေကြီးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်း (Non-Structural Measures) စသည့်လုပ်ငန်းစဉ်များနှင့် လျော်ညီစွာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အလှပ်ရေထိန်းတမံများကို ပြည်သူများအချိန်တိုအတွင်း အကျိုးခံစားနိုင်ရန် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ မိမိတို့ အနေဖြင့် ပင်လယ်နှင့် ထိစပ်နေသောရေငန်တားတမံများကို အဘက်ဘက်ကနေပြီး ပြည်သူများ၏ အကျိုးအတွက် စီမံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။