Skip to main content

ဦးအောင်ကျော်ဦး(မိုင်းတုံ မဲဆန္ဒနယ်) မိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ၃၃ မိုင်အကွာတွင် တည်ရှိပြီး အရှေ့ဘက်တွင် မိုင်းဆတ်မြို့နယ်၊ အနောက်ဘက်တွင် မိုင်းပန်မြို့နယ်၊ မြောက်ဘက်တွင် မိုင်းပျဉ်းမြို့နယ် နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသော မြို့ဖြစ်ပါကြောင်း၊ အရှေ့မှအနောက်သို့ ၄၅ မိုင်၊ တောင်မှ မြောက်သို့ ၄၂ မိုင် ရှည်လျားပြီး စတုရန်းမိုင် အားဖြင့် ၂၅၂၂.၂၈၅ မိုင် ကျယ်ဝန်းပါကြောင်း၊  မိုင်းတုံမြို့ အတွင်း တပ်မတော်တပ်ရင်း (၈)ရင်း နှင့် အခြေကျစစ်ဗျူဟာတစ်ခု  တာဝန်ယူလျက်ရှိပြီး ယခင်က ရှမ်း၊ လားဟူ လူမျိုးအများစုနှင့် ဗမာ အနည်းငယ်နေထိုင်ကြသော်လည်း ၂၀၀၀-၀၁ ခုနှစ် နောက်ပိုင်း  UWSA “ဝ” တပ်ဖွဲ့များ နှင့်အတူ   တိုင်းရင်းသား အများအပြား ပြောင်းရွှေ့လာပါကြောင်း၊ ယခုအခါ “ဝ” ၊ ရှမ်း၊ လားဟူ ၊ ဗမာနှင့်အခြားတိုင်းရင်းသားများအနည်းစု စုပေါင်းနေထိုင်ကြသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ တစ် မြို့နယ်လုံးတွင် လူဦးရေ ၇၀၀၀၀ ကျော်နေထိုင်ကြပါကြောင်း၊  ဝေးလံခက်ခဲသော နယ်စပ်မြို့တစ်မြို့ ဖြစ်သည့်အလျောက် ကုန်းလမ်းခရီးကိုသာ အဓိကသွားလာနေရသော မြို့တစ်မြို့ဖြစ်သောကြောင့် လမ်းနှင့်တံတားများသည် အရေးပါကြောင်း၊ မိုင်းတုံ၊ မိုင်းပန် ၆၆ မိုင် ရှိသည့်ခရီးတွင် တောင်ဆင်း တောင်တက်လမ်းများဖြစ်သည့်အတွက် အကွေ့အကောက်အလွန်များပြီး အချို့နေရာများတွင် မြေသားများဖြင့် ပြုလုပ်ထားသဖြင့် Four Wheel များဖြင့်သာ သွားလာနေရပါကြောင်း၊ ယခုအခါ လမ်းများချဲ့ထွင်ရေး၊ မြေသားလမ်းများ ညှိပေးခြင်း၊ အချို့နေရာများတွင် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးမှုကြောင့် ယခင်လောက်လမ်းများ မဆိုးတော့ပါကြောင်း၊ မိုင်းတုံမြို့နယ်နှင့် မိုင်းပန်မြို့နယ် နယ်နိမိတ်ထိစပ်သည့် သံလွင်မြစ်အား ယခင်က စက်တပ် ဇက်ဖောင်ကြီးများဖြင့် ဖြတ်သန်းခဲ့ရသော်လည်း ၁၉၉၈ ခုနှစ်တွင် သံမဏိသံပေါင် မြစ်ကူးတံတားအား တည်ဆောက်ပေးခဲ့သဖြင့် မိုင်းပန်ဘက်အခြမ်းကြိုးတံတားထိပ်တွင် အမှတ်(၂၉၄) တပ်ရင်းအား ကားလမ်း၏ဘေးဘယ်ညာခွ၍ တည်ဆောက်ထားခဲ့ပါကြောင်း၊ မိုင်းတုံမြို့နှင့် မိုင်းပန်၊ လင်းခေး၊ နမ့်စန်၊ တောင်ကြီး ၂၂၃ မိုင်ခရီးကို နေ့ချင်းပေါက် မောင်းနိုင်သော်လည်း တောင်ကြီးမှ မိုင်းတုံ သို့အပြန်ခရီးတွင် တပ်ရင်းဂိတ်မှ နံနက် ၆ နာရီမှ ည ၆ နာရီအတွင်းသာ ဖြတ်သန်း သွားလာ ခွင့်ပြုထားပါသဖြင့် မိုင်းတုံသို့ နေ့ချင်း မရောက်ပါကြောင်း၊ အမှတ်(၂၉၄)တပ်ရင်းဂိတ်အား ဖြတ်သန်း ခွင့်မရပါသဖြင့် ကြိုးတံတားဂိတ်နှင့် သံလွင်မြစ်သို့ မရောက်ပါကြောင်း၊ သံလွင်မြစ် အားဖြတ်ကူးနိုင်ရန် တပ်ရင်းဂိတ်၊ ကြိုးတံတားဂိတ်၊ စုပေါင်းဂိတ်၊ တံတားနှစ်ဖက်ထိပ်ဂိတ်များ သို့အဆင့်ဆင့်သတင်း ပို့နေရပါကြောင်း၊ နေ့ချင်းပေါက်သွားလာနိုင်သော ခရီးအား တစ်ညအိပ်သွားနေကြရသည့်အတွက် အချိန်ကုန်၊ ငွေကုန်၊  ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ် နေရသဖြင့် အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သံလွင်မြစ်ကူးကြိုးတံတားဂိတ် နှင့် အမှတ်(၂၉၄) တပ်ရင်း ဂိတ်များအား နံနက် ၆ နာရီ ည ၆ နာရီ အစား ည၈ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။


 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်တို့ကို ဆက်သွယ် ထားသော တာဆန်း-မိုင်းတုံလမ်းပိုင်းသည် ၃၁ မိုင် ၇ ဖာလုံ ရှည်လျားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ ကတ္တရာလမ်း ၆ မိုင် ၂.၅ ဖာလုံ၊ အမာခံလမ်း ၂၅ မိုင် ၄.၅ ဖာလုံဖြစ်ပါကြောင်း၊ တာဆန်းမှ မိုင်းတုံသို့ သွားလာရာတွင် မိုးတွင်းကာလတွင် နှစ်နာရီခန့်၊ နွေရာသီတွင် တစ်နာရီ ၄၅ မိနစ်ခန့်ဖြစ်၍ လွယ်ကူစွာ သွားလာနိုင်ပါကြောင်း၊မိုင်းတုံနှင့် မိုင်းပန် ဆက်သွယ်ရေးလမ်း၏ အဓိကနေရာသည် သံလွင်မြစ်ကူး တာဆန်းကြိုးတံတား ဖြစ်ပြီး အရှည် ၉၀၀ ပေ ရှိပါကြောင်း၊   တံတားပျက်စီးမှုမရှိရေးသည် အဓိကအကျသော လုံခြုံရေးလုပ်ငန်းဖြစ်ပါကြောင်း၊ အဓိကတံတားကြီးဖြစ်သည်အတွက် ဆက်သွယ်မှုလမ်းကြောင်း ပြတ်တောက်မှုမရှိစေရေး၊ လုံခြုံမှုရှိစေရေးနှင့် မူးယစ်ဆေးဝါးများသယ်ဆောင် ရောင်းဝယ်မှုမရှိစေရေးတို့အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ လုံခြုံရေးကြပ်မတ်ဆောင်ရွက်လျက်၍ ၂၀၁၄ မှ ယနေ့အထိ တံတားပေါ်မှဖြတ်သန်းမည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀၊ ကာလတန်ဖိုးကျပ်သန်း ၉၀၀၀ ခန့်၊ ၂၀၁၅ ခုနှစ် မတ်လတွင် ဘိန်းစိမ်း ၁ ကီလိုဂရမ် ၂ ထုပ်၊ ၁.၅ ကီလိုဂရမ် ၁၅ ထုပ်၊ ၂ ကီလိုဂရမ် ၁ ထုပ်၊ ၂.၅ ကီလိုဂရမ် ၁ ထုပ်၊ ၃ ကီလိုဂရမ် ၁ ထုပ် စုစုပေါင်း ၂၀ ထုပ်၊ ကာလတန်ဖိုးကျပ် ၁၉၂ သိန်းခန့် ၊  WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၀၀ ၊ ကာလတန်ဖိုးကျပ် ၆၅၄ သိန်းခန့်၊ ၉.၁.၂၀၁၆ ရက်နေ့တွင် အမည်းရောင်ဘိန်းဆီခဲ အလေးချိန် ၅၀၃.၅ ဂရမ်၊ ကာလတန်ဖိုး ၃၂၇၂၇၅ ကျပ်၊ ၁၁.၁.၂၀၁၆ ရက်နေ့တွင် ဘိန်းစိမ်း ၁.၅ ကီလိုဂရမ် ၅၃ ထုပ်၊ အလေးချိန် ၇၉.၅ ကီလိုဂရမ်၊ ကာလတန်ဖိုး ၅၁၆၇၅၀၀၀ ကျပ်ခန့် တို့ကိုဖမ်းဆီးရခဲ့ပါကြောင်း၊ မိုင်းတုံနယ်မြေနှင့် မိုင်းပန်နယ်မြေ ဆက်စပ်နယ်မြေများသည် အညိုရောင်နယ်မြေအချို့ရှိပြီး အချိန်မရွေးအနက်ရောင် နယ်မြေအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါကြောင်း၊ ထိုသို့မဖြစ်စေရန်အတွက် လုံခြုံရေးကို အဓိကဦးစားပေးဆောင်ရွက်ရပါကြောင်း၊ လုံခြုံရေးပေါ့ဆမှုကြောင့် ဆက်သွယ်မှုပြတ်တောက် သွားမည်ကို လျစ်လျူရှု၍ မရသည့် အခြေအနေ ဖြစ်ပါကြောင်း  သို့ဖြစ်ပါ၍ မူလသတ်မှတ်အချိန် အတွင်းသာ ဖြတ်သန်းခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်