Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ကျန်းမာရွှင်လန်းစွာဖြင့် တက်ရောက်လာကြတာ တွေ့ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံခဲ့ ရတဲ့ ကိုယ်စားလှယ်များနှင့် အစားထိုးပြောင်းလဲထားတဲ့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်က လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ဒီနေ့ စတင်ကျင်းပတဲ့ ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ စတုတ္ထပုံမှန် အစည်းအဝေး ပြီးဆုံးချိန်မှာ ကျန်ရှိခဲ့တဲ့ ဥပဒေကြမ်း (၁၀)ခုနဲ့ အသစ်ထပ်မံ ရောက်ရှိလာမယ့် ဥပဒေကြမ်းများကို ဆက်လက် ဆွေးနွေးသွားကြရမှာ ဖြစ်ပါတယ်။ အဆိုများအနေနဲ့ စတုတ္ထပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိတဲ့ အဆို(၃)ခုနဲ့ အသင့်ဖြစ်အဆို (၂၂)ခု ရှိတဲ့ အတွက် ဆောင်ရွက်ရန်အဆို စုစုပေါင်း (၂၅)ခု ဖြစ်ပါတယ်။ မေးခွန်းများအနေနဲ့ စတုတ္ထပုံမှန် အစည်းအဝေးမှ ပဉ္စမပုံမှန် အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်း (၁၄၁)ခု အပါအဝင် စုစုပေါင်း အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း (၁၆၄) ခုရှိပါကြောင်း အသိပေးတင်ပြလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ဒီကနေ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို လေ့လာကြည့်မယ် ဆိုရင်လည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲများနဲ့အတူ မူဝါဒ သဘောတရားနဲ့ လုပ်ငန်းလမ်းစဉ် အပြောင်းအလဲ များကို ထင်ထင်ရှားရှား တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့နိုင်ငံများအားလုံးဟာ ၎င်းတို့ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အဓိကဦးစားပေး ဆောင်ရွက် ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာ့အပြောင်းအလဲမှာ လိုက်ပါပြောင်းလဲတိုးတက်နိုင်တဲ့ နိုင်ငံအဖြစ် ဖန်တီးပုံဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဥပဒေတို့ မည်သည် ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့် အညီ လိုက် ပါပြောင်းလဲရတဲ့ သဘောရှိပါတယ်။ နိုင်ငံရေးမူဝါဒ၊ စီးပွားရေး စနစ်၊ လူမှုရေးဘဝတွေ ပြောင်းလဲတဲ့ အခါမှာလည်း ဥပဒေတို့ကို လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလဲ ပေးရပါတယ်။ ယင်း အပြောင်းအလဲများနဲ့ ညီညွတ် မျှတအောင် မိမိတို့ကိုယ်တိုင်ကလည်း ပုံစံကျ နေတဲ့ အတွေးအခေါ် အလေ့အထ Mind-set တွေကို ပြောင်းလဲခံယူ ကျင့်သုံး နိုင်ကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား- ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေးကာလဟာ စတင်ကာစ ဖြစ်ပြီး များစွာနုနယ်တဲ့ အခြေအနေမှာ ရှိပါသေးတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ရောက်ရှိဖို့ များစွာ ကြိုးပမ်းအားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားကြရဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေအကြား ဒီမိုကရေစီ အလေ့အကျင့်တွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးရှိရင် တာဝန်နဲ့ ဝတ္တရားလည်း ရှိတယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်များက စံနမူနာပြ ကျင့်ကြံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာဖို့အတွက် အပြောင်းအလဲဟာ ဆက်လက် ဆောင်ရွက်ကြရမယ့် Process အဖြစ် ခံယူထားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ "နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ဒီမိုကရေစီ အခွင့်အရေးများရရှိပြီး လူမှုစီးပွားဘ၀ မြှင့်တင်ရေးကို ဆက်လက် ဆောင်ရွက်သွားကြပါစို့"လို့ ပြောကြားရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်-

၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်