Skip to main content

မြန်အောင်မြို့နယ်သည် ယခုအခါ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် အစွန်းရောက်ရာသီဥတု များ ဖြစ်ပေါ်လာပြီး အချိန်တိုအတွင်း မိုးရေချိန်များစွာရွာသွန်းခြင်း၊ အဓိကရေနုတ်ချောင်းများဖြစ်သည့် မမြချောင်းမကြီးနှင့် ဆင်ကျုံးချောင်းမှာ ကွင်းရေများကြောင့် လွန်ကဲစွာလျှံတက်ပြီး အချိန်မီ ရေထုတ်ပေးနိုင်ခြင်းမရှိသဖြင့် မိုးစပါးသီးနှံများ တစ်နှစ်ထက်တစ်နှစ် ပိုမိုပျက်စီးမှုများ ကြုံတွေ့နေရပါ ကြောင်း၊

မြန်အောင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းတည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၅၀ မှ ၇၀ ပေအတွင်း တည်ရှိပြီး မိုးတွင်းကာလ မြစ်ရေ၊ ချောင်းရေ ဝင်ရောက်နိုင်မှုမရှိစေရန် မြစ်၊ ချောင်းဘေး တစ်လျှောက်တွင် တာတမံများဖြင့် ကာရံထားရပါကြောင်း၊ မြန်အောင်မြို့နယ်၏ အဓိကစိုက်ပျိုးသော သီးနှံမှာ မိုးစပါး၊ ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ နေကြာနှင့် ပဲမျိုးစုံ အဓိကစိုက်ပျိုးပြီး နွေစပါးကို ဆည်မြောင်းရေများဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပရှဉ်းချောင်း ရေဝင်ရောက်မှုမှ ကာကွယ်ရန် မိုင် ဖာလုံရှိသည့် နမ္မတီးတာတမံကြီးကိုလည်းကောင်း၊ ဧရာဝတီမြစ်ရေကကာကွယ်ရန် မြန်အောင်ရေကာတာတမံကို အင်္ဂပူမြို့နယ် အစပ်အထိ ၃၄ မိုင် ရှည်လျားစွာကာကွယ်ထားပြီး မမြချောင်းရေလျှံမှုကို နှစ်ဖက် ကမ်းထိန်းတာတမံများဖြင့် ကာရံထားရပါကြောင်း၊ မြန်အောင်တာတမံကြီးကို အလျား ၃၉ မိုင် ဖာလုံရှိသည့် ရေတံခါး ၁၀ လုံးတည်ဆောက် တပ်ဆင်ထားပါကြောင်း၊ ၎င်းရေတံခါးများသည် မြေနိမ့်ပိုင်းရှိ မြို့နှင့်ကျေးရွာများ၏ စိုက်ပျိုးမြေများကို ကာကွယ်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊

မြန်အောင်မြို့နယ်အတွင်း မိုးရေ၊ ချောင်းရေ၊ ရိုးရေစီးဆင်းစုဝေးမှု၏ အဓိကချောင်းများမှာ မမြချောင်း၊ ဆင်ကျုံးချောင်းတို့ဖြစ်ပါကြောင်း၊ မမြချောင်းမှာ ရခိုင်ရိုးမအရှေ့ဘက်ကမ်းရှိ ရေဝေတောင်တန်းများမှ ချောင်းများခံစီးဆင်းလာပြီး မြန်အောင်မြို့နယ်ရှိ ကြက်သွန်ခင်း၊ ကညွတ်ကုန်း၊ အဆည် စသည့် ကျေးရွာအုပ်စုများကို ဖြတ်သန်းစီးဆင်း၍ အင်္ဂပူမြို့နယ်အတွင်းမှ ငဝန်မြစ်အတွင်းသို့ စီးဝင် ပါကြောင်း၊ ဆင်ကျုံးချောင်းသည် မြန်အောင်မြို့မှ ကျူတော၊ ရိုက်၊ အဆည် အုပ်စုများကိုဖြတ်သန်းပြီး မမြချောင်းအတွင်းသို့ စီးဝင်သွားပါကြောင်း၊ မြန်အောင်မြို့နယ်ရှိ ရိုးချောင်းများအားလုံးသည် မမြချောင်းနှင့် ဆင်ကျုံးချောင်းအတွင်းသို့ စီးဝင်ပြီး မိုးရေ၊ တောရေ၊ ချောင်းရေ၊ ရိုးချောင်းရေ၊ ဖောက် ချောင်းရေများကို အဓိကထုတ်နုတ်ပေးသော ချောင်းများဖြစ်ပါကြောင်း၊ တစ်တီတူးဖောက်ချောင်း၊ ကြက်သွန်ခင်းဖောက်ချောင်းနှင့် မမြဖောက်ချောင်းများအား  ရေကြီးနစ်မြုပ်မှုလျော့ပါးရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါ ဖောက်ချောင်းသုံးခုနှင့် ဆင်ကျုံးချောင်းတို့ဆုံရာ ရေစုဝင်ရာဒေသဖြစ်သည့် မမြချောင်းအောက်ပိုင်းကို ယခင်က ရေထုတ်နုတ်ပေးနိုင်ခြင်း မရှိခဲ့ပါ ကြောင်း၊ ယခုအခါ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် မိုးရေချိန်များစွာ ရွာသွန်းခြင်း၊ မမြချောင်း မကြီးနှင့် ဆင်ကျုံးချောင်းမှာ ကွင်းရေများကြောင့် လွန်ကဲစွာလျှံတက်ပြီး အချိန်မီ ရေထုတ် နုတ်ပေးနိုင်ခြင်းမရှိသဖြင့် မမြချောင်းမှ မြန်အောင်မြို့နယ်ကိုကျော်၍ အင်္ဂပူမြို့နယ်ကိုဖြတ်ပြီး ငဝန်မြစ်အတွင်းစီးဝင်သည့် အဓိက အလျား ၂၁. မိုင် ဖြတ်သန်းနေရပြီး ရေအင်းရေထောက်မှုများ ကြုံတွေ့နေရခြင်းကြောင့် ရွှေကျင်ကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် ၄၆၇၊ ၄၆၈ ရှိ မိုးစပါးစိုက်ဧက ၁၆၀၀ အားလည်းကောင်း၊ အထက်ပိုင်းကျေးရွာအုပ်စုများဖြစ်သည့် လေးတူး၊ ငါးပိစိတ်၊ သရက်တော၊ ဒေါင်းကျ၊ ရိုက်၊ ကျူတောအုပ်စုများအတွင်းရှိ မိုးစပါးစိုက်ဧက ၁၀၀၀၀ ကျော်အားလည်းကောင်း၊ ကွင်းရေများ နှစ်စဉ်ရေနစ်မြုပ်နေမှုအတွက်ကြောင့် မိုးစပါးသီးနှံများ တစ်နှစ်ထက်တစ်နှစ် ပိုမိုပျက်စီး မှုများကြုံတွေ့နေရပါကြောင်း၊

မြန်အောင်မြို့မှ စတင်စီးဆင်းသည့် ဆင်ကျုံးချောင်းသည် ဂျန်းချောင်း၊ မိုးမခချောင်း၊ ရိုးကြီးချောင်း အမည်များဖြင့် တလုတ်တော်ချောင်းရိုး၊ ပဲမခမ်းချောင်းရိုးများမှ ရေစုဝင်ပြီး ရေစုကွင်းကြီးများဖြစ်ပေါ်၍ နစ်မြုပ်နေပြီး ၎င်းတောရေများကို ထုတ်နုတ်ပေးနိုင်မည်ဆိုပါက မိုးစပါးပျက်စီးမှုကို ကာကွယ်ထား နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါဆင်ကျုံးချောင်းစီးဆင်းမှုမှာ ရေတံခါးတည်ဆောက်မည့် မြန်အောင် တာမိုင် ၂၆ မိုင် ဖာလုံနေရာအထိ စီးဆင်းပါက ၂၄. မိုင်အထိရှိပါကြောင်း၊ မိုးဦးကာလကွင်းရေများပြားပြီး ဧရာဝတီမြစ်ရေများချိန်တွင် မိုးလယ်ကာလ ကွင်းရေများစုရောက် မလာမီ မိုးဦးကာလကွင်းရေ၊ တောရေများကို ကြိုတင်ထုတ်နုတ်ထားနိုင်ခြင်းဖြင့် ရေနစ်မြုပ်မှုဧရိယာ ကျဉ်းကျုပ်သွားပါကြောင်း၊ ထို့ကြောင့် မြန်အောင်မြို့နယ်အတွင်းရှိ ဧရာဝတီရေကာတာ၏ တာမိုင် (၂၆.) ဖာလုံတွင် ဧရာဝတီမြစ်အတွင်းသို့ မိုးရေချောင်းရေများ ထုတ်နုတ်ပေးနိုင်သော ရေတံခါးများ ကို တပ်ဆင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


မြန်အောင်မြို့နယ်သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မြို့နယ်အတွင်း ပရှဉ်းချောင်းနှင့် ဧရာဝတီမြစ်တို့မှ မြစ်ရေ ဝင်ရောက်မှုကို ကာကွယ်ရန် မိုင် ၄၀ (၃၉.၂၅ မိုင်ခန့်) ရှည်သည့် မြန်အောင်ရေဘေး ကာကွယ်ရေးတာကို ၁၈၆၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ ဒေသရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက် နေရသည့် အခြေအနေရှိပါကြောင်း၊

မိုးရာသီတွင် ကွင်းရေများသည် ဆင်ကျုံးချောင်း၊ မမြချောင်းတို့မှတစ်ဆင့် သဲဖြူချောင်းကိုစီးဝင်ပြီး ငဝန်မြစ်ထဲသို့ စီးထွက်ပါကြောင်း၊ ငဝန်မြစ်ရေကြီးသည့်အချိန်တွင် မြစ်ရေထောက်ပြီး ဒေသတွင်း ရွာသွန်းသည့် မိုးရေများသည် ငဝန်မြစ်ထဲသို့ စီးထွက်နိုင်မှုမရှိခြင်း၊ အဓိကရေထုတ်ပေးနေသည့် မမြချောင်းအောက်ပိုင်း တိမ်ကောနေခြင်းတို့ကြောင့် မြန်အောင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေ ဧရိယာများတွင် မိုးကာလရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဓိကရေထွက်ပေါက်ဖြစ်သည့် မမြချောင်းအောက်ပိုင်း တိမ်ကောနေမှုကို တူးဖော်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ခွဲဝေရရှိသဖြင့် ယခုပွင့်လင်းရာသီတွင် တူးဖော်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းများဆောင်ရွက်ပြီးဆိုလျှင် ကွင်းရေများ ပိုမိုလျင်မြန်စွာထုတ်လုပ်နိုင်ပြီး ရေကြီးနစ်မြုပ်မှုများကို သက်သာသွားမည်ဖြစ်ပါကြောင်း၊

မြန်အောင်ရေဘေးကာကွယ်ရေးတာတွင် ရေတံခါးများ တပ်ဆင်ရန်အတွက် ဧရာဝတီမြစ်ရေမှတ်များ၊ ကွင်းရေမှတ်များ၊ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်အနေအထား၊ တာနှင့် မြစ်အကွာအဝေး၊ ရေတံခါး တည်ဆောက်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကမ်းပြိုကမ်းစားမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ၎င်းအချက်အလက်များကို စူးစမ်းလေ့လာတိုင်းတာမှု ဆောင်ရွက်ခဲ့ပြီး ရရှိသည့် အချက်အလက်များအရ မြစ်ရေတက်ချိန်တွင် မြစ်ရေမှတ်မှာမြင့်ပြီး ကွင်းရေ Level မှာ နိမ့်သည့်အတွက် ရေတံခါးနှင့် ရေထုတ်ရန် အခြေအနေ မဖြစ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြစ်ကမ်းနှင့် တာအကာအဝေးသည် ပေ ၁၀၀၀ သာရှိပြီး နီးကပ်နေသည့်အတွက် ရေတံခါးတည်ဆောက်လျှင် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ပြီး တာတမံများကို ထိခိုက်လာနိုင်သဖြင့် ကောင်းကျိုးထက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကွင်းဘက်ရှိ ချောင်း၊ မြောင်းများကို ရေနုတ်အား ကောင်းရန် တူးဖော်ပြုပြင်ပေးသင့်သည့်အနေအထားကြောင့် အဓိကရေထွက်ပေါက်ဖြစ်သည့်မမြချောင်း အောက်ပိုင်းတိမ်ကောနေမှုကိုတူးဖော်ပေးရန် စီမံဆောင်ရွက်လျက်ရှိ ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်