Skip to main content

မေးခွန်း အကြောင်းအရာ 

u mg mgစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကွမ်းတုံ-ရွှေကျောင်း-ကွမ်းဘောင်- အောင်ချမ်းသာ ကျေးလက်လမ်းသည် စုစုပေါင်း ၉ မိုင်ရှည်လျားပြီး ထီးချိုင့်မြို့နယ် နယ်နိမိတ်၏ အစွန်ဘက်အကျဆုံး လီဆူတိုင်းရင်းသား ကျေးရွာများနှင့် မန္တလေး-ဗန်းမော ပြည်ထောင်စု ကားလမ်းမကြီး၊ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးများနှင့် ဆက်သွယ်ထားသည့် ကျေးလက်လမ်း ဖြစ်ပါကြောင်း၊ တောင်တန်းနှစ်ဖက်ကြားက လွင်ပြင်လမ်းဖြစ်ပြီး ချောင်းနဘေးအတိုင်း ဖောက်လုပ်ထားသည့်အတွက် လမ်းတလျှောက်ကျေးရွာများသည် မိုးတွင်းတွင် သွားရေးလာရေးအတွက် အခြားနေရာမှ ရှောင်ကွင်း၍ သွားစရာမရှိသည့် တစ်ခုတည်းသော အားထားရသည့် လမ်းဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကွမ်းဘောင်ကျေးရွာအနီးမှ စတင်ပြီး လမ်းအလယ်ခုလတ်မှ ကျောက်ချောလမ်းနှစ်မိုင် ခင်းထားပြီး ဖြစ်ပါကြောင်း၊ ကွမ်းဘောင် ကျေးရွာကို ဗဟိုပြုပြီး တစ်မိုင်ခြင်းခင်းထားခြင်း ဖြစ်ပါကြောင်း၊ ကွမ်းတုံ-ရွှေကျောင်း-ကွမ်းဘောင်အကြား အတွင်းဘက်လမ်းမကြီး ဘက်ကို လေးမိုင်၊ ကွမ်းဘောင်နှင့် အောင်ချမ်းသာကြား အပြင်ဘက် သုံးမိုင် စုစုပေါင်း မြေသားလမ်း ၇ မိုင်ကျန်သေးပါကြောင်း၊ လမ်းခင်းရန်အတွက် လမ်းကြမ်း ၇ မိုင်ကျန်ရှိသေးပါကြောင်း၊ အဆိုပါလမ်းပိုင်း ကောင်းမွန်ပါက လီဆူတိုင်းရင်းသား ကျေးရွာများအထိကြားတွင် အသုံးပြုကျေးရွာပေါင်း ၁၀ ရွာ၊ အိမ်ခြေပေါင်း ၁၀၁၈ နှင့် လူဦးရေပေါင်း ၅၀၀၀ ကျော်တို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ကို အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်မှ ကျေးလက်ပြည်သူလူထု၏ အဓိကအားထားရာဖြစ်သည့် ထီးချိုင့်မြို့နယ်အတွင်းရှိ ကွမ်းတုံ-ရွှေကျောင်း-ကွမ်းဘောင်- အောင်ချမ်းသာ ကျေးလက်လမ်းအား ရာသီမရွေး သွားလာနိုင်သော မြေပေါင်များအား ကျောက်ချောလမ်းခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

u kyaw linစစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ  ကွမ်းတုံ-ရွှေကျောင်း-ကွမ်းဘောင်-အောင်ချမ်းသာ ဆက်သွယ်ထားသောလမ်းသည် အရှည် ကိုးမိုင်ရှိပါကြောင်း၊ လက်ရှိလမ်းအခြေအနေက ကျောက်ချောလမ်းနှစ်မိုင်နှင့် မြေသားလမ်းခုနစ်မိုင်ဖြစ်ပါကြောင်း၊ မြေသားလမ်းခုနစ်မိုင်အား မြေသားတာပေါင်ခင်းခြင်းနှင့်‌ ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊

အဆိုပါထီးချိုင့်မြို့နယ်၊ ကွမ်းတုံ-ရွှေကျောင်း-ကွမ်းဘောင်-အောင်ချမ်းသာ ကျေးလက်လမ်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့်‌ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း