Skip to main content

မေးခွန်း အကြောင်းအရာ 

u ohn khinမိမိတို့ငယ်စဉ်က လ.ဝ.ကရုံးများတွင် မှတ်ပုံတင်လုပ်သည့်အခါ စက္ကူပေါ်တွင် ဓာတ်ပုံကပ်၊ လက်ဗွေနှိပ်၊ ရုံးတံဆိပ်ထု၍ Family Tree ပုံစံဖြည့်သိမ်းဆည်းပြီး သုံးခေါက်ချိုးမှတ်ပုံတင် လက်မှတ်ထုတ်ပေးပါကြောင်း၊ သို့သော် ခေတ်အခြေအနေမှ တဖြည်းဖြည်းတိုးတက် လာသည့် အတွက် ဒီဂျစ်တယ်နည်းပညာနှင့် အီလက်ထရောနစ်မှတ်ပုံတင် Smart Card တို့ကို ပြုလုပ် သိမ်းဆည်း သည့်ခေတ်ကို ရောက်တော့မည်ဖြစ်ပါကြောင်း၊ ရုံးတွင်သိမ်းဆည်းထား ရမည့် Family Tree အစရှိသည်တို့ကို  DVD ခွေ၊ Hard-dick များနှင့် သိမ်းဆည်းသည့် ခေတ်ကို ရောက်ခါနီး နေပါဖြစ်ပါကြောင်း၊  လိုအပ်သည်များကို ကွန်ပျူတာနှင့်သိမ်းပြီး လိုအပ်ရင်လိုအပ်သည့် အချိန်တွင် အချိန်အတိုဆုံးနှင့် လိုအပ်သည့် အချက်အလက်များကို ပြန်ရှာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုနည်းတူ မျက်နှာပုံရိပ်ဖမ်းသည့်စနစ်များ၊ လက်ဗွေရာများကိုလည်း ဒီဂျစ်တယ်နည်းစနစ်နှင့် သိမ်းထား သည့်အချက်များ၊  ၄င်းနည်းများနှင့် မိမိတို့ကိုင်ဆောင်ထားသည့်မှတ်ပုံတင်များကို Smart Card တွင် ထည့်သွင်းအသုံးပြုသည့်ခေတ်ကိုလည်း ရောက်ပါက မှတ်ပုံတင်အတုပြုလုပ်ရန်လည်း ခက်ခဲပါ ကြောင်း၊ မှတ်ပုံတင်ကို Screen ဖတ်လိုက်ပါက  ဒီလူ ဘယ်ကလာသည် ဘယ်နေရာမှာ နေသည် ဘာအလုပ်လုပ် ခဲ့သည်ဆိုသည်ကို ၄င်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များ အကုန်လုံး ကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အလွန် တိုတောင်းသည့်အချိန်၊ မြန်ဆန်သည့်နည်းစနစ်များကို ခေတ်နှင့်အညီ လျော်ညီအောင် မဖြစ်မနေ သုံးစွဲရမည့်အချိန်ကို ရောက်လာပါဖြစ်ပါကြောင်း၊

လွန်ခဲ့သည့်အနှစ် ၆၀ ကျော်တွင် ရွှေတစ်ကျပ်သားကို ၂၅၀၊ ၃၀၀ ဈေးရှိပါကြောင်း၊ ၄င်းအချိန်တွင် FRC ဟုခေါ်သော နိုင်ငံခြားသားများကို မိမိတို့နိုင်ငံတွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်တစ်ကြိမ် တိုးရပါကြောင်း၊ သက်တမ်းတိုးသည့်အခါတွင် မှတ်ပုံတင်လဲလှယ်ခကို ၅၀ ကျပ်ယူပါကြောင်း၊ မိမိတို့နိုင်ငံသားများအတွက်ကို မွေး/သေစာရင်းသွင်းမည်ဆိုပါက တစ်ကျပ် ပေးရပါကြောင်း၊ အသက် ၁၀ နှစ် နှင့် ၁၈ နှစ်ပြည့်ပါက ခြောက်ကျပ်ပေးပြီး လဲလှယ်ရပါကြောင်း၊ မှတ်ပုံတင်ပျောက်/ ပျက်သွားမည်ဆိုပါက ၁၀ ကျပ်ပေးပြီး လုပ်ရပါကြောင်း၊

လွန်ခဲ့သည့်အနှစ် ၆၀ ကအခြေအနေများကို မပြောင်းမလဲဘဲ ယခုအတိုင်း ဆက်သုံးသွားမည်ဆိုပါက မသင့်တော်ပါကြောင်း၊ ထိုနည်းတူ သက်ဆိုင်ရာဝန်ထမ်းများတွင်ရှိသည့် ဝတ်စုံဖိုးအစရှိသည့် စရိတ်များကိုလည်း ပြောင်းလဲသင့်ပြီဟု ထင်ပါကြောင်း၊  ပြောင်းလဲချိန်တန်သည့်အချိန်တွင်  မိမိတို့က လိုက်ပါ ပြောင်းလဲမှုမလုပ်ခဲ့ဘူးဆိုပါက အခြေအနေတွေက မိမိတို့ကို အတင်းအဓမ္မ ပြောင်းလဲရန် တိုက်တွန်းမှ မိမိတို့က ပြောင်းလဲမှုကို လုပ်မယ်ဆိုပါက အခြေအနေအရ အဆင်သင့်မဖြစ်သည့် အတွက်ကြောင့် အခြေအနေကောင်းများကို အများကြီး မရနိုင်ဘူး ဖြစ်သွားမည်ကို စိုးရိမ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်နှင့်လျော်ညီမှုရှိစေရန်အတွက် ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါ ကြောင်းမေးမြန်းပါသည်။


 

ဖြေကြားချက် 

u thein sweNEIT Digital Card များ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု အချိန်အထိ ကုမ္ပဏီပေါင်း ၄၀ ကျော်အတိအကျပြောရမည်ဆိုပါက  ၄၃ ခုကို ဝန်ကြီးဌာနမှာ စိစစ်လေ့လာပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ILO ၊ World Bank ၊ O-media Network များနှင့် ပူးပေါင်းပြီး Seminar များလုပ်ဆောင်ပြီး  EIT Card ဆောင်ရွက်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်ခေတ်ရောက်ပြီဖြစ်သည့်အတွက် မလွဲမသွေ အမြန်ဆုံးသွားရမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ၄င်းကိုဂရုပြုမိပါကြောင်း၊ အမြန်ဆုံး သွားရောက်နိုင်ရေးအတွက်ကို အဆင့်ဆင့်တင်ပြ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ ဥပဒေ များသည် ၁၉၄၈ ခုနှစ် မှတ်ပုံတင်ခြင်း နည်းဥပဒေ များတွင် ပြဋ္ဌာန်းထားသည့် ဈေးနှုန်းများဖြစ်သည့် အတွက် လက်ရှိအနေအထားအရ မလျော်ညီပါကြောင်း၊ လာပေးရန်ငွေသညှ် အကြွေခက်ခဲသည့် အပိုင်း ဖြစ်ပါကြောင်း၊ ယခုလို ပြင်ရန်ကိစ္စကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြင်နိုင်ရန်အတွက် ဥပဒေကို ပြင်ဆင်ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ၊ ဥပဒေကိုပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ ပြင်ဆင်ရေး ဆွဲပြဋ္ဌာန်း နိုင်မည်ဆိုပါက ခေတ်နှင့်လျော်ညီသည့် နည်းစနစ် များ၊ သတ်မှတ်ချက်များ၊ ငွေကြေးကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုပီပြင်ထိရောက် လာပြီး တစ်ဘက်တစ်လမ်းမှ နိုင်ငံတော်၏ ဘဏ္ဍာငွေကို လျှော့ပေါ့သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားသား မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ များသည် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုမရှိတော့သဖြင့် ၄င်းဥပဒေများကို ရုပ်သိမ်းပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်ဥပဒေများကို အသစ်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၄င်း ဥပဒေများ တီထွင်ရေးဆွဲပြဋ္ဌာန်းပြီးမည်ဆိုပါက ကောက်ခံနှုန်းထားများအပါအဝင် လုပ်ထုံးလုပ်နည်း များကို စနစ်တကျဆောင်ရွက် သွားရန်အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ