Skip to main content

မေးခွန်း အကြောင်းအရာ 

dr san shwe winပုသိမ်-မုံရွာလမ်းမကြီးသည် ပုသိမ်မြို့တွင် စတင်၍ ကျောင်းကုန်းမြို့နယ်၊ ကံကလေးလမ်းဆုံ၊ ရန်ကုန်-ပုသိမ် လမ်းမကြီးမှ နေခွဲထွက်ပြီး လက်ဝဲဘက်ကို ခွဲထွက်သွားသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးသည် ရေကြည်မြို့နယ်အတွင်းကို ဖြတ်သန်းသွားပြီး ဂွ-ငါးသိုင်းချောင်း လမ်းနှင့်ဆုံပြီး တစ်ဆက်တည်း မုံရွာမြို့အထိ ဆက်သွားသည် လမ်းကြီးဖြစ်ပါကြောင်း၊  ယခုလို ဖြတ်သန်းသွားသည့် အခါ ရေကြည်မြို့နယ်တွင် ရှိသည့် အသုတ်မြို့ကို ဖြတ်သွားရပါကြောင်း၊ အသုတ်မြို့ကိုဖြတ်ပြီး ပိတောက်ချောင် လမ်းဆုံမှာ ငါးသိုင်းချောင်းမြို့ထိပ်မှာ ထပ်မံ ဖြတ်သွားရပါကြောင်း၊ ငါးသိုင်းချောင်း မြို့ထိပ်တွင် ငဝန်မြစ်ကူးတံတားကို ဖြတ်သန်းခ ပေးဆောင်ပြီး ရေနံသာလမ်းဆုံမှာ ဂွ-ငါးသိုင်းချောင်း လမ်း နှင့် ဆုံပါကြောင်း၊ ၎င်းလမ်းမကြီးကို ရခိုင်ပြည်နယ်၊ မြန်မာပြည် အထက်ပိုင်းနှင့် ဧရာဝတီ အထက်ပိုင်း မြို့နယ်များမှ ခရီးသည်တင်ကားများ၊ ပုဂ္ဂလိကကားများ၊ ကုန်တင်ကားများ၊ ရန်ကုန်နှင့် ပုသိမ်မြို့ကြီး များသို့ သွားရောက်ရန်အတွက် သုံးစွဲနေရသည့် လမ်းဖြစ်သည့်အတွက်  နေ့စဉ် ရာချီပြီး အသွား/အပြန် ရှိပါကြောင်း၊ ဒေသခံပြည်သူများ၏ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများလည်း အသုံးပြုနေရပါကြောင်း၊ ယခုလို ဖြတ်သန်းသွားလာရာတွင် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြတ်သန်းသွားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အသုတ်မြို့လယ်မှ ဖြတ်သွားသည့် အသုတ်မြို့ ဝင်ကြေး တစ်ကြိမ်၊ ရေကြည်မြို့တွင်းကို မဝင်ဘဲ အနောက်ဘက်ကို ကွေ့သွားသည့် ပိတောက်ချောင် လမ်းဆုံတွင် ရေကြည်မြို့ဝင်ကြေး အဖြစ်ဖြင့် တစ်ကြိမ်၊ ငါးသိုင်းချောင်းမြို့ ထဲမဝင်ဘဲ ငါးသိုင်းချောင်းမြို့ထိပ်မှ ဖြတ်သွားသည့်နေရာတွင် ငါးသိုင်းချောင်း မြို့ဝင်ကြေးဆိုပြီး တစ်ကြိမ် စည်ပင်သာယာရေးမြို့ဝင်ကြေး အဖြစ်ဖြင့် သုံးကြိမ် ပေးဆောင်နေရပါကြောင်း၊ ငါးသိုင်းချောင်း မြို့ထိပ်တွင် ငဝန်မြစ်ကူးတံတားကို ဖြတ်ပြီး ရေနံသာလမ်းဆုံတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းအသုံးပြုခ ပေးဆောင်ရပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ မြို့နယ်တစ်မြို့နယ် အတွင်းမှာဖြတ်သန်းသွားသည့် လမ်းမကြီး တစ်ခုအတွင်း စည်ပင်သာယာရေး အဖွဲ့မှ ကောက်ခဲ့သည့် မြို့ဝင်ကြေး သုံးကြိမ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောက်ခံသည့် လမ်းအသုံးပြုခ တစ်ကြိမ် ပေးဆောင်နေရခြင်းများသည် လက်ရှိ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဒီလိုကောက်ခံသည့် နေရာ တွင် မြို့ဝင်ကြေးကောက်ခံသူများ၏ မချေမငံ ပြောဆိုမှုများကြောင့် အချေအတင်များ နေ့စဉ်လိုလို ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် မိမိမေးလိုသည့် မေးခွန်းမှ ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ  စီမံခန့်ခွဲသည့် လမ်းမကြီး တစ်ခုအပေါ်တွင် စည်ပင်သာယာရေး အဖွဲ့များမှ လမ်းအသုံးပြုမှုအတွက် မြို့ဝင်ကြေးအဖြစ် ကောက်ခံငွေ ရှိ/မရှိ နှင့် ရေကြည်မြို့နယ်လို မြို့နယ်တစ်ခုအတွင်း လမ်းတစ်ခုတည်း အသုံးပြုမှုအတွက် လမ်းအသုံးပြုခ စည်ပင်သာယာရေးအတွက် သုံးကြိမ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းအသုံးပြုခ တစ်ကြိမ်၊ လေးကြိမ် ပေးဆောင် နေရခြင်းများအတွက် လက်ရှိ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

u kyaw linnဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းများပေါ်ရှိ တိုးလ်ဂိတ်များတွင် ယခင်က မြို့ဝင်ကြေး ကို ကောက်ခံရန် ခွင့်‌ပြုခဲ့သော်လည်း ယခုအချိန် တိုးလ်ဂိတ်များတွင် မြို့ဝင်ကြေး ပူးပေါင်း၍ ကောက်ခံ ခြင်းကို ခွင့်မပြုတော့ဘဲ သီးခြားနေရာမှခွဲ၍ ကောက်ခံစေရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊  အသုတ်မြို့ဝင်ကြေး၊ ရေကြည်မြို့ဝင်ကြေးနှင့်‌ ငါးသိုင်းချောင်း မြို့ဝင်ကြေးကောက်ခံ ခြင်း တို့သည် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်‌ သက်ဆိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ လေလံပေး၍ကောက်ခံနေခြင်း  ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့်‌ ရေနံ့သာလမ်းဆုံဂိတ်သည် ပုသိမ်-မုံရွာလမ်း မိုင်တိုင်အမှတ် (၆၃/၂)တွင်တည်ရှိပြီး ရခိုင်ပြည်နယ် ဘက်သို့ သွားသော ကားများ အတွက် ရေနံ့သာ (ငါးသိုင်းချောင်း)-ဂွလမ်း(တစ်ကြောင်းတည်းသာ) ၄၉ မိုင်နှင့် အသုတ်ဘက်သို့ သွားသောကားများ အတွက် ပုသိမ်-မုံရွာလမ်း အသွား/အပြန် ၄၀ မိုင်အတွက် လမ်းအသုံးပြုခ ကောက်ခံသော လမ်းဂိတ် ဖြစ်ပါကြောင်း၊ ငဝန်တံတားသည် (ဂ)အဆင့် စီမံကိန်းဝင်တံတား အမျိုးအစား ဖြစ်၍ တံတား အသုံးပြုခ ကောက်ခံခြင်း ဖြစ်ပါကြောင်း၊ ငဝန်တံတားဂိတ်သည် ပုသိမ်-မုံရွာလမ်း မိုင်တိုင် အမှတ်(၅၇/၁) မှ (၅၇/၂) အကြားတွင်တည်ရှိပြီး ငဝန်တံတားပေါ်သို့ ဖြတ်သန်းသွားသော ကားများ ကို တံတားအသုံးပြုခကောက်ခံခြင်း ဖြစ်ပါကြောင်း၊  ၎င်းရေနံ့သာ လမ်းဆုံဂိတ်နှင့်‌ ငဝန်တံတားဂိတ် သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ၁၉၈၅ ခုနှစ်၊ လမ်းနှင့်တံတား အသုံးပြုခြင်းဆိုင်ရာဥပဒေ အခန်း(၂) ပုဒ်မ ၃ ၊ ၄ နှင့် အခန်း(၃) ပုဒ်မ ၆ တို့နှင့်အညီ ကြီးကြပ်ဆောင်ရွက်သော လမ်း/တံတား အသုံးပြုခကောက်ခံ ဆောင်ရွက်သည့် လမ်း/တံတား ဂိတ်များဖြစ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြဋ္ဌာန်းထားသော ဥပဒေနှင့်‌အညီ ဆောင်ရွက် ခြင်း ဖြစ်ပါကြောင်း၊

ငါးသိုင်းချောင်းမြို့ဝင်ကြေး ကောက်ခံသော ဂိတ်သည် ပုသိမ်-မုံရွာလမ်း၏ မိုင်တိုင်အမှတ်(၅၇/၁) ငါးသိုင်းချောင်းမြို့ အဝင်တွင်လည်းကောင်း၊ ရေကြည်မြို့ ဝင်ကြေးကောက်ခံသော ဂိတ်သည် ပုသိမ်-မုံရွာလမ်း၏ မိုင်တိုင်အမှတ်(၅၂/၆) ရေကြည်မြို့အဝင်တွင် လည်းကောင်း၊ အသုတ်မြို့ဝင်ကြေး ကောက်ခံသော ဂိတ်သည် ပုသိမ်-မုံရွာလမ်း၏ မိုင်တိုင်အမှတ် (၄၂/၇)နှင့် (၄၀/၄) အသုတ်မြို့ အဝင်/ အထွက် နှစ်ဘက်တွင်လည်းကောင်း ကောက်ခံခြင်းဖြစ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊ တံတားဂိတ်များ၌ ပူးပေါင်းကောက်ခံခြင်း မရှိတော့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ပေါင်းစပ်ဖြေကြားချက်အရ ၎င်းတို့၏ ကွပ်ကဲမှုအောက်ရှိ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့ဝင် ဂိတ်တို့ကို ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်‌ တရားဝင် လေလံချထား လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး ၎င်းလေလံ ရရှိငွေများဖြင့်‌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကောက်ခံဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊

ပုသိမ်-မုံရွာလမ်းမကြီးမှ အသုတ်မြို့အတွင်း ဖြတ်သန်းသွားပါက ဖြတ်သန်းခ ပေးဆောင်ရသော် လည်း ၊ ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့များတွင် မြို့ထဲမဝင်ဘဲ မြို့ပြင်မှ ဖြတ်သွားရုံဖြင့် ပေးဆောင်နေရသည့်  အတွက် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)၊ (ဃ) တို့အရ ဥပဒေနှင့် မညီသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ရေကြည်၊ ငါးသိုင်းချောင်း မြို့ဝင်ကြေး ကောက်ခံနေမှုများနှင့် ပတ်သက်၍ ၎င်းဂိတ်များကို ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေး အဖွဲ့များမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် လေလံချထားပေးပြီဖြစ်ပါသဖြင့် ယခု ဘဏ္ဍာနှစ်ကုန်အထိသာ ဆက်လက် ကောက်ခံခွင့်ပြုသွားမှာဖြစ်ပြီး လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစ၍ မြို့ဝင်ကြေးကောက်ခံနေခြင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုတော့မှာ မဟုတ်ပါကြောင်း ဖြေကြားခဲ့ပါသည်။


 

ဒုတိယဝန်ကြီး ဦးကျော်လင်း