Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၁၁  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၃၉၆ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၉ Novel Coronavirus(၂၀၁၉-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ် နှိမ်နင်းရန်အတွက် ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက်နည်းပါးစေရန် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ စီမံဆောင်ရွက် ပေးထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ယနေ့အထိ ၂၀၁၉ Novel Coronavirus (၂၀၁၉-nCoV) ရောဂါပိုးကူးစက်ခံရသူ မရှိသေးပါကြောင်း၊ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရောဂါဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကုသဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ Novel Coronavirus (၂၀၁၉-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို အဖွဲ့ဝင် (၂၇)ဦး၊ လုပ်ငန်း (၁၁)ရပ် ဖြင့်ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။                                                  (အဆိုပါမေးခွန်းကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်မေးခွန်းဟု လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက်များကို နိုင်ငံတော် ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြပါမည်)

                    (၂)    ဦးစောသလေးစော၊ ရွှေကျင် မဲဆန္ဒနယ်က မေးမြန်းသော ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ဆက်ခံသူများက ပြန်လည် လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၆-၄-၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဒေါ်စိုးနွယ်အေး၊ တံတားဦး မဲဆန္ဒနယ်က မေးမြန်းသော တံတားဦးမြို့နယ် မြို့လယ်လမ်းမကြီးဖြစ်သော ကျောက်ဆည်-တံတားဦးလမ်းအား ပြုပြင် ဆောင်ရွက်ခဲ့မှုတွင် အရည်အသွေးမပြည့်မီမှုအပေါ် ပြန်လည်ဆောင်ရွက်ပေးမှု အခြေအနေကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကျောက်ဆည်-တံတားဦးလမ်း မိုင်တိုင် အမှတ်(၂၃/၂)မှ (၂၃/၇)အထိ လမ်းအရှည်(၅)ဖာလုံကို ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်သော ကျော်လမင်းကုမ္ပဏီအား ကတ္တရာဆက်စပ်လွှာလောင်းခြင်း၊ လမ်းမျက်နှာပြင်မညီ၍ အနိမ့်အမြင့်ဖြစ်နေသောနေရာများအား (၁"-၂")ကျောက်ဖြင့် အနိမ့်အမြင့်ညှိခြင်း၊ ၁.၅"ထု ကတ္တရာအဝင်လောင်း၍ ကျောက်သေးဖြန့်ခင်းကြိတ် ခြင်းနှင့် မျက်နှာပြင်အားလုံးကို ကတ္တရာရေပိတ်လွှာလောင်း၍ ကျောက်သေး ဖြန့်ခင်းကြိတ်ခြင်းလုပ်ငန်းများအား (၂၀-၁၁-၂၀၁၈)ရက်နေ့တွင် ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးစိုင်းဥက္ကာ၊ လဲချား မဲဆန္ဒနယ်က မေးမြန်းသော လဲချားမြို့နယ်၊ လွိုင်လင်-ပန်ကေတု-သီပေါလမ်းပေါ်ရှိ မိုင်တိုင်အမှတ် 48.5 km နှင့် 49 km အကြားရှိ နမ့်တောင်းတံတားနှင့် မိုင်တိုင်အမှတ် 57 km နှင့် 57.7 km ကြားရှိ ဟိုနား တံတားအား နှစ်လမ်းသွား RC ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတွင် လျာထားရန်အတွက် ညှိနှိုင်းထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးနေလင်းအောင်၊ မင်းတပ် မဲဆန္ဒနယ်က မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ် အကြားရှိ မောချောင်းကိုဖြတ်၍ ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက ချင်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ နယ်စပ်ရေးရာဝန်ကြီးဌာနလမ်းအဖြစ်မှ ဆောက်လုပ်ရေးဝန်ကြီး ဌာနလမ်းအဖြစ်သို့  စာရင်းသိမ်းသွင်းရန် တင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံး လုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်က မေးမြန်းသော ကျိုက္ခမီမြို့ရှိ ဘောလုံး ကွင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဖြစ်နေပါ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်သို့ ပြောင်းလဲပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ၎င်းမြေဧရိယာအား အားကစားကွင်းအဖြစ် အသုံးပြုနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၇)   ဦးမိုးရွှေ၊  ပူတာအို မဲဆန္ဒနယ်က မေးမြန်းသော ပူတာအိုမြို့နယ်တွင် ကျန်ရှိနေသော မုဒုံ(၁)-ပမ္မတီး-ညဲဆာလာဒီ-နမ်ရှယ်ကော့ သဲကျောက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားရန်အတွက် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၈)   ဦးမြတ်လေးဦး၊ ထီးလင်း မဲဆန္ဒနယ်က မေးမြန်းသော ထီးလင်းမြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ထားသော မြိုင်-တောမ-ဂန့်ဂေါလမ်းပိုင်းမှ ထီးလင်းမြို့နယ် အတွင်းရှိ တောမလမ်းပိုင်းအား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီး Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပစ္စည်းများ စုဆောင်းထား ရှိပြီးဖြစ်ပါကြောင်းနှင့် ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

                   ( ခ )  ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

                       အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက  ၁၄-၂-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ နာရီ‌ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  သတ္တမနေ့ ကျင်းပမည့်ရက်ကို ၁၄-၂-၂၀၂၀ ရက် (သောကြာနေ့) ‌ နံနက် ၁၀ နာရီတွင် လျာထားပါသည်။