Skip to main content

(စ)မြန်မာနိုင်ငံ မွေးမြူရေး လုပ်ကိုင်သူများအတွက် မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သား ပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်း ရှိ/မရှိနှင့် ယခုအခါ ကြက်/ဝက်သားပေါက်များ ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက် နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံမှာ မွေးမြူရေးနှင့်ပတ်သက်သည့် ကြက်သားပေါက်၊ ဝက်သားပေါက်များ ထုတ်လုပ်နေခြင်းနှင့် ပတ်သက်ပြီး မေးခွန်းအနည်းငယ် မေးမြန်း လိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်မွေးမြူရေးအတွက် ကြက်ငှက်တုပ်ကွေးရောဂါများ အကြီးအကျယ်ဖြစ်ပြီး မွေးမြူရေးဇုန်များတွင် သုတ်သင်ရှင်းလင်းရသည့် အဖြစ်ကြောင့် မိမိတို့ ရောဂါကင်းစင်သည့် ကြက်သားပေါက်များရရန် အခက်အခဲရှိနေပါကြောင်း၊။ ထို့အတူ ဝက်များတွင် ယခင်က ဝက်နားရွက်ပြာ ရောဂါ တော်တော်များများ အကြီးအကျယ် ဖြစ်ခဲ့ပါကြောင်း၊ လက်ရှိအားဖြင့် အာဖရိက ဝက်အပြင်းဖျား ရောဂါဟု ခေါ်သည့် African Swine Fever ရောဂါသည် တော်တော်များများ ဖြစ်ပွားလာပြီ ဖြစ်ပါကြောင်း၊ ၎င်းရောဂါသည် ၂၀၁၈ ခုနှစ် ဩဂုတ်လက  တရုတ်ပြည်တွင် စဖြစ်ခဲ့ပြီး Outbreak အကြီးအကျယ် ဖြစ်ပွားမှုပေါင်း ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဆယ်လအတွင်းတွင် ၃၂ မြို့နယ်ကို ကူးပြီး ဝက်ပေါင်း ၁.၁ သန်းကို သုတ်သင်ရှင်းလင်း ခဲ့ရပါကြောင်း၊ ထို့ကြောင့် FAO က ၎င်းရောဂါသည် မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများကို ကူးစက်လာလိမ့်မည်ဟု ကြိုတင် ပြောခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဩဂုတ်လက စတင်ခဲ့သည့် ၎င်းရောဂါသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရှမ်းပြည်က မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ ပန်ဆန်းစသည့် နေရာများတွင် အကြီးအကျယ် ဖြစ်ပွားနေပြီး ၎င်းဒေသမှ ထွက်သည့် ဝက်ပေါင်ခြောက်များ၊ ဝက်အူချောင်းများ စသည့် Products များ အားလုံးကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တင်သွင်းခွင့်များကို ပိတ်ပင်ထားခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၁ ရက်နေ့ သတင်းစာတွင် မြန်မာနိုင်ငံအစိုးရမှ ၎င်းရောဂါ အလွန် ဆိုးဆိုးရွားရွား ဖြစ်လာမည်ကို စိုးသည့်အတွက် ဇီဝလုံခြုံမှု ကိစ္စရပ်များကို ပြင်းပြင်းထန်ထန် လုပ်ပါဟု ကြေးမုံသတင်းစာတွင် ကြေညာသည်ကို တွေ့ပါကြောင်း၊ ထို့အတူ ၎င်းကြေးမုံသတင်းစာတွင် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ နယ်ခြားဒေသများ၊ နယ်ခြားဂိတ်များ International Airport များမှ ဝက်အရှင်နှင့် ဝက်မှလုပ်သည့် ပစ္စည်းများ တင်သွင်းခွင့်ကို ယာယီပိတ်ထားရန် မွေးမြူရေးဌာနကို ပန်ကြားခဲ့ပါကြောင်း၊ လက်ရှိတွင် ဝက်သားပေါက် ရရန်ခက်ကြောင်း၊ ကြက်သားပေါက်များ ရရန်ခက်နေသည့် အခြေအနေ ဖြစ်ကြောင်း၊ မိမိတို့ ယခင်က ရွာသာကြီး ကြက်ခြံမှ ကြက်ပေါက်များကို ရပါကြောင်း၊ အင်းတကော် ဝက်မွေးမြူရေးခြံက ဝက်သားပေါက်များ ရပါကြောင်း၊ ဝက်သားပေါက်၊ ကြက်သားပေါက်နှင့်ပတ်သက်ပြီး မေးခွန်း နှစ်ခု မေးလိုကြောင်း၊ နံပါတ်(၁)မေးခွန်း ယခင်က နိုင်ငံတော်ပိုင်ခြံများက ထုတ်သည့်အတိုင်း လက်ရှိတွင် ကြက်သားပေါက်၊ ဝက်သားပေါက်များကို ထုတ်လုပ်ပေးနေဆဲ ဖြစ်ပါသလား။ နံပါတ်(၂) မေးခွန်း ထိုကဲ့သို့ မထုတ်တော့ဘူးဆိုပါက ပြည်ပကထုတ်နေသည့် ဝက်သားပေါက်များ၊ ကြက်သား ပေါက်များ၏ မျိုးသန့်စင်မှုနှင့် ရောဂါသန့်စင်မှုများကို နိုင်ငံတော်က မည်ကဲ့သို့ ထိန်းချုပ်ကွပ်ကဲနေသည် ဆိုသည့် မေးခွန်းနှစ်ခုကို မေးမြန်းပါသည်။


 

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်း၏ မြန်မာနိုင်ငံအတွင်း မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအတွက် မျိုးကောင်းမျိုးသန့် ဝက်သား ပေါက်၊ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးနေခြင်း ရှိ/မရှိ နှင့် ယခုအခါတွင် ကြက်သားပေါက်၊ ဝက်သားပေါက်များ ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါ ကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက်နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဖြေကြားမည် ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် ခေတ်မီမွေးမြူရေး လုပ်ငန်းများ ပြန့်ပွားစေရန် ရည်ရွယ်ပြီး လွန်ခဲ့သည့် ၁၉၈၃ ခုနှစ်တွင် အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်ပိုင်ခြံ၊ စက်ရုံများကနေ တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်နှင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံး ဆေးဝါးများ၊ သဘာဝဇီ ဝမြေဩဇာများ တွင်ကျယ်စွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့ ပါကြောင်း၊ ထိုအတူ ကြက်/ဝက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသားတိုးကြက်၊ ဥစားကြက်၊ မိဘမျိုးကြက်နှင့် အသားတိုးဝက်၊ မိဘမျိုးဝက်များကို အပတ်စဉ် ဖြန့်ဖြူးဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဖြန့်ဖြူးခဲ့ရာတွင် မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်းလုပ်ငန်းများ အရှုံးပေါ်ခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးခြင်း၊ လျှော့ချခြင်းတို့ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွ၍် နိုင်ငံပိုင်ခြံများမှ ဝက်သားပေါက်၊ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို ရပ်ဆိုင်းခဲ့သည့် အခြေအနေ ရှိခဲ့ပါကြောင်း၊

ယခုအခါတွင် ကြက်သားပေါက် ဖြန့်ဖြူးရောင်းချသည့် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၃၅ ခုနှင့် ဝက်သားပေါက်များ ရောင်းချသည့် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၃ ခုမှ ကြက်နှင့် ဝက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို ဆောင်ရွက်လျက် ရှိပါကြောင်း၊။ အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများကို  ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပမှ တင်သွင်းသည့် ကြက်၊ ဝက်များ နှင့်စပ်လျဉ်းပြီး ကြက်သားပေါက်ကို ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က ကြက်ငှက်တုပ်ကွေး ရောဂါကင်းရှင်းကြောင်း ဖော်ပြထားသည့် နိုင်ငံများကသာ တင်သွင်းခွင့် ပြုပါကြောင်း၊ ဝက်တင်သွင်းမှုကို ခွာနာလျှာနာရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ အာဖရိက ဝက်အပြင်းဖျားရောဂါ ကင်းရှင်းသည့် နိုင်ငံများကသာ တင်သွင်းခွင့် ပြုပါကြောင်း၊ သက်ဆိုင်ရာ တင်သွင်းသည့် နိုင်ငံများမှ ကျန်းမာရေး ထောက်ခံချက် လက်မှတ်များ၊ ကာကွယ်ဆေးထိုး မှတ်တမ်းများကို တောင်းခံခြင်းနှင့် မျိုးအတွက် ဖြစ်မည်ဆိုပါက မိဘမျိုးရိုး ထောက်ခံချက်များ ပူးတွဲတင်ပြစေခြင်းနှင့် တင်သွင်း ရောက်ရှိလာပါက နမူနာပစ္စည်းများ ရယူပြီး ဇီဝလုံခြုံမှု အဆင့်(၂)ရှိ ရန်ကုန်တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊

ရောဂါကင်းစင်မှုအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ရှိသည့် ဇီဝ လုံခြုံမှုအဆင့်(၂) ဓာတ်ခွဲခန်း သုံးခုအပါအဝင် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ၁၁ ခုမှ ကြက်/ဝက် ရောဂါများကို စနစ်တကျ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးလျက် ရှိပါကြောင်း၊ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်မှုအနေဖြင့် ရောဂါဖြစ်ပွားသည့် ဒေသများကို ကွင်းဆင်းအဖွဲ့များ ဖွဲ့စည်းစေလွှတ်ခြင်းနှင့် သွေးနမူနာများကို ဓာတ်ခွဲခန်းကို ပို့ဆောင်ပြီး ရောဂါဖြစ်ပွားမှုကို အတည်ပြုခြင်း၊ ရောဂါဖြစ်ပွားပြီး သည်နောက် သုံးပတ်အကြာ ရောဂါဖြစ်ပွားမှု မရှိပါက ကင်းစင်မှုဒေသအဖြစ် ကြေညာနိုင်ရန် အတွက် လုပ်ဆောင်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မျိုးကောင်း မျိုးသန့် ကြက်သားပေါက်၊ ဝက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများက ဆောင်ရွက်နေခြင်း မရှိတော့ပါကြောင်းနှင့် ထုတ်လုပ်ဖြန့်ဖြူး တင်သွင်းသည့် ပုဂ္ဂလိက ကုမ္ပဏီများကို အသိပညာပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် များဖြင့် ဆောင်ရွက်ရန် ရှင်းလင်းပြသ သရုပ်ပြပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ဦးရန်လင်း(ကျိုက်လက်မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ ဖြေကြားချက် မိမိ၏ မေးခွန်းနံပါတ်(၁)သည် ထုတ်လုပ်မှု မရှိတော့ဘူးဆိုသည်ကို သိရပါကြောင်း၊ ဒုတိယမေးခွန်းနဲ့ပတ်သက်ပြီး ပုဂ္ဂလိကများက ထုတ်လုပ်သည့် ကြက်သားပေါက်၊ ဝက်သားပေါက်များ၏ ရောဂါသန့်စင်မှု၊ မျိုးရိုးသန့်စင်မှု စသည်များကို မည်ကဲ့သို့ စစ်ဆေးသလဲဆိုသည်က မိမိ၏ ဒုတိယမေးခွန်း ဖြစ်ပါကြောင်း၊ မေးခွန်းသည် ထုတ်လုပ်လိုက်သည် ကြက်သားပေါက်၊ ဝက်သားပေါက်များသာ ရောဂါကင်းကြောင်း၊ မျိုးရိုးသန့်စင်ကြောင်းကို နိုင်ငံတော်အစိုးရက စစ်ဆေးပါသလား။ နောက်တစ်ခါ Certificate ဟု ခေါ်သည့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပါသလားဆိုသည့် မေးခွန်းဖြစ်ပါကြောင်း၊

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ရောဂါကင်းစင်မှုနှင့်ပတ်သက်ပြီး မိမိတို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအောက်တွင် ရှိသည့် ဇီဝလုံခြုံမှုအဆင့်(၂) ဓာတ်ခွဲခန်း သုံးခု ရှိပါကြောင်း၊ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ၁၁ ခု မှ ကြက်/ဝက်ရောဂါများကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးလျက် ရှိပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်