Skip to main content

အင်ဒိုနီးရှားနိုင်ငံလွှတ်တော်

အကျဉ်းချုပ်

ဤစာတမ်းတိုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံလွှတ်တော်နှင့် စပ် လျဉ်း၍ အချက် အလက်များကို ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှားလွှတ်တော်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် တည်ရှိပါသည်။ ဥပဒေ ပြုနိုင်သော လွှတ်တော် တစ်ရပ်သာရှိပြီး အောက်လွှတ်တော်(House of Representative) ဖြစ်ပါသည်။ တိုက်ရိုက်ရွေးချယ်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၅၆၀ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ အမျိုးသားကိုယ်စားလှယ် ၄၆၆ ဦးနှင့် အမျိုးသမီး ကိုယ်စားလှယ် ၉၄ ဦး ၁၆.၇၉ ရာခိုင်နှုန်းတို့ ပါဝင်ပါသည်။ ယခင်ကတပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်မှုရှိခဲ့ သော်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်းမှစ၍ ပါဝင်မှုမရှိတော့ ကြောင်းတွေ့ရပါသည်။ ပြည်သူ့လွှတ်တော်(DPR)၊ ဒေသဆိုင်ရာကိုယ်စားလှယ်များကောင်စီ(DPD)နှင့် ပြည်နယ်၊ ခရိုင်/မြူနီစီပယ်တို့၏လွှတ်တော်များ (DPRD) ကိုယ်စားလှယ်များကို အချိုးကျကိုယ်စားပြု စနစ် (PR) ဖြင့် ရွေးချယ်တင်မြှောက်ပြီး ဒေသဆိုင်ရာကောင်စီများကို တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့်စနစ်ဖြင့် ကျင့်သုံးပါသည်။ နောက်ဆုံး ရွေးကောက်ပွဲအား ၉-၄-၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။


နိဒါန်း
၁။    အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံ၏လွှတ်တော်သည် မြန်မာနိုင်ငံလွှတ်တော် နှင့် အကြမ်းမျဉ်းအားဖြင့် တူညီမှုများရှိပါသည်။ လွှတ်တော် ၃ ရပ်ရှိခြင်း၊ သမ္မတစနစ်ကို ကျင့်သုံး ခြင်းနှင့် ယခင်ကလွှတ်တော်အတွင်း တပ်မတော်သားများပါဝင်ခြင်းတို့ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ ၏လွှတ်တော်ကို လေ့လာခြင်းဖြင့်  နိုင်ငံတကာ လွှတ်တော် များ လေ့လာရာတွင် အထောက်အကူပြု နိုင်ရန်ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံလွှတ်တော်
၂။    အင်ဒိုနီးရှားလွှတ်တော်သည် ဂျာကာတာမြို့တွင် တည်ရှိပါသည်။ လွှတ်တော်  ၃ ရပ်ရှိ ပါသည်။ ပြည်ထောင်စု လွှတ်တော်(Majelis Permusyawaratan Rakyat-MPR)၊ ပြည်သူ့ လွှတ်တော်(Dewan Perwakilan Rakyag-DPR)နှင့် ဒေသဆိုင်ရာကိုယ်စားလှယ်များကောင်စီ (Dewan Perwakilan Daerah-DPD) တို့ဖြစ်ပါသည်။  DPR ကို တိုက်ရိုက်ရွေးချယ်တင်မြှောက် သောလွှတ်တော်ကိုယ်စားလှယ် ၅၆၀ ဖြင့်ဖွဲ့စည်းထားပြီး DPD ကိုပြည်နယ်များမှကိုယ်စားလှယ် များ  ၁၃၆ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ MPR သည် DPR နှင့် DPD ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် ကိုယ်စားလှယ်ဦးရေ ၆၉၆ ဦးရှိပါသည်။
၃။    လွှတ်တော် ၃ ရပ်လုံးတွင် ဥက္ကဋ္ဌများရှိပါသည်။ ၉-၄-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းမှုအရ MPR ၏ဥက္ကဋ္ဌမှာ Mr.Zulkifli Hasan ဖြစ်ပြီး DPR ၏ဥက္ကဋ္ဌမှာ Mr.Setya Novanto ဖြစ်ပြီး DPD ၏ဥက္ကဋ္ဌမှာ Mr.Irman Gusman ဖြစ် ပါသည်။ လွှတ်တော် ၃ ရပ်လုံးတွင် သီးခြားဝန်ထမ်းအဖွဲ့အစည်းများရှိပြီး လွှတ်တော် ညွှန်ကြားရေးမှူးချုပ် (Secretary General )တစ်ဦးစီမှကွပ်ကဲပါသည်။
အင်ဒိုနီးရှားလွှတ်တော်၏သမိုင်း
၄။ အင်ဒိုနီးရှားနိုင်ငံ၏ လွှတ်တော်ပေါ်ပေါက်လာပုံနှင့် ပြောင်းလဲဖြစ်ပေါ်ပုံအဆင့်ဆင့်မှာ  ရှုပ်ထွေးပြီး အကြမ်းမျဉ်း အားဖြင့် အောက်ပါအတိုင်းတွေ့ရှိရပါသည်-
  (က)     ဒတ်ခ်ျကိုလိုနီကာလအတွင်းတွင် Volksraad ဟုခေါ်သည့် ဒတ်ခ်ျပါလီမန်အဖွဲ့ အစည်း တစ်မျိုးရှိခဲ့ပါသည်။
 (ခ)  ၁၇-၈-၁၉၄၅ ရက်နေ့တွင် ဆူကာနိုခေါင်းဆောင်သောအဖွဲ့သည် ဒတ်ခ်ျ အစိုးရ၏ လက်အောက်ခံဘဝမှ      လွတ်မြောက်ကြောင်းကြေညာခဲ့ပါသည်။ သို့ရာတွင် ဒတ်ခ်ျ အစိုးရမှအသိအမှတ်မပြုသေးပါ။ ၁၈-၈-၁၉၄၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးအတွက်ပြင်ဆင်ရေးအဖွဲ့ PPKI ကို ဖွဲ့စည်းခဲ့ပြီး ထိုနေ့တွင်ပင် အင်ဒိုနီးရှားနိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပါသည်။
(ဂ)  ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ဥက္ကဋ္ဌက ဗဟိုအင်ဒိုနီးရှား အမျိုးသား ကော်မတီ KNIP ကိုတည်ထောင်ခဲ့ပါသည်။ ၎င်းအဖွဲ့သည် PPKIမှ အဖွဲ့ဝင်အချို့နှင့် ဒေသဆိုင်ရာကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်ပြီး သမ္မတအား အထောက်အကူပြုရန်နှင့် လွှတ်တော်များမပေါ်ပေါက်သေးမီ ဥပဒေပြုရေး တာဝန်များ ထမ်းဆောင်ရန်ဖြစ်ကြောင်း သိရပါသည်။
(ဃ)  ၂၇-၁၂-၁၉၄၉ ရက်နေ့တွင် ဒတ်ခ်ျအစိုးရက အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေး အားအသိအမှတ်ပြုခဲ့ပါသည်။ ဆူကာနိုမှသမ္မတဖြစ်လာခဲ့ပါသည်။ သမ္မတဆူကာနို က ယာယီပြည်ထောင်စုလွှတ်တော် (Provisional People’s Consultative Assmbly-MPRS) ကို ၆၁၆ ယောက်ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ပြည်သူများ၏ ကိုယ်စားလှယ် DPR အဖွဲ့ဝင် ၂၅၇ ယောက်၊ လူထုလူတန်းစားကိုယ်စားလှယ် ၂၄၁ ယောက်၊ ဒေသများဆိုင်ရာကိုယ်စားလှယ် ၁၁၈ ယောက်ဖြင့် ဖွဲ့စည်းခြင်းဖြစ် ပါသည်။ ထိုကာလကို Guided Democracy Era ဟုခေါ်ပြီး သမ္မတမှ အားလုံး ကို ဆုံးဖြတ်ပါသည်။
(င)    ၁၉၆၇ ခုနှစ် တွင်ကျင်းသော MPRS ၏အထူးအစည်းအဝေးတွင် သမ္မတဆူကာနို ရာထူးမှနုတ်ထွက်ပေးရပြီး ဆူဟာတိုအား ယာယီသမ္မတအဖြစ် လွှတ်တော်မှ ခန့်အပ်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ် တွင်ကျင်းပသော MPRS ၏အထူး အစည်းအဝေး တွင်ဆူဟာတိုအားသမ္မတအဖြစ်ခန့်အပ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေး ၅ နှစ် စီမံကိန်းကို ရေးဆွဲ အကောင် အထည်ဖော်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
(စ)   ၁၉၇၃ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များ (တပ်မတော်သားများမှအပ)သာပါဝင်သော MPR ကိုကိုယ်စားလှယ် ၉၂၀ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ သမ္မတသည် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံစီးပွားရေးအား တာဝန်ယူဆောင်ရွက်ရသည့် အစီရင်ခံခြင်းမိန့်ခွန်း Accountability Speech ကိုပြောကြားခဲ့ပါသည်။
(ဆ)    ၁၉၉၈ ခုနှစ်တွင်ကျင်းပသော MPR၏အထူးအစည်းအဝေးတွင် ဆူဟာတို ရာထူး မှနုတ်ထွက်ရပါသည်။ ၁၉၉၉ ခုနှစ်အစည်းအဝေးတွင် MPR ကို ကိုယ်စားလှယ် ၇၀၀ ဦးဖြင့်ဖွဲ့စည်းပြီး DPR မှ ၅၀၀ ဦး၊ ဒေသဆိုင်ရာကိုယ်စားလှယ်များ ၁၃၅ ဦးနှင့်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ ၆၅ ဦးပါဝင်ပါသည်။
(ဇ) ၂၀၀၄ ခုနှစ်မတိုင်မီအထိ သမ္မတနှင့်ဒုတိယသမ္မတကို MPR မှရွေးချယ်သော် လည်း ၂၀၀၄ ခုနှစ်မှစတင်၍ သမ္မတနှင့်ဒုတိယသမ္မတကို ပြည်သူများမှ တိုက်ရိုက် ရွေးချယ်တင်မြှောက်ပါသည်။ ထိုနှစ်တွင်ပြည်သူများမှ တိုက်ရိုက်ရွေး ချယ်တင် မြှောက်သော ပြည်နယ်ကိုယ်စားလှယ်များပါဝင်သည့်  (Regional Representative Council-DPD)ကို စတင် ရွေးချယ်တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။
(ဈ)    အထွေထွေရွေးကောက်ပွဲများကို ၁၉၅၅၊ ၁၉၇၁၊ ၁၉၇၇၊ ၁၉၈၂၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၄၊ ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်များတွင် ကျင်းပခဲ့ကြပါသည်။
ရွေးကောက်တင်မြှောက်ခြင်းစနစ်
၅။    အင်ဒိုနီးရှားနိုင်ငံကို The Unitary State of the Republic of Indonesia အဖြစ် ဖွဲ့စည်းထားပြီး ပြည်နယ်  ၃၄  ခု ပိုင်းခြားထားပါသည်။ ပြည်နယ်များကို ကိုယ်စားအုပ်ချုပ် သည့်ပြည်နယ်များ (Regencies)၊ ဒေသန္တရအုပ်ချုပ်ခွင့်ရပြည်နယ် (Municipalities) များဖြင့် ခွဲခြားထားပါသည်။ ပြည်နယ်များ၊ ကိုယ်စားအုပ်ချုပ်သည့်ပြည်နယ်များနှင့် ဒေသန္တရအုပ်ချုပ် ခွင့်ရပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး ၎င်းတို့တွင်(Regional People’s House of Representatives -DPRD) ဟုခေါ်သော လွှတ်တော်များရှိပါသည်။ ၎င်းတို့ကို ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ကြပါသည်။
၆။    ရွေးကောက်ပွဲကို  ၅  နှစ်လျှင် တစ်ကြိမ်ကျင်းပ ပါသည်။ ရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်၊ ဒေသဆိုင်ရာ ကိုယ်စားလှယ်များကောင်စီနှင့် ဒေသဆိုင်ရာပြည်သူ့လွှတ်တော်(သို့မဟုတ်)ခရိုင်/မြို့ တို့၏ လွှတ်တော်ကိုယ်စားလှယ်များကို အချိုးကျကိုယ်စားပြုစနစ်(Proportional Representation -PR) စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပါသည်။
နိုင်ငံတော်အုပ်ချုပ်ပုံစနစ်
၇။    နိုင်ငံတော်တွင် အောက်ပါနိုင်ငံတော်အဆင့်အဖွဲ့အစည်း (State Institution) များရှိပါ သည် -
(က)    ပြည်ထောင်စုလွှတ်တော် (The People’s Consultative Assembly) (MPR)
(ခ)    သမ္မတ (President)
(ဂ)    ပြည်သူ့လွှတ်တော် (The House of Representatives) (DPR)
(ဃ)    နိုင်ငံတော်စာရင်းစစ်ချုပ်အဖွဲ့ (Supreme Audit Agency)
(င)    တရားရုံးချုပ် (Supreme Court)
(စ)    အခြေခံဥပဒေဆိုင်ရာခုံရုံး (Constitution Court)
(ဆ)    တရားစီရင်ရေးကော်မရှင် (The Judicial Commission) စသည်တို့ဖြင့် ဖွဲ့စည်း  ထားပါသည်။
လွှတ်တော်ဦးဆောင်အဖွဲ့( House of Representatives Leadership)
၈။    လွှတ်တော်ဦးဆောင်အဖွဲ့သည် စုပေါင်းဦးဆောင်နိုင်ရန် ဖွဲ့စည်းထားသောကြောင့် လွှတ်တော် ဥက္ကဋ္ဌ  ၁  ဦးနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ  ၄  ဦး တို့ပါဝင်ကြပါသည်။ လွှတ်တော်အတွင်း အမတ် ဦးရေအများဆုံးရှိသော ပါတီမှ ရွေးချယ် ခံရသူသည် လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမရသော ပါတီများမှ ရွေးချယ်ခံရသူများသည် လွှတ်တော်ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြ ပါသည်။
လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၏ တာဝန်များ
၉။    လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    (က)    လွှတ်တော်အစည်းအဝေးများကို ဦးဆောင်ရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်၊
    (ခ)    လုပ်ငန်းတာဝန်များချမှတ်ရန်နှင့် ခွဲဝေယူရန်၊
    (ဂ)    DPR အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးရန်၊
    (ဃ)    DPR ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် တာဝန်ထမ်းဆောင်ရန်၊
    (င)    DPR ကို ကိုယ်စားပြုလှုပ်ရှားဆောင်ရွက်ရန်၊
(စ)    အခြားသော State Institutions များနှင့်ဆက်ဆံရာတွင် DPR ကို ကိုယ်စားပြုရန်၊
(ဆ) DPR ၏ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် သမ္မတနှင့်အခြား သော State Institutions များ၏ ခေါင်းဆောင်များနှင့် ပေါင်းစပ်ညှိနှိုင်း ရန်၊
(ဇ)    တရားရုံးတွင် DPR သို့မဟုတ် DPR ၏အဖွဲ့အစည်းများကို ကိုယ်စားပြုရင်ဆိုင်ရန်၊
(ဈ) လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သော DPR ၏ ဆုံးဖြတ်ချက်များကို တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကိုယ်စားပြုရန်၊
(ည) DPR ၏ရည်မှန်းချက်၊ မူဝါဒနှင့်မဟာဗျူဟာများချမှတ်ရန်နှင့် DPR ၏ အသုံး စရိတ်(Budget)နှင့်ပတ်သက်၍ Household ကော်မတီ၏တင်ပြချက်ကို လွှတ်တော် တွင် အတည်ပြုချက်ရယူရေး ဆောင်ရွက်ရန်၊
(ဋ)    အဖွဲ့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လွှတ်တော်ကိုတာဝန်ခံရန် တို့ဖြစ်ကြ ပါသည်။
ပြည်ထောင်စုလွှတ်တော် (MPR) ၏ ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်အာဏာများ
၁၀။    ပြည်ထောင်စုလွှတ်တော် (MPR) တွင် ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထား သည့် ပြည်သူ့လွှတ်တော်နှင့် ဒေသဆိုင်ရာကိုယ်စားလှယ်များ ကောင်စီ (The Regional Representatives Council-DPD) တို့ပါဝင်သည်။ (မှတ်ချက်။ ဒေသ ဆိုင်ရာကိုယ်စားလှယ်များကောင်စီသည် အထက်လွှတ်တော်မဟုတ်ပါ။ ဥပဒေပြုခွင့်မရှိပါ။)  ၁၁။    ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်း၊   ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ သမ္မတနှင့် ဒုတိယသမ္မတကို ရာထူးမှဖယ်ရှားမှုပြုလုပ်နိုင်ပါသည်။ သမ္မတနှင့် ဒုတိယသမ္မတသည် ဥပဒေအား ချိုးဖောက် ခဲ့လျှင် ပြည်သူ့လွှတ်တော်၏ အဆိုပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ရာထူးမှဖယ်ရှားနိုင်ရန် အတွက် ပြည်သူ့လွှတ်တော် မှ တောင်းဆိုလျှင် ရက်ပေါင်း  ၃၀  အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကို ခေါ်ယူ ဆွေးနွေးဆုံးဖြတ်ရပါသည်။ ပြည်သူ့လွှတ်တော်သည် သမ္မတနှင့် ဒုတိယသမ္မတအား ပြစ်တင်ရှုတ် ချချက် အဆို တင်သွင်းရာတွင် အပြစ်ရှိကြောင်းဖော်ပြထားသည့် အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အစီရင်ခံစာဖြင့် ပူးတွဲတင်ပြ ရမည် ဖြစ်ပါသည်။
ဒေသဆိုင်ရာကိုယ်စားလှယ်များကောင်စီ (DPD)ဖွဲ့စည်းမှုနှင့် လုပ်ပိုင်ခွင့်အာဏာများ
၁၂။    ဒေသဆိုင်ရာကိုယ်စားလှယ်များကောင်စီသည် ပြည်နယ် ၃၄ ခုမှ ၁ ခုလျှင် ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ် ၄ ဦးစီဖြင့် စုစုပေါင်း ၁၃၆ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။ ၎င်းသည် ဒေသဆိုင်ရာ များနှင့် ပတ်သက်သည့် ဥပဒေများကိုရေးဆွဲ၍ ဥပဒေကြမ်းများအဖြစ် ပြည်သူ့လွှတ်တော် သို့တင်သွင်း ရပါသည်။ ဒေသဆိုင်ရာ များနှင့်ပတ်သက်သည့် ဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာဥပဒေများ၊
(ခ)    ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ ဆက်ဆံရေးဆိုင်ရာဥပဒေများ၊
(ဂ)    ဖွဲ့စည်းပုံ (Formation) ဆိုင်ရာများ၊
(ဃ)    ဒေသများကို တိုးချဲ့ခြင်း၊ ပူးပေါင်းခြင်းဆိုင်ရာများ၊
(င)    သယံဇာတများ စီမံခန့်ခွဲရေးဆိုင်ရာများ၊
(စ)    ဗဟိုနှင့် ဒေသဆိုင်ရာတို့အကြား ဘဏ္ဍာငွေခွဲဝေရေးဆိုင်ရာ ဥပဒေများ စသည်တို့ ဖြစ်ပါသည်။
၁၃။    ဒေသဆိုင်ရာကိုယ်စားလှယ်များကောင်စီသည် အဆိုပါဥပဒေများနှင့် ပတ်သက်၍သော် လည်းကောင်း၊ ဒေသဆိုင်ရာ များ၏ Budget, Taxation, Education နှင့် Religion ကိစ္စများ နှင့် ပတ်သက်၍သော် လည်းကောင်း ပြည်သူ့လွှတ်တော်တွင် ပါဝင်ဆွေးနွေးနိုင်ပြီး အဆိုပါဥပဒေ များနှင့် ပတ်သက်၍ ဒေသဆိုင်ရာအစိုးရများမှ လိုက်နာလုပ်ဆောင်ခြင်းရှိမရှိကို Over See လုပ်ပါသည်။
ပြည်သူ့လွှတ်တော်(DPR) ၏ ဖွဲ့စည်းမှုနှင့် လုပ်ပိုင်ခွင့်အာဏာများ
၁၄။    DPR ကို ရွေးကောက်ခံကိုယ်စားလှယ် ၅၆၀ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ယခင်က တပ်မတော်သား ကိုယ်စားလှယ်  များပါဝင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်းမှစ၍ ပါဝင်မှု မရှိတော့ပါ။ DPR တွင် မူဝါဒတူညီသော ပါတီများ စုစည်းဖွဲ့စည်းထားသော အဖွဲ့များ (Faction) ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်၏ အဖွဲ့အစည်းများ(House Fitting Tools) နှင့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော လွှတ်တော် လုပ်ငန်းဆိုင် ရာ ထောက်ပံ့ ရေးအဖွဲ့ (Secretariat General) ဟူ၍ သုံးပိုင်းဖြင့်ဖွဲ့စည်းထားပါသည်။  ပြည်သူ့လွှတ်တော် သည် ဥပဒေပြုခွင့်အာဏာကို ကိုင်ဆွဲထားပါသည်။ ပြည်သူ့လွှတ်တော်နှင့်သမ္မတတို့ ပူးတွဲ သဘောတူမှသာ ဥပဒေဖြစ်ပြီး ပူးတွဲ သဘောတူညီပြီးသော ဥပဒေကြမ်းကို သမ္မတလက်မှတ်ထိုးမှ သာ ဥပဒေဖြစ်သည်။ DPR သည် ဥပဒေပြုခြင်း(Legislation Function) ၊ ဘတ်ဂျက်စိစစ်ခြင်း (Budgetary Function)နှင့် အုပ်ချုပ်ရေး အဖွဲ့အားစောင့်ကြည့်ခြင်း (Oversight Function) တို့ကိုလုပ်ဆောင်ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေကြမ်းကို တင်သွင်း နိုင်ခွင့်ရှိပါသည်။

အင်ဒိုနီးရှားပါလီမန်တွင် တပ်မတော်၏ပါဝင်မှု
၁၅။    အင်ဒိုနီးရှားနိုင်ငံသည် ၁၇-၈-၁၉၄၅ ခုနှစ်တွင် ဒတ်ရှ်နိုင်ငံအောက်မှ လွတ်လပ်ရေးရရှိခဲ့ ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ အင်ဒိုနီးရှား၏ တပ်မတော်ပေါက်ဖွားခဲ့ပါ သည်။ တပ်မတော်ပေါက်ဖွားလာခဲ့သည့်နေ့ကို ၅-၁၀-၁၉၄၅ ခုနှစ် အဖြစ်သတ်မှတ်ထားပါ သည်။ လွတ်လပ်ရေးကို ဒတ်ရှ်အစိုးရအနေဖြင့် ၁၉၄၉ ခုနှစ်တွင်မှ အသိအမှတ်ပြုသဖြင့် ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်ကြားကာလတွင် လွတ်လပ်ရေးအား ထိန်းသိမ်းထားနိုင်ရေးအတွက် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပါသည်။
၁၆။    လွတ်လပ်ရေးရပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးပြန်လည်မဆုံးရှုံးရေးနှင့် လွတ်လပ်ရေး ဆုံးရှုံးမှု မဖြစ်စေရန် အရပ်ဘက်အစိုးရထံမှ တပ်မတော်အနေဖြင့် အာဏာသိမ်းယူ ခြင်းမျိုးလုပ်ဆောင်ရခြင်းမရှိစေရန် တပ်မတော် သည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင်ပါဝင်သင့် သည်ဟူသော အတွေးအခေါ်သည် ၁၉၅၀ ခုနှစ်လွန်ကာလ များတွင်  လွှမ်းမိုးလာခဲ့ပါသည်။
၁၇။    ၁၉၅၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ AH Nasution က စစ်တက္ကသိုလ် ကျောင်းဆင်း ပွဲမိန့်ခွန်းပြောကြားရာ တွင် ၎င်းအတွေးအခေါ်ကို လူသိရှင်ကြားထည့်သွင်း ပြော ကြားခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် နိုင်ငံရေးဆူပူအုံကြွမှုဖြစ်ပေါ်ခဲ့ပြီး ၁-၁၀-၁၉၆၅ ခုနှစ်တွင် ဆူဟာတိုအာဏာရရှိလာခဲ့ပါသည်။ ၁၉၆၇ ခုနှစ်လွှတ်တော်မှစတင်၍ အင်ဒိုနီးရှားလွှတ်တော် အတွင်းတွင် တပ်မတော်အတွက်အောက်ပါအတိုင်း နေရာသတ်မှတ်ပေးခဲ့ပါသည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲမှစတင်၍ လွှတ်တော်အတွင်း တပ်မတော်ပါဝင်ခြင်းမရှိတော့ပါ။

001

 

 

 

 

 

 

 

 

 

 

 

 

 

 

လွှတ်တော်တွင်းပါတီများ၏ အဖွဲ့အစည်းများ (Factions)
၁၈။     DPR အတွင်းတွင် မူဝါဒတူညီနီးစပ်သော ပါတီများစုပေါင်း၍ Faction များ ဖွဲ့စည်း ရပါသည်။ MP (Member of Parliament)တိုင်းသည် Faction တစ်ခုခုတွင် ပါဝင်ရပါသည်။ Factions တစ်ခုသည် ၁၃ ယောက်ထက်မနည်းရပါ။ ၎င်းတို့အတွက် ရုံးဝန်ထမ်းအဖွဲ့၊ အသုံး စရိတ်၊ ကျွမ်းကျင်သူပညာရှင်များ ထောက်ပံ့ဖွဲ့စည်းပေးထားပါသည်။ ၂၀၁၄ခုနှစ် မှ၂၀၁၉ထိ သက်တမ်းရှိသောလွှတ်တော်တွင် အောက်ပါအတိုင်း Faction  (၁၀) ခုရှိပါသည်-

002

ပြည်သူ့လွှတ်တော်၏အဖွဲ့အစည်းများ (House Fitting Tools)
၁၉။    လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်၏ အဖွဲ့အစည်းများ (House Fitting Tools) မှာ အောက်ပါ အတိုင်းဖြစ်သည် -
(က)    လွှတ်တော်ဦးဆောင်အဖွဲ့
(ခ)    လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီ
(ဂ)    အုပ်ချုပ်ရေးအဖွဲ့အစည်းများအား စိစစ်ရေးကော်မတီများ
(ဃ)    ဥပဒေပြုရေးကော်မတီ
(င)    ဘတ်ဂျက်ကော်မတီ
(စ)    ပြည်သူ့ငွေစာရင်းကော်မတီ
(ဆ)    နိုင်ငံတော်ဘဏ္ဍာငွေများဆိုင်ရာတာဝန်ခံမှုကော်မတီ
(ဇ)    ကျင့်ဝတ်ကော်မတီ
(ဈ)    နိုင်ငံတကာပါလီမန်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
(ည)    လွှတ်တော်ရေးရာကော်မတီ
(ဋ)    ယာယီကော်မတီများ
(ဌ)    လိုအပ်ချက်အရလွှတ်တော်မှ ဖွဲ့စည်းထားသောအဖွဲ့များ စသည်တို့ဖြစ်ပါသည်။


လွှတ်တော်ကော်မတီများ
၂၀။    ပြည်သူ့လွှတ်တော် (DPR) ရှိ ကော်မတီများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 (က)    လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီ (Steering Committee)။           DPR ၏ အမြဲတမ်းအဖွဲ့အစည်းဖြစ်ပါသည်။ DPR သက်တမ်း၏ ပထမဆုံးနှစ်အတွင်း တွင် ဖွဲ့စည်းရပါသည်။ အဖွဲ့ဝင်အရေအတွက်သည် DPR တွင် ပါဝင်သော ကိုယ်စားလှယ်အရေအတွက်  ၅၆၀  ၏  ၁၀  ပုံ  ၁  ပုံထက်မပိုရ၊  ၅၆  ယောက် ထက်မပိုရ ထိုကော်မတီ၏ ခေါင်းဆောင်အဖွဲ့သည် လွှတ်တော်၏ ခေါင်းဆောင် အဖွဲ့ (Speaker  နှင့် Vice Speaker) များဖြစ်ရမည်။ (ex-officio) အရ။


(ခ)    ဥပဒေပြုရေးကော်မတီ (Legislation Committee)။         Legislation Council ဟုလည်းခေါ်ပါသည်။ အဖွဲ့ဝင်  ၅၀ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ဥက္ကဋ္ဌ  ၁ ဦးနှင့် ဒုတိယဥက္ကဋ္ဌ  ၃ ဦးရှိပါသည်။ MP များ၊ ကော်မတီ၊ ပူးပေါင်းကော်မတီများနှင့် DPD တို့မှ တင်သွင်းသောဥပဒေကြမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့မှ တင်သွင်းသော ဥပဒေကြမ်းများကို စိစစ်ဆွေးနွေး အတည်ပြုပါသည်။  ၅  နှစ်အတွင်းတွင် ပါလီမန် မှတင်သွင်းသည့် ဥပဒေကြမ်း  ၁၉၉  ခုနှင့် အစိုးရမှတင်သွင်းသည့် ဥပဒေကြမ်း  ၁၂၈ ခုကို အတည်ပြုနိုင်ခဲ့သည်။ ဥပဒေကြမ်းကော်မတီကို အထောက်အကူပြု နိုင်ရန်အတွက် သာမန်အုပ်ချုပ်ရေးဆိုင်ရာ Staff များဖွဲ့စည်းထားသည့်အပြင် Expert Support အဖွဲ့ဖွဲ့စည်းထားပါသည်။ ၎င်းတွင် Expert  ၂၀ ဦး၊ Legal Drafter  ၅  ဦး၊ Researcher ၁၂ ဦးပါဝင်ပါသည်။ Expert Staff များသည် Master Degree အနည်းဆုံး ရရှိထားသူများဖြစ်ပြီး Law, Social, Politic နှင့် Economy တို့တွင် ကျွမ်းကျင်သောပညာရှင်များဖြစ်ပါသည်။


(ဂ)    ဘတ်ဂျက်ကော်မတီ (Budget Committee)။             အစိုးရအဖွဲ့၏ ဘတ်ဂျက် (APBN) ကို စိစစ်ရန်အတွက် ဘတ်ဂျက်ကော်မတီဖွဲ့စည်း ထားပါသည်။ ဘတ်ဂျက် ဆိုင်ရာဥပဒေ  ၃  ခုပြဋ္ဌာန်းထားပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ Budget Cycle သည် အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    လွှတ်တော်နှင့်အစိုးရအဖွဲ့ ကြိုတင်ညှိနှိုင်းခြင်း၊ မေလလယ်မှ ဇူလိုင်လ လယ်ထိ၊
(၂)    သမ္မတမှ ဘတ်ဂျက်တင်သွင်းခြင်း၊ သြဂုတ်လ (၁၆) ရက်၊
(၃)    လွှတ်တော်မှ ဘတ်ဂျက်အားစိစစ်ခြင်း၊ သြဂုတ်လလယ်မှ အောက်တို ဘာလကုန်ထိ၊
(၄)    ဘတ်ဂျက်နှစ်စတင်ခြင်း၊ ဇန်နဝါရီလ (၁) ရက် စသည်တို့ဖြစ်ပါ သည်။


(ဃ)  ပြည်သူ့ငွေစာရင်းကော်မတီ (Public Accounts Committee)။      PAC ကို Law No.27 Year 2009 အရ ဖွဲ့စည်းခဲ့ပါသည်။ ၎င်း၏ တာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(၁)    စာရင်းစစ်ချုပ်၏ တွေ့ရှိချက်ကို သုံးသပ်ရန်၊
(၂)    သုံးသပ်တွေ့ရှိချက်ကို လွှတ်တော်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ များထံ ပေးပို့ရန်၊
(၃)    စာရင်းစစ်ချုပ်၏ တွေ့ရှိချက်များကို ဆွေးနွေးရန်နှင့် ဆက်လက်အရေးယူ ဆောင်ရွက်ရန်၊
(၄)    စာရင်းစစ်ချုပ်အားလမ်းညွှန်ချက်များပေးရန် တို့ဖြစ်ပါသည်။


(င) နိုင်ငံတော်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံမှုကော်မတီ (State Financial Accountability Committee) ။         နိုင်ငံတော် စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်းကော်မတီ (PAC) ၏ တွေ့ရှိ ချက်များနှင့် ပတ်သက်၍ ဝန်ကြီးဌာန များဆိုင်ရာကော်မတီများ (Select Committees) ၏ ဆောင်ရွက်ချက်များ ကို စောင့်ကြည့် စိစစ်ရန် အတွက် ဖွဲ့စည်းထားသော ကော်မတီဖြစ်ပါသည်။


(စ)    ကျင့်ဝတ်ကော်မတီ (Ethics Committee)။       လွှတ်တော်ကိုယ်စား လှယ်တစ်ဦး သည် လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏တာဝန်ကို ထမ်းဆောင်ရန် ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ ၃ လ ပျက်ကွက်လျှင် သို့တည်းမဟုတ် လွှတ်တော်အစည်း အဝေးများကို တက်ရောက်ရန်ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ ဆက်တိုက်  ၆  ကြိမ်ပျက်ကွက်လျှင် ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ သတ်မှတ်ထားသော လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ပြည့်စုံရမည့်အချက်များမှ ပျက်ကွက်လျှင် လွှတ်တော် ကျင့်ဝတ်ကို ဖောက်ဖျက်ရာရောက်ပါသည်။


(ဆ)    နိုင်ငံတကာပါလီမန်များဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BKSAP)။ နိုင်ငံတကာပါလီမန်များနှင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပါလီမန်အဖွဲ့အစည်း များနှင့်လည်းကောင်း ဆက်သွယ်ဆက်ဆံရန်အတွက် ဖွဲ့စည်းထားသော ကော်မတီ ဖြစ်ပါသည်။ DPR သို့လာရောက်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ DPR မှ အခြားနိုင်ငံများသို့ သွားရောက်သည့်အဖွဲ့အစည်းများနှင့်  ပတ်သက်၍သော်လည်းကောင်း တာဝန်ယူဆောင်ရွက်ရသော ကော်မတီဖြစ်ပါ သည်။


(ဇ)   လွှတ်တော်ရေးရာကော်မတီ (Domestic Affairs Committee (BURT)။ လွှတ်တော်ရေးရာကော်မတီသည် လွှတ်တော်၏ ဘတ်ဂျက်ကိုရေးဆွဲပါသည်။
အုပ်ချုပ်ရေးအဖွဲ့အစည်းများအား စိစစ်ရေးကော်မတီများ (Select Committee or The Commission)    
၂၁။    အုပ်ချုပ်ရေးအဖွဲ့အစည်းများအား စိစစ်ရေးကော်မတီသည် အုပ်ချုပ်ရေးအဖွဲ့ (အစိုးရအဖွဲ့) အပေါ် DPR ၏ လုပ်ငန်းတာဝန်များဖြစ်သော (Legislation, Budgeting, Oversight) ကို လုပ်ဆောင်ရန်အတွက်  Select Committee  ၁၁  ခုဖွဲ့စည်းထားပြီး ဝန်ကြီးဌာနများကို သတ် မှတ်တာဝန်ပေးထားပါသည်။ ၎င်းကော်မတီ  ၁၁  ခု တွင် MP အားလုံး (DPR နှင့် MPR တို့ ၏ခေါင်းဆောင်အဖွဲ့တို့မှအပ) ပါဝင်ရပါသည်။ ကော်မတီအဖွဲ့၏ အရေအတွက်ကို ၎င်းတို့၏ တာဝန်များ အပေါ်မူတည်၍ ဖွဲ့စည်းပါသည်။ ကော်မတီဝင်များ ရွေးချယ်ရာတွင် အရေအတွက်ကို လွှတ်တော်တွင် Faction အလိုက်ပါဝင်သော MP အရေအတွက်အတိုင်း အချိုးကျပါဝင်ရန် ဖွဲ့စည်းပါသည်။ လူရွေးချယ်မှုကို သက်ဆိုင်ရာ Faction မှဆောင်ရွက်ပါသည်။ ကော်မတီတစ်ခု တွင် ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌ  ၃ ဦး ထက်မများသော အရေအတွက်ဖြင့် ဖွဲ့စည်းပါသည်။ ကော်မတီ  ၁၁ ခုကို အောက်ပါအတိုင်း ဖွဲ့စည်း ထားပါသည်-
(က)    ကာကွယ်ရေး၊ နိုင်ငံခြားရေးရာနှင့် သတင်းအချက်အလက်များ ဆိုင်ရာကော်မတီ၊
(ခ)    ပြည်တွင်းအစိုးရ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ပြည်နယ်ယန္တရားနှင့်လယ်ယာ စိုက်ပျိုးရေးဆိုင်ရာကော်မတီ၊
(ဂ)    ဥပဒေရေးရာနှင့်ဥပဒေ၊ လူ့အခွင့်အရေးများနှင့် လုံခြုံရေးဆိုင်ရာ ကော်မတီ၊
(ဃ)    စိုက်ပျိုးရေး၊ သစ်တော၊ ရေကြောင်းရေးရာ, ငါးဖမ်းလုပ်ငန်းနှင့် အစားအစာ ဆိုင်ရာကော်မတီ၊
(င) ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အများပြည်သူအလုပ်၊ အိမ်ရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် မဖွံ့ဖြိုးသော ဒေသများဆိုင်ရာကော်မတီ၊
(စ)    ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သမဝါယမ၊ အသေးစားအလတ် စားနှင့် စီးပွားရေး လုပ်ငန်း များနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဆိုင်ရာကော်မတီ၊
(ဆ)    စွမ်းအင်၊ တွင်းထွက်သယံဇာတအရင်းအမြစ်၊ သုတေသနနှင့်နည်းပညာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကော်မတီ၊
(ဇ)     ဘာသာရေး၊ လူမှုရေးနှင့် အမျိုးသမီးစွမ်းအင်မြှင့်တင်ရေးဆိုင်ရာကော်မတီ၊
(ဈ)    လူဦးရေရေးရာ၊ ကျန်းမာရေး၊ လူအင်အားနှင့် ရွေ့ပြောင်းနေထိုင်ရာဖြတ်ကျော်မှု ဆိုင်ရာကော်မတီ၊
(ည)    ပညာရေး၊ လူငယ်ရေးရာ၊ အားကစား၊ ခရီးသွားလုပ်ငန်း၊ အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ၊
(ဋ)  ဘဏ္ဍာရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း၊ ဘဏ်လုပ်ငန်းနှင့် Non- ဘဏ်ငွေကြေး အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ တို့ဖြစ်ကြပါ သည်။


လွှတ်တော်ရုံးဖွဲ့စည်းပုံ
၂၂။     အင်ဒိုနီးရှားနိုင်ငံ၏ လွှတ်တော်ရုံးဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

003

လွှတ်တော်ရုံးလုပ်ငန်းတာဝန်များ
၂၃။    လွှတ်တော်ရုံးလုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အောက်လွှတ်တော်ရုံးအဖွဲ့။     အောက်လွှတ်တော်၏ရုံးအဖွဲ့ (DPR General Secretariat) ကို သမ္မတရုံးညွှန်ကြားလွှာ အမှတ် ၂၃/၂၀၁၅ ဖြင့် ဖွဲ့စည်းထားပါ သည်။ ၎င်းသည် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း လွှတ်တော်ဦးဆောင်အဖွဲ့ ကို တိုက်ရိုက်တာဝန်ခံရသော အဖွဲ့အစည်းဖြစ်ပါသည်။ ၎င်းအဖွဲ့အစည်းများ၏ အထွေထွေ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    လွှတ်တော်အား နည်းပညာဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ အထောက်အကူပြုရန်၊
(၂) လွှတ်တော်ဦးဆောင်အဖွဲ့၏ မူဝါဒနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ (MP) နှင့်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးရန်၊
(၃)    လွှတ်တော်၏ဘတ်ဂျက်ကို ရေးဆွဲပြီး အတည်ပြုချက်ရရှိရေးအတွက် DPR Household Affairs Committee နှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(၄)    လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများမှ ဥပဒေကြမ်း များ ပြုစုရာတွင် မူကြမ်းများပြုစုပေးရန်၊
(၅)    လွှတ်တော်ဦးဆောင်အဖွဲ့၏ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန်၊
(၆) လွှတ်တော်ရုံးအဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်ဦးဆောင်အဖွဲ့သို့ လွှတ်တော် အစည်းအဝေးနှစ်၏ နှစ်စပိုင်းတွင် တင်ပြရန်တို့ဖြစ်ပါ သည်။


(ခ)    အောက်လွှတ်တော်ညွှန်ကြားရေးမှူးချုပ်။       အောက်လွှတ်တော်ညွှန်ကြားရေးမှူး ချုပ်၏လုပ်ငန်းတာဝန်များ (Functions of DPR General Secretary) မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    လွှတ်တော်ရုံးအဖွဲ့အတွင်းရှိ အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးရန်၊
(၂)    လွှတ်တော်အနေဖြင့် ဥပဒေပြုရေး၊ ဘတ်ဂျက်စိစစ်ရေး၊ အစိုးရအဖွဲ့အား စောင့်ကြည့်ရေး တာဝန်များ ထမ်းဆောင်ခြင်းကို နည်းပညာဆိုင်ရာ၊အုပ်ချုပ် ရေးဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ ထောက်ပံ့ကူညီရန်၊
(၃)    လွှတ်တော်အတွင်း အုပ်ချုပ်မှုဆိုင်ရာကိစ္စအဝဝကို ဦးစီးစီမံဆောင်ရွက်ရန် တို့ဖြစ်ပါသည်။


(ဂ)  လွှတ်တော်ရုံးအဖွဲ့တွင်ပါဝင်သော အထောက်အကူပြုအဖွဲ့များ။      လွှတ်တော်ရုံး အဖွဲ့တွင်ပါဝင်သော အထောက် အကူပြု အဖွဲ့များ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    Deputy for Legislation။        ၎င်းသည် လွှတ်တော်၏ဥပဒေပြုရေး     ကိစ္စရပ်များနှင့်ပတ်သက်၍ အထောက်အကူပြုပါသည်။
(၂)    Deputy for Budgeting and Oversight။        ၎င်းသည် လွှတ်တော်၏ ဘတ်ဂျက်စိစစ်ရေးတာဝန်နှင့် အုပ်ချုပ်ရေး အဖွဲ့အား စောင့်ကြည့်ထိန်းညှိ ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အထောက်အကူပြုပါသည်။
(၃)    Deputy for Session and Inter-Parliamentary Co-operation။ ၎င်းသည် လွှတ်တော်အတွင်း လွှတ်တော် အစည်းအဝေးများ၊ ကော်မတီ အစည်းအဝေးများ၊ အခြားသော အစည်းအဝေးများနှင့်ပတ်သက်၍ အဆင် ပြေချောမွေ့စေရေး၊ အရည်အချင်းမြင့်မားစေရေးအတွက် တာဝန်ယူဆောင် ရွက်ရမည်။ DPR နှင့် အခြားသော နိုင်ငံတော်အဆင့်အဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် အထောက် အကူပြုရန်ဖြစ်ပါသည်။
(ဃ)    စီမံရေးရာဌာနတာဝန်ခံ။ ၎င်းသည် လွှတ်တော်အတွင်းစီမံခန့်ခွဲခြင်း၊ တစ်ဦး ချင်းဆိုင်ရာ ကိစ္စရပ်များ ၊ ငွေရေးကြေးရေးနှင့် အခွင့်အရေး ဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြု ရုပ်ဝတ္ထုပစ္စည်းများနှင့် ပတ်သက်၍ တာဝန် ယူဆောင်ရွက်ပါသည်။


ထောက်ပံ့ပေးမှုများ
၂၄။    ပြည်သူ့လွှတ်တော်တွင်း ထောက်ပံ့ပေးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(က) အုပ်ချုပ်ရေးဆိုင်ရာထောက်ပံ့မှု(Administrative Support)။           အုပ်ချုပ်ရေး ဆိုင်ရာထောက်ပံ့မှုများ မှာ အောက်ပါ အတိုင်းဖြစ် ပါသည်-
(၁)    လွှတ်တော်ဦးစီးအဖွဲ့ဝင်ဝန်ထမ်း  ၂  မျိုးရှိပါသည်။ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း များဖြစ်ပါ သည်။ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများသည် အရေအတွက်ပိုများပါသည်။  ၎င်းတို့သည်လည်းလွှတ်တော်၏ လုပ်ငန်းသဘာဝများကို သိရှိထားရန် လို အပ်ပါသည်။
(၂)    အမြဲတမ်းကော်မတီများ၏ဝန်ထမ်းများ၊ အထူးသဖြင့် အစည်းအဝေးမှတ် တမ်းများ၊ သတင်းပို့မှတ်တမ်းများ၊ အစီရင်ခံစာများရေးသားရသော ဝန် ထမ်းများသည် ကျယ်ပြန့်သည့် ဗဟုသုတအရည်အချင်းများ ပြည့်ဝရန်လို အပ်ပါသည်။ လက်ရှိသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ ကော်မတီဝန်ထမ်းများသည် အစည်း အဝေးပြီးမြောက်ပြီး နောက် တစ်ရက် ထက်ပိုမကြာသော အချိန်အတွင်းတွင် အစည်းအဝေးမှတ်တမ်းကို အတည် ပြုရန် ကော်မတီဦးဆောင်အဖွဲ့သို့ တင်ပြကြရပါသည်။
(၃)    ကော်မတီဝန်ထမ်းများသည် ကော်မတီဝင် MP များနှင့် နေ့စဉ်ဝင်ထွက် နေသောကြောင့် MP များ၏ မေးမြန်း ချက်များကို ဖြေကြားနိုင်သော စွမ်းရည်ပြည့်ဝသည့် ဝန်ထမ်းများဖြစ်ရန်လိုအပ်ပါသည်။ ဝန်ထမ်းများကို နေရာချထားရာတွင် စွမ်းရည် ပြည့်ဝသူများဖြစ်ရုံမက၊ လူမှန်နေရာမှန်ဖြစ် ရန်လည်းလိုအပ်ပါသည်။
(၄)    ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်စေရန်အတွက် လေ့ကျင့်ပေးထား သောသင်တန်းများကိုဝန်ထမ်းများ၏လုပ်ငန်းတာဝန်များအလိုက် ဖွင့်လှစ် ပို့ချ သင်ကြားပေးလျက်ရှိပါသည်။ အဆင့်မြင့်သင်ကြားမှု သင်တန်းများ ကိုလည်း စေလွှတ်ပေးလျက် ရှိပါသည်။


(ခ)    ကျွမ်းကျင်မှုဆိုင်ရာထောက်ပံ့မှု (Expert Support) များ။           ကာလအတန်ကြာ သည်အထိ DPP မှ ရေးဆွဲပြဋ္ဌာန်း ခဲ့သည့် ဥပဒေများသည် အရေအတွက် နည်းခြင်း၊ အရည်အသွေးနိမ့်ကျရခြင်းသည် DPR တွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သော ဝန်ထမ်းများ၊ ပညာရှင်များ၊ သုတေသီများ၊ ဥပဒေကြမ်း ရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ အရေအတွက်နည်းပါးသောကြောင့်ဖြစ်ပါသည်။ DPR၏ အရည် အသွေးမြင့်မားရေးအတွက် စွမ်းဆောင်သည့်အခြေအနေ များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(၁)    ၂၀၀၆ ခုနှစ်တွင် လေ့လာတင်သွင်းခဲ့သော အစီရင်ခံစာတစ်စောင်အရ၊ DPR ၏ ဦးစီးအဖွဲ့တွင် ဝန်ထမ်း  ၁၃၆၂  ဦးရှိသည့်အနက်  ၁၀၀၂   ဦး သည် အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများဖြစ်ပြီး လွှတ်တော်လုပ်ငန်းများ အထောက် အကူပြုဝန်ထမ်းများမှာ ၃၆၀ ဦးသာရှိပါသည်။ ထို့အနက် ပညာ ရှင်(Expert) မှာ  ၁၂  ဦး သာရှိပါသည်။
(၂)    လွှတ်တော်လုပ်ငန်းဆိုင်ရာ အထောက်အကူပြုဝန်ထမ်းများသည် MP ဦးရေ၊ လွှတ်တော်၏ လုပ်ဆောင်နေရသော လုပ်ငန်းများနှင့် မမျှတအောင် နည်းပါးနေခြင်းဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်အထိပင် DPR တွင် သုတေသန လုပ်ငန်း အလုပ်လုပ်နိုင်သော ဝန်ထမ်းအရေအတွက်သည် (၃၅) ဦးခန့်သာ ရှိပါသည်။ ၎င်းတို့သည် Domestic Politics, Public Policy, Law, International Relation နှင့် Public Welfare စသည့်ကဏ္ဍများတွင် ခွဲဝေတာဝန် ထမ်းဆောင် လျက်ရှိကြပါသည်။
(၃)    ဥပဒေကြမ်းများရေးဆွဲရာတွင်ကျွမ်းကျင်သူအရေအတွက်သည်ဆောင်ရွက် နေရသော ဥပဒေကြမ်းအရေအတွက်သည် အလွန်နည်းသောကြောင့် ပညာ ရှင်တစ်ဦးသည် တစ်ပြိုင်ထဲတွင် ဥပဒေကြမ်း  ၅  ခု  ၆  ခုထိ တာဝန်ယူ ဆောင်ရွက်နေလျက်ရှိပါသည်။ ကျွမ်းကျင်သူများကို ၅၀ ယောက်ခန့်ထိ တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါသည်။
(၄)    DPR တွင်နောက်ဆုံးထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများအရ ပညာ ရှင်များခန့်ထားရေးကို သက်ဆိုင်ရာ MP များမှတောင်းဆိုမှုအား ဦးစား ပေးရန်နှင့် သက်ဆိုင်ရာပါတီအစုအဖွဲ့များအတွက် လိုအပ်သည့် ကျွမ်းကျင် သူများကိုလည်း သက်ဆိုင်ရာပါတီအစုအဖွဲ့တို့မှ တင်ပြကြရန်ဖြစ်ပါသည်။
(၅)    DPRတွင် မြို့ပြဝန်ထမ်းများသည် အမြဲတမ်းဝန်ထမ်းများဖြစ်ကြပြီး ဥပဒေ အမှတ် ၂၂/၂၀၁၃ အရ DPR တွင် ပညာရှင်များကို ၁ နှစ်စာချုပ်ဖြင့် အထူးကိစ္စရပ်အနေဖြင့် နိုင်ငံတော်ဘတ်ဂျက်မှ ခန့်အပ်နိုင်ပါသည်။
(၆)    ထိုပညာရှင်များသည် သာမန်အားဖြင့် DPR ဦးစီးအဖွဲ့၏ကွပ်ကဲမှု အောက် တွင် ဖြစ်သော် လည်း နေ့စဉ် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သက်ဆိုင်ရာကော်မတီများ၊ ပါတီအဖွဲ့ အစည်းများ ၏ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ကြရပါသည်။
(၇)    အထောက်အကူအဖွဲ့ကို ဖွဲ့စည်းရာတွင် အမေရိကန်နိုင်ငံ၏ CBO ကဲ့သို့ လည်းကောင်း၊ မလေးရှားနိုင်ငံ၏ Data Source Center ကဲ့သို့လည်း ကောင်း၊ အိန္ဒိယနိုင်ငံ အောက်လွှတ်တော်၏ The Library, Research, Reference, Documentation and Information Service (LARRDIS) ကဲ့သို့လည်းကောင်း၊ စင်္ကာပူနိုင်ငံ၏ Official Reporting Department ကဲ့သို့ လည်းကောင်း၊ The Canadian Parliament’s Library Research Unit ကဲ့သို့ လည်းကောင်း၊ The Research Unit of South Africa ကဲ့သို့လည်းကောင်း၊ ဂျပန်နိုင်ငံလွှတ်တော်တွင်ရှိသော Legislative Research and Reference Department ကဲ့သို့လည်း ကောင်းဆောင်ရွက်ရန် ဖွဲ့စည်းထားပါသည်။
အခြားသော နိုင်ငံတော်အဆင့်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း (Consultation and Coordination among state Institutions)
၂၅။    အခြားသော နိုင်ငံတော်အဆင့်အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းရန်အတွက် DPR ၏ ခေါင်းဆောင်မှုအဖွဲ့၊     Faction များ၏ ခေါင်းဆောင်မှု အဖွဲ့များ၊ အမြဲတမ်းကော်မတီများ၏ ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံတော် အဆင့် အဖွဲ့အစည်းများ ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံပေါင်း စပ်ညှိနှိုင်းမှုများ လိုအပ်သလိုဆောင်ရွက်ပါသည်။
၂၆။    DPR ၏ ခေါင်းဆောင်မှုအဖွဲ့၊ Faction များ၏ ခေါင်းဆောင်မှုအဖွဲ့များ၊ အမြဲတမ်း ကော်မတီများ ၏ ခေါင်းဆောင်များ သည် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်းမှုကို ပုံမှန် ဆောင်ရွက် ပါသည်။ ထိုသို့ တွေ့ဆုံပေါင်းစပ်ညှိနှိုင်းရာတွင် အခြေခံဥပဒေဆိုင်ရာခုံရုံး၊ တရားရုံး ချုပ်နှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ တက်ရောက်ပါသည်။     
နိဂုံး
၂၇။    ၁၉၄၅ခုနှစ်မှစတင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏လွှတ်တော်သည် အသွင်အမျိုးမျိုး၊ စနစ် အမျိုးမျိုးပြောင်းလဲခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် နောက်ပိုင်းမှ စတင်၍ တည်ငြိမ်မှုရရှိလာခဲ့သည် ကိုတွေ့ရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းကြောင်းနှင့် လွှတ်တော်ပြုပြင်ပြောင်းလဲမှုများ၊ ဥပဒေပြုရေး အဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့၏ကြိုတင်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုများကို လေ့လာ ၍ မြန်မာနိုင်ငံလွှတ်တော်အတွက် သင်ခန်းစာဖော် ထုတ်ခြင်းဖြင့်ပြည်သူများ ၏အကျိုး၊ တိုင်းပြည် ၏အကျိုးကို လျှင်မြန်စွာဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင် ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှု များ ပြုလုပ်ခြင်းမရှိပါ။