Skip to main content
Submitted by on 26 July 2017

လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ လေ့လာရေးရောက်ရှိ နေကြတဲ့ ဧည့်သည်တော်များခင်ဗျား။ ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့ ကျွန်တော့်ရဲ့နယ်မြေထဲမှာရှိတဲ့ Jetty တည်ဆောက် ရေးကိစ္စ ရပ်တန့်ရေးကို ကျွန်တော်ရှင်းလင်း မြင်သာအောင် Power Point ဖြင့် တင်ပြခွင့်ပြုပါခင်ဗျား။ ကျွန်တော် တင်သွင်းမယ့်အဆိုကတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အစိုးရပိုင်မြေဖြစ်တဲ့ ဗိုလ်အောင်ကျော် တံတားဝင်းနှင့် ဗိုလ်တထောင် ဝင်းကြားမှာရှိတဲ့ သိမ်ဖြူသင်္ဘောကျင်းနဲ့ဆက်စပ်နေသော အစိုးရပိုင် မြေဧရိယာ ၂၀ ဧကကို အသုံးပြုပြီးတော့ ဆိပ်ခံတံတားတည်ဆောက်တဲ့ကိစ္စကို ရပ်ဆိုင်းရန် ဖြစ်ပါတယ်။ အဲဒီလို တင်ပြဖို့ ကျွန်တော်လေ့လာစိစစ်သုံးသပ်ပြီး တင်ပြမှာဖြစ်ပါတယ်။

            ဒီပုံကတော့ ရန်ကုန်ဆိပ်ကမ်းအဝင်ရေလမ်းကြောင်းပါ။ အပေါ်ဆုံးကတော့ ရန်ကုန်ဆိပ်ကမ်း ရဲ့ဆိပ်ကမ်းများပါ။ အပြင်ကတော့ သင်္ဘောကြီးတွေဝင်တဲ့ Sea Port လမ်းကြောင်းရှိပါတယ်။ အဲဒီတော့ ရန်ကုန်ဆိပ်ကမ်းမှာ အခြားနိုင်ငံတွေနဲ့မတူတဲ့ သင်္ဘောအဝင် လမ်းကြောင်းမှာ Barrier တစ်ခုရှိပါတယ်။ Inner Barrier and Outer Barrier ပါ။ Barrier ဆိုတာကတော့ ကန့်သတ်ထားတဲ့နုန်းမြေတွေနဲ့ သောင်ထွန်းတာတွေပါ။ အဲဒါတွေကို သီလဝါ ဆိပ်ကမ်းအလယ်ခေါင်မှာ ရှိပါတယ်။ မြင်တဲ့အတိုင်းပါပဲ။ အဲဒီတော့ ပထမသင်္ဘောကြီးတွေက အပြင်စည်းခုံကို ဖြတ်ရတယ်။ ဒါလည်း ဒီရေတက်ချိန်မှာ ဖြတ်ရတယ်။ ဖြတ်ပြီးရင် အတွင်း စည်းခုံမှာ တစ်ခါဒီရေတက်ချိန်မှာ ကပ်ရတယ်။ ရန်ကုန်မြစ်ရေဟာ 7 Meter ရှိပါတယ်။ Tide အတက်အကျ Difference ပေါ့။ အဲဒီတော့ minimum ရန်ကုန်မြစ်ရဲ့ရေအနက်က 3 Meterလောက်ရှိတဲ့အတွက် 10 Meter ရှိတဲ့ သင်္ဘောတွေပဲ ရန်ကုန်မြို့ကို ဝင်/ထွက်နိုင်ပါတယ်။ ယနေ့ခေတ်မှာ ကမ္ဘာပေါ်မှာ မီတာ ၅၀၊ ၆၀၊ ၇၀ ရှိတဲ့ သင်္ဘောတွေ ဝင်/ထွက်နေတဲ့အချိန်မှာ ရန်ကုန်မြို့မှာ ၃၀ မီတာပဲ ဝင်/ထွက်လို့ရပါတယ်။ အဲဒီ ဝင်/ထွက်မယ့်နေရာမှာ တည်ဆောက်မယ့် Jetty တွေအကြောင်း ကျွန်တော်နည်းနည်း ရှင်းလင်း တင်ပြပါ့မယ်။ ဒါကတော့ ကောင်းမြန်မာအောင်သင်္ဘောကုမ္ပဏီမှ ဆိပ်ခံတံတားတည်ဆောက်မည့် မြေနေရာကို ပြတာဖြစ်ပါ တယ်။ အဲဒီမှာ Jetty ‌ခြောက်ခုရှိပါတယ်။ ရွှေနားပါး၊ ဝါးတံတား၊ Asia world Port Terminal, Alone International Port Terminal, Myanmar International Port Terminal, ဆူးလေတံတားကတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အစိုးရမြေပါ။ ဗိုလ်အောင်ကျော် Jetty၊ အခု ပြထားတာကတော့ ဗိုလ်တထောင်ဘုရားနားလေးမှာ ကပ်ပြီးတော့ ကောင်းမြန်မာအောင် ကုမ္ပဏီက တည်ဆောက်မယ့်နေရာကို ပြထားခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးမှာ  Jetty ခြောက်ခု ရှိနေပြီး သားပါ။ အဲဒီခြောက်ခုနဲ့တင်ကို လုံလောက်နေပါတယ်။

အခုတည်ဆောက်မယ့်နေရာလေးကို ကျွန်တော်ပြတာဖြစ်ပါတယ်။ ဒါကတော့ ကောင်းမြန်မာ အောင် သူ့ရဲ့သမိုင်းကြောင်းလေးပေါ့နော်။ ၂၀၁၂ ခုနှစ်မှာ နိုင်ငံတော်သမ္မတရုံး ကနေပြီးတော့ သူကမြေနေရာရရှိခဲ့ပါတယ်။ ပထမတော့ MIC က ခွင့်ပြုချက် ခေတ္တရပ်ဆိုင်း ခဲ့ပါတယ်။ နောက်ထပ် ၂၀၁၅ ခုနှစ်မှာတင်ဒါထပ်ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ် မတ်လ၊ ဧပြီလ မတိုင်ခင်လေးတင်မှာပဲ ၂၅ ရက်နေ့မှာပဲ သူတို့ MIC ကခွင့်ပြုချက်ရပြီး စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒီတော့ ကျွန်တော်တင်ပြချင်တာက ဒီတံတားတည်ဆောက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေရှိမလဲပေါ့။ (၁) အချက်ကတော့ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်အနီးမှာ တည်ဆောက်တဲ့အတွက် Loading, Unloading တွေကို လုပ်မှာဖြစ်တဲ့အတွက် တုန်ခါမှု‌တွေ ဖြစ်ပြီးတော့ ဘုရားရဲ့ Structure ကလည်း လိုဏ်ဂူ Structure ဖြစ်တဲ့အတွက် တုန်ခါ မှုကြောင့် စေတီရဲ့အဆောက်အဦကို ထိခိုက်စေနိုင်ပါတယ်။ ၂၄ နာရီ Container တွေရဲ့ ဆူညံမှုကြောင့် ဘုရားဝတ်ပြုသူတွေကို အနှောင့်အယှက်ဖြစ်စေမှာပါ။ အဲဒီတော့ ဒီလို အဆောက်အဦ တွေမရှိဘဲနဲ့ ရှိတဲ့အဆောက်အဦတွေကို ဖယ်ပြီးတော့လုပ်မှာဖြစ်တဲ့အတွက်၊ လွင်ပြင်ဖြစ်လာ တဲ့အတွက် အပူဒဏ် (Heat wave, Wind wave)တွေ ဆိုးရွားစွာခံရပါမယ်။ နောက်ထပ် ပိုပြီးတော့ဖြစ်နိုင်တာက ဆိပ်ခံတံတား တည်ဆောက် မယ့်နေရာက ဗိုလ်အောင်ကျော်တံတား တိုးချဲ့တည်ဆောက်မှာဖြစ်တဲ့အတွက် သောင်ထွန်းမယ့်ကိစ္စ၊ သောင်တွေက အများကြီးထွန်းနေ ပါတယ်။ အခုလည်းလက်ရှိ သောင်တွေထွန်းနေပါတယ်။ အဲဒီတော့ နောက်တစ်ခါ တံတားတည် ဆောက်ဖို့အတွက် သူက Jetty ကနေဆောက်တော့ မြစ်ထဲကို ရေစူး ရောက်အောင် သူကမြစ်ထဲ ကိုတိုးလုပ်တဲ့အတွက် သင်္ဘောကြီးတွေရဲ့ ရေလမ်းကြောင်းကျဉ်းလာနိုင် မယ့်ဆိုးကျိုး တစ်ခုပါပဲ။ အဲဒီတော့ ရန်ကုန်ဆိပ်ကမ်းမှာ အဓိကဝင်ပေါက်ဖြစ်တဲ့ သန်လျက်စွန်းမှာ Inner Barrier ရှိပါတယ်။ Inner Barrier ကတော့ မြစ်သုံးပွင့်ဆိုင်ပါ။ ရန်ကုန်မြစ်ရယ်၊ ပဲခူးမြစ်ရယ်၊ ပုဇွန်တောင်ချောင်းရယ် သုံးခုဆိုင်တဲ့နေရာ။ အဲဒီနေရာမှာ သောင်က တော်တော်ကြီးနေပါတယ်။ သန်လျက်စွန်း အတွင်းသောင်ခုံကို ရေယာဉ်များဖြင့် နေ့စဉ် Depth 3 meter ရောက်အောင် အမြဲတမ်း Maintain လုပ်ရတဲ့စရိတ်ကလည်း မနည်းပါဘူး။  ဒါကတော့ ၂၀၁၅ ခုနှစ်မှာ ဒိန်းမတ် ကနေပြီးတော့ သောင်တူးသင်္ဘောငှားပြီး တူးရပါတယ်။ ဒါက Major သောင်တူးခြင်းဖြစ်ပါတယ်။

 ၂၀၁၆ ခုနှစ် မတ်လမှာ ကျွန်တော်တို့ ၁၅ ရက်တူးလိုက်တာ ၁.၆ မီလီယံကုန်သွားပါတယ်။ ဒါတင်မကပါဘူး။ နေ့စဉ်နေ့စဉ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သောင်တူးသင်္ဘောက ဘယ်ဘက်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သောင်တူးခြင်းနဲ့လည်း minor သောင်တူးခြင်းနဲ့ ဆောင်ရွက်နေ ရပါတယ်။ အဲဒီတော့ ကျွန်တော် အခုတင်ပြတာက ရန်ကုန်ဆိပ်ကမ်းမှာ ရေလမ်းကြောင်းတွေ ပိတ်ဆို့တာတင် မကပါဘူးခင်ဗျား။ အခုဖြစ်နေတာက ရေလမ်းကြောင်းပိတ်ဆို့ရုံမကဘဲနဲ့ ကမ်းနား လမ်းပတ်လည်မှာ ‌မော်တင်၊ ဆူးလေ၊ ဗိုလ်တထောင်မှာလည်း ကားတွေက Container ကားကြီး တွေနဲ့ ပစ္စည်းတွေ မထုတ်နိုင်လို့ ရန်ကုန်မြို့မှာ ကျွန်တော်က အဲဒီနယ်မြေမှာ၊ စည်းရုံးရေးကာလမှာ Container ကားတွေနဲ့ ကြပ်တာကို ကျွန်တော့်နယ်မြေထဲဝင်ဖို့ တော်တော်ကြီးစောင့်ယူရ ပါတယ်ခင်ဗျား။ အဲဒီတော့ ကျွန်တော်ဆိုလိုချင်တာက လက်ရှိ တံတားခြောက်ခုတောင်မှ စွမ်းအား ပြည့်မသုံးရသေး ပါဘူး။ စွမ်းအားပြည့်မသုံးရတာတောင်မှ ကြပ်နေရင် စွမ်းအားပြည့် လည်းသုံးမယ်။ ကောင်းမြန်မာ အောင်က တံတားပါထပ်ထိုးလိုက်မယ်ဆိုရင်တော့ Container ကြပ်မှုဟာ ပိုမိုဆိုးရွားလာမယ်လို့ သုံးသပ်ရရှိပါတယ်။ အဲဒီတော့ ဆိပ်ကမ်းတည်ဆောက်တယ် ဆိုတာ တိုင်းပြည်တစ်ပြည်မှာ ပရောဂျက် တစ်ခုလုပ်ပြီဆိုလို့ရှိရင် EIA, SIA တို့ကို ထည့်တွက်ရပါတယ်။ Economic Impact Assessment မှာကတော့ ဆိပ်ကမ်းက လုပ်ငန်းအောင်မြင်စွာလည်ပတ်နိုင်ဖို့ လက်ရှိတည်ဆောက်နေတဲ့ အဆောက် အဦတွေပြောင်းမယ်။ သိုလှောင်ဌာနတွေပြောင်းမယ်။ ဘောတံတားတွေပြောင်းမယ်။ ထိန်းသိမ်းပြုပြင် ရေးလုပ်သား ဆိပ်ကမ်းနေရာများ ဝေးရာပြောင်းလိုက်လို့ရှိရင်၊ ဒါတွေကို ပြန်ပြီးတော့ Maintain လုပ်မယ်ဆိုလို့ရှိရင် ဒါက စီးပွားရေးတွက်ခြေမကိုက်တော့ EIA ကလည်း တွက်ချက်မှု မကိုက်ပါဘူး။ ဆိပ်ကမ်းမဲဆန္ဒနယ်မှာရှိတဲ့ မိသားစုရပ်ကွက်တစ်ခုလုံး ကွယ်ပျောက်သွားမှာပါ။ အဲဒီတော့ နောက်နှစ်မှာ ရန်ကုန်မြို့က ၄၅ မြို့နယ်မဟုတ်ဘဲနဲ့ ၄၄ မြို့နယ် ဖြစ်သွားမယ့်သဘောတောင်  ဖြစ်နေပါတယ်ခင်ဗျား။

တကယ်တော့ ဆိပ်ကမ်းဖွံ့ဖြိုးရေးဟာ တိုင်းပြည်အတွက်လိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဂျပန်၊ ဂျာမနီတို့မှာလည်း ဂျာမနီမှာ ဟမ်းဘတ်၊ ဂျပန်မှာ ယိုကိုဟားမား၊ ကိုဘေးတို့လည်း ဒီလိုတိုးတက်အောင်လုပ်နေကျတော့ ဆိပ်ကမ်းလုပ်ငန်းက တကယ်လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ရေလမ်းကြောင်းအခြေအနေ၊ ဆိပ်ခံတည်ဆောက်နိုင်မှုအခြေအနေတို့ကို FS ဆိုတဲ့ Feasibility Study သေချာပြုလုပ်ပြီးမှသာ Conceptual Plan ဆွဲပြီးတော့ သေချာလေ့လာ ဆောင်ရွက်ဖို့သင့်ပါတယ်။ အဲဒီတော့ ကောင်းမြန်မာအောင်ကုမ္ပဏီနဲ့ ကျွန်တော်တို့ သီလဝါဘက်၊ ပင်လယ်ဘက်မှာလည်း သူမြေကွက်ရရှိပြီးတော့ အဲဒီမှာလည်း ဆိပ်ကမ်းဆောက်ဖို့ ကောင်းမြန်မာအောင်က သူ့မှာရရှိပြီး သားပါ။ ဒီနေရာတင်မကပါဘူး။ သီလဝါဘက်မှာလည်း ရရှိပြီးသားပါ။ ဒါတွေကတော့ Jetty တည်ဆောက်မယ်ဆိုလို့ရှိရင် ပြောင်းရွှေ့ပေးရမယ့် အဆောက်အဦတွေပါခင်ဗျား။ ဒါသည် သိမ်ဖြူ သင်္ဘောကျင်းမှာ ပြောင်းရွှေ့ပေးရမယ့် အဆောက်အဦတွေပါ။ ဒါတွေကလည်း ပြောင်းရွှေ့ပေးရမယ့် အဆောက်အဦတွေပါ။ ဒါတွေက လက်ရှိအဆောက်အဦတွေဆောက်ထားပြီးသားပါခင်ဗျား။ မိသားစု ရပ်ကွက်မှာလည်း ဒါဟာ ပစ္စည်းဌာနသိုလှောင်ရုံကြီးများပါ။ ထိန်းသိမ်းရေးဌာန ဒါလည်း အဆောက် အဦတွေပါခင်ဗျား။ အဆောက်အဦအလုံး ၂၀ လောက်ရှိပါတယ်။ အဲဒီတော့ အဓိကကတော့ မိသားစုရပ်ကွက်ပေါ့လေ။ ကျွန်တော့်မိသားစုဝန်ထမ်းတွေ ၂၀၀၀ လောက်က ဒီကနေ ဖယ်ပေးရမယ့် အခြေအနေရောက် နေတယ်ဆိုပေမယ့် သူတို့လည်း ကသီမှာပါခင်ဗျား။ သူတို့ကိုလည်း ထည့်တွက် ရမှာပါ။

          လေးစားရတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာပေါ်မှာ Port တွေတိုးတက်လာတာ ကောင်းပါတယ်။ တိုင်းပြည်တိုးတက်ဖို့လုပ်ကြတာ Entrepreneur တွေကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံ တိုကျို၊ ယိုကိုဟားမား၊ ကိုဘေး၊ ဟမ်းဘတ်မှာလည်း ဆိပ်ကမ်းတွေက တိုးချဲ့ပြီးတော့ အဟောင်းတွေကို စွန့်ပြီးတော့ အသစ်တေွ တည်ပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ အဟောင်းတွေက ၃၀ မီတာလောက်ပဲ ရပါတယ်။ အသစ်တည်တာတွေကတော့ ရေစူးများတဲ့ဟာတွေကို တည်ရတာပါခင်ဗျား။ အဲဒါကြောင့်မို့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလို ဆိုးကျိုးတွေ ရှိတာကြောင့်မို့ ကျွန်တော့်အနေနဲ့ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှပိုင်ဆိုင်တဲ့ သင်္ဘောကျင်းဆိပ်ကမ်းတံတား ပြုပြင်ထိန်းသိမ်းရေးဌာနများ၊ ပစ္စည်း သိုလှောင်ရုံများကို ပြောင်းရွှေ့ပေးမယ့် ဧရိယာ ၂၀ ကို အသုံးပြုပြီးတော့ ဆိပ်ကမ်းတံတား တည်ဆောက်ခြင်းကို ရပ်ဆိုင်းရန်သင့်ပါကြောင်းအဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။

ဦးနေဖူးဗဆွေ(ပန်းဘဲတန်းမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း              အားလုံး မင်္ဂလာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်ကတော့ ပန်းဘဲတန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဆိုရှင် ဆိပ်ကမ်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့အဆိုကို အောက်ပါအကြံပြုချက် များနှင့်တကွ ထောက်ခံဆွေးနွေး သွားပါမယ်။ (၁) အဆိုပါဆောက်လုပ်ရေးလုပ်ငန်းသည် မြန်မာ ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားရာ ရွှေတိဂုံဘုရားသမိုင်းနှင့် ဆက်စပ်နေသော ရှေးဟောင်း ယဉ်ကျေးမှုနှင့် သာသနာ့သမိုင်းဝင် ဖြစ်သည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီနှင့် နီးကပ်စွာတည်ရှိနေ၍ စီမံကိန်းကာလနှင့် ပြီးစီးပြီးလုပ်ငန်းဆောင််ရွက်ချိန်များတွင် မြေတုန်ခါမှုနှင့် အသံဆူညံမှုများအမြဲပေါ်ထွက်နေလျက် ရှိလာပြီးဖြစ်ရာက စေတီတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ တုန်ခါမှုအမျိုးမျိုးနှင့် ဘုရားပွဲ၊ တရားပွဲနှင့် ဘဝသံသရာပြတ်ရေး သာသနာဆိုင်ရာ သမ္မထဝိပဿနာဘာဝနာ ဆိတ်ငြိမ်စွာပွားများ အားထုတ်မှု များကို အသံဆူညံမှုမျိုးစုံနှင့် ထိခိုက်လာနိုင်ခြင်း၊ (၂) ဒီစီမံကိန်းဆောင်ရွက်မှုများကြောင့် ဆက်စပ် ကမ်းနားဒေသတစ်လျှောက် သောင်ထွန်းမှုများ ပိုမိုများပြားနိုင်ပြီး၊ အကယ်၍ ဆိပ်ခံတံတားကို ရေစူးရရန်၊ တံတားအရှည် ရေအနက်ရရှိရန် မြစ်အတွင်းသို့ တိုးချဲ့တည်ဆောက်ပါက ယခု ရေလမ်း ကြောင်းသွားလာပို့ဆောင်နေသော သင်္ဘောကြီးများအတွက် ရေလမ်းကြောင်းကျဉ်းမြောင်းမှု ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ဆိပ်ခံတံတားနှင့် ၂.၅ ကီလိုမီတာခန့်တွင်ရှိသော သံလျက်စွန်းအတွင်း စည်းခုံနှင့် အနည်ကျမှုများ ပိုမိုများပြားလာနိုင်ပြီး နိုင်ငံတကာမှ သောင်တူးဖော်ခြင်း လုပ်ငန်းစရိတ် နှစ်စဉ်ပိုမိုကုန်ကျလာမည်ဖြစ်ပါသည်။ ထိုသို့ ရန်ကုန်မြစ်အဝင်ဝထိပ်မှ ရေလမ်းကြောင်းပိတ်ဆို့မှုနှင့် ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် ယခုမြစ်အတွင်း တည်ဆောက်လုပ်ကိုင်နေသော အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၂၅ ခုတို့အတွက် လုပ်ကိုင် ဆောင်ရွက်နေမှုများကို များစွာထိခိုက်ကျဆင်းလာနိုင်ပြီး နိုင်ငံအတွက် ဆိုးကျိုးများဖြစ်ပေါ်လာနိုင် ခြင်း၊ (၃) လက်ရှိ ဆောက်ပြီးတံတားများတွင် စက်ယန္တရား များကို ခေတ်နှင့်အညီ လိုအပ်ချက်များကို လိုက်လျောညီထွေစွာ တပ်ဆင်ဆောင်ရွက်ပါက ယခုထက် ကုန်ကိုင်တွယ်မှု နှစ်ဆခန့်အထိ တိုးတက်လာမည်ဖြစ်ရာ များပြားလာသည့် ကုန်တင်ယာဉ်များနှင့် ယာဉ်လမ်းကြောင်းကြပ်တည်းမှုများ ရှိလာမည် ဖြစ်သည့်အပြင် ယခု ဆိပ်ခံတံတားအသစ် ထပ်မံ တည်ဆောက်လုပ်ကိုင်ပါက ယခုထက် ရေလမ်းကြပ်တည်းမှုများ ပိုမိုဖြစ်လာမည့်အပြင် အခြား တစ်ဖက်မှ စက်မှုဇုန်များသို့ ပို့ဆောင်သော Container ကားများ တိုးပွားများပြားလာပြီး ကားများ ကြပ်လာမည်ဖြစ်သဖြင့် ရန်ကုန်မြို့တွင် ကားကြပ်မှုများကို ပိုမိုဖြစ်ပေါ်လာစေနိုင်ခြင်း၊ (၄) ယခု စီမံကိန်းတည်ဆောက်မည့်နေရာသည် ဆိပ်ကမ်းအာဏာပိုင်လက်အောက်ရှိ ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အချိန်နှင့် နေရာမှန် ထောက်ပံ့ပေးနေရသော ဆိပ်ကမ်းလုပ်ငန်း အထောက်အကူပြု လုပ်ငန်းဌာနများဖြစ်သည့် ရေယာဉ် ပြင်ဆင်မှုလုပ်ငန်း၊ ဘော်ယာပြင်ဆင်မှုလုပ်ငန်း၊ လျှပ်စစ်ပြင်ဆင်မှု လုပ်ငန်း၊ စက်ယန္တရားပြုပြင်မှု လုပ်ငန်းများရှိနေရကာ အသစ်တည်ဆောက်ပေးမည့်နေရာများသို့ ပြောင်းရွှေ့ရပါက ပံ့ပိုးရမည့် နေရာ များနှင့် အလှမ်းကွာဝေးသွားမည်ဖြစ်သဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ စုစည်းဆောင်ရွက်ရန် ခက်ခဲခြင်း၊ အချိန်ကြန့်ကြာခြင်း၊ ဌာနတစ်ခုနှင့်တစ်ခု ဆက်သွယ်ဆောင်ရွက် ရာတွင် ထိရောက်မှု များ မုချအားနည်း သွားမည့်အပြင် ပြည်တွင်းနှင့် ကမ်းရိုးတန်းသွားဆိပ်ခံ တံတားများ ပြုပြင် ဆောင်ရွက်ပေးမည့်လုပ်ငန်း နေရာနှင့် အုပ်ချုပ်စီမံမှု အလှမ်းကွာဝေးသွားမည်ဖြစ် သဖြင့် စီမံခန့်ခွဲမှု အားနည်းမှုများ ဖြစ်ပေါ်လာပါမည်။ အထူးသဖြင့် အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လုပ်ငန်းအလှမ်းကွာဝေးမှုကြောင့် အချိန်မီဆောင်ရွက်နိုင်မှုရှိမည်မဟုတ်ပေ။ လိုအပ်သောလုပ်ငန်း သုံးပစ္စည်းများ အချိန်မီ ထုတ်ယူသုံးစွဲရန် လိုအပ်သဖြင့် အလှမ်းကွာဝေးမှုကြောင့် အချိန် ကြန့်ကြာခြင်းနှင့် သယ်ယူပို့ဆောင် စရိတ်များ ပိုမိုကုန်ကျလာမည်ဖြစ်ကာ ရေလမ်းကြောင်း ပိတ်ဆို့မှုများဖြစ်ပေါ်လာပါက ကုန်ကိုင်တွယ်မှု ပမာဏ ၅၀ ရာခိုင်နှုန်းအထက် ကျဆင်းလာနိုင်ခြင်း စသည်တို့ကြောင့် မဟာရန်ကုန်ရှိ မဲဆန္ဒနယ်တစ်ခု ဖြစ်သော ဆိပ်ကမ်းမြို့နယ်နေ လူနေမှုဘဝများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိပ်ကမ်း အာဏာပိုင်လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆိပ်ကမ်းလုပ်ငန်း အထောက်အကူပြုလုပ်ငန်းများ ဆက်လက်တိုးတက်ဆောင်ရွက်နိုင်ရန်တို့ကို ရှေးရှုလျက် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၏အဆိုကို ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ     လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနဲ့စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဦးတင်မောင်ဝင်းတင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလား ခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က တင်သွင်းသော ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှပိုင်ဆိုင်သော မြေဧရိယာ ဧက ၂၀ ခန့်ကိုအသုံးပြု၍ ကောင်းမြန်မာအောင်သင်္ဘောကုမ္ပဏီက MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ စတင်အကောင်အထည်ဖော် ရန်ဆောင်ရွက်နေခြင်းအား ဆက်လက်ဆောင်ရွက်ပါက ဗိုလ်တထောင်ကမ်းနားလမ်းတစ်လျှောက် သောင်ထွန်းမှု တောက်လျှောက်ဖြစ်ပေါ်လာနိုင်ခြင်း၊ သင်္ဘောရေလမ်းကြောင်း ပိတ်ဆို့နိုင်စေခြင်း၊ ဗိုလ်တထောင်သမိုင်းဝင်စေတီတော်၏ အဆောက်အဦ များ စိုးရိမ်ဖွယ်ဖြစ်ခြင်း၊ ဘုရားဝတ်ပြုသူတို့ အား တုန်ခါမှုဆူညံသံ များဖြစ်စေကြောင်း၊ ရန်ကုန်ကမ်းနားလမ်းတစ်လျှောက် Container ကားများ ပိတ်ဆို့နိုင်စေခြင်း စသည်တို့ကြောင့် အဆိုပါစီမံကိန်းအား ရပ်ဆိုင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က တင်သွင်းသောအဆိုနှင်‌့ စပ်လျဥ်း၍ လွှတ်တော် ကိုယ်စားများက ဆက်လက်ဆွေးနွေးခြင်း

ဒေါက်တာစိန်မြအေး(ဒလမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည် တော်များ ခင်ဗျား။ ကျွန်တော်ကတော့ ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး ဖြစ်ပါတယ်။ ကျွန်တော်ထောက်ခံပေးရမယ့်အဆိုကတော့ ဆိပ်ကမ်း မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်သွင်းထားတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြေဧရိယာ ဧက ၂၀ ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင် ကုမ္ပဏီမှ ဆိပ်ခံတံတားတည်ဆောက်ရေးစီမံချက်ကို ရပ်ဆိုင်း ထားသင့်ကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျေးဇူးပြု၍ Power Point နှင့် တင်ပြခွင့်ပြု ပါခင်ဗျား။ ဒါကတော့ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရဲ့ တည်နေရာဖြစ်ပါတယ်။ ဒီဗိုလ်တထောင်ဘုရားဆိုတာ လေးဆူဓာတ်ပုံ ရွှေတိဂုံနှင့် အတူ ပြည်ထောင်စုတိုင်းရင်းသား မွန်လူမျိုး များတည်ထားကိုးကွယ်ခဲ့ကြပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ဘေးဗုံးဒဏ်သင့်ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာ့ လွတ်လပ်ရေးနေ့ အဲဒီနေ့က  မြန်မာနိုင်ငံသားတို့က ပြန်လည်တည်ထားခဲ့တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ ဆံတော်နှင့်ဓာတ်တော်များကိန်းဝပ်ရာ သမိုင်းဝင်အထင်ကရ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ ဒီဘုရားဟာ ပေါ်ပေါက်လာမယ့် Container ဆိပ်ကမ်းအရေးကြောင့် ထိခိုက်မယ်၊ ပျက်စီးမယ်၊ ဘာသာရေးပတ်ဝန်းကျင်၊ ဘာသာရေးသဘာဝတွေကို ဖျက်ဆီးမယ်ဆိုလို့ ရှိရင် ယခုလက်ရှိအစိုးရမှာ တာဝန်ရှိတယ်လို့ ပြည်သူလူထုက ဝမ်းနည်းစွာနှင့် ပြောဆိုကြမှာ မလွဲပါဘူး။ တစ်ခါ နိုင်ငံတကာမှာ အခုလို Container Yard တွေတည်ဆောက်မယ်ဆိုလို့ရှိရင် Sensitive Environmental and Conservation Area နှင့် Religious  Area များမှ အဝေးမှာ တည်ဆောက်ရကြောင်းကို ဟောင်ကောင်ဆိပ်ကမ်းက ထုတ်ပြန်ထားတဲ့ Code of  Practice for Container Depots မှာ ကျွန်တော်တို့  လေ့လာတွေ့ရှိရပါတယ်။

 တစ်ခါ ဒီဆိပ်ကမ်းနယ်မြေမှာရှိတဲ့ ဒီ Container နယ်မြေဟာ တစ်ဖက်က ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ဒလ သမ္မတကမ်းခြေရပ်ကွက်ကကြည့်ရင် ဒီ Container ဆောက်မယ့် နေရာဟာ ဗိုလ်တထောင်ဘုရားကြီးကို ဖူးတွေ့နေရတဲ့နယ်မြေဖြစ်တဲ့အတွက် တကယ်လို့သာ Container ဆိပ်ကမ်းကို တည်ဆောက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒလဘက်ကမ်းက ဗိုလ်တထောင်စေတီကို သမ္မတကမ်းခြေရပ်ကွက်က ဖူးတွေ့နိုင်တော့မှာမဟုတ်ပါဘူး။ တစ်နည်း ပြောရင် စေတီကို Container ကွယ်မယ့်အရေးဖြစ်နေပါတယ်။ ဒါက ကျွန်တော်တို့ ဗိုလ်အောင်ကျော်တံတားနှင့် ဗိုလ်တထောင်ကြား မှာရှိတဲ့ ရွှေ့ပြောင်းပေးရမယ့် အဆောက်အဦ တွေရဲ့ပုံ ဖြစ်ပါတယ်ခင်ဗျား။ ဒါကလည်း ပြောင်းရွှေ့ပေး ရမယ့် အဆောက်အဦအချို့ရဲ့ပုံ ဖြစ်ပါတယ်။ ဒါကတော့ ရန်ကုန်မြို့ရဲ့ မြစ်ချောင်းရေဆိုးထွက်ပေါက် များဖြစ်ပါတယ်ခင်ဗျား။ ဒီနေရာမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ Container ဆိပ်ကမ်း တည်ဆောက်မယ့် နေရာဟာ ရေဆိုးထွက်ပေါက်လေးခု တည်ရှိမယ့်နေရာဖြစ်နေပါတယ်။ တကယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းသာ ဆက်လက်ဆောင်ရွက်ကြမယ်ဆိုရင် ဒီရေဆိုးထွက်ပေါက်တွေဟာ ပိတ်ဆို့သွား မှာဖြစ်ပါတယ်။ ဒီလိုပိတ်ဆို့သွားမယ့်အခြေအနေကြောင့်မို့လို့ ယခုလိုမိုးရာသီ မြို့တွင်းမှာ ရေကြီးမှုအန္တရာယ်ဟာ ဒီရေထွက်ပေါက်တွေသာ ပိတ်ဆို့သွားမယ်ဆိုလို့ရှိရင် မတွေးဝံ့ပါဘူး။ ဒါကြောင့်မို့လို့ ဆိုးကျိုးကိုသာဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကတော့ ကောင်းမြန်မာအောင်သင်္ဘော ကုမ္ပဏီပိုင် သီလဝါဆိပ်ကမ်းမှာ ဆက်လက်တည်ဆောက်မယ့်ပုံဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော် ဆက်ပြီးတင်ပြပါ့မယ်။ Nanjing Hydraulic Research Institute ရဲ့ပင်လယ် ဆိပ်ကမ်းများ၌ သောင်ထွန်းခြင်းနှင့် ကမ်းခြေကို ကာကွယ်ခြင်းအတွက် လေ့လာချက်စာတမ်းမှာ ပင်လယ်ဆိပ်ကမ်းတစ်ခုမှာ သောင်ထွန်းခြင်းအကြောင်း သုံးခုရှိကြောင်း အတိအကျပြောဆိုထားပါ တယ်။ (၁) နုန်းအနှစ်များသောရေနှင့် နုန်းအရွယ်အစားဖြစ်ပါတယ်။ (၂)  လှိုင်းများနှင့် ရေစီးကြောင်း များ၊ (၃)  သဘာဝရေစီးကို အဟန့်အတားဖြစ်စေသော လူလုပ်အရာများ၊ ဥပမာ-ဆိပ်ခံ တံတားနှင့် တံတားရေလယ်တိုင် အစရှိသည်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီဗိုလ်တထောင် စေတီဘေးမှာ Container ဆိပ်ကမ်းကို တည်ဆောက်မယ်ဆိုလို့ရှိရင် ရေနက်ထဲထိ ဆိပ်ခံဝေါတံတားကိုတိုးပြီး တည်ဆောက် ရမှာဖြစ်တဲ့အတွက် ရေစီးကိုပိုမိုကန့်လန့်ခံရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြစ်ရေဟာ နောက်သထက်နောက်ပြီး နုန်းအနှစ်များမှုလက္ခဏာကိုလည်း ယခုပိုတွေ့နေရတော့ ရန်ကုန်မြစ်ကြီးက ပိုကျဉ်းလာမယ့်အပြင် ဗိုလ်တထောင် Container Port အသစ်ကြီးဟာ အတွင်း စည်းခုံပိုင်းမှာ သောင်ထွန်းပြီး မြစ်ကြောင်းကြပ်ဖို့အဓိကဖြစ်သွားမှာပါ။ သောင်တူးစရိတ်များသာလျှင် အဆိုရှင်တင်ထားသလို နိုင်ငံတော်က ပိုမိုကျခံရတော့မှာဖြစ်ကြောင်း သေချာလှပါတယ်။ ဒီအချက် တွေကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်သွင်းသွားတဲ့အဆိုကို ထောက်ခံဆွေးနွေးကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

ဒေါက်တာစောနိုင်(တောင်ဥက္ကလာပမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြွရောက်လာသော ဧည့်သည်တော်များအားလုံးကို ဂါရဝပြုနှုတ်ဆက်ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ တောင်ဥက္ကလာပမြို့နယ်မှ ဒေါက်တာစောနိုင်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာဧက ၂၀ ခန့်ကို ဆိပ်ခံတံတားအဖြစ် တည်ဆောက်မည့်စီမံကိန်းအား ဆက်လက် ဆောင်ရွက်ခြင်းလုပ်ငန်း ခွင့်ပြုလိုက်မည်ဆိုလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်များထဲမှ အချက်သုံး ချက်ကို ဆွေးနွေးတင်ပြသွားပါမယ်။ Power Point နဲ့ရှင်းပြခွင့်ပြုပါခင်ဗျား။ ပထမအချက်အနေနဲ့ ပုံမှာတွေ့ရတဲ့အတိုင်း ၎င်းစီမံကိန်းနေရာဟာ သိမ်ဖြူလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်တထောင် မြို့နယ်မှရေများဟာ ရန်ကုန်မြစ်အတွင်းစီးဆင်းတဲ့ ရေထွက်ပေါက်နေရာတွေမှာဖြစ်ပါတယ်။ ဒီစီမံကိန်းနေရာမှာ ရေထွက်ပေါက်အားလုံး လေးခုရှိပါ တယ်။ ၎င်းနေရာမှာ ဆိပ်ခံတံတားတည်ဆောက် မယ်ဆိုရင် ရေထွက်ပေါက်များအား ရေစီးရေလာ ကောင်းမွန်စေရန် ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အခက်အခဲတွေ အများအပြားရှိ လာနိုင်မှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ရေလျှံမှုကို ပိုမိုဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ရန်ကုန်မြစ်မှာ ဆိပ်ခံတံတား ၂၅ ခုခန့်ရှိပါတယ်။ အဲဒီဆိပ်ခံတံတားတွေကြောင့် ရေထွက်ပေါက်တွေ ပိတ်နေတဲ့အပိုင်းရှိပါတယ်။ အခုထပ်မံပြီး ဆိပ်ခံတံတားများ တည်ဆောက်မယ်ဆိုရင် ရေလျှံမှုကို ပိုမိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဆိပ်ခံတံတားကို တံတားအရှေ့          ရေအနက်ရရှိရန် ရေဘက်သို့တိုးချဲ့ တည်ဆောက်ရမှာဖြစ်တဲ့အတွက် ရေလမ်းကြောင်းကျဉ်းမြောင်းမှု ဖြစ်ပေါ်ပြီး ရေလမ်းကြောင်း ကျဉ်းသွားတဲ့အတွက် ဆိပ်ခံတံတားနှင့် ၂.၅ ကီလိုမီတာခန့်တွင်ရှိသော သံလျက်စွန်းအတွင်း စည်းခုံ၌ နုန်းအနည်ကျမှု ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ ယခုပုံမှာတွေ့တဲ့ အတိုင်း ရေလမ်းကြောင်းကျဉ်းသွားတဲ့အတွက် သံလျက်စွန်း အတွင်းစည်းခုံမှာ နုန်းအနည်များကျမှု ပိုမိုဖြစ်လာမယ့် အနေအထားဖြစ်ပါတယ်။ ထို့ကြောင့် သောင်တူးစက်များဖြင့် တူးဖော်ခြင်းစရိတ် နှစ်စဉ်ပိုမိုကုန်ကျလာမှာဖြစ်ပါတယ်။

 တတိယအချက်အနေဖြင့် တင်ပြရရင် ရန်ကုန်မြစ်အတွင်း လက်ရှိလုပ်ငန်းဆောင်ရွက် နေသော ဆိပ်ခံတံတား ၂၅ ခုရှိတဲ့အတွက် လိုအပ်သည်ထက်ပိုမိုများပြားနေတာကို တွေ့ရှိရပါတယ်။ ၎င်းဆိပ်ခံ တံတားများဟာ စက်ယန္တရားများကို ခေတ်နှင့်အညီတည်ဆောက်ပြီး စွမ်းရည်ပြည့် ဆောင်ရွက်မည်ဆိုပါ က ကုန်တင်ကုန်ချလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး နောက်ထပ်ဆိပ်ခံ တံတားများ တည်ဆောက်ခွင့်ပြုလိုက်ပါက ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ရန်ကုန်မြို့အတွင်း ပိုမိုမြင့်မားလာ မှာဖြစ်ပါတယ်။ ၎င်းအပြင် စီမံကိန်းမြေနေရာဟာ ဗိုလ်တထောင် သမိုင်းဝင်စေတီတော်၏ အဆောက်အဦများနှင့် နီးကပ်စွာတည်ရှိနေခြင်းကြောင့် အဆောက်အဦ များ စိုးရိမ်ဖွယ်ဖြစ်ခြင်းနှင့် ဘုရားဝတ်ပြု သူတို့အား တုန်ခါမှုဆူညံသံများ ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်အတွင်း ရေများ ပိုမိုလျှံ၍ ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုမဖြစ်စေရန်အတွက် ဆိပ်ကမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၏ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော် တံတားအကြား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှပိုင်ဆိုင်သော မြေဧရိယာဧက ၂၀ ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသောစီမံကိန်းအား ရပ်ဆိုင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို ထောက်ခံကြောင်း တင်ပြအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။ ဦးရဲလွင်(အလုံမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း                    လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင် ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှတင်သွင်းတဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှပိုင်ဆိုင်သော မြေဧရိယာဧက ၂၀ ခန့် ကိုအသုံးပြု၍ ကောင်းမြန်မာအောင်သင်္ဘောကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန်ဆောင်ရွက်နေခြင်းအား ဆက်လက် ဆောင်ရွက်ပါက ဗိုလ်တထောင်ကမ်းနားလမ်းတစ်လျှောက် သောင်ထွန်းမှုတောက်လျှောက်ဖြစ်ပေါ် လာနိုင်ခြင်း၊ သင်္ဘောရေလမ်းကြောင်း ပိတ်ဆို့စေနိုင်ခြင်း၊ ဗိုလ်တထောင်သမိုင်းဝင်စေတီတော်၏ အဆောက်အဦများ စိုးရိမ်ဖွယ်ဖြစ်ခြင်း၊ ဘုရားဝတ်ပြုသူတို့အား တုန်ခါမှု၊ ဆူညံမှုအသံများ ဖြစ်ပေါ်စေခြင်း၊ ရန်ကုန်ကမ်းနားလမ်းတစ်လျှောက် Container များပိတ်ဆို့စေနိုင်ခြင်း စသည်တို့ ကြောင့် အဆို ပါစီမံကိန်းအား ရပ်ဆိုင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ကို ထောက်ခံဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point အသုံးပြုခွင့်ပြုပါခင်ဗျား။ အဆိုပါ ဆိပ်ခံတံတား တည်ဆောက်မည့်မြေနေရာနှင့်ကပ်လျက်တွင် ရှေးဟောင်းသမိုင်းဝင် ဗိုလ်တထောင်ကျိုက်ဒေးအပ်          ဆံတော်ဦးစေတီတော် တည်ရှိပါတယ်။ စေတီတော်တည်ဆောက်ထားပုံမှာ လိုဏ်ဂူစေတီတော် ပုံစံဖြစ် သဖြင့် ကပ်လျက်မြေနေရာကို တုန်ခါစေသော တည်ဆောက်မှုလုပ်ငန်းများ၊ ဆိပ်ကမ်း လုပ်ငန်းများ နေ့စဉ် ၂၄ နာရီလုပ်ကိုင်ရသောကြောင့် ကုန်သေတ္တာတင်ချမှု ဖြစ်ပေါ်လာသော တုန်ခါမှုများမှာ စေတီတော်ကိုထိခိုက်စေခြင်း၊ ဆူညံသံတို့မှာလည်း ဘုရားဝတ်ပြုသူတို့ကို အနှောင့်အယှက်ဖြစ်စေ ခြင်း၊ စေတီတော်နှင့်ကပ်လျက်နေရာ၌ လွင်ပြင်ဖြစ်ပေါ်လာမည့် အပူဒဏ်၊ အအေးဒဏ်များ ယခုကဲ့သို့ ပိုမိုခံစားရခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါဆိပ်ခံတံတား တည်ဆောက်မည့် ကမ်းနားဒေသ တစ်လျှောက်မှာ ယခုအခါ သောင်များအဆမတန်ထွန်းနေပြီး အကျိုးဆက်မှာ ဗိုလ်အောင်ကျော်တံတား တည်ဆောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် ရလဒ်ဖြစ်ပါတယ်။ ယခုအခါမြေနေရာတွင် ဆိပ်ခံတံတား ဆက်လက်တည်ဆောက်ပါက တံတား အရှေ့ ရေအနက်ရရှိစေရန် တံတားကိုမြစ်ဘက်သို့တိုးပြီး တည်ဆောက်ပါက သင်္ဘောကြီး ရေလမ်းကြောင်းကျဉ်းနိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ရန်ကုန် ဆိပ်ကမ်းရဲ့အဓိက ဝင်ပေါက်ဖြစ်တဲ့ သန်လျက်စွန်းအတွင်းစည်းခုံ၊ သောင်ခုံနှင့်အနီးဆုံးဖြစ်ပြီး ဗိုလ်တထောင် ကမ်းနားလမ်းတစ်လျှောက် သောင်ခုံများဖြစ်ထွန်းလာပါက နေ့စဉ်သောင်တူးဖော်ခြင်း လုပ်ငန်း စရိတ်ဟာ နှစ်စဉ်ပုံမှန်ကုန်ကျရတာဖြစ်ပါတယ်။ ရေလမ်းကြောင်းများပိတ်ဆို့ပြီး ကောင်းမွန်မှု မရှိပါက မြစ်အတွင်းလုပ်ဆောင်နေသော အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတား ၂၅ ခုတို့အတွက် လုပ်ငန်း ဆောင်ရွက်မှုတို့ကို များစွာထိခိုက်ကျဆင်းလာနိုင်ပြီး နိုင်ငံအတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ လက်ရှိတည်ဆောက်ပြီးတံတားများမှာ စက်ယန္တရားများကို ခေတ်နှင့် လျော်ညီစွာတပ်ဆင် ဆောင်ရွက်နိုင်ပါက ယခုထက်ပိုမိုအဆင်ပြေလာနိုင်ပြီး လုပ်ငန်းများ တိုးတက်မည်ဖြစ်ရာ များပြားတဲ့ ကုန်တင်ယာဉ်များကြောင့် လမ်းကြပ်တည်းမှုများ ရှိလာမည် ဖြစ်သည့်အပြင် ယခုဆိပ်ခံတံတားတည် ဆောက်လိုက်ပါက လမ်းကြပ်တည်းမှုများ ပိုမိုဖြစ်လာ နိုင်မှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုပါနေရာတွင် ဆိပ်ခံတံတားတည်ဆောက်၍ ဆိပ်ကမ်းများ ဆောင်ရွက် ပါက ဆိပ်ကမ်းမြို့နယ်မှာနေထိုင်တဲ့ သင်္ဘောကျင်းဝန်ထမ်းမိသားစုများဟာလည်း ပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်။ ၎င်းဝန်ထမ်းများအနေဖြင့် ဆိပ်ကမ်းအထောက်အကူပြု လုပ်ငန်းများဖြစ်တဲ့ ရေယာဉ် ပြင်ဆင်မှုလုပ်ငန်း၊ ဘော်ယာပြင်ဆင်မှုလုပ်ငန်း၊ လျှပ်စစ်ပြင်ဆင်မှု လုပ်ငန်း၊ စက်ယန္တရားပြင်ဆင်မှု လုပ်ငန်းများ ပံ့ပိုးပေးရမယ့်နေရာနဲ့ အလှမ်းကွာဝေးမှာ ဖြစ်တဲ့အတွက် စုစည်းဆောင်ရွက်ရန် ခက်ခဲခြင်း၊ အချိန်ကြန့်ကြာခြင်း၊ ဌာနတစ်ခုနှင့်တစ်ခု ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ ထိရောက်မှု အားနည်းခြင်း၊ ပြည်တွင်းကမ်းရိုးတန်းသွားဆိပ်ခံ တံတားများ ပြုပြင်ဆောင်ရွက်ပေးတဲ့လုပ်ငန်းများနဲ့ အုပ်ချုပ်မှုအလှမ်းကွာဝေးမှာဖြစ်တဲ့ အတွက် စီမံခန့်ခွဲမှုအားနည်းမှု ဖြစ်ပေါ်စေခြင်း၊ အရေးပေါ် ဆောင်ရွက်ရမယ့်လုပ်ငန်းများအတွက် အလှမ်း ကွာဝေးမှုတို့ကြောင့် အချိန်မီဆောင်ရွက်နိုင်မှုမရှိခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်ယူသုံးစွဲတဲ့ နေရာမှာ အသုံးပြုမယ့်နေရာနဲ့ အလှမ်းကွာဝေးမှုတို့ကြောင့် အချိန်ကြန့်ကြာခြင်းနှင့် သယ်ယူ စရိတ်ကို ပိုမိုကုန်ကျစေမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ရေစီးရေလာ စနစ်မှာမြို့နယ်များအလိုက် မြစ်ချောင်းများ၊ ထွက်ပေါက်များမှတစ်ဆင့် မြစ်အတွင်းသို့စီးဝင်လျက်ရှိ ရာ မြို့တွင်း ခြောက်မြို့နယ်နှင့် အလုံ၊ ဗဟန်းမြို့နယ်များမှ မြစ်ထွက်ပေါက် ၄၂ ခုတို့ဖြင့် ရန်ကုန်မြစ် အတွင်းသို့ စီးဆင်းကြရပါတယ်။ ယင်းမြစ်ထွက်ပေါက်အချို့ဟာ ရန်ကုန်ဆိပ်ကမ်းကွန်တိန်နာစခန်း များရဲ့အောက်မှာရှိနေတဲ့အတွက် တူးဖော်ပြုပြင်ရန်အခက်အခဲများရှိနေပြီး ယခု ဗိုလ်တထောင် စီမံကိန်းကို ခွင့်ပြုခဲ့ပါက အလားတူမြစ်ထွက်ပေါက်လေးခုခန့်ကို ပြုပြင်ရန်ခက်ခဲမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှတင်သွင်းတဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာ ၂၀ ခန့်ကိုအသုံးပြု၍ ကောင်းမြန်မာအောင်ကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေ ခြင်း စီမံကိန်းအား ရပ်ဆိုင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လေးလေးနက်နက်ထောက်ခံတင်ပြပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးပဲ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က တင်သွင်းတဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ ဆိပ်ကမ်းအာဏာ ပိုင်မှ ပိုင်ဆိုင်တဲ့မြေဧရိယာဧက ၂၀ ကိုအသုံးပြုပြီး ကောင်းမြန်မာအောင် ကုမ္ပဏီက MIC ခွင့်ပြုချက်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဆောင်ရွက်နေတဲ့ ဆိပ်ခံတံတား အားရပ်ဆိုင်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ခွင့်ပြုထား သော စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ ကိုယ်စားလှယ်များ လေ့လာ သုံးသပ်နိုင်ရန် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကောင်းမြန်မာအောင်ကုမ္ပဏီ အားခွင့်ပြုသော စီမံကိန်းသည် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း(၄) အပိုဒ် ၇ ပြဋ္ဌာန်းချက်အရ ကော်မရှင်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊  စီးပွားရေး အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာသက်ရောက်မှုဖြစ်စေနိုင် သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများကို ပြည်ထောင်စုအစိုးရမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် သို့ တင်ပြရမည်ဟုပြဋ္ဌာန်းချက်ကို အတိအလင်းချိုးဖောက်၍ ခွင့်ပြုလိုက်သော လုပ်ငန်းဖြစ် ပါတယ်။ ထိုသို့ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ တခြားလုပ်ငန်းများကိုလည်း တစ်ကြိမ်မှလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူခဲ့ခြင်းမရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကောင်းမြန်မာအောင်ကုမ္ပဏီရဲ့ ဆိပ်ခံတံတားကို ခွင့်ပြုခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ အရင်ကအများပြည်သူ အကျိုးစီးပွားမဖြစ်ထွန်းဘဲ လူတစ်စုစီးပွားရေးတစ်ခုသာ အကျိုးရှိသော လုပ်ငန်းမျိုးဖြစ်၍ ပြည်သူ့လွှတ်တော်က ပယ်ဖျက်ခဲ့ရတဲ့ ရန်ကုန်ဆေးရုံကြီး တိုးချဲ့မြေနေရာမှာ တည်ဆောက်တဲ့ Park Way ပုဂ္ဂလိက ဆေးရုံကိုလည်း ခွင့်ပြုခဲ့တာ လေ့လာတွေ့ရှိရပါတယ်။

ထိုကဲ့သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်၊ လွှတ်တော်က မသင့်တော်သဖြင့် ပယ်ဖျက်လိုက်ရတဲ့ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေပါက ရင်းနှီးမြှုပ်နှံသူများ ရဲ့ ယုံကြည်မှုပျက်ယွင်း စေခြင်း၊ လျော်ကြေးပေးရခြင်းတို့ကြောင့် နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေပါတယ်။ အဆိုပါဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတို့၏ အားနည်းချက်ကြောင့်လည်းကောင်း၊ ၎င်းဥပဒေများအရ ပေါ်ပေါက်လာသော ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လုပ်ပိုင်ခွင့်အလွန်အကျွံ အပ်နှင်းထား ခြင်းကြောင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေပါပြဋ္ဌာန်းချက်များသည် ရှင်းလင်းမှုမရှိခြင်း ကြောင့်လည်းကောင်း ယခုစီမံကိန်းကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဥပမာ အနေနဲ့တင်ပြရရင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း(၁၈) အပိုဒ် ၄၂ မှာ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကို တရားမကြောင်းအရသော်လည်းကောင်း၊ ပြစ်မှုကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟူသော ပြဋ္ဌာန်းချက် ဟာဆိုရင် ကော်မရှင်ဟာဥပဒေရဲ့အထက်မှာရှိနေတဲ့သဘော၊ တာဝန်ခံစရာမလိုတဲ့သဘောကို သက်ရောက် နေပါတယ်။

ယခုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပေးပို့ထားတဲ့ အသစ်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို လေ့လာစိစစ်ရာမှာ ကော်မရှင်သည် မလိုအပ်ဘဲ ပြည်ထောင်စု အစိုးရအဖွဲ့၏။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ     အဆိုနဲ့စပ်လျဉ်းတဲ့ အချက်ကိုပဲ ဆွေးနွေးပါ။

ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်)မှ ဆက်လက်ဆွေးနွေးခြင်း          ဥက္ကဋ္ဌကြီးခင်ဗျား။ ဆိပ်ခံ တံတား တည်ဆောက်မှုကြောင့် ဗိုလ်တထောင်စေတီတော်ရဲ့ ကြံ့ခိုင်မှုကိုထိခိုက်စေခြင်း၊ ဆူညံသံကြောင့် ဘုရားဖူးများ၊ ဝတ်ပြုသူများအား အနှောင့်အယှက် ဖြစ်စေခြင်း၊ သောင်ထွန်းမှု ပိုမိုဖြစ် ပေါ်လာစေနိုင်ခြင်း၊ ရေလမ်းကြောင်းကျဉ်းမြောင်း မှုဖြစ်ပေါ်လာစေခြင်း၊ အတွင်းစည်းခုံမှာ နုန်းအနည်ထိုင်မှု ပိုမိုများပြားပြီး သောင်တူးဖော်ခြင်း စရိတ်များ ပိုမိုကုန်ကျလာမှာဖြစ်ပါတယ်။ ရေလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်ပေါ်လာခြင်းကြောင့် ယခုလက်ရှိဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတား ၂၅ ခုတို့အတွက် လုပ်ငန်း ဆောင်ရွက်မှုကို များစွာထိခိုက်နိုင်ပါတယ်။ လမ်းပိတ်ဆို့မှု၊ လမ်းကျပ်တည်း မှုများဖြစ်ပေါ်စေခြင်း၊ ဆိပ်ကမ်းတစ်ခုလုံး လူနေရပ်ကွက်များကွဲပြားသွားမှာဖြစ်ကြောင်း တွေ့ရ ပါတယ်။ ဒီအချက်များက ပညာရှင်များသာမက သာမန်ပြည်သူများပင် အလွယ်တကူသိရှိ သဘောပေါက်နိုင်ပါတယ်။ နိဂုံးချုပ်တင်ပြလိုသည်မှာ ယခု ကောင်းမြန်မာအောင်ကုမ္ပဏီက ခွင့်ပြုသော လုပ်ငန်းသည် ဥပဒေပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခွင့်ပြုရသည့် လုပ်ငန်းဖြစ်သော်လည်း လွှတ်တော်သို့ အသိပေးတင်ပြမှုမရှိခြင်း၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသောလုပ်ငန်းများအား ခွင့်မပြုရဟု ဥပဒေ၌ပြဋ္ဌာန်းပါရှိသော်လည်း ဥပဒေပြဋ္ဌာန်းချက် များကို မလိုက်နာဘဲ ခွင့်ပြုသည့်လုပ်ငန်းဖြစ်ခြင်း၊ မြေယာအသုံးချမှုကိုလေ့လာကြည့်သောအခါ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးများစွာရှိမည့် လုပ်ငန်းမျိုးမဟုတ်ဘဲ တည်ဆောက်ထားသော လုပ်ငန်းဖြစ်ခြင်း တို့ကြောင့် အဆိုရှင် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်ပြတဲ့ ဆိပ်ကမ်းဆောက်လုပ်မှုအား ရပ်ဆိုင်းသင့်ပါကြောင်း လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဆွေးနွေးတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံး ကျေးဇူးတင်ပါတယ်။

ဦးမြင့်လွင်(ပုဇွန်တောင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ဧည့်သည်များ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ပုဇွန်တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် ဖြစ်ပါတယ်။ ကျွန်တော် အခုထောက်ခံဆွေးနွေးမယ့် အကြောင်းအရာ ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်သွင်းသော ကောင်းမြန်မာအောင်သ‌င်္ဘောကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် တည်ဆောက်ရေးဆောက်လုပ်မှုကို ရပ်ဆိုင်းပေးရန်အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်ဆိပ်ကမ်းဟာ တကယ်တမ်းပြောရင် နှစ်ပေါင်း  ၁၂၅ နှစ်ကျော်ပြီ။ အဲဒီအခါကျ တော့ ရန်ကုန်မြို့ကြီးရဲ့ တိုးတက်လာတဲ့ လူဦးရေ၊ ရန်ကုန်မြစ်ရဲ့အတိမ်အနက်၊ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးမှု၊ မော်တော်ကားတွေရဲ့ သိပ်သည်းမှု တွေကို ကြည့်လိုက်မယ်ဆိုရင် ရန်ကုန်မြို့မှာနောက်ထပ် Container Yard အသစ်တွေပေးဖို့ မသင့်တော့ဘူးလို့ ကျွန်တော်က ပထမဦးဆုံး ပြောချင်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်မှာတော့မဟုတ်ပါဘူး။ ကမ္ဘာကြီးမှာ မြို့တွင်းမှာ Ship Yard တွေ မထားတော့ပါဘူး။ Container Yard တွေမထားတော့ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒါတွေဟာ လူတွေရဲ့သက်သောင့်သက်သာမှုကို မဖြစ်စေတဲ့အတွက် မြို့ပြင်ကို ထုတ်ကြ ရပါတယ်။ အခုဆိုရင် ဒါကိုလည်း နိုင်ငံတော်က နားလည်လက်ခံတဲ့အတွက် သီလဝါရေနက် ဆိပ်ကမ်းကို စတင်အကောင်အထည်ဖော်နေပါပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ရေရှည်မှာ သီလဝါ ရေနက်ဆိပ်ကမ်းကိုသာလျှင် တိုက်တွန်းအားပေးသင့်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ အဲဒီတော့ တစ်ခါ ကျွန်တော်တို့မှာ ဘာရင်ဆိုင်နေရလဲဆိုတော့ နှစ်စဉ်မိုးရွာလို့ ရေကြီးလို့ရှိရင် ရေလျှံတယ်။ ရေလျှံတဲ့အခါမှာ ရေက ရန်ကုန်မြို့ကြီးရဲ့တောင်ဘက်ကို ရန်ကုန်မြို့ရဲ့ မြောက်ဘက်က ရေတွေ ဆင်းတယ်။ အဲဒီလို ဆင်းတဲ့အခါမှာ ရေတွေက ဘယ်ကိုဆက်ဆင်းလို့မရဘူးလဲဆိုတော့ ရန်ကုန် ကမ်းနားမှာရှိတဲ့ အဲဒီကူးတို့ဆိပ်လုပ်ထားတဲ့ ဆိပ်ကမ်းနားကြီးတွေဟာ အုတ်တံတိုင်းတွေဟာ ကာထားတော့ အဲဒီစည်ပင်သာယာ ဝန်ထမ်း တွေဟာ ဘာမှထိုးဖောက်လို့လဲမရတော့ဘူး။ ရေက ကြီးလာတယ်။ အဲဒီအခါမှာ ဖြေရှင်းလို့မရဘူး။ အဲဒီကျတော့ ကျွန်တော်တို့ ပြည်သူတွေကို အပြစ်လာတင်နေတယ်။ ကျွန်တော်တို့ အမှိုက်တွေ သုံးလို့ပါ။ ကျွန်တော်တို့ ကျွတ်ကျွတ်အိတ်တွေ သုံးလို့ပါ။ တကယ်တမ်းကျတော့ တစ်ချိန်တုန်းက Super Power ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒီနေရာတွေကို သူတို့အထက်စီးကယူထားပြီးတော့ ဒီအပေါက်တွေကို သူတို့ပိတ်ထားတယ်။ ဟိုတစ်နှစ်ကဆို Asia World ကနေပြီးတော့ သူ့အပေါက်ကြီးကို အပေါ်က အဖုံးဖုံးထားတဲ့အခါကျတော့ ကြည့်မြင်တိုင်မှာ ရေအကြီး အကျယ်ကြီးပါတယ်။ နောက်ဆုံးမှာ အဲဒါကြီးကိုဖြိုလိုက်တဲ့အခါကျမှ အဲဒီရေက ကျသွားပါတယ်။ အဲဒီတော့ ဒါက ကူးတို့ဆိပ်တွေကို ကမ်းနားမှာထားတဲ့ ပြဿနာပါ။ နောက်တစ်ခါ ဘာဖြစ်နေလဲ ဆိုတော့ ရန်ကုန်မြို့ကြီးကိုကြည့်လိုက်လို့ရှိရင် ကူးတို့ဆိပ်ကြီးဟာ မြို့လယ်ကောင်မှာရှိနေပါတယ်။ အဲဒီလို မြို့လယ်ကောင်မှာရှိတဲ့အခါကျတော့ International ကူးတို့ ဆိပ်ကြီးဖြစ်တဲ့အခါကျတော့ Container တွေကိုတင်မယ့် မော်တော်ကားကြီးတွေကလည်း ဒီကမ်းနား လမ်းကြီးမှာ တောင်၊ မြောက် သွားနေကြတယ်။ အဲဒီအခါမှာသူတို့က ပေ ၂၀ Container တွေ၊ ပေ ၄၀ Container တွေ၊ တစ်ခါတလေကျရင် Container ကားမောင်းရတယ်ဆိုတာလည်း အလွန်ငြီးငွေ့ဖို့ကောင်းတဲ့ အလုပ်ပါ။ ဒီမြို့လယ်ကောင်မှာဖြည်းဖြည်းမောင်းရတော့ ကားဆရာတွေလဲအရက် သောက်တာ တွေရှိတယ်။ နောက်တစ်ခါကျရင် သူတို့ရဲ့ ကလစ်တွေကမကောင်းတော့ Container အဖုံးတွေ ပြုတ်ကျတယ်။ အဲဒီအခါမှာ အောက်က Taxi လိုကားပါးပါးလေးတွေ၊ ကိုယ်ပိုင်ကား ပြားပြားလေး တွေ အကုန်ခံကြရတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေဟာ မြို့လယ်ကောင်မှာ ဒီကြားထဲ Traffic ပြဿနာ၊ Container ကားကြီးတွေက အကြီးကြီးဆိုတော့ ကြပ်ကြပ်သိပ်သိပ်နဲ့ ရင်ဆိုင်နေ ရတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဒီရန်ကုန်မြို့လယ်ကောင်ကြီးဟာ ဘာနဲ့တူလဲဆိုတော့ စက်ရုံကြီးတစ်ခုရဲ့ ဝင်းကြီးလိုဖြစ်နေတယ်။ တကယ်တော့ မြို့ဆိုတာ အဲဒီလိုမဖြစ်ရပါဘူး။ ဆိုတော့ အဲဒါကိုသွားတွေ့ရှိရပါတယ်။ သူများတိုင်းပြည်တွေမှာဘယ်လိုလုပ်လဲဆိုတော့ River View တို့၊ Harbour View တို့ ကမ်းခြေကြီးတွေမှာ တစ်ခါတည်းလူတွေကို ဒီမြို့တစ်မြို့ရဲ့ ရင်ခွင်ထဲမှာ ပင်လယ် ရှိနေတာ၊ မြို့တစ်မြို့ရဲ့ရင်ခွင်ထဲမှာ မြစ်ရှိနေတာ သိပ်အဓိပ္ပာယ်ရှိပါတယ်။ သိပ်အရသာရှိပါတယ်။  ဟောင်ကောင်မှာဆိုရင် ကျွန်တော်တို့ ဝမ်ချိုင်းလမ်းမကြီးရဲ့ဘေးမှာ ဟောင်ကောင် River View၊ နယူးယောက်မှာဆိုရင် လေဘာတီရုပ်ထုကြီးကို ကြည့်ဖို့အတွက် မက်ဟန်တန်ရပ်ကွက်ကလူတွေဟာ Broadway လမ်းမကြီးအတိုင်းငေးပြီးတော့ကြည့်တဲ့အခါမှာ ပန်းခြံကြီးကိုဖြတ်ပြီးတော့ သူတို့ကငေးရတယ်။ ကျွန်တော်တို့က သဘာဝကရနေတဲ့၊ အလကားရ နေတဲ့ဟာတွေကို ကျွန်တော်တို့မြို့သားတွေက မခံစားရဘူး။ ဘယ်သူတွေက ခံစားနေရ သလဲဆိုတော့ ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား အတွက်ရပ်တည်နေရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ ဒီလိုဖြစ်နေတာတွေအားလုံးဟာ ဥပဒေက မသိလို့လားလို့ မေးရင် မဟုတ်ဘူး။ ဥပဒေရှိတယ်။ ကျွန်တော်တို့ ဒီရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် EIA (Environmental Impact Assessment) လုပ်ရပါမယ်။  SIA (Social Impact Assessment) ဒါတွေတိုင်းတာရ ပါမယ်။ ဒါတွေလားလို့မဟုတ်သေးဘူးခင်ဗျား။ ကျွန်တော်တို့ MIC ကိုလျှောက်လွှာ တင်ပြီဆိုလို့ရှိရင်  MIC ကပုဂ္ဂိုလ်များက သက်ဆိုင်ရာဝန်ကြီးချုပ်တွေဆီကို သဘောထားမှတ်ချက် တောင်းရပါတယ်။ အဲဒီအခါမှာ MIC Law  ရဲ့နည်းဥပဒေမှာ ဘာဆိုထားသလဲဆိုတော့ သာသနာ့ အဆောက်အအုံတွေ။ လူတစ်ယောက်က MIC ပါမစ်ကို ရပြီးပြီပေါ့။ ရပြီးတာတောင်မှ မင်း MIC Area  မှာ ဓာတ်သတ္တုတွေတွေ့တယ်။ ရှေးဟောင်းပစ္စည်းတွေတွေ့တယ်။ ဘုရားတွေတွေ့တယ် ဆိုရင် မင်းဒီ MIC ကိုရပ်ပေးရမယ်လို့ အဲဒီဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ ဒါကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က Neglect လုပ်ပြီးတော့ ဒီဟာကို ပြဋ္ဌာန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့် အနေနဲ့ နိဂုံးချုပ်ရမှာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်ပြတဲ့ ကောင်းမြန်မာအောင်သ‌င်္ဘောကုမ္ပဏီရဲ့ တည်ဆောက်ရေးကိုဆောက်လုပ်ရန် ရပ်ဆိုင်းပေးရန် အဆိုပြုချက်ကို ထောက်ခံကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။

ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က တင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သဘောထားပြောပါ။

ဦးသန့်စင်မောင်(ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ ပြည်သူ့လွှတ်တော်ကို တင်ပြထားတဲ့ တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်။ အဲဒီအဆိုမှာတော့ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာ ဧက ၂၀ ကို အသုံးပြု၍ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းအား ဆက်လက် ဆောင်ရွက်ပါက ဗိုလ်တထောင်ကမ်းနား တစ်လျှောက် သောင်ထွန်းမှု တောက်လျှောက် ဖြစ်ပေါ်လာနိုင်ခြင်း၊ သင်္ဘောရေလမ်းကြောင်း  ပိတ်ဆို့ စေနိုင်ခြင်း၊ ဗိုလ်တထောင် သမိုင်းဝင်စေတီတော်၏ အဆောက်အဦများ စိုးရိမ်ဖွယ်ဖြစ်ခြင်း၊ ဘုရား ဝတ်ပြုသူတို့အား တုန်ခါမှု ဆူညံသံများဖြစ်စေကြောင်း၊ ရန်ကုန်ကမ်းနားလမ်းတစ်လျှောက် Container ကားများပိတ်ဆို့နိုင် စေခြင်း စသည့်အချက်များကြောင့် အဆိုပါစီမံကိန်းအား ရပ်ဆိုင်းပေး ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အမြန်ဆုံး အချိန်ကိုငဲ့ညှာသောအားဖြင့် Power Point ကိုတော့ မြန်မြန် သုံးပါ့မယ်။ Power Point သုံးစွဲခွင့်ပြုပါ။ ကျွန်တော့်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကနေပြီးတော့ ဘယ်လိုခွင့်ပြုချက်တွေရတဲ့အကြောင်းကိုတော့ ကျွန်တော် ရှင်းမပြတော့ပါဘူး။ အဲဒါကတော့ ဖြစ်စဉ်တွေကတော့ အကြာကြီးပါ။  ၂၀၁၂ ခုနှစ်လောက်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရပ်ဆိုင်းခဲ့ပါတယ်။ ပထမတော့ အထက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ရခဲ့တာပါ။ ကျွန်တော် ဖြစ်စဉ်တွေကို ရှင်းမပြတော့ပါဘူး။ အဲဒီမှာ အပြန်အလှန်တွေသွားနေပြီးတော့ နောက်ဆုံး ကျတော့ တင်ဒါခေါ်ပြီးတော့ လုပ်ခဲ့တာပါ။ အဲဒီမှာ တင်ဒါခေါ်တဲ့အခါမှာ ကုမ္ပဏီနှစ်ခုပဲ အဲဒီစည်းကမ်းနဲ့ ကိုက်ညီ ပါတယ်။ အဲဒီမှာလည်း သင်္ဘောပိုင်ဆိုင်မှုရယ် သို့မဟုတ် နိုင်ငံခြား သင်္ဘောလိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့အခြေအနေကို တင်ပြရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ လုပ်ခဲ့တာပါ။ အဲဒီမှာ မြန်မာ့ အဏ္ဏဝါစွမ်းအားရှင် Group က တင်ဒါကနေပြီး ထွက်သွားတယ်။ အဲဒီကျတော့ တစ်ခုပဲကျန်ပါတယ်။ အခု ကောင်းမြန်မာအောင်ကုမ္ပဏီတစ်ခုပဲကျန်ပြီးတော့ ကောင်းမြန်မာအောင်ကုမ္ပဏီတစ်ခုတည်းကိုပဲ တင်ဒါပေးခဲ့တယ်ဆိုတာ စိစစ်တွေ့ရှိရပါတယ်။ အဲဒီမှာ လုပ်တာကတော့ ၂၆-၃-၂၀၁၆ ရက်နေ့မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ကနေပြီးတော့ခွင့်ပြုချက်ပေးလိုက်ပါတယ်။ ၃၀-၃-၂၀၁၆ ရက်နေ့ မှာ စာချုပ်ချုပ်လိုက်ပါတယ်။ လေးရက်အတွင်းမှာ ချုပ်တာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော် အားသာချက်တွေလည်း ရှာကြည့်လိုက်ပါတယ်။ ရှာကြည့်လိုက်တော့ မြေအသုံးချ ပရီမီယံကြေး တစ်ဧကကို သိန်း ၁၅၀ နှုန်းနဲ့ ၁၉.၉ ဧက။ ဧက ၂၀ နီးပါးအတွက် ၂၉၈.၈၉ သန်းရရှိမယ်။ နောက်တစ်ခါ လစဉ်ဝင်ငွေကတော့ မြန်မာကျပ်ငွေ တစ်လကို ခုနစ်သန်းလောက်နဲ့ အမေရိကန် ဒေါ်လာ ၀.၁၅ သန်းကျော်ရရှိမယ်လို့ တွေ့ရှိပါတယ်။ အားသာချက်တွေက  အဓိကကတော့ အဲဒီ လောက်ပါပဲ။ ကျန်တဲ့ဟာတွေက အခုနတုန်းကပြောတဲ့ တကယ်ကောင်းကောင်းမွန်မွန်ဆောက်ပေး ခဲ့ရင် ဒဂုံဆိပ်ကမ်းမှာ ဝန်ထမ်းတွေအတွက် အိမ်ရာတွေရသွားနိုင်တယ်။ သင်္ဘောကျင်း ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန် ရရှိနိုင်တယ်။ နောက်တစ်ခါ ဘက်စုံဆိပ်ကမ်းအသစ်တစ်ခု တန်ချိန် ၁၅၀၀၀ နှစ်စင်းလောက်ဆံ့နိုင်တယ်ဆိုတဲ့ အချက်တွေကိုတော့ ကောင်းတဲ့အချက်တွေရှာတွေ့ပါတယ်။

အဲဒီမှာ တကယ့်ပြဿနာကတော့ ကျွန်တော်တို့က စွန့်စားမှုများတယ်ဆိုတဲ့အချက်ကို တွေ့ပါတယ်။ စွန့်စားမှုများတယ်ဆိုတာ အခုနကပြောတဲ့ သီလဝါ Port ကိုကျော်ပြီးတော့ River Port မြစ်ဆိပ်အတွင်းကို ဝင်လာတဲ့အခါမှာ အဲဒီနေရာအဓိကကျပါတယ်။ ကျွန်တော်စဉ်းစားတဲ့ အချက်က နည်းပညာအရ ဒီသင်္ဘောကြီးများ ဝင်/ထွက်တဲ့လမ်းကြောင်းက အပြာရောင် လမ်းကြောင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ တစ်စင်းပဲသွားလို့ရပါတယ်။ သူ့ရဲ့ အပြာရောင် လမ်းကြောင်း သင်္ဘော ဝင်/ထွက်တဲ့လမ်းကြောင်းရဲ့ အကျယ်က မီတာ ၁၀၀ ပတ်ဝန်းကျင် ပဲရှိပါတယ်။ ရေကြောင်းပြဌာနကို ဒီကိစ္စကို ကျွန်တော်အသေးစိတ် စိစစ်မေးမြန်းတဲ့အခါမှာ အဲဒီ သင်္ဘောတွေဟာ ဒီလမ်းကြောင်းကို တစ်စင်းနှုန်းနဲ့ပဲ သွားလို့ရပါတယ်။ နှစ်စင်းရှောင်လို့မရပါဘူး။ တစ်ခါ အခုနက အဝါရောင်တွေက RTA လို့ခေါ်တဲ့ Round Turn Anchorage သင်္ဘောကျောက်ချပြီး ပြန်လှည့်ရမယ့်နေရာပါ။ ဥပမာ - သင်္ဘောတွေဟာ ဝင်လာခဲ့ရင် အခုနတုန်း ကအတိုင်းပဲ အပြင်စည်းကိုဖြတ်မယ်။ အတွင်းစည်းခုံကို ကျော်လာမယ်။ အဲဒီအခါမှာ ဘာနဲ့ဝင်ရလဲ ဆိုတော့ ဒီရေအတက်နဲ့ဝင်ရပါတယ်။ ဒီရေအတက်နဲ့ ဝင်ပြီးတော့ သင်္ဘောကိုလှည့်ပြီးတော့ ရပ်ရတယ်။ စောင့်ရပါတယ်။ ချက်ချင်း ကမ်းနားထဲကို အခုနက Asia World တို့၊ အခြား အထက်က Port တွေကို သွားဖို့ရာအတွက် အဲဒီအဝါရောင်က သင်္ဘော လှည့်တဲ့နေရာပါ။ လှည့်တဲ့ နေရာလည်း အကန့်အသတ်ရှိပါတယ်။ သူ့ရဲ့ပေအရှည် ကန့်သတ်ချက် ရှိနေပါတယ်။ အဲဒီမှာသူက လှည့်ပြီးတဲ့နောက် ရေလည်းပြန်ကျတဲ့အခါကျမှ ဒီရေအကျကိုစောင့်ရ ပါတယ်။ နှစ်နာရီလောက် အနည်းဆုံးကျောက်ချရပါတယ်။ အဲဒီတော့ ဒီအဝါရောင်နေရာက သင်္ဘော လှည့်ဖို့မပေးမဖြစ် ပေးရမယ့်နေရာဖြစ်ပြီးတော့ ဟိုအပြာရောင်လမ်းကြောင်းနဲ့ဝင်လာတာလည်း တစ်စင်းပဲဝင်လို့ရ တယ်။ တကယ်လို့သာ အဲဒီနေရာမှာ ဒီသင်္ဘောဆိပ်ကိုဆောက်ခဲ့ရင် ကျန်တဲ့ သင်္ဘောတွေအဝင်က ကြပ်သွားမယ်ဆိုတဲ့အကြောင်းကို တွေ့ရှိရပါတယ်။ အဲဒီတော့ ရေကြောင်းပြဌာန ကတော့ လုံးဝကိုကန့်ကွက်ပါတယ်။ ဒါဟာ အဓိကအကျဆုံးအချက်ပါ။ အဲဒီနေရာမှာ တစ်ခုခုဖြစ်သွား ခဲ့ရင် တစ်ခုခုပိတ်ဆို့သွားတာနဲ့ အပေါ်က သင်္ဘောဆိပ်တွေကိုပါ မသွားနိုင်တော့ဘဲ အဝင်/အထွက် တွေ မသွားဘဲနဲ့ ပို့ကုန်/သွင်းကုန်တွေ (Export ၊ Import)တွေ ပြဿနာရှိလာနိုင်တယ်လို့ တွေ့ရပါ တယ်။ အဲဒါက အဓိကအကျဆုံးအချက်ပါ။

နောက် ဒုတိယအချက်ကလည်း အခုနကတုန်းက ဘာသာရေးကိစ္စဖြစ်ပါတယ်။ ဒါကတော့ အခုနက ရေယာဉ်တွေနဲ့ တိုင်းတာထားတဲ့ဟာတွေကို ပြောတာပါ။ အခုနက ဗိုလ်တထောင် ဘုရားသည် လိုဏ်ဂူပုံသဏ္ဌာန်ဆောက်ထားတဲ့ လိုဏ်ဂူဘုရားဖြစ်တယ်။ အဲဒီအောက်ကမြေက မြေသားခိုင်မာမှု မရှိဘူးလို့ တွက်ရတယ်။ ရန်ကုန်မြို့မှာ မြေသားအခိုင်မာဆုံးနေရာက ကျောက်ကုန်းနေရာတွေ၊ ရွှေတိဂုံကုန်းတော်နေရာတွေလို့ဆိုပါတယ်။ ဘူမိဗေဒအနေအထားအရ သိရပါတယ်။ အဲဒီအခါကျတော့ အခုနတုန်းက ဗိုလ်တထောင်ဘုရားက တကယ်တမ်းကျတော့ မူလတုန်းက မြစ်ကမ်းပါ။  မြစ်က တဖြည်းဖြည်းနဲ့ပို့သွားပြီးတော့ ဒီဘက်ကို ရွေ့သွားတာဖြစ် ပါတယ်။ ဒါကြောင့် အောက်ခံမြေသားက မသေချာပါဘူး။ ဦးတင်မောင်ဝင်း တင်ပြတဲ့အတိုင်းပဲ အင်မတန်စိုးရိမ်ရတယ်ဆိုတဲ့အခြေအနေဖြစ် ပါတယ်။ ကျွန်တော်တို့ အခုခွင့်ပြုလိုက်ရင် အခုလည်း မဖြစ်ဘူး။ နောက်နှစ်လည်းမဖြစ်ဘူး။ ၁၀ နှစ်လောက်ကြာမှဖြစ်ရင် ဒီဟာက ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ၁၀ နှစ်မှဖြစ်ဖြစ်၊ ၁၅ နှစ်မှ ဖြစ်ဖြစ်။ တစ်ခုခုများ ဘုရားရဲ့အဆောက်အအုံကို ထိခိုက်လာခဲ့ရင်၊ စေတီတော်ကို ထိခိုက်လာခဲ့ရင် ကျွန်တော်တို့မှာ အပြစ်ဖြစ်သွားမှာ သေချာပါတယ်။

နောက် အခုနကပြောတဲ့ ကိုယ်စားလှယ်ကြီးများအားလုံး ဆွေးနွေးသွားတဲ့ ဝန်ထမ်းမိသားစု ၄၀၀ ဦး၊  ၅၀၀ ဦးရှိတယ်။ အားလုံးပေါင်း မှီခိုသူနဲ့ ၂၀၀၀ ဦးလောက်ရှိတယ်။ သူတို့တွေအကုန်လုံးကို ရွှေ့ပေးရမယ်။ အခုနကပြောတဲ့ ဝန်ထမ်းအဆောက်အအုံတွေအပါအဝင်၊ ဝန်ထမ်းအိမ်ရာတွေ အပါအဝင် သင်္ဘောများကို ပြုပြင်တဲ့နေရာတွေအားလုံးကလည်း ဝေးသွားမယ်။ ဒါကြောင့် လုပ်ငန်း အခက်အခဲရှိနိုင်တယ်ဆိုတဲ့အချက်တွေလည်း သေချာပါတယ်။ အခုနက ရေဆိုးထွက်ပေါက်တွေဟာ အခု အပေါ်ပိုင်းက တချို့နေရာတွေ၊ တချို့ဆိပ်ကမ်းတွေမှာလည်းပဲ ရေဆိုးထွက်ပေါက်တွေ ပိတ်နေ တယ်လို့ ကျွန်တော်သိရပါတယ်။ ဒါကေြာင့် ကျွန်တော်တို့က အရင်တုန်းက ထိန်းသိမ်းခဲ့တဲ့အတိုင်း အပြင် အခုလို လူဦးရေထူထပ်များပြားလာတဲ့ ရန်ကုန်မြို့မှာ ဒီရေထွက်ပေါက်တွေအားလုံးကို ပိုပြီး တော့ကောင်းအောင် ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ခုနတုန်းက သန်းပေါင်း ၃၀၀ လောက်၊ ၂၉၀ ကျော်လောက်ရတာဟာ ဝင်ငွေရရှိလာနိုင်တဲ့အကြောင်း အားသာချက်တစ်ချက် ပဲရှိတယ်။ ကျန်တဲ့အချက်တွေက သေသေချာချာအန္တရာယ်ရှိတာကတော့ သင်္ဘောဝင်တဲ့လမ်းကို ဒုက္ခဖြစ်မယ့်ဟာဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း တင်ပြစဉ်တုန်းက ဒီသောင်ထွန်းတဲ့ဟာကို ၁.၆ သန်း အကုန်ခံပြီးတော့ သောင်ကို တစ်နှစ်ကတူးရပါတယ်။ နောက်တစ်နှစ်ကတော့ ခုနတင်ပြစဉ်တုန်းက သဲရောင်းတဲ့ ကုမ္ပဏီက အလကားတူးပေးတာပါ။ အဲဒီတုန်းကလည်း ၁.၆ သန်းလောက်ကုန်တယ်လို့ သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့က တူးရတာက ပိုပြီးတော့များလာနိုင်တယ်ဆိုတဲ့အချက်ကလည်း သေချာပါတယ်။ ဒါကြောင့် ကောင်းကျိုးကိုရှာသော်လည်းပဲ ကောင်းကျိုးကိုပဲကြည့်ကြည့် ဆိုးကျိုး ကသာ များနေတယ်ဆိုတဲ့အကြောင်းကို တွေ့ရှိရတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စွန့်စားမှုမလုပ် သင့်ဘူးလို့ ကျွန်တော် သုံးသပ်ပါတယ်။ အဓိပ္ပာယ်က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည် ဖြစ်သော်လည်းပဲ ဒီဟာက အန္တရာယ်ကြီးမားတဲ့အတွက်ကြောင့် စွန့်စားမှုမလုပ်သင့်တဲ့အကြောင်း၊ ဒီအဆိုကို ကန့်ကွက်ရန်မရှိပါကြောင်း၊ ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။ (သြဘာသံများ)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ     အဆိုရှင်ရဲ့သဘောထားပြောပါ။

ဦးတင်မောင်ဝင်း(ဆိပ်ကမ်းမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း         လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်ကြီးများခင်ဗျား။ ယနေ့ ကျွန်တော် တင်သွင်း ခဲ့တဲ့အဆိုနှင့်ပတ်သက်လို့ ကိုယ်စားလှယ်ငါးဦးက ဆွေးနွေးပြီးတော့ သက်ဆိုင်ရာဝန်ကြီး ဆွေးနွေးတဲ့အချက်တွေသည် ပြီးပြည့်စုံပြီးတော့ အခုလို ကျွန်တော့်တင်တဲ့ အဆိုကို ထောက်ခံကြတဲ့ အတွက် ကျေးဇူးတင်ကြောင်းနှင့် လွှတ်တော်ရဲ့အဆုံးအဖြတ်ကိုခံယူရန် အသင့်ရှိပါတယ်။ ရပ်ဆိုင်းပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ    ဦးတင်မောင်ဝင်း ရှင်းအောင်ပြောပါ။ ဦးတင်မောင်ဝင်းရဲ့အဆိုကို သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ထောက်ခံပြီးပြီ။ ဆွေးနွေးတဲ့ကိုယ်စားလှယ်ငါးဦးကလည်း ထောက်ခံ ပြီးပြီ။ ဦးတင်မောင်ဝင်းရဲ့အဆိုကို ဦးတင်မောင်ဝင်းက အတည်ပြုခိုင်းမှာလား။ မှတ်တမ်းတင်ခိုင်းမှာလား။ အတည်မပြုစေချင်တာလား။ ရှင်းအောင်ပြောပါ။ ပြတ်ပြတ်သားသား။ အခုနကလို လွှတ်တော် ရဲ့အဆုံးအဖြတ်ကိုဆိုတဲ့ဟာမျိုးနဲ့ နိဂုံးမချုပ်ပါနဲ့။

ဦးတင်မောင်ဝင်း(ဆိပ်ကမ်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း ဟုတ်ကဲ့။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးရဲ့ ညွှန်ကြားချက်အတိုင်းပါပဲ။ ကျွန်တော့်ရဲ့ရင်ထဲမှာ ကျွန်တော်တင်ပြတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် ဗိုလ်အောင်ကျော်တံတားအကြားရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေဧရိယာ ဧက ၂၀ ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင်သင်္ဘောကုမ္ပဏီမှ MIC ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများအား ရပ်ဆိုင်းပေးပါရန် ကျွန်တော့်ရဲ့ဆန္ဒဖြစ် ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးတင်မောင်ဝင်းတင်သွင်းသွားတဲ့ အဆိုကို ကိုယ်စားလှယ်ငါးဦးက ထောက်ခံဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန ကလည်း ရှင်းလင်းဆွေးနွေးပြီး ဒီအဆိုကို ထောက်ခံသွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုနှင့် စပ်လျဉ်းပြီး အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ     သဘောမတူသူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ဦးတင်မောင်ဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာပါတယ်။

နေ့စွဲ
၃.၆.၂၀၁၆