Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ မိမိတို့ လွှတ်တော်သက်တမ်းသည် လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် (၄) နှစ်ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခုလွှတ်တော်သက်တမ်းကာလအတွင်း ဥပဒေပြုရေး၊ အပြန်အလှန် ထိန်းကျောင်းရေးနှင့် ကိုယ်စားပြုရေးတာဝန်တွေကို ထမ်းဆောင် ခဲ့ကြသည်မှာ ကာလအရွေ့ တစ်ခုသို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အလားတူ ဥပဒေပြုရေးတာဝန်များကို ထမ်းဆောင်ခဲ့ရာမှာလည်း ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကာလအတွင်းမှာ ဥပဒေပေါင်း (၁၂၄) ခု၊ ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလနှင့် ပေါင်းလိုက်လျှင် ဥပဒေပေါင်း (၃၅၆) ခု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ ဥပဒေပြုရေးလုပ်ငန်းများနှင့် ရည်မှန်းချက်များကို အားလုံး ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမှသာ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော် ရေးရာစွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့်ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါတွေ့ရှိချက်များနှင့် သုံးသပ်အကြံပြုဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက်တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ် က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ကော်မတီအတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်