Skip to main content

လွှတ်တော်ဆိုင်ရာ သံတမန်ပညာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် Learning Center (Room3) ၌ ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် လွှတ်တော်ဆိုင်ရာ သံတမန် ပညာရပ်နှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကို လွှတ်တော်ဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများ တက်ရောက်ရာတွင်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်း ကောင်း၊ လိုအပ်သည့်စွမ်းရည်များ၊ ကျွမ်းကျင်မှုများရရှိစေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း။

ယခုလို လွှတ်တော်ဆိုင်ရာသံတမန်ပညာရပ်နှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်နိုင်ခြင်းဟာ ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး မြန်မာ လွှတ်တော်များအနေဖြင့် နိုင်ငံတကာအစည်းအဝေးများ၊ နိုင်ငံတကာလွှတ်တော်များနှင့်ထိတွေ့ ဆက်ဆံရာတွင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရန်၊ နိုင်ငံ၏ ရပ်တည်ချက်မူဝါဒများနှင့် သံတမန် ဆက်ဆံရေးလုပ်ထုံးလုပ်နည်းများအား ကောင်းစွာသိရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ လုပ်ငန်းများကို ထောက်ပံ့ကူညီနိုင်မည့် အရည်အသွေးရှိသော လွှတ်တော်ရုံးဝန်ထမ်းများ ဖြစ်လာနိုင်စေရေးအတွက်လည်း ရည်ရွယ်ပါကြောင်း‌ ပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (JCC) အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

၎င်းသင်တန်းတွင် လွှတ်တော်အတွင်းရှိ နိုင်ငံတကာအစည်းအဝေး အတွေ့အကြုံများရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီ၊ ကော်မရှင်များမှ ပညာရှင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင်များက နိုင်ငံတကာ ဆက်ဆံရေးသမိုင်း၊ နှစ်နိုင်ငံဆက်ဆံရေးအခြေခံအချက်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာ နိုင်ငံရေးဆက်စပ် ဖြစ်ပေါ်မှုများ၊ AIPA , IPU စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်အချက်များ၊ အာဆီယံဆိုင်ရာသိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းများနှင့် ပဋိဉာဉ်ဘာသာရပ်တို့ကို ကဏ္ဍအလိုက် ပို့ချသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးများမှ အရာထမ်း၊ အမှုထမ်းသင်တန်းသား၊ သင်တန်းသူ (၆၆) ဦး တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်