Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၂၅) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အစည်းအဝေးကျင်းပရက် (၂၅) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၇၂) ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၅၃၅) ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆို (၁၅) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၉) ခု၊ မှတ်တမ်းတင်အဆို (၄) ခုနဲ့ လက်ခံဆွေးနွေးရန်မရှိ အဆို (၂) ခုတို့ ဖြစ်ကြပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၃) ခု ရှိပြီး ဥပဒေကြမ်း (၁၁) ခု ကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၂) ခု ကျန်ရှိနေပါတယ်။ ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များအနေနဲ့ ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီကို ကိုယ်စားလှယ် (၁၆) ဦးဖြင့်လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီကို ကိုယ်စားလှယ် (၁၅) ဦးဖြင့်လည်းကောင်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီ (၁၄)  ခုရဲ့ သက်တမ်း တိုးမြှင့်ခြင်း၊ ဥပဒေကြမ်းကော်မတီနဲ့ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတို့ကို အတည်ပြုခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

လွှတ်တော်ဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်၊ ဒီမိုကရေစီရဲ့ ပြယုဂ်၊ ဒီမိုကရေစီရဲ့ လက္ခဏာရပ်ဖြစ်သလို ဒီမိုကရေစီစနစ် ပီပြင်ဖို့အတွက် လွှတ်တော်များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ လွှတ်တော်များ ခိုင်မာအားကောင်းမှသာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ပိုမိုမြင့်တက်လာပြီး ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပြည်သူလူထုအကြား အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ ပြည်သူကိုဗဟိုပြုပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ပိုင်ခွင့်ကို အကျိုးရှိရှိအသုံးချနိုင်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်အောင် အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်များရဲ့ လုပ်ပိုင်ခွင့်ဆိုတာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ဆောင်ရွက်ချက်တွေ၊ အပြုအမူတွေပဲ ဖြစ်တယ်ဆိုတာကို သိရှိနားလည်ထားကြဖို့ လိုအပ်ပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မိမိတို့ဟာ နေရာဒေသအသီးသီး၊ လူတန်းစား အလွှာအသီးသီး၊ ပါတီအသီးသီးကနေ လွှတ်တော်ထဲကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူညီတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ခံယူချက်တွေ အသီးသီးရှိနေကြတာကတော့ အရှိတရားပဲ ဖြစ်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ပါတီတစ်ခုနဲ့တစ်ခု နားလည်အောင် ကြိုးစားပြီး ပြည်သူလူထုအကျိုး၊ နိုင်ငံတစ်ဝန်းလုံးရဲ့ အကျိုးနဲ့ယှဉ်ပြီး လွှမ်းခြုံကြည့်မြင်နိုင်တဲ့ မြော်မြင်ဉာဏ်ကြီးသူများ ဖြစ်ကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ မိမိတို့နိုင်ငံဟာ ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသားလူမျိုးအချင်းချင်းကြား ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းတွေ မတူညီပေမယ့်လည်း သွေးချင်းပြည်ထောင်စုဖွားများ၊ ပြည်ထောင်စုသားများ ဖြစ်တယ်ဆိုတာ အစဉ်အမြဲ နှလုံးသွင်းထားကြရမှာ ဖြစ်ပါတယ်။ အခုလိုကာလမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုပြီး ကျရာအခန်း ကဏ္ဍကနေ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဘက်စုံထောင့်စုံကနေ ရှုမြင်သုံးသပ်ပြီး ပြင်ဆင်သင့်၊ ပြင်ဆင် ထိုက်တာတွေကို သဘောထားကြီးခြင်း၊ အမြော်အမြင်ကြီးခြင်းတွေနဲ့ အပြုသဘောဆောင်ပြီး ဆွေးနွေးညှိနှိုင်း ပြင်ဆင်နိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး တာဝန်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များကို ဟန်ချက်ညီညီ အပြန်အလှန်ထိန်းကျောင်း နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြပါ။ မိမိတို့ကို ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူတွေနဲ့ မဲဆန္ဒနယ်က အားကိုးအားထားပြုရတဲ့ ကိုယ်စားလှယ်များအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြပါ။ ပြည်သူဗဟိုပြု ဒီမိုကရေစီစနစ် ပိုမိုထွန်းကားအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါ။ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ ဆက်လက် မြင့်မားနေဖို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ကြပါ။  “ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာဖြောင့်ဖြူး ကြပါစေ။ ဘေးအန္တရာယ် ကင်းဝေးကြပါစေ။ မိသားစုများ၊ မိတ်ဆွေများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ဆုံဆည်းနိုင်ကြပါစေ။ ဆက်လက်ကျင်းပမယ့် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း ကျန်းမာရွှင်လန်းစွာနဲ့ ပြန်လည်ဆုံတွေ့ နိုင်ကြပါစေ” လို့ ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်