Skip to main content

Description: C:\Users\user\Desktop\1.1.1.jpgပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက် )

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၉၂ )ဦး တက်ရောက်သည်။

၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

  • ဦးညွန့်ဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ်က မေးမြန်းသော မကွေးတိုင်းဒေသကြီး၊ ဆောမြို့နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထွက်ပေါက်လမ်းပေါ်နှင့် ဆောမြို့နယ်၊ ကံကြီးရွာ-မင်းတပ်-မတူပီ ထွက်ပေါက်လမ်းပေါ်တို့တွင် ဝါးတား ဂိတ်ပြုလုပ်၍ ဓာတ်သတ္တုခွန်ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊ မင်းတပ်မြို့ အဝင်အထွက်ကားများအား မောင်းတံဂိတ်များ ဖွင့်လှစ်ကောက်ခံစစ်ဆေးနေခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ဓာတ်သတ္တုနယ်ကျော် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးလှထွန်းကျော်၊ မောင်တောမဲဆန္ဒနယ်က မေးမြန်းသော မောင်တောမြို့ (၄)မိုင် ရပ်ကွက်သို့ မြကန်သာကန်တော်ကြီးမှ သောက်သုံးရေဖြန့်ဝေပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဗောဓိကုန်းဆည်မှ မြကန်သာဆည် အထွက်ပိုက်ထိ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအား ထည့်သွင်းရေးဆွဲထားပြီး မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်သို့ မြကန်သာကန်တော်ကြီးမှ ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးရွှေလှကြိုင်၊ ကန်ကြီးထောင့် မဲဆန္ဒနယ်က မေးမြန်းသော ကန်ကြီးထောင့်မြို့ တည်ထောင်ခဲ့သည်မှာ (၂၄)နှစ်ကြာပြီဖြစ်သော်လည်း မြေပေးမိန့်ရရှိချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း(၂၀)အတွင်း နေအိမ်ဆောက်လုပ်နေထိုင်မှု မရှိသေးသော မြေကွက်ရယူထားသူများအား တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန်နှင့် မြေပေးမိန့် မချရသေးသော မြေကွက်များစွာကျန်ရှိရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ပြည်ထောင်စုအစိုးရမှ ဖိတ်ခေါ်လမ်းညွှန် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက နေအိမ်ဆောက်လုပ်နေထိုင်မှုမရှိသေးသော မြေကွက်ရယူထားသူ များအား အရေးယူဆောင်ရွက်ထားခြင်း မရှိသေးသော်လည်း မိမိပိုင်မြေများတွင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရန် မြို့မြေချထားရေးအဖွဲ့မှ ထပ်မံ အသိပေးအကြောင်းကြားခြင်း၊ မြေပေးမိန့်မရရှိသေးလျှင်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ပြီး ထုတ်ယူရန် အကြောင်းကြားထားခြင်းများ ပြုလုပ်ပြီးဖြစ်ပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာတောင်သူများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်က မေးမြန်းသော ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပေးခဲ့သော Type-C ယာယီကျောင်းဆောင်များအား အပြီးသတ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက Type-A ဖြင့် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိသော အခြေခံပညာကျောင်းများအတွက် လုပ်ငန်းများဆောင်ရွက်ရန် ခွဲဝေ ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးတင်နု(ခ) ဦးတင်နုအောင်၊ မာန်အောင် မဲဆန္ဒနယ်က မေးမြန်းသော မာန်အောင် မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားရန် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူ Teaching Assistances (၁၈)ဦး ခန့်ထားပြီးဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Teaching Assistances များ ဆက်လက်ခန့်ထား နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ လျှောက်လွှာများ ထပ်မံရောက်ရှိလာချိန်တွင် သတ်မှတ်ချက်မူများနှင့်အညီ စိစစ်ပြီး ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံ မဲဆန္ဒနယ်က မေးမြန်းသော မြန်မာ့ ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန် သတ်မှတ်ပေးထား သည့် ပညာရေးအသုံးစရိတ်များကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် ပြဋ္ဌာန်းသင်ရိုး ညွှန်းတမ်းများကို ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ဖြန့်ဝေမည့်အစား Digital Text များ အဖြစ် ပြောင်းလဲဖြန့်ဝေသုံးစွဲနိုင်ရန် မူဝါဒအစီအမံများ စတင်ရေးဆွဲပြီး အဆင့်လိုက် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန အတွက် ချမှတ်ပေးသော ဘဏ္ဍာရန်ပုံငွေအပေါ်မူတည်၍ Digital Text စီမံကိန်းကို တစ်နိုင်ငံလုံးအနေဖြင့် နှစ်အလိုက် ရေရှည်အစီအမံများဖြင့် တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးပိုက်ကို၊ ပခုက္ကူ မဲဆန္ဒနယ်က မေးမြန်းသော ပခုက္ကူမြို့နယ်၊ တင်းဂါတ် ကျေးရွာအုပ်စု၊ ထနောင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ အခြေခံ ပညာအလယ်တန်းကျောင်းခွဲအဖြစ်သို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အမီ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းအဆင့် တိုးမြှင့်ပေးချိန်တွင် စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
  • ခ ) အဆို၁)ခု တင်သွင်းခြင်း

နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာရေးကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ် ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ် များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ဦးဉာဏ်လင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်က တင်သွင်းပြီး ဦးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၄-၂-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

 

( ဂ ) ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံဘူမိ သိပ္ပံကောင်စီဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိ သင့်သည့် အချက်(၅၈)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ(က)နှင့်(ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၅-၂-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။