Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နှုတ်ခွန်းဆက် အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁) ရက်မြောက်နေ့ကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ အားလုံးကာယသုခ၊ စိတ်တ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံကြ ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ တွေးခေါ်ကြံဆပုံ လုပ်ကိုင် ဆောင်ရွက်ပုံတွေဟာ ဒီမိုကရေစီ ကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစားလိုကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် စံနမူနာကောင်းတွေ ဖြစ်စေချင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးကို သယ်ပိုးကြစေလို ပါတယ်။ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့် အရေးများ မြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ စသည်တို့ကို အတူတကွ လက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ ဂုဏ်သိက္ခာကို မြင့်မားစေကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီး တင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီး သုံးရပ်အနက် လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်မှု ရှိ၊မရှိ တို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်း တို့ကို ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဥက္တဋ္ဌ တာဝန်ကို လွှတ်တော် ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လန်းလာစေရန် နိုင်ငံသားများရဲ့ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်မည် ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။

၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်