Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

 

နှစ်သစ်အခါသမယမှာ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်၀ နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ဒီနေ့စတင်ကျင်းပတဲ့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ (၁၉) ခုရှိပါတယ်။ အဆိုများအနေနဲ့ တင်သွင်းပြီးဆွေးနွေးရန် ကျန်အဆို (၃) ခု အပါအဝင် အသင့်ဖြစ် အဆို (၁၄) ခု ရှိပါတယ်။ မေးခွန်းများအနေနဲ့ အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း (၁၄၉) ခု ရှိပါကြောင်း အသိပေး တင်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီမိုကရေစီကူးပြောင်းရေး ကာလဟာများစွာ နုနယ်သေးတဲ့ အခြေအနေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ရောက်ရှိဖို့ဆက်လက်ကြိုးပမ်း အားထုတ်ကြရဦးမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေးများ ပိုမိုခိုင်မာအားကောင်းလာစေဖို့ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များမှာ အဓိက တာဝန်ရှိတယ်ဆိုတာ စွဲစွဲမြဲမြဲယုံကြည် ထားကြစေလိုပါတယ်။ “ပြည်သူကအပ်နှင်းထားတဲ့ ဥပဒေပြုရေးအာဏာကို အသုံးချပြီး နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့ဘ၀ ပိုမိုတိုးတက်မြင့်မားလာစေဖို့ မိမိအပါအဝင် ကိုယ်စားလှယ်များ အားလုံးက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အားထုတ်ကြိုးပမ်းကြဖို့” တိုက်တွန်းအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ကိုယ်စား လွှတ်တော်အစည်းအဝေးများကို တက်ရောက်နေကြခြင်း ဖြစ်ပါတယ်။ လွှတ်တော်တာဝန်များ ထမ်းဆောင်ကြရာမှာလည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များနဲ့အညီ နည်းမှန်၊ လမ်းမှန်နဲ့ ဆောင်ရွက်နိုင်ကြဖို့ကလည်း အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မိမိတို့ ဒုတိယအကြိမ် လွှတ်တော်များရဲ့ သက်တမ်းဟာဆိုရင်လည်း မကြာမီကာလမှာ (၃) နှစ်ပြည့် မြောက်တော့မှာ ဖြစ်ပါတယ်။ (၃) နှစ်တာ ကာလအတွင်း မိမိတို့ရရှိခဲ့ကြတဲ့ အတွေ့အကြုံကနေ အားသာချက်၊ အားနည်းချက်များကို ပြန်လည် စိစစ်သုံးသပ်ပြီး ကျန်ရှိတဲ့လွှတ်တော် သက်တမ်းမှာ ပြည်သူ့အတွက် အကောင်းဆုံး ထမ်းဆောင်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ မဲဆန္ဒရှင်များက အားကိုးယုံကြည်စွာ ရွေးချယ်တာဝန်ပေးထားတဲ့ မိမိတို့ဟာလွှတ်တော်တာဝန်နဲ့ ကိုယ်စားလှယ် တာဝန်များကျေပွန်စွာ ထမ်းဆောင်နိုင်ကြမှသာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ စွမ်းဆောင်ရည် ဆက်လက် မြင့်မားနေမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေးနဲ့ စောင့်ကြည့်ထိန်းညှိခြင်း တာဝန်တွေကို ပီပြင်စွာ ထမ်းဆောင်နိုင်ဖို့ လိုအပ်သလို မိမိရပ်ရွာ၊ မိမိကိုယ်စားပြုတဲ့မဲဆန္ဒနယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မှာသာ ပြည်သူကပိုမိုအားကိုး ယုံကြည်လာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် “နိုင်ငံသူနိုင်ငံသားများရဲ့ အမျိုးသားအကျိုးစီးပွားအတွက် မိမိတို့အားလုံးက မွန်မြတ်တဲ့ စိတ်ရင်းစေတနာနဲ့ ဆက်လက်ကြိုးပမ်း ထမ်းဆောင်ကြပါစို့” လို့ တိုက်တွန်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်း ဆက်သလိုက်ပါတယ်ခင်ဗျား။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်