Skip to main content

ါ်အေးမြမြမျိုး (ကျောက်တန်း)၂၀၁၅ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(ခ)အရ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ၊ ရှေးဟောင်း ဝတ္ထု ပစ္စည်းများ ယိုယွင်းပျောက်ဆုံးခြင်း မရှိစေရေးအတွက် ကာကွယ် ထိန်းသိမ်းရန်၊ရှေးဟောင်း သမိုင်းဝင်စေတီ ပုထိုးများ၊အဆောက်အဦများကို ပြန်လည်ဖော် ထုတ်ခြင်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများကို စွဲဆောင်နိုင်သောကြောင့် နိုင်ငံတော်ဝင်ငွေရရှိစေခြင်းအပြင် ဒေသခံပြည်သများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လည်း များပြား လာမည်ဖြစ်ခြင်းနှင့် ရပ်ဝေးရပ်နီး၊ ပြည်တွင်းပြည်ပမှ လာရောက်ဖူးမြော်ကြည်ညိုသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားများကို အမှီပြုပြီး ကိုယ်ကျိုးစီးပွားရှာနေကြသည့် ဝိသမလောဘသားများကြောင့်လည်းကောင်း၊စီမံခန့်ခွဲမှုလို အပ်ချက်ကြောင့်လည်းကောင်း အများပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ယခုမေးခွန်း ကို မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့သည် မွန်ဘုရင်တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်း သမိုင်းဝင်ဘုရားများစွာ ရှိနေသည့် နေရာဖြစ်ပါကြောင်း၊ ကျိုက်မှော် ဝန်းရေလယ် ဘုရားသည် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးပြည်သူများအပြင် နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာ ဖူးမြော်နေ သည့် ရှေးဟောင်း သမိုင်းဝင် ဘုရားဖြစ်သည့်အတွက် ရန်ကုန်- ကျောက်တန်း လမ်းမပေါ်ရှိ ပါဒကြီးစံပြကျေးရွာသည် ယခင် ပါဒဘုရင်နန်းစိုက် ခဲ့သည့် နေရာ လည်းဖြစ်ပါကြောင်း၊ ဘုရင်သောက်သုံး ခဲ့သည့် ရေတွင်းများ၊ဘုရင်တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် ဂဝံသိမ်တော်များ ရှိပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ လည်း ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊မိမိသဘောအလျောက် ကျူးကျော်ဝင်ရောက်ခြင်း၊ ရှေးဟောင်းဂဝံ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ရှာဖွေတူးဖော်ခြင်း၊ အဆောက်အအုံသစ်ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ခံရမည်ဆိုသည့် သတိပေး တားမြစ်ချက်လည်း ထုတ်ပြန်ထားပါကြောင်း၊ ၎င်း ဂဝံသိမ်တော်သည် ချုံနွယ်ပိတ်ပေါင်းများနှင့် ဖုံးလွမ်းလျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မ ၁၂ တွင် ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံ၏ ဦးစားပေးအဆင့် ခွဲခြားသတ်မှတ်ဆောင် ရွက်မည်ဖြစ် ပါကြောင်း၊ မှော်ဝန်းချောင်းကမ်းပါး၏ ရေတိုက်စားမှုဒဏ်ကို ဆိုးရွားစွာခံနေရသည့် ကျောက်တန်းမြို့နယ်ရှိ ဥယျာဉ်ကျေးရွာတွင် ရှေးဟောင်းဘုရားများ၊ ရေတွင်း ရေကန်များ ပျက်စီးမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့်အတွက် ကျောက်တန်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသာသနာ့ အဆောက်အအုံများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရှေးဟောင်းဘုရားများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စီမံစောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ‌ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၀၃ ခုနှစ်တွင် ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာရှိ ဂဝံသိမ်ဟု ယူဆရသည့် တူးဖော်မှုကုန်း အမှတ် (၂) ကို သုတေသနပြုတူးဖော်ခဲ့ပါကြောင်း၊ ယခုလိုတူးဖော်သည့် နေရာတွင် ဂဝံကျောက်ကွင်း တစ်ကွင်း၊ ဂဝံပန္နက်တိုင် ရှစ်တိုင် ကို တွေ့ရှိခဲ့ပြီးသည့်နောက် အမိုးမိုးပြီး၍ ခြံစည်းရိုးကာခြင်း၊သတိပေးတားမြစ်ချက်စိုက်ထူ ဆိုင်းဘုတ်စိုက်ထူပြီးမှ ထိန်းသိမ်းထားခဲ့ပါကြောင်း၊ ဝန်ကြီးဌာန မှ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ အနေဖြင့်လည်း မိုးဦးမကျမီနှင့် ပွင့်‌လင်းရာသီများတွင် ချုံနွယ်ပိတ်ပေါင်းများကို ပြန်လည်ရှင်းလင်းခြင်း၊ပျက်စီး သွားသည့် ခြံစည်းရိုးကို ပြန်လည်ပြုပြင်ခြင်း များကိုလည်း နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက် ယဉ်ကျေးမှုအမွေ အနစ်များ ကာကွယ်ထိန်းသိမ်းခြင်းဥပဒေ၊ နည်း ဥပဒေများကို တချို့ နားမလည်ကြသည့် ဒေသခံပြည်သူများမှ ဝင်ရောက်ကျူးကျော် ဖျက်ဆီးမှုများ မကြာခဏ ကြုံတွေ့ရသည့်အတွက် ဂဝံဆင်းတုတော်များသည် ပါဒဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်‌ရှောက်ထားရှိပါကြောင်း၊ ယဉ်ကျေးမှုအမွေအနစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများကို ကာကွယ်ထိန်းသိမ်း စောင့်‌ရှောက်သည့်နေရာတွင် မူဝါဒများချမှတ်၍ ကာကွယ် ထိန်းသိမ်း စောင့်ရှောက် လျက်ရှိပါကြောင်း၊မူဝါဒများအရ ရှေးဟောင်းအဆောက်အအုံသည် ယဉ်ကျေးမှု၊သမိုင်း၊ဗိသုကာ၊အနုလက်ရာတန်ဖိုး မကျန်ရှိခဲ့ပါက သို့မဟုတ် ခေတ် အဆက်ဆက် ပြုပြင်ခြင်း များ ရှိခဲ့ပါက တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် ဒေသအဖွဲ့အစည်းများကို သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ခွင့် ပြုလျက်ရှိပါကြောင်း၊

ထို့အပြင် နယ်မြေဒေသအလိုက် ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်းစာရင်း (Inventory) ကိုလည်း ကောက်ယူပြုစုခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၏ ခွင့်ပြုရန်ပုံငွေနှင့် ကျောက်တန်းဒေသအတွင်းရှိ ကျေးရွာရှစ်ရွာများ၏ ရှေးဟောင်းအဆောက် အအုံ ၅၀ ကိုလည်း ကောက်ယူမှတ်တမ်းတင်ပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိပါက ကျန်ရှိနေ သည့် ကျေးရွာများသို့ ရှေးဟောင်းအဆောက်အအုံများ စာရင်းကိုလည်း ဆက်လက်ကောက်ယူ ပြုစုသွားမည် ဖြစ်ပါကြောင်း၊ ဥယျာဉ်ကျေးရွာနှင့် မီးပြကျေးရွာတွင်ရှိသည့် စေတီတော်များသည် သက်ဆိုင်ရာ ရပ်မိရပ်ဖများက ကာကွယ် ထိန်းသိမ်းလျက်ရှိသည့်အပြင် ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် ကွင်းဆင်းပြီး လိုအပ်မည့် ထိန်းသိမ်းမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများမှလည်းကောင်း၊ ဂေါပကအဖွဲ့ သို့မဟုတ် ရပ်မိရပ်ဖများမှလည်းကောင်း ဆက်သွယ်အကြောင်း ကြားလာပါက ဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်း၊ နည်းပညာပိုင်းဆိုင်ရာအကြံပြုကူညီပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းရှင်းလင်း ဖြေကြားပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမျုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရအောင်ကို