Skip to main content

 

နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းများအကောင်အထည်ဖော်ရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းတင်ဒါများဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော် (ဇမ္ဗူသီရိ) ချမှတ်လုပ်ကိုင်ဆောင်ရွက်ရာတွင် ချမှတ်ထားသော တင်ဒါ စည်းမျဉ်း၊ စည်းကမ်း များသည် ဝန်ကြီးဌာန အလိုက်သော်လည်းကောင်း၊ သို့မဟုတ် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အလိုက်သော်လည်းကောင်း၊ ဌာနတစ်ခုချင်းစီအလိုက်သော် လည်းကောင်း တစ်ခုနှင့် တစ်ခုတူညီမှု မရှိဘဲ တစ်မျိုးစီကွဲပြားနေခြင်းကို သိရှိလိုပါကြောင်း၊ ယခင် အစိုးရ လက်ထက် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရေးဆောင်ရွက်ရာတွင် အစိုးရဌာနအဖွဲ့အစည်းများလိုက်နာရမည့် တင်ဒါ စည်းကမ်းချက်များ ထုတ်ပြန်ချက်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပူးပေါင်း ဆွေးနွေးပြီး ထုတ်ပြန် ထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့် လုပ်ငန်း လမ်းညွှန်ချက်များ အစရှိသည့် ထုတ်ပြန်ချက်များသည် ယေဘုယျသဘော ဆန်သည့် ထုတ်ပြချက်များကို တွေ့ရှိရပြီး ထိုစည်းမျဉ်းစည်းဘောင်အနည်းအကျဉ်းကိုပင် အချို့သော ဌာနများ အနေဖြင့် တင်ဒါစည်းကမ်းများကို ကျော်လွန် လုပ်ကိုင်ဆောင်ရွက် နေသည် ကို တွေ့ရှိရပါ ကြောင်း၊ ဌာနအချို့၏ တင်ဒါစည်းမျဉ်း၊ စည်းကမ်းချက်များတွင် မည်သည့်အကျိုးအကြောင်း ဖော်ပြချက်မျှမပြဘဲ ငြင်းပယ်သည်ကို လက်ခံရမည်ဆိုသည့် ဒီမိုကရေစီနည်းလမ်းမကျသည့် သတ်မှတ်ချက်များ ပါရှိသည် ကို တွေ့ရှိရပါကြောင်း၊ တင်ဒါတစ်ခုကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ ပယ်ဖျက်ပိုင်ခွင့်ရှိသည်ဆိုသည့်အချက်များကိုလည်း တွေ့ရှိရပါကြောင်း၊ ဌာန၏ အကျိုးကိုရှေ့ရှုပြီး အကျိုး အကြောင်းဖော်ပြခြင်း မရှိဘဲ ငြင်းပယ်ပါက လက်ခံ သဘောတူရန် အချက်များလည်း ပါရှိသည်ကိုသိရှိရပါကြောင်း၊ ယခုကဲ့သို့ ဌာနတစ်ခုနှင့်တစ်ခု မတူညီသော စည်းမျဉ်းများကြောင့် တင်ဒါ ခေါ်ယူသူနှင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင် သူများကြားတွင် မလိုလား အပ်သော လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာစေနိုင်သည့်နည်းတူ တင်ဒါရွေးချယ်ရာ တွင် အမှတ်ပေး ဆုံးဖြတ်သည်ဟုဆိုသော်လည်း အမှတ်ပေးစည်းမျဉ်းများသည် ဝန်ကြီးဌာနများ အားလုံး အတွက် တစ်ညီတစ်ညွတ်တည်း တစ်ပြေးညီ ရေးဆွဲထားခြင်းမဟုတ်သည့်အတွက် တင်ဒါ အောင်စေ လိုသော အဖွဲ့အစည်းများအတွက် ညှိနှိုင်းရေးဆွဲထားသည့် သဘောကို တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ငန်းတင်ဒါများကိုခေါ်ယူရာတွင် ထူးခြားသော စီမံကိန်းများမှအပ ဝန်ကြီးဌာနအားလုံးအတွက် တူညီသည့်အခြေခံမူ၊ အခြေခံစံသတ်မှတ်ချက်များနှင့် ရွေးချယ်မှုဆိုင်ရာ စံသတ်မှတ်ချက်များကို ပြည်ထောင်စုအစိုးရမှ သတ် မှတ်ပြဋ္ဌာန်းပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနိုင်ငံတော်အနေဖြင့် အစိုးရမှ ပစ္စည်းဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ခံမှုနှင့်ပွင့်လင်း မြင်သာမှုရှိရေးကိုရည်ရွယ်ပြီး ချိတ်ပိတ်တင်ဒါစနစ်(Close Bidding)မှသည် အိတ်ဖွင့်တင်ဒါ စနစ်(Open Bidding)သို့ ပြောင်းလဲဆောင် ရွက်ကြရန် အစိုးရဌာနအဖွဲ့အစည်း အသီးသီးကို နိုင်ငံတော်သမ္မတရုံးက ၂-၆-၂၀၁၁ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၆၉(၁)/၆/ သမ္မတ ရုံးဖြင့် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဌာနအဖွဲ့အစည်းများ၏ အစိုးရပစ္စည်းဝယ်ယူမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပိုမိုရရှိစေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၅-၄-၂၀၁၃၊ ညွှန်ကြားချက်အမှတ်(၁/၂၀၁၃)ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါ စည်းကမ်းချက် များကို ထုတ်ပြန်၍ လိုက်နာဆောင်ရွက်ရန် ထပ်မံညွှန်ကြားခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၊ တိုင်းဒေ သကြီးနှင့်ပြည်နယ်အစိုးရဌာနအသီးသီးတို့သည် ပစ္စည်းဝယ်ယူမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် နိုင်ငံတော် သမ္မတရုံး၏ အထက်ပါညွှန်ကြားချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါကို နေ့စဉ်ထုတ်သတင်းစာများ၊ ဝန်ကြီးဌာန Website များတွင် ကြော်ငြာထည့်သွင်း ခေါ်ယူကြပါကြောင်း၊ တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း

          (က)    တင်ဒါခေါ်ယူရေးကော်မတီ၊

          (ခ)     ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊

          (ဂ)     တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ၊

          (ဃ)    အရည်အသွေးစစ်ဆေးရေးကော်မတီ ဟူ၍ ဖွဲ့စည်း ဆောင်ရွက်ပါကြောင်း

တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ကန်ထရိုက်စနစ်နှင့် လုပ်ငန်းများဆောင်ရွက် ရာတွင် တစ်ပြေးညီဖြစ်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Focal Ministry အဖြစ် ဆောင်ရွက်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ဝန်ကြီးဌာန အားလုံးနှင့် ၇-၁၁-၂၀၁၃တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ကာ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၈-၁-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၃၁/၂၅၂ ဖြင့် ထုတ်ပြန်ထားပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များသို့လည်း အထက်ပါလမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားရှိပါကြောင်း။

 ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အစည်းများ အနေဖြင့် အထက်ပါညွှန်ကြားချက်များနှင့်‌အညီ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း၊ ရွေးချယ်ခြင်း၊ စာချုပ်ချုပ် ဆိုခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက် ကြသဖြင့် ပွင့်လင်းမြင်သာမှု၊ ပစ္စည်းများဈေးနှုန်းနှင့် အရည်အသွေးများ ပိုမိုကောင်းမွန်လာစေသည့် အကျိုးကျေးဇူးများကိုလည်း ရရှိခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဌာနအစိုးရများအနေဖြင့်  မျှတသော တင်ဒါပြိုင် ဆိုင်မှုဖြစ်စေရန်နှင့် ခိုင်မာမှုမရှိသည့် ကုမ္ပဏီများ မဝင်ရောက်စေရန်တို့အတွက် တင်ဒါစပေါ်ငွေများကို လက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့်ဆက်စပ်သော ကြွေးမြီအပ်ငွေ စာရင်းတွင် ခေတ္တထည့်သွင်းပြီး တင်ဒါဖွင့်ပွဲပြီးပါက တင်ဒါ အောင်မြင်ခြင်း မရှိသည့် ကုမ္ပဏီများကို ပြန်လည်ထုတ်ပေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မိမိ၏ လုပ်ငန်းပမာဏအပေါ်မူတည်ပြီး သင့်တော်သော ရာခိုင်နှုန်းများကို သတ်မှတ်ဆောင်ရွက် ကြရပါကြောင်း၊တင် ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေး လုပ်ငန်းအတွက် လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းနှင့် ပစ္စည်းဝယ်ယူရေးအတွက် လုပ်ငန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို Performance Guarantee အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိ အမှတ်ပြုသော ဘဏ်တစ်ခုခုတွင် ရယူ၍ သက်ဆိုင်ရာဌာနကို တင်သွင်းစေခြင်းတို့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၄-၆-၂၀၁၅တွင် ညွှန်ကြားချက်ထုတ်ပြန်ပေးထားပါကြောင်း၊ အစိုးရဌာနအသီးသီးက တင်ဒါ အောင်မြင်သူများနှင့် ချုပ်ဆိုရာတွင်လည်း Work Schedule အရ သတ်မှတ်ချိန်အတွင်း လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်စေခြင်း၊ မဆောင်ရွက်နိုင်ပါက တာဝန်ယူမှုအပိုင်းကို တိကျစွာသတ်မှတ် ဖော်ပြခြင်း၊ လုပ်ငန်းအတွက် ငွေချေ စနစ်ကို နှစ်ဖက်လက်ခံနိုင်မည့်အချိန်ကို ကတိကဝတ်ပြု၍ အချိန် ဇယားဖြင့် ဆောင် ရွက်စေခြင်း၊ နိုင်ငံတော်ကသတ်မှတ်ပြဋ္ဌာန်းသော အကောက်ခွန်နှင့် အခွန် ဆိုင်ရာ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပေးဆောင်ရမည့်အခွန်များကို တစ်ပါတည်းပေးဆောင် စေခြင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် တစ်ဆင့်ခံ ကန်ထရိုက် (Sub Contract) ထပ်မံ လွှဲပြောင်းမှုမပြု စေရန် ကတိပြုစေခြင်း စသည်တို့အပြင် ဝန်ကြီးဌာနများ၏ လုပ်ငန်းသဘော သဘာဝအလိုက် သတ်မှတ်စည်းကမ်းချက်များကိုလည်း ထည့်‌သွင်းဆောင်ရွက်စေခဲ့ပါကြောင်း၊ ပစ္စည်း ပေးသွင်းပြီး သို့မဟုတ် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးပါက တာဝန်ယူမည့် ကာလ၊ ပြင်ဆင်ထိန်းသိမ်းမှု ပျက်စီးပါက တာဝန်ယူမှု သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ လုပ်ငန်းပြီးစီးသည့်အခါတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ် ချုပ်ရုံးများ၏ စာရင်းစစ်ဆေးမှုကို ခံယူစေခြင်းဖြင့် တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ရရှိစေပါကြောင်း။

ပစ္စည်းဝယ်ယူမှုနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ပြည့်စုံစွာ မရှိသေးပါကြောင်းနှင့် နိုင်ငံတကာအဆင့်မီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကိုလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ၁၀-၃-၂၀၁၅ ရက်နေ့၌ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အစိုးရပစ္စည်းဝယ်ယူမှု စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းပြုစုရေး ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၎င်းကော်မတီ၏ လက်အောက်တွင် ထပ်ဆင့်ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင်လည်း ပစ္စည်းဝယ်ယူမှုစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ပြုစုရေး ကော်မတီကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုရန်တင်ပြခဲ့ရာ ၂၂-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၈/၂၀၁၆)မှ သဘောတူခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊

အဆိုပါကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများအကြားတွင် ပစ္စည်းဝယ်ယူမှုများ တစ်ပြေးညီဖြစ်ရန် နိုင်ငံတကာစံချိန်မီ တင်ဒါပုံစံများ သတ်မှတ်ရန်နှင့် ပစ္စည်းဝယ်ယူမှုဥပဒေရေးဆွဲရေးကိုပါ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်စဉ်အတွင်း မိမိတို့ထုတ်ပြန်ထားသည့် တင်ဒါဆိုင်ရာ ညွှန်ကြား ချက်များကိုလည်း ပြန်လည်သုံးသပ်ပြီး ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်(ဇမ္ဗူသီရိ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  ပတ်သက်လာပါက ဘတ်ဂျက်များ ဖြတ်တောက်ခြင်းမပြုသော်လည်း ပြည်သူများအတွက် အနည်းငယ်သာ အမှန် တကယ်အကျိုးရှိသက်ရောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ကိစ္စရပ်များတွင် တင်ဒါ ရွေးချယ်မှုကိစ္စရပ်များ၌ မရိုးသားမှုများကိုလည်း အနည်းငယ်တွေ့ရှိရပါကြောင်း၊ Bank Grantee ကို လက်ခံသည်ဟုပြောသော်လည်း လက်တွေ့တွင်   ငွေသားကိုသာ လက်ခံနေသည့် ကော်မတီများ ရှိသေးပါကြောင်း၊ ၂၄-၆-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောBank Grantee ညွှန်ကြားချက်  ညွှန်ကြားချက်ကို  လက်တွေ့တွင် မလိုက်နာသေးကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်ခဲ့သော လုပ်ငန်း လမ်းညွှန်နှင့် ရည်ရွယ်ချက်တွင် ပါရှိသည့်အတိုင်း တင်ဒါခေါ်ယူစာချုပ်ချုပ်ဆိုရာတွင် လိုက်နာ ကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက ဥပဒေကြမ်းရေးဆွဲနေမှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဖြေကြား ချက်များနှင့်ပတ်သက်၍ ဘတ်ဂျက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော အရအသုံး ဆိုင်ရာဥပဒေနှင့်အညီ သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော် ဆောင်ရွက်ကြ ရပါကြောင်းနှင့် အကောင်အထည် ဖော်ဆောင်ရွက်မှုများကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက လျှို့ဝှက်၊ နှစ်ကုန်စသည်ဖြင့်စစ်ဆေးပါကြောင်း၊ ထိုသို့ စစ်ဆေးရာတွင်လည်း  ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိနှင့် လိုက်နာမှုမရှိပါက စာရင်းစစ်၏ ကန့်ကွက်ချက်၊ စာရင်းစစ်ကို ပြန်လည်ရှင်းလင်းဖြေကြားမှု စသဖြင့် တင်ပြခြင်းများဆောင်ရွက်ပြီး တွေ့ရှိချက်များကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ဆီသို့ ဆက်လက်တင်ပြရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ သတ်မှတ် ချိန်နှင့် အညီ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တင်ပြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကို ရှိစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တင်ဒါနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီး သီးတွင်  ဆောင်ရွက်ကြရာ၌ ဌာနတစ်ခုနှင့် တစ်ခု မတူညီများနှင့် အားနည်းချက် အားသာချက် များလည်းရှိနိုင်သည့်အတွက် အားလုံးတစ်ပြေးညီဖြစ်ရန် ဌာနတစ်ခုနှင့် တစ်ခု သဘောသဘာဝ၊ တည်ဆောက်ရေးသဘောသဘာဝ၊ ဝယ်ယူရေးသဘောသဘာဝ မတူညီများ ရှိခြင်းကြောင့် ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ဥပဒေအဆင့် အထိရေးဆွဲရန် လိုအပ်မည်ဆိုပါက ဥပဒေရေးဆွဲရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန် ဆောင်ရွက်ရန် လိုအပ်ပါက စည်းမျဉ်းစည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း စသဖြင့် ထည့်သွင်းဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ပစ္စည်းဝယ်ယူမှုနှင့် စပ်လျဉ်း၍ ပစ္စည်းဝယ်ယူမှု ဥပဒေရေးဆွဲ ရန် အဆင့်အထိ ဆောင်ရွက်ရန်အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒု-၀န်ကြီးဦးမောင်မောင်ဝင်း