Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E.Mr.Ronen Gilor ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်း သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E.Mr.Ronen Gilor ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်   မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ကာလရှည်ကြာပြီး ကောင်းမွန်ခိုင်မြဲသည့် နှစ်နိုင်ငံ ဆက်ဆံရေး၊ အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ မျက်မှောက်ဆက်ဆံရေးအခြေအနေ၊ မြန်မာ နိုင်ငံ၏စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေးလုပ်ငန်း မျက်နှာစာများတွင် အစ္စရေးနိုင်ငံ၏ ပူးပေါင်းပါဝင်မှု၊ အစ္စရေးနိုင်ငံက ကူညီပေးလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံမှ ပညာတော်သင်များကို ပိုမိုစေလွှတ်ရေးနှင့် အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ် များ အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်