Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-       

          နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါ တယ်။ ဒီနေ့စတင် ကျင်းပတဲ့ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ အတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများ အနေနဲ့ (၁၃)ခု ရှိပါတယ်။  အဆိုများအနေနဲ့ အသင့်ဖြစ် အဆို (၃) ခု ရှိပါတယ်။ မေးခွန်းများအနေနဲ့ အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း (၂၁၇) ခု ရှိပါ ကြောင်း အသိပေးတင်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒီမိုကရေစီ ကူးပြောင်းရေးကာလဟာ များစွာ နုနယ်သေးတဲ့ အခြေအနေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ရောက်ရှိဖို့ ဆက်လက်ကြိုးပမ်း အားထုတ်ကြရဦးမှာဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု အမြစ်တွယ် ထွန်းကားစေဖို့ နဲ့ ပိုမိုခိုင်မာ အားကောင်းလာစေဖို့ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အဓိကတာဝန်ရှိတယ်ဆိုတာ စွဲစွဲမြဲမြဲ ယုံကြည် ထားကြစေလိုပါတယ်။ “ပြည်သူက အပ်နှင်းထားတဲ့ ဥပဒေပြုရေး အာဏာကို အသုံးချပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ဘ၀ တိုးတက် မြင့်မားလာစေဖို့ မိမိအပါအဝင် ကိုယ်စားလှယ်များ အားလုံးက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အားထုတ် ကြိုးပမ်းကြဖို့” တိုက်တွန်း ပြောကြားလိုပါတယ်။ ကိုယ်စားလှယ်များကလည်း တာဝန်များ ထမ်းဆောင်ကြရာမှာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ နည်းမှန်၊ လမ်းမှန်နဲ့ ဆောင်ရွက်နိုင်ကြဖို့ကလည်း အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          မိမိတို့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းဟာဆိုရင်လည်း မကြာခင်မှာ (၄) နှစ်ပြည့် မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အားသာချက်၊ အားနည်းချက်များကို ပြန်လည် စိစစ်သုံးသပ်ပြီး ကျန်ရှိတဲ့ လွှတ်တော် သက်တမ်းမှာ ပြည်သူ့အတွက် အကောင်းဆုံး ထမ်းဆောင်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ မဲဆန္ဒရှင်များက အားကိုး ယုံကြည်စွာ ရွေးချယ်တာဝန် ပေးအပ်ထားတဲ့ မိမိတို့ဟာ လွှတ်တော်တာဝန်နဲ့ ကိုယ်စားပြု တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမှသာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ စွမ်းဆောင်ရည် ဆက်လက်မြင့်မား နေမှာဖြစ်ပါတယ်။ ဥပဒေပြုရေးနဲ့ စောင့်ကြည့် ထိန်းညှိခြင်း တာဝန်တွေကို ပီပြင်စွာ ထမ်းဆောင်နိုင်ဖို့ လိုအပ်သလို မိမိရပ်ရွာ၊ မိမိကိုယ်စားပြုတဲ့ မဲဆန္ဒနယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မှသာ ပြည်သူက ပိုမိုအားကိုး ယုံကြည်လာကြ မှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ပြည်သူ့အသံကို ထင်ဟပ်စေတဲ့ လွှတ်တော်တွေဟာ  အားကောင်းတဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးဖြစ်ဖို့၊ ပြည်သူတွေကြား ဒီမိုကရေစီအလေ့အကျင့် ကောင်းတွေ ခိုင်မာအားကောင်း စေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ကူညီဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြဖို့ လိုအပ်လှ ပါတယ်။ မိမိတို့ မေးမြန်းတဲ့ မေးခွန်းတွေ၊ တင်သွင်းတဲ့ အဆိုတွေ၊ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတွေဟာ ပြည်သူလူထုကို အကျိုးပြုနိုင်ဖို့ ဆန်းစစ်လေ့လာပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို “ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် နဲ့ တာဝန်ဝတ္တရားတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးပမ်း အားထုတ်ကြပါစို့” လို့တိုက်တွန်း ပြောကြားရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

                                                           ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်