Skip to main content
Submitted by on 21 July 2017

ဦးဇော်မင်းသိန်း(လေးမျက်နှာမဲဆန္ဒနယ်)  က အဆိုတင်သွင်းခြင်း                 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံးကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသ ကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းဖြစ်ပါတယ်။ ကျွန်တော် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းမယ့်အဆိုကတော့ ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကို ကာရံထားတဲ့ရေကာတာများကို လာမယ့်မိုးရာသီကာလမှာ ပြည်သူများ စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမယ့်ပွင့်လင်းရာသီမှာ တာတမံကြံ့ခိုင်မှု ရှိအောင်ဆောင်ရွက်နိုင်ရေးအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အဆိုတင်သွင်းခဲ့စဉ်က မိုးရာသီမကျရောက်သေးတဲ့အတွက် မိုးရာသီရောက်ခဲ့ရင် ဆိုတဲ့စကားရပ်ကို ကျွန်တော်ထည့်သွင်းရခြင်းဖြစ်ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ဧရာဝတီတိုင်းမှာရှိတဲ့ ဧရာဝတီမြစ်နှင့်ငဝန်မြစ်ကိုကာရံထားတဲ့ ရေကာတာများဟာ AD-၁၈၆၉ ခုနှစ်ကနေပြီးတော့ ၁၈၇၃ ခုနှစ်ကာလများအတွင်း အင်္ဂလိပ်အစိုးရလက်ထက်ကတည်ဆောက်ခဲ့တဲ့ ရေကာတာများဖြစ်ပါတယ်။ ယခင်မြစ်ဝှမ်းလွင်ပြင်ဒေသကို ရေကာတာများနှင့်ကာရံလိုက်တဲ့အတွက် ရေကာတာအတွင်းမှာရှိတဲ့ ပြည်သူများဟာ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝများတိုးတက်မြင့်မားပြီး တော့မှ ဧရာဝတီတိုင်းကြီးကို နိုင်ငံရဲ့စပါးကျီကြီးအဖြစ် ပုံဖော်နိုင်ခဲ့သည်အထိ အကျိုးရှိစေခဲ့ပါတယ်။  သို့သော်လည်း နှစ်ပေါင်း ၁၅၀ နီးပါးကြာမြင့်လာတာနဲ့အမျှ တာတမံများရဲ့ကြံ့ခိုင်မှုဟာ စိတ်ချလို့မရ တော့ပါဘူး။ တာတမံကျိုးပေါက်မှုအနေနဲ့ကတော့ ၁၉၇၄ ခုနှစ်မှာ အိတ်ပျက်တာကျိုးပေါက်မှု၊ ၁၉၉၁ ခုနှစ်မှာ ထိမ်ငူတာကျိုးပေါက်မှု၊ ၁၉၉၇ ခုနှစ်မှာ ကျွဲတဲကုန်းတာကျိုးပေါက်မှုနှင့် ၂၀၀၇ ခုနှစ်မှာ ကျားကိုက်ကုန်းတာကျိုးပေါက်မှုဆိုတဲ့ ကျိုးပေါက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက အဆိုးဆုံး ကတော့ ၁၉၉၁ ခုနှစ် လေးမျက်နှာမြို့နယ် ထိမ်ငူတာကျိုးပေါက်မှုဖြစ်စဉ်ဟာ အဆိုးဆုံးဖြစ်ပါတယ်။ မြို့နယ်ပေါင်းကိုးမြို့နယ်ကို ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးစေခဲ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မိုးရာသီရေကြီးတဲ့ကာလမှာလည်း ဧရာဝတီတိုင်းဟာ ရေကြီးမှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ ရပါတယ်။ ရေကာတာရဲ့အပြင်မှပြည်သူများဟာ ရေကြီးနစ်မြုပ်တဲ့ဒဏ်ကိုခံစားရသကဲ့သို့ ရေကာတာ အတွင်းမှပြည်သူများကလည်း ရေကာတာကြီးကို ရေကျော်လုနီးပါးရောက်ရှိလာတာဖြစ်တဲ့အတွက် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာကနေပြီးတော့ ကျိုးမလဲဆိုတဲ့စိုးရိမ်ပူပန်စိတ်တွေဟာ တစ်မိုးတွင်း လုံးခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဧရာဝတီတိုင်းခရီးစဉ် ကို ၁-၁၀-၂၀၁၅ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။ ဟင်္သာတ၊ အင်္ဂပူ၊ လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်စတဲ့မြို့များမှာရှိတဲ့ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပါတယ်။ ဒေသခံပြည်သူများကလည်း ဒီတာတမံကြီးကိုကြံ့ခိုင်မှုရှိအောင် တင်ပြတောင်းဆိုမှုအရ နိုင်ငံတော်သမ္မတကြီးကလည်း လာမယ့် ပွင့်လင်းရာသီမှာ လက်ရှိမူလတာထိပ်ထက် ငါးပေမြှင့်တင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးမယ်ဆိုပြီး တော့ နှုတ်ကတိပေးသွားခဲ့ပါတယ်။ ထိုအကြောင်းအရာများကို ကျွန်တော်တို့ ၂-၁၀-၂၀၁၅ ရက်နေ့ ရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များမှာ တရားဝင်ထည့်သွင်းဖော်ပြခဲ့တာကိုလည်း ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်။ သို့ပေမဲ့ ဒီကနေ့အချိန်အထိ အကောင်အထည်ဖော်လာနိုင်ခဲ့ခြင်း မရှိပါဘူးခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point အသုံးပြုခွင့်ပြုပါရန် လေးစားစွာတင်ပြတောင်းခံအပ်ပါ တယ်။ ဒါကတော့ လေးမျက်နှာမြို့နယ်၊ ငဝန်တာမိုင် ၂၉/၀ မှာ ၂၁-၇-၂၀၁၆ ညနေ ၅ နာရီအချိန် တာအမြင့် ၂ ပေနဲ့ အလျားပေ ၃၀၀ နိမ့်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါကတော့ လေးမျက်နှာမြို့နယ် ငဝန်တာမိုင် ၂၀/၀ ညောင်ပင်ဝဲဆိုတဲ့ရွာမှာ ၂၂-၇-၂၀၁၆ ရက်နေ့ကနေပြီးတော့ ၃၀-၇-၂၀၁၆ ရက် နေ့အထိ ရေပေါက်များနှင့်ရေစိမ့်မှုများကို ပေ ၂၆၀၀ ကာကွယ်ဆောင်ရွက်ထားရှိမှု ဓာတ်ပုံများပဲ ဖြစ်ပါတယ်။ ဒီ Power Point မှာပြတဲ့ဓာတ်ပုံများဟာ ကျွန်တော်တို့တာတမံကြီးဟာ လက်ရှိအနေ အထားမှာ ကြံ့ခိုင်မှု၊ စိတ်ချရမှုမရှိတော့ဘူးဆိုတာ ထင်ရှားစေချင်လို့ပြသရခြင်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဒီတာတမံများနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ လေးမျက်နှာမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း ဒီ တာတမံများကို အဆင့်မြှင့်တင်ဖို့ မေးခွန်းမေးမြန်းခဲ့ပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးက ရန်ပုံငွေတင်ပြတောင်းခံရရှိမှုအပေါ်မှာမူတည်ပြီး ဆောင်ရွက်ပေးမယ်လို့ ဖြေကြားခဲ့တာ ကိုလည်း ကျွန်တော်တို့ကြားသိရပါတယ်။ သို့ပေမဲ့ အကောင်အထည်ပေါ်လာနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက်တစ်ခါ နိုင်ငံတော်သမ္မတကြီး ကျွန်တော်တို့ ဧရာဝတီတိုင်းခရီးစဉ်ကို လာခဲ့စဉ်မှာလည်း ဒါ ၂၀၁၅၊ ၂၀၁၆ ပွင့်လင်းရာသီမှာ ဖော်ဆောင်ပေးမယ်ဆိုတဲ့အရာဟာလည်း ကျွန်တော်တို့ ဒီကနေ့အထိ ဘာမှဖြစ်လာတာမရှိပါဘူး။ နောက် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ရပြီး မိမိမဲဆန္ဒနယ်မြေတွေကို ဆင်းတဲ့အခါမှာ ပြည်သူတွေက ဒီတာတမံနဲ့ပတ်သက်လို့ အရေးကြီး ကိစ္စအနေနဲ့ လွှတ်တော်မှာတင်ပြဆွေးနွေးပေးပါဆိုပြီး တောင်းဆိုတဲ့အသံတွေကိုလည်း ကျွန်တော်တို့ နားထောင်ခဲ့ရပါတယ်။ နောက်တစ်ခါ ပြည်ထောင်စုလွှတ်တော်နာယကကြီး မန်းဝင်းခိုင်သန်း                 ၉-၇-၂၀၁၆ ရက်နေ့နဲ့ ၁၀-၇-၂၀၁၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်ဖြစ်တဲ့ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်စတဲ့မြို့များမှာ ဒေသခံပြည်သူများနဲ့တွေ့တဲ့အခါမှာလည်း ဒီတာတမံကြီးနဲ့ ပတ်သက်လို့ လုံခြုံစိတ်ချရအောင်လုပ်ပေးဖို့ဆိုတဲ့ တောင်းဆိုတဲ့အရာများကို တင်ပြခဲ့တာကို ကျွန်တော်တို့ကြားသိခဲ့ရပါတယ်။ လက်ရှိ ဒီအစည်းအဝေးခန်းထဲမှာ လာရောက်နားထောင်ပေးတဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး၊ တာဝန်ရှိသူများ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး မှာရှိတဲ့ မြို့နယ်တွေကိုရောက်ခဲ့ရင်လည်း ဒေသခံပြည်သူများက တောင်းဆိုကြမယ့်အရာဟာ ဒီတာတမံအကြောင်းပဲဖြစ်တယ်ဆိုတာကို ကျွန်တော် ဒီနေရာကနေ ရဲရဲကြီးပြောရဲပါတယ်ခင်ဗျာ။

ဥက္ကဋ္ဌကြီးခင်ဗျား။ တညီတညွတ်တည်း ဘုံသဘောတူညီချက်အနေနဲ့ တောင်းဆိုတဲ့အသံတွေ ကို ကျွန်တော်တို့ ပြန်လှန်လေ့လာစဉ်းစားကြည့်လိုက်တဲ့အခါမှာ ပြည်သူတွေဟာ သူတို့ရဲ့လူမှုဘဝ မြင့်မားဖို့အတွက်ကို လမ်းခင်းပေးပါ။ တံတားဆောက်ပေးပါ။ ကျောင်းဆောက်ပေးပါ၊ ဆေးရုံဆောက် ပေးပါဆိုတဲ့ လိုချင်မှုနဲ့တောင်းဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ သူတို့တစ်သက်လုံး ချွေးနဲ့သွေးနဲ့ ရှာဖွေ                စားသောက်လာခဲ့တဲ့စည်းစိမ်ဥစ္စာတွေကို မပျောက်ပျက်၊ မပျက်စီးဘဲရှိရအောင် ဒီတာတမံကြီး ကျိုးသွားတာနဲ့အမျှ သူတို့ရဲ့စည်းစိမ်တွေကုန်ဆုံးသွားမှာမို့လို့ ဒီတာတမံကြီးကို လုံခြုံစိတ်ချအောင် ဆောင်ရွက်ပေးပါ။ သူတို့လူနေမှုဘဝတွေကို လုံခြုံစိတ်ချအောင်လုပ်ပေးပါဆိုတဲ့ တောင်းဆိုတဲ့အသံ များပဲဖြစ်ပါတယ်။ အဲဒီတော့ တချို့နေရာတွေမှာ ကျွန်တော်တို့ ဘာတွေ့ရသလဲဆိုရင် အခု လက်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်နေတဲ့ လမ်းခင်းတာ၊ ကျောင်းဆောက်တာ၊ တံတားဆောက်တာတွေကို တစ်နှစ်လောက်ရပ်ဆိုင်းပြီးတော့မှ လက်ရှိတာတမံကြီးကို စိတ်ချအောင်လုပ်ပြီး နောင်နှစ်တွေမှာမှ ဒေသဖွံ့ဖြိုးရေးတွေလုပ်ပေးပါဆိုတဲ့ အသံတွေအထိ ကျွန်တော်တို့နားထောင်ခဲ့ရပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့မျှော်လင့်ချက်၊ လွှတ်တော်ကဖော်ဆောင်ရွက်ဆိုတဲ့ဆောင်ပုဒ်ကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ဖို့ မိုးတွင်း ကာလရောက်တိုင်းရောက်တိုင်း ဒေသခံပြည်သူများရဲ့ ပူပန်သောကရောက်နေတဲ့စိတ်ဒုက္ခတွေကို ကျွန်တော်တို့ဖြေရှင်းနိုင်ဖို့၊ လယ်သမားအများစုရဲ့ မိုးတွင်းကာလရောက်လို့ရှိရင် ငါ့လယ်လေး စိုက်လို့ အဆင်ပြေပါ့မလား၊ ငါ့စပါးခင်းလေး တာကျိုးသွားခဲ့ရင်ကုန်မယ်ဆိုတဲ့ စိတ်သောကတွေကို ကျွန်တော် တို့ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ နောက်တစ်ခါလည်း လက်ရှိရရှိပြီးသား၊ တည်ဆောက်ပြီးသား အခြေခံ အဆောက်အဦ၊ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ ဒီအဆောက်အဦတွေကို ဒီတာတမံ ကြီးကျိုးပေါက်ခဲ့ရင် မပျက်စီးနိုင်ဖို့အတွက်ကို တာတမံကြီးကိုအဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ အရေးတကြီးလိုအပ်နေပါပြီ။ သို့အတွက်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကို ကာရံထားသောတာတမံများအား လာမယ့်မိုးရာသီကာလမှာ ပြည်သူများစိုးရိမ်ပူပန်မှု မရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမယ့်ပွင့်လင်းရာသီမှာ ကြံ့ခိုင်မှု ရှိအောင် ဆောင်ရွက်နိုင်ရေးအား ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့် တင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဦးအေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)က ထောက်ခံဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း အဆိုတင်သွင်းသွားတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်များအား ကာရံထားသော ရေကာတာ များအား ယခုရောက်ရှိမည့် မိုးရာသီတွင် ပြည်သူများစိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ရေး လာမည့်ပွင့်လင်းရာသီတွင် တာတမံများကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

          လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုကာရံထားသော တာတမံများဟာ နှစ်ပေါင်း ၁၅၀ လောက်နီးပါးရှိပါပြီ။ ဒါကြောင့်မို့လို့ ဒီတာတမံများကို အဆင့်မြှင့်တင်ဖို့ အထူးပဲ လိုအပ်နေပါတယ် ခင်ဗျား။ ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း အခုအခါမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ၊ ရေကြီးခြင်းများ၊ တောင်ပြိုခြင်းများ စတဲ့သဘာဝဘေးနှင့်ပတ်သက်တဲ့ ဖြစ်စဉ်များကိုလည်း နိုင်ငံအနှံ့ ဖြစ်ပွားနေတာကို ကြားသိရပါတယ်။ သစ်တောများလည်း ပြောင်သလင်းခါအောင် ခုတ်ထွင်ရှင်းလင်း ထားတဲ့အတွက် သဘာဝဘေးအန္တရာယ်ကြောင့် သစ်တောများဟာ တောင်ကတုံးများ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ မိုးရွာတဲ့အခါမှာ မိုးရေများဟာ ကြားမှာ သစ်ပင်များက တစ်ဆင့်ခံထားခြင်းမရှိတဲ့ အတွက် မိုးရေများနှင့် မြေဆီလွှာများက တိုက်ရိုက်ထိတွေ့တဲ့အတွက် မြေဆီလွှာများ၊ သဲများ၊ နုန်းများဟာ မြစ်ချောင်းအင်အိုင်များမှတစ်ဆင့် မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်နေတဲ့အတွက် မြစ်ရေပြင်ကြမ်းပြင်ဟာ နှစ်စဉ်မြင့်တက်နေတာကို တွေ့ရှိရမှာဖြစ်ပါ တယ်။ အဲဒီလို မြစ်ရေပြင်ရဲ့ ကြမ်းပြင်ဟာ နှစ်စဉ်မြင့်တက်နေသော်လည်းပဲ ရေကာတာများရဲ့ အမြင့်ဟာ မူလအတိုင်းပဲ ရှိနေတာ ကိုတွေ့ရှိရမှာဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုနှစ်စဉ်သဲနုန်းများမြင့်တက်မှုကြောင့် ဒီနှစ် နွေရာသီမှာ ငဝန်မြစ်အတွင်းမှာ လက်လှော်လှေများပင် သွားမရအောင်သောင်ထွန်းနေတာကို တွေ့ရှိ ခဲ့ရပါတယ်။ ရေအနည်းဆုံး အစစ်ဆုံးကာလဖြစ်တဲ့ မေလမှာတောင် ရာသီဥတုဖောက်ပြန်မှုကြောင့် မြစ်ရေဟာ ကမ်းတစ်ဝက်နီးပါးမြင့်တက်လာပြန်ပါတယ်။ ရေရောင်ကလည်း ရွှံ့ရောင်များဖြစ်နေတာကို တွေ့ရှိရပါတယ်။ နွေရာသီမှာတောင် ဒီလိုဖြစ်နေလို့ရှိရင် မိုးရာသီမှာဘယ်လိုမျိုးဖြစ်နေမလဲဆိုတာကို တွေးတော ပူပန်မိပါတယ်ခင်ဗျား။ ယခုအချိန်မှာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း စိုးရိမ်ရေမှတ်အထက်သို့ပင် ရောက်ရှိနေပြီဖြစ်ပါတယ်။ အကယ်၍သာ ရေကာတာကြီးများကျိုး ပေါက်သွားခဲ့ မယ်ဆိုရင် တာတမံအတွင်းမှာနေထိုင်ကြသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် စိုက်ပျိုးသီးနှံများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘဝများမှာ မတွေးဝံ့စရာဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်းသွားသော အဆိုအား လှိုက်လှိုက်လှဲလှဲထောက်ခံပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင် ပါတယ်။ 

 

 

ဦးဇော်မင်းသိန်း(လေးမျက်နှာမဲဆန္ဒနယ်) ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်းကြေညာခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လေးမျက်နှာ မဲဆန္ဒ နယ်မှ ဦးဇော်မင်းသိန်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါ တယ်။ ဒီအဆိုနှင့် စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေ ခွဲ(ခ) နည်းဥပဒေ ခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ ဦးဇော်မင်းသိန်း တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      သဘောမတူသူရှိပါသလားခင်ဗျား။ လွှတ်တော် ကိုယ်စား လှယ်များ ခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က တင်းသွင်းသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထားသော ရေကာတာများအား ယခုရောက်ရှိမည့် မိုးရာသီတွင် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင် အစီအမံများချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမည့်ပွင့်လင်းရာသီတွင် တာတမံများကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဒေါက်တာစံရွှေဝင်း(ရေကြည်မဲဆန္ဒနယ်)က ဆွေးနွေးခြင်း        လေးစားအပ်သော ပြည်သူ့လွှတ်‌တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီး၊ အားလုံးကို မင်္ဂလာပါလို့ ကျွန်တော် နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော့်အနေနဲ့ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်း တင်ပြထားတဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်ရေကာတာကို ၁၈၇၁ ခုနှစ်က ဟင်္သာတမြို့အထက် ညောင်ကျိုး ရွာကနေ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်များကို ဖြတ်ပြီးတော့ သာပေါင်းမြို့နယ် ရေလဲကြီးရွာ အထိ မိုင် ၇၀ ကျော် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ပြီးတဲ့နောက် ၄၅ နှစ်ခန့်ကြာတဲ့ ၁၉၂၃ ခုနှစ်မှာ ငသိုင်းချောင်းမြို့အထက် သုံးမိုင်လောက်ကွာတဲ့ ဗောဓိကုန်းကျေးရွာမှာ တာကျိုး ပေါက်မှုဖြစ်ခဲ့ပါတယ်။ တာကျိုးပေါက်တဲ့နေရာမှာ အရှည် ပေ ၅၀၀၊ အနက် ၁၅ ပေလောက်ရှိတဲ့ မြစ်ကျိုးအင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့ပြီး အဲဒီအချိန်က လူ၊ ကျွဲ၊ နွားတိရစ္ဆာန်၊ လယ်ဧကပေါင်းများစွာ ပျက်စီးခဲ့ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂျီစီဘီအေအသင်းကြီးကနေပြီးတော့ တစ်နိုင်ငံလုံးမှာ ကယ်ဆယ်ရေး လုပ်ငန်းများရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့အကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ တစ်ခါ ၁၉၉၁ ခုနှစ်တုန်းကလည်းပဲ ထိမ်ငူတာကျိုးပေါက်ချိန်ကလည်းပဲ ဒီအတိုင်းပဲ ဧရာဝတီတိုင်းဒေသကြီး မှာရှိတဲ့ မြို့နယ်ပေါင်းကိုးမြို့နယ်မှာရှိတဲ့ လယ်ယာ၊ ကျွဲ၊ နွားတိရစ္ဆာန်၊ လူထုများ ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပြီး နှစ်လတာကြာမျှရေကြီးခဲ့တဲ့ အစဉ်အလာလည်းရှိပါတယ်။ ဒီတာအနေနဲ့ ၁၉၇၄ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၄ ခုနှစ်ကတစ်ကြိမ်၊ ၂၀၀၄ ခုနှစ်ကတစ်ကြိမ် ၁၀ ပေ၊ ၁၅ ပေခန့် တာများ ရုတ်တရက် နိမ့်ကျခဲ့တဲ့အစဉ်အလာများရှိခဲ့ပြီး ပြည်သူလူထုများရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် တာကျိုးတဲ့ အဆင့် ကို မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ တစ်လခွဲခန့် စိုးရိမ်ရေမှတ်အထက် လေးပေကျော် တက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပုဂ္ဂိုလ်များ၊ လူထုများအားလုံးအနေနဲ့ စိုးရိမ်နေပြီး ထိတ်တလန့်လန့်နဲ့ နေခဲ့ကြရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး Power Point ဖြင့် တင်ပြခွင့်ပြုဖို့ မေတ္တာရပ်ခံပါတယ်။ ဒါကတော့ ၁၉၂၃ ခုနှစ်က ငသိုင်းချောင်းမြို့အထက် ဗောဓိကုန်းကျေးရွာမှာ တာကျိုးသွားပြီးတော့ မြစ်ကျိုးအင်းကြီး အဖြစ် ကျန်ခဲ့တဲ့နေရာဖြစ်ပြီး အောက်ဖက်ကတော့ ကျွန်တော်တို့ ငသိုင်းချောင်းမြို့ဖြစ်ပါတယ်။ အပေါ်ဘက်ကတော့ ငဝန်မြစ်လမ်းကြောင်းကြီးဖြစ်ပါတယ်။ ဒါဟာဆိုလို့ရှိရင်လည်း  အဲဒီအချိန် ကတည်းက တော်တော့်‌ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ မနှစ်တုန်းက သြဂုတ်လ ၅ ရက်နေ့မှာ ရေကာတာပေါ်မှာ ရေကျော်လုကျော်မယ့် အခြေအနေမှာ ကာကွယ်မှုတွေ ဆောင်ရွက်ထားတဲ့ပုံကို ပြသခြင်းဖြစ်ပါတယ်။ ဒါကလည်းပဲ တာကိုရေ‌ကျော်ခါနီးဖြစ်နေတဲ့အခြေအနေကို ပြသခြင်းပဲဖြစ်ပါတယ်။ ဒါကတော့ တာမှာ ရေပေါက် တွေတွေ့တဲ့အခါမှာ မနှစ်က ဆောင်ရွက်ထားမှုအခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်။ ဒါကတော့ မနှစ်က ရေကြီးတဲ့အချိန်မှာ စလင်းကျောင်းလို့ခေါ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့ အနားမှာရှိတဲ့ နာမည်ကျော်ဘုန်းကြီးကျောင်းရဲ့ ရေလွှမ်းမိုးနေတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကတော့ ရေကျပြီးတဲ့နောက်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ရုတ်တရက်တာနိမ့်ဆင်းသွားတဲ့ပုံကို ပြခြင်း ဖြစ်ပါတယ်။ ဒါကလည်း အလားတူပါပဲ။ ရုတ်တရက်နိမ့်ဆင်းသွားတဲ့အခြေအနေများကို တင်ပြခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေများနှင့်ပတ်သက်ပြီးတော့ ဒေသခံပြည်သူများအနေနဲ့ ၂၀၁၁ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို တင်ပြခဲ့ဖူးပါတယ်။ လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းသာ ဆောင်ရွက်ခဲ့ပြီးတော့ တစ်စုံတစ်ရာထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တာမရှိကြောင်း သိရှိရပါတယ်။ တစ်ခါ ၂၀၁၂ ခုနှစ်ကတစ်ကြိမ်၊ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတစ်ကြိမ် မြို့လူထုအနေနဲ့ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကိုလည်းပဲ ကျွန်တော်တို့ တင်ပြဆောင်ရွက်ခဲ့ဖူးပါတယ်။ မနှစ်က ရေကြီးစဉ် သြဂုတ်လ ၁၇ ရက်နေ့မှာ နယ်သာလန်နိုင်ငံကနေပြီးတော့ Expert Team တစ်ခုလာပြီးတော့ လေ့လာပြီး၊ ဆွေးနွေးပြီး လုပ်ဆောင်ရမယ့်ကိစ္စရပ်များကိုလည်းပဲ အကြံပြုတင်ပြခဲ့တယ်လို့ သိရပါတယ်။ တစ်ခါ အောက်တိုဘာလ ၁ ရက်နေ့မှာလည်း နိုင်ငံတော်သမ္မတကြီးက ဒီဒေသကို လာရောက်ခဲ့ပြီးတော့ ဒီတာတွေဟာ ဒီအတိုင်းထားလို့မရဘူး။ ငါးပေမြှင့်ပြီးတော့ ကျန်တဲ့နေရာတွေမှာ အကုန်ပြင်ဆင်ရ မယ်။ ဘတ်ဂျက်တွေ ဘယ်လိုခွဲဝေမလဲဆိုတဲ့ကိစ္စတွေကိုလည်းပဲ သတင်းစာများ၊ ရေဒီယိုများ၊ ရုပ်မြင်သံကြားများမှာ အတိအလင်းဆောင်ရွက်ခဲ့တာရှိပါတယ်။ သို့သော်လည်းပဲ ယနေ့အထိ ထိထိ ရောက်ရောက် ထဲထဲဝင်ဝင်ဆောင်ရွက်တာမရှိတဲ့အတွက်ကြောင့်မို့လို့ ထိထိရောက်ရောက် ထဲထဲ ဝင်ဝင်ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဧရာဝတီမြစ်နှင့် ငဝန်မြစ် အား ကာရံထားသော ရေကာတာများအား ယခုရောက်ရှိမည့် မိုးရာသီတွင် ပြည်သူများ စိုးရိမ်ပူပန်မှု မရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမည့်ပွင့်လင်းရာသီတွင် တာတမံ များကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဒေါက်တာစိန်မြအေး(ဒလမဲဆန္ဒနယ်)က ဆွေးနွေးခြင်း             လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ရောင်းရင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီး များခင်ဗျား။ ကျွန်တော်ကတော့ ဒလမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး ဖြစ်ပါတယ်။ လေးမျက်နှာမဲဆန္ဒနယ်က ဦးဇော်မင်းသိန်းရဲ့အဆိုကို ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ Power Point အသုံးပြုခွင့်ပေးပါခင်ဗျ။ ဒါကတော့ ကုလသမဂ္ဂ OCHA ဆိုတဲ့အဖွဲ့အစည်းကြီးက မြန်မာနိုင်ငံရေဘေးနှင့်ပတ်သက်လို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားတဲ့ပုံဖြစ်ပါတယ်။ ဒီပုံရဲ့ထူးခြားချက်ကတော့ အဲဒီအချိန် တုန်းက ထိခိုက်တဲ့လူဦးရေဟာ ၁.၁ သန်း၊ သေတဲ့လူဦးရေက ၁၀၃ ဦး၊ ထိခိုက်တဲ့အိမ်ပေါင်းဟာ ၁၅၂၃၉ အိမ် မြန်မာနိုင်ငံရဲ့လူဦးရေ လေးပုံတစ်ပုံကျော်ဟာ ထိခိုက်ပြီးတော့ လယ်မြေဧက ၁.၁ သန်း ပျက်စီးသွားပြီးတော့ အနီရင့်ရောင် ဖြစ်တဲ့ဧရိယာတွေဟာ မြို့နယ်တစ်မြို့နယ်မှာ ၂၅၀၀၀ အထက် ထိခိုက်တဲ့နေရာတွေဖြစ်ပါတယ်။ အဲဒီ နေရာတွေကိုကြည့်ရင် ဧရာဝတီတိုင်းဒေသကြီးဟာ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ယနေ့ ရောက်ရှိလာတဲ့သတင်းအရ DBV News တွေအရဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်မှ လူပေါင်း ၁၃၀၀၀၀ ခန့်ဟာ ရေဘေးဒဏ်ခံနေရပြီဆိုပြီးတော့ ၂၀၁၆ ခုနှစ်မှာလည်း လောလောဆယ် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုဟာဖြင့် အင်မတန် အရေးကြီးပြီးတော့ အင်မတန် ထောက်ခံသင့်၊ ထောက်ခံထိုက်တဲ့အဆိုဖြစ်ပါတယ်။

ကမ်းပါးရေတိုက်စား သွားတဲ့ပုံပါ။ ကျွန်တော်တို့အဖွဲ့ သွားရောက်ကြည့်ရှုတဲ့ပုံပါ။ သဲဂူလိုဏ် ဖြစ်သွားတဲ့ပုံပါ။ ရေထိန်းနံရံပြို ပြီးတော့ တိုက်စားသွားတုန်းက ရင်တထိတ်ထိတ်နဲ့လူတွေပါ။ ပြုပြင နေခြင်းကို သွားရောက်ကြည့်ရှုတဲ့ ပုံပါ။ ဒီမှာ ကျွန်တော် သင်ခန်းစာယူစရာရှိလို့ ဒါလေးကို အကျဉ်းချုပ်တော့ တင်ပြပါရစေ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့ အခါမှာ အခုနက တင်ပြသွားသလိုပဲ နိုင်ငံတော်အစိုးရကို အချိန်မီတင်ပြပေမယ့် ပြည်သူလူထုက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကို တင်ပြတဲ့အခါမှာ လာရောက်ပြင်ဆင်တဲ့အခါမှာလည်းပဲ အခုနတုန်းက သဲဂူလိုဏ်အစား သဲအိတ်သာ ဖြည့်သွားတဲ့အနေအထားဟာ ကျွန်တော်တို့ ဖြစ်နေကျ အခြေအနေဆိုတာ တင်ပြချင်ပါတယ်။ ဒါကတော့ ဧရာဝတီမြစ်ကြီးရဲ့ ၂၀၁၃ ခုနှစ်အခြေအနေနဲ့ ၂၀၁၅ ခုနှစ်အခြေအနေကို နှိုင်းယှဉ် တဲ့ပုံပါပဲ။ အဲဒါကလည်း ဧရာဝတီတိုင်းဒေသကြီးမှာ ဒီနေရာမှာပဲ ကျွန်တော်တို့ နှိုင်းယှဉ်ထားတဲ့ပုံ ဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တဲ့သဘောက ရေဘေးအန္တရာယ်ဟာ အခုအချိန်ဆိုလို့ရှိရင်၊ ၂၀၁၆ ခုနှစ်ဆိုလို့ရှိရင် ဒီထက်တောင် ကျယ်ပြန့်လာနိုင်တဲ့အနေအထားရှိ တယ်ဆိုတဲ့သဘောကို တင်ပြခြင်း ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုတာဟာ အချိန်မရွေးလာနိုင်ပါတယ်။ ချိန်းဆိုထားတာမဟုတ်ပါဘူး။ ထိန်းချုပ်၍မရပါဘူး။ သဘာဝဘေးအန္တရာယ်ကို လူသားတွေက ကြိုသိနေလို့ရှိရင်တော့ ကြိုစီမံပြီး တော့ မပေါ့လျော့ဖို့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုလည်း နိုင်ငံတော်အစိုးရများဟာ တိုင်းပြည် အပေါ်မှာ ကတိတည်ပြီးတော့ စေတနာထားဖို့လိုအပ်ပါတယ်။ ဒါကတော့ စေတနာမထားခဲ့၊ ပေါ့လျော့ ခဲ့တဲ့အတွက်၊ ကတိပျက်ခဲ့တဲ့အတွက် မနှစ် ၂၀၁၅ ခုနှစ်က မြန်မာ့ရေဘေးအခြေအနေပြထားတဲ့ ပုံတွေဖြစ်ပါတယ်။ ဒီပေါ့လျော့မှုတွေကြောင့် ကမ္ဘာ့မီဒီယာတွေမှာ ကျယ်ပြန့်စွာသတင်းရေးသားခြင်း ခံခဲ့ရတဲ့ပုံဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတကာမှ အကူအညီပေးရန် ဆွေးနွေးနေတဲ့ပုံဖြစ်ပါတယ်။ ဒီပုံမှာ ထူးခြားချက်ရှိပါတယ်။ ကျွန်တော်တို့ ဒီလိုပေါ့လျော့ခဲ့တဲ့အတွက် Myanmar admit respond to the floating disaster work weak a field for International Assistant ဆိုပြီးတော့ အပြည်ပြည် ဆိုင်ရာမှာ ဝန်ခံပြီးတော့ ကူညီတောင်းခံနေရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဆုံးသတ် ပြောရမယ်ဆိုလို့ရှိရင်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူရွေးချယ်ထားတဲ့၊ ပြည်သူကို အလုပ်အကျွေးပြုမယ့် တာဝန်ခံထားတဲ့အစိုးရပေါ်ပေါက်လာပြီး ရေဘေးအန္တရာယ်ဆိုတာ မြန်မာ့ကင်ဆာဖြစ်နေတဲ့အခြေ အနေမျိုးမှာ ဒီအဆိုတင်တာနောက်ကျသလိုဖြစ်လို့ ဒီနှစ်မမီရင်တောင်မှ ၂၀၁၅ ခုနှစ်ကလို ဆိုးကျိုး တွေ လာမယ့်လာမယ့်နှစ်တွေမှာမကြုံရအောင် ကတိတွေပေးထားရင်လည်း တည်တယ်ဆိုတဲ့ ဂုဏ်သိက္ခာကိုရအောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကာတာများသာမက တစ်ပြည်လုံးမှာ ရှိတဲ့ ရေဘေးကြုံနိုင်တဲ့နေရာဒေသတွေကို ဘေးဆိုးတွေမကြုံရလေအောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်အစီအမံများ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းတဲ့အဆိုကို ထောက်ခံကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးစစ်အေး(တောင်သာမဲဆန္ဒနယ်)ကဆွေးနွေးခြင်း      လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းနှင့်၊ ဧည့်သည်တော်အပေါင်း မင်္ဂလာပါလို့ ကျွန်တော် နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်ရဲ့အဆိုကို ထောက်ခံသွားရင်းနဲ့ ကျွန်တော်ဟာ တစ်ချိန်တုန်းက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှာ ဒုတိယညွှန်ကြားရေးမှူး(စက်မှု)နှင့် အငြိမ်းစားဝန်ထမ်းဖြစ်တဲ့အတွက် အခုလက်ရှိ လေးလ သားအရွယ်သာရှိသေးတဲ့ ကျွန်တော်တို့အစိုးရရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနကိုလည်း ကျွန်တော် အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီကနေ့ မိုးရာသီရောက်တိုင်း ပြည်သူလူထုတွေ၊ ဆည်မြောင်းတာတမံတွေနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်ရတဲ့ အချက်က အဓိကအချက်ကြီးနှစ်ချက်လည်းရှိပါတယ်။ ပထမအချက်ကတော့ ဒီကနေ့အားလုံးသိတဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ထူးခြားတဲ့ မိုးရေချိန်တွေ၊ ထူးခြားတဲ့အပူချိန်တွေ ဖြစ်ပေါ်တဲ့ အတွက် ဆည်မြောင်းတာတမံတွေအတွက် စိုးရိမ်ပူပန်ရသလို ပြီးခဲ့တဲ့အစိုးရအဆက်ဆက်ရဲ့ မှားယွင်း ခဲ့တဲ့မူဝါဒတွေ၊ စီမံခန့်ခွဲမှုတွေ အဲဒီလိုအကြောင်းတွေကြောင့် ဒီကနေ့ ပြည်သူလူထုတွေဆည်မြောင်း နဲ့ပတ်သက်ပြီး စိုးရိမ်နေရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ အဲဒီအချိန်တုန်းက အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေရဲ့မူဝါဒတွေက ဆည်တစ်ဆည်ပြီးတစ်ဆည် ဖွင့်ရမယ် ဆိုတဲ့မူဝါဒဖြင့် တည်ဆောက်ရေးလုပ်ငန်းတွေကိုပဲ ဦးစားပေးပြီးခိုင်းခဲ့တယ်။ ကျွန်တော်တို့ ဆောက်ပြီး သားဆည်တမံတွေကို ထိန်းသိမ်းဖို့ ထိန်းသိမ်းရေးလုပ်ငန်းတွေ အားပေးမှုလျော့နည်းခဲ့တဲ့အတွက် ဒီကနေ့ ဆောက်ပြီးသားတာတမံတွေ၊ ဒီကနေ့ ရေကာတာတွေဟာ နှစ်စဉ် နှစ်စဉ်  ကျွန်တော်တို့ ထိန်းသိမ်းပြုပြင်သွားရမယ့်အစား တည်ဆောက်ရေးတွေပဲ လုပ်ပြီးတော့ ဒီထိန်းသိမ်းရေးလုပ်ငန်းတွေ လျစ်လျူရှုခဲ့လို့ ဆည်မြောင်းတာတမံ အားလျော့လာတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဒီကနေ့ အစိုးရလက်ထက်မှာ မှန်ကန်တဲ့မူဝါဒတွေနဲ့ တည်ဆောက်ရေးကြီးပဲ ဦးစားမပေးဘဲနဲ့ ဆောက်ပြီးသား Structure တွေ၊ တာတမံတွေခိုင်ခန့်အောင်၊ သက်တမ်းရှည်တည်မြဲအောင် ထိန်းသိမ်းရေးလုပ်ငန်း တွေကို ဦးစားပေးဆောင်ရွက်သင့်ပြီလို့ ကျွန်တော် အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့လူသားတွေတောင်မှ သက်ရှည်ကျန်းမာအောင်၊ သက်တမ်းစေ့နေနိုင်အောင် နေ့စဉ် အာဟာရဓာတ်မှီဝဲပြီး၊ ကျန်းမာရေးဂရုစိုက်ပြီး အသက်ရှည်ရာရှည်ကြောင်းကို လုပ်နေရသလိုပဲ ရုပ်ဝတ္ထုတွေ၊ တာတမံတွေကလည်း ရေရှည်သက်တမ်းရှည်သုံးနိုင်အောင် သူ့ကိုနေ့စဉ်ထိန်းသိမ်း၊ နှစ်စဉ်ထိန်းသိမ်းသွားမှ ဒါတွေဟာ သက်တမ်းစေ့အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- ဆည်တစ် ဆည်ရဲ့ သက်တမ်းကို ကမ္ဘာကသတ်မှတ်ထားတာ ယေဘုယျအားဖြင့် နှစ် ၅၀ ပါ။ အဲဒီနှစ် ၅၀ မှာ ဒီဆည်ကြီး၊ ဒီတမံကြီးတည်တံ့ခိုင်မြဲမှုအတွက် ထိန်းသိမ်းရေးလုပ်ငန်းဟာ နေ့စဉ်၊ လစဉ်၊ အပတ်စဉ်၊ နှစ်စဉ်တွေလုပ်သွားမှသာ ဒီဆည်ဟာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။ ဒါကြောင့် တကယ် တမ်းကျတော့ ဆောက်ခဲ့တဲ့ဆည်တွေကလည်း အရမ်းကာရော ဒုတိယဝန်ကြီးပြောသလို ဟင်းရွက် ကန်စွန်းလို သဘောထားပြီး ကျွန်တော်တို့ ဆောက်ခဲ့တာတော့မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဆည်တစ်ဆည်ဆောက်မယ်၊ တာတမံတစ်ခုဆောက်မယ်ဆိုရင် အဲဒီဒေသရဲ့ အချက် အလက်တွေ Investigation လုပ်ပြီးတော့မှ အထူးသဖြင့် မိုးရေချိန် နှစ် ၂၀၀ မိုးရေချိန်၊ နှစ် ၁၀၀၀ မိုးရေချိန်ဆို တာတွေကို Refer လုပ်ပြီးမှ ကျွန်တော်တို့ ဒီဆည်တမံတွေကို ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် လည်း ဒီကနေ့ကြုံတွေ့နေရတဲ့ ရာသီဥတုဖောက်ပြန်မှုတွေဟာ ကျွန်တော်တို့တွက်ထားတဲ့ မိုးရေချိန် တွေထက်ပိုလာတာ။ ပြီးခဲ့တဲ့နှစ်က ဇူလိုင်လမှာဖြစ်တဲ့ မုန်းတမံကြီးအုံကြီးဝမှာ ရေကျော် သွားတဲ့ ၃၇.၂၅ ပေ။ ကျွန်တော်တို့ ရေပိုလွှဲအထက်မှာ ပေ ၄၀ ပဲထားခဲ့တာ ၃၇ ပေကျော်အထိ တက်လာတယ်။ ဒါထူးခြားတဲ့မိုးရေချိန်တွေ ဖြစ်လာတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တမံတွေဟာ တည်တံ့ခိုင်မြဲအောင် Safety factors တွေနဲ့ ဆောက်ထားလို့သာ ဒီထူးခြားတဲ့မိုးရေချိန်တွေကို ခံနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော် တင်ပြချင်တာက တည်ဆောက်ရေးတွေကို ဦးစားပေးမယ့်အစား လက်ရှိဆည်တွေ၊ တမံတွေ၊ ရေကာတာတွေ မိုးရာသီရောက်တိုင်း ပြည်သူလူထု စိုးရိမ်ပူပန်မှုမရှိအောင် ဆောက်ပြီးသားဆည်တွေကို ထိန်းသိမ်းသွားဖို့ ဝန်ကြီးဌာနကို ကျွန်တော် တိုက်တွန်းပါတယ်။ အဲဒီလိုထိန်းသိမ်းနိုင်အောင်လည်း လိုအပ်တဲ့ရန်ပုံငွေ၊ ထိန်းသိမ်းရေးရန်ပုံငွေကို ပိုပြီးတော့ ဦးစား ပေးချပေးဖို့ ကျွန်တော် အဆိုပြုပါတယ်။ ဒါကြောင့် ကျွန်တော် အခုပြောသလိုပဲ ကျွန်တော်တို့ ဆည်/မြောင်းဌာနဟာ နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတွေနဲ့ ပြီးပြည့်စုံတဲ့ ဌာနကြီးဖြစ်တယ်။ ကျွန်တော်တို့ရဲ့လမ်းညွှန်မှုဆိုတာလိုပါတယ်။ လုပ်နိုင်စွမ်းရှိတဲ့ဌာနကြီးဖြစ်တဲ့ အတွက် ဝန်ကြီးဌာန အနေနဲ့ ဒီထိန်းသိမ်းရေးလုပ်ငန်းတွေကို ဦးစားပေးပြီးတော့ Drive လုပ်ပြီးခိုင်းဖို့ ကျွန်တော် ဒီနေရာကနေ တောင်းဆိုပါတယ်။ အဲဒီလိုပဲ လိုအပ်တဲ့ ထိန်းသိမ်းရေးရန်ပုံငွေတွေကိုလည်း ချပေးပါဆိုတာလည်း ကျွန်တော် တိုက်တွန်းပါရစေ။ အဲဒီလိုပဲ ဆည်/မြောင်းဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်း တွေကိုလည်း ကျွန်တော်တို့ ဆည်တွေဆောက်ခဲ့တာ အကျိုးမရှိဘူးလို့ အပြောမခံရအောင် ဒီနေ့ ပြည်သူလူထု ယုံကြည်မှုလျော့နည်းလာတာတွေကို ပြန်ပြီးဂုဏ်သိက္ခာဆယ်နိုင်အောင် ဆည်/မြောင်း ဝန်ထမ်းများကြိုးစားပါလို့ တိုက်တွန်းရင်း ကျွန်တော် ဦးဇော်မင်းသိန်းရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံအကြံပြုဆွေးနွေးအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးစိုးအောင်နိုင်(ကျုံပျော်မဲဆန္ဒနယ်)ကဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့်အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းရဲ့ အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကမ်းဘေးမှာရှိကြတဲ့မြို့နယ်တွေဟာ ရေကြီးရေလျှံရေလွှမ်းမိုးမှုဒဏ်တွေကို နှစ်စဉ် ခံစားနေ ကြရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူလူထုအများစုဟာ စိုက်ပျိုးရေးကိုအခြေခံပြီး အဓိကအသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြပါတယ်။ ယခုအခါမှာတော့ ဧရာဝတီမြစ်နှင့် ငဝန် မြစ်တို့ဟာ မြစ်ကြမ်းပြင်မြင့်တက်မှုနှင့် ရေစီးကြောင်းပြောင်းလဲမှုတို့ကြောင့် ကမ်းပြိုတိုက်စားမှုများ ဖြစ်ပေါ်လာပြီး မြစ်ကမ်းဘေးမှာရှိတဲ့ ပြည်သူလူထုဟာ စိုက်ခင်းများနှင့် အိုးအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြရတာတွေလည်း ရှိနေပါပြီ။ မြန်အောင်မြို့နယ်အတွင်းမှာရှိတဲ့ ကန်စွန်းခုံရေကာတာကလည်း မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးပြီး မူလရေကာတာမရှိတော့ဘဲ ပန်းတာအသစ်ကိုပဲ အားကိုးနေရတဲ့အခြေအနေဖြစ်ပါတယ်။ ရေကြည်မြို့နယ်အတွင်းမှာရှိတဲ့ ငသိုင်း ချောင်းရေကာတာမှာလည်း နှစ်စဉ်မိုးတွင်းကာလ ရေများတက်လာပါက ရေကာတာကျိုးပေါက်ပြီး ရေကြီးမှုမဖြစ်ရအောင် မြို့နေပြည်သူလူထုများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များစုပေါင်းပြီးတော့ အမြဲကြပ်မတ်ပြီးတော့ ရေကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရပါတယ်။ အခု ကျွန်တော် တင်ပြနေတဲ့အချိန်မှာပဲ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၊ မြို့များဟာ စိုးရိမ်ရေ အမှတ် ထက်ကို ကျော်လွန်နေတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ထိုသို့ ရေတက်ကာလများဆိုလျှင် မြစ်ချောင်းများအတွင်းမှာရှိတဲ့ ရေမျက်နှာပြင်များဟာ တာအတွင်းမှာရှိတဲ့ စိုက်ခင်းများ၊ လူနေ ရပ်ကွက်များရဲ့အထက်မှာကျော်လွန်ပြီးတော့ မြင့်တက်နေတာကိုလည်း စိုးရိမ်ဖွယ်တွေ့မြင်နေရ ပါတယ်။ ထို့အပြင် မြစ်ညှာအထက်ပိုင်းဒေသများမှ ရေများပြန်လည်ကျဆင်းလာပါက မြစ်ဝကျွန်းပေါ် ဒေသများမှာ ရေတက်နှုန်းက သိသိသာသာပိုတိုးလာတာကိုလည်း တွေ့ရပါတယ်။ ထိုသို့ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ မြစ်ကြမ်းပြင်မြင့်တက်လာမှုကြောင့် ဖြစ်ပါတယ်။ ထိုသို့မြစ်ကြမ်းပြင် များ မြင့်တက်လာတဲ့အခါမှာ ရေစီးကြောင်းပြောင်းလဲမှုနှင့် ကမ်းပြိုတိုက်စားမှုများမှာ ထပ်မံပြီးတော့ ပေါ်ပေါက်လာပါတယ်။ ထို့ကြောင့် ရေကြီးမှုဖြစ်စဉ်ကို လျှော့ချနိုင်ရန်နှင့် မြစ်ချောင်းများအတွင်း သွားလာလျက်ရှိသော လှေ၊ သင်္ဘောများ အန္တရာယ်ကင်းစွာသွားလာနိုင်ရန်အတွက် မြစ်ချောင်းများကို စနစ်တကျ ပြန်လည်တူးဖော်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း အဓိကဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။

          လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကမ်းမှာရှိတဲ့ ရေကာတာများ ဟာ နှစ်ပေါင်း ၁၅၀ ကျော်က တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက်၊ သက်တမ်းအားဖြင့် အလွန်ကြာမြင့်ပြီ ဖြစ်တဲ့အတွက် တာပေါင်များနိမ့်ကျခြင်း၊ ကြံ့ခိုင်မှုအားနည်းခြင်းများ ဖြစ်ပေါ်သလို ကြွက်၊ ခြနှင့် ပုရွက် စတဲ့ တွင်းအောင်းသတ္တဝါများရဲ့ ဖျက်ဆီးမှုဒဏ်ကြောင့် တွင်းများ၊ ချိုင့်များ၊ ဂူလိုဏ်များလည်း ဖြစ်ပေါ် နေကြပါတယ်။ ယခင်က မြစ်ရေကို ဟန့်တားထိန်းသိမ်းပေးမယ့် ကမ်းပတ်တာငယ်များ မြစ်အပြင်မှာ ရှိခဲ့ကြသော်လည်း ယခုအခါမှာ ကမ်းပြိုတိုက်စားမှုများကြောင့် ကမ်းပတ်တာငယ်များ လုံးဝမရှိတော့ ပါဘူး။ ဒါကြောင့်မို့လို့ မိုးတွင်းကာလမှာဆိုရင်တော့ ကျွန်တော်တို့ ရေကာတာများဟာ မြစ်ရေတိုက်စား မှုဒဏ်နှင့် လှိုင်းပုတ်ဒဏ်များကို တိုက်ရိုက်ခံစားနေကြရပါတယ်။ အကယ်၍ တစ်နေရာမှာသာ ကျိုးပေါက်ပြီး ရေကြီးမှုဖြစ်မယ်ဆိုရင်တော့ တာအတွင်းမှာရှိတဲ့ ဧကများစွာသောလယ်များနှင့် အခြား စိုက်ပျိုးသီးနှံများလည်း ဆုံးရှုံးကြရမှာဖြစ်သလို အဆောက်အဦပေါင်းများစွာနှင့် လူနေအိမ်များ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်း ဒုက္ခရောက်ကြရမှာပါ။

          လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၇၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းမှာ တာကျိုးပေါက်မှု လေးကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီထဲကမှ ၁၉၉၁ ခုနှစ် ထိန်ငူတာကျိုးပေါက်မှုဟာ မြို့နယ် ၁၀ မြို့နယ် ကိုရေကြီးနစ်မြုပ်ခဲ့ရပြီး များစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြယ်တိုက်ကုန်းတာကျိုးပေါက်မှုနဲ့ ပြီးခဲ့တဲ့ ၂၁-၇-၂၀၁၆ ရက်နေ့က လေးမျက်နှာ မြို့နယ်အတွင်း သုံးဆယ်ကျေးရွာနှင့် ဝဲခေါင်ကျေးရွာကြားမှာရှိတဲ့ ထိမ်ငူတာဟာ ပေ ၃၀၀ ခန့်        နိမ့်ကျသွားတဲ့ ဖြစ်စဉ်များကို ကြည့်မယ်ဆိုရင် လှိုင်းပုတ်ခြင်း၊ ရေတိုက်စားခြင်းတို့ကြောင့် မဟုတ်ဘဲနဲ့ တာအတွင်းမှာရှိတဲ့ ချိုင့်များအတွင်းသို့ ရေများစိမ့်ဝင်ပြီး တာမြေများရေနူးပြီး အလိုအလျောက်နိမ့်ကျ သွားခြင်းဖြစ်ပြီး တာတမံများဟာ ကြံ့ခိုင်မှုအလွန် နည်းပါးနေတာကိုလည်း တွေ့ရပါတယ်။ ယခုနှစ်ရဲ့ ရာသီဥတုအခြေအနေကို ကြည့်‌မယ်ဆိုရင်လည်း ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလများကို အယ်လ်နီညိုပြီးစီးပြီး လာနီညာမဝင်ရောက်ခင် ကြားကာလအဖြစ် ပညာရှင်များက သတ်မှတ်ကြပါ တယ်။ စက်တင်ဘာလနောက်ဆုံးပတ်တွင် ကြားနေအခြေအနေတစ်ခုမှ လာနီညာရာသီဥတုပြောင်းလဲမှု ကို စတင်ကြုံတွေ့ရမယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန်ကတော့ ကိုးလကနေ တစ်နှစ်အထိ ကြာမယ်လို့ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ရေကြီးကာလကိုလည်း ဇွန်လကို ပထမရေကြီးကာလ၊ ဇူလိုင်နှင့် သြဂုတ်လကို ဒုတိယရေကြီး ကာလနှင့် စက်တင်ဘာနှင့် အောက်တိုဘာလတွေကိုတော့ တတိယရေကြီးကာလများအဖြစ် သတ်မှတ် ထားပါတယ်။ မြန်မာနိုင်ငံရဲ့ တတိယရေကြီးကာလနှင့် လာနီညာရာသီဥတုဖြစ်ပေါ်မယ့်အချိန်ဟာ တိုက်ဆိုင်နေတာကြောင့် မိုးပိုမိုများပြားခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့မုန်တိုင်းများကို ပိုမို ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ကြောင့် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကမ်းမှာရှိတဲ့ ဒေသခံ ပြည်သူများဟာ ယခင်နှစ်ထက်ပိုမိုဆိုးရွားတဲ့ရေကြီးမှုကို ခံစားရမှာကို ထိတ်လန့်စိုးရိမ်နေကြပါတယ်။ ထို့ကြောင့် ယခုနှစ်မိုးရာသီအတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကမ်းတစ်လျှောက် ပြည်သူများ စိုးရိမ် ပူပန်မှုမဖြစ်အောင် ကြိုတင်စီမံထားရန်နှင့် လာမည့်ပွင့်လင်းရာသီတွင် တာတမံများ ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံအပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဦးခင်မောင်လတ်(မြန်အောင်မဲဆန္ဒနယ်)ကဆွေးနွေးခြင်း          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်‌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ လွှတ်တော်သို့တက်ရောက်လေ့လာသူ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုတောင်ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ဖြစ်ပါတယ်။ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း သိန်းရဲ့ ပြည်သူ့လွှတ်တော်သို့တင်သွင်းထားတဲ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ထောက်ခံသဘောတူဆက်စပ်တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ ငဝန်မြစ်ကို ကာရံထားတဲ့ ရေကာတာများဟာ ဧရာဝတီတိုင်းအတွင်းမှာ ဆိပ်သာ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော်၊ ငဝန်ရေကာတာဟာ လေးမျက်နှာ၊ ငသိုင်းချောင်း၊ ကျောင်းကုန်း၊ ကျုံပျော်၊ ကန်ကြီးထောင့်၊ ပုသိမ်၊ သာပေါင်းမြို့နယ်များစွာကို ဖြတ်သန်းပြီး တစ်ဆက် တစ်စပ်တည်း တည်ရှိနေတာဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ဆိပ်သာ၊ ကြံခင်းကိုဖြတ်ပြီး မြန်အောင်မြို့နယ်အတွင်းကို ၂၈ မိုင်ခန့် ထိစပ်စီးဆင်းပြီး ရေကာတာ အရှည်အားဖြင့် ၃၈ မိုင်ခန့် ရှည်လျားစွာ ဆက်စပ်တည်ရှိနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈၈၇ ခုနှစ် နှစ်ပေါင်း ၁၃၀ ခန့်က တည်ဆောက်ထားတဲ့ ရေကာတာကြီးဟာ တာအရှည် ပေ ၁၀၀၊ အမြင့် ၁၃ ပေမှ ၁၄ ပေ၊ တာအပေါ်မျက်နှာပြင် ၁၂ ပေခန့်၊ ပင်လယ်ပြင်မျက်နှာပြင်အထက် မြန်အောင်မြို့တွင် ၆၇ ပေခန့် BM ရေချိန်အမှတ်ငုတ်များယူပြီး စနစ်တကျတည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်အောင်မြို့အတွက် စိုးရိမ်ရေအမှတ် ၆၇ ပေ၊ အန္တရာယ်ရေအမှတ် ၇၂ ပေ၊ ကြံခင်း ၇၂၊ ၇၅ ပေ၊ အင်္ဂပူမှာ ၄၅ ပေမှ ၄၈ ပေ၊ ဟင်္သာတမှာ ၄၂ ပေမှ ၄၅ ပေ ပုံစံဖြင့်တည်ဆောက်ထားပြီး      ၁၀ မိုင်မှာ ၃ မိုင်နှုန်း မြေပြင် နိမ့်ဆင်းမှုနှုန်းနဲ့ တွက်ချက်တည်ဆောက်ထားတယ်လို့ မှတ်သားထားရပါ တယ်။ မြန်အောင်မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၆၉ အုပ်စုရှိတဲ့အနက် ၁၁ အုပ်စုဟာ တောင်တန်း ဒေသဖြစ်ပြီး ရွာပေါင်း ၅၁၇ ရွာအနက် ၆၀ ခန့်ဟာ တောင်ရိုးမြေမြင့်ဒေသဖြစ်ပါတယ်။ ကျန်တဲ့ ရွာပေါင်း ၄၅၀ အနက် မြို့ပေါ်ရပ်ကွက်နေပြည်သူပေါင်း ၁၇၀၀၀၀ ကျော်နဲ့ စိုက်ပျိုးမြေ ၁၅၀၀၀၀ ကျော်ဟာ ဧရာဝတီမြစ်ရိုးတာကြီးက ကာကွယ်စောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။ ဒီလို မြို့ပြနဲ့ ကျေးရွာ ပြည်သူများရဲ့ အသက်အိုးအိမ်များ၊ စိုက်ပျိုးမြေများ၊ စီးပွားကုန်ထုတ်လုပ်ငန်းများ၊ လူမှုဝန်းကျင်ဝန်ဆောင်မှုလုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ရေကာတာများဟာ ကျွန်တော်တို့ မြို့နယ်များရဲ့ မြို့ရိုးတံတိုင်းကြီးများအဖြစ် တည်ရှိနေပါတယ်။ နှစ်ပေါင်း ၁၃၀ ခန့်အတွင်း အသက်အရွယ်ရလာတဲ့ တာကြီးများမှာ ကျိုးပေါက်၊ ပြိုကျပျက်စီးမှုများ ရှိခဲ့ပါတယ်။ ဥပမာ မြန်အောင်မြို့နယ်အတွင်းမှာ မန်ကျီးစု၊ ကန်စွန်းခုံ၊ ငါးဘတ်ချောင်း၊ ဂျိုချောင်း၊ သပြေကုန်း၊ ကျွဲခေါင်းကြီးဒေသများဟာ ပန်းတာသစ်များနှင့် အစားထိုးကာရံတည်ဆောက်ခဲ့ရပါတယ်။ အစားထိုး တည်ဆောက်ထားတဲ့ ပန်းတာသစ်များဟာ မြေသစ်တာတမံများဖြစ်တဲ့အတွက် ကြံ့ခိုင်မှုအားနည်းပြီး တာထုထည်နှင့် တာအရပ်အမောင်း မကောင်းခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် မြစ်ရေလျှံတက် ချိန်မှာ မြစ်ရေများဖြတ်ကျော်မည်ဖြစ်တဲ့အတွက် သဲအိတ်များဆင့်ပြီး ကာကွယ်ထားရခဲ့သည်လည်း ရှိပါတယ်။ မြန်အောင်မြို့မြောက်ဘက် မန်ကျီးစုတာထိပ်အနီးမှာ ပန်းတာအသစ်နဲ့ ကျိုးပျက်သွားတဲ့ မူလတာအဟောင်းဆုံရာမှာလည်း ကမ်းနဲ့တာကြီးအောက်ခြေဟာ ပေ ၃၀ ခန့်ပင် မပြည့်ချင်တော့ပါ။ ဆက်လက်ပြိုကျဆဲဖြစ်ပါတယ်။ ပြည်သူများရဲ့ စိတ်အစဉ်မှာ မြစ်ရေမတက်ခင်ကပင် စိုးရိမ်ရေ အမှတ်ရောက်ပြီး ပူလောင်နေကြရပါတယ်။ ဧရာဝတီရေကာတာကြီးရဲ့ အသက်အရွယ်အရ ရေကာတာကြီးရဲ့ကြံ့ခိုင်မှုဟာ သံသယရှိစရာ ကောင်းလှပါတယ်။ ၂၀၁၅ ခုနှစ် မြစ်ရေကြီးချိန်မှာ မြန်အောင်မြို့နယ်တစ်ခုတည်းတွင်ပင် ရေကာတာကြီးရဲ့အောက်ခြေမှ ထူးပေါက်၊ စိမ့်ပေါက်တွေက ရေဝင်ရောက်လာမှုကြောင့် ရေခွေများတည်ဆောက်ပြီး အရေးပေါ်ထိန်းသိမ်းခဲ့ရပါတယ်။ ရေခွေ    ခွေထားတဲ့နေရာပေါင်း ၄၀ ကျော် ရှိခဲ့ပါတယ်။ ဒီရေကာတာကြီးရဲ့ ရေဝင်၊ ရေထွက်၊ ရေတံခါး ပေါက်ကြီးများဟာ မြို့ရိုးတံခါးကြီးများနဲ့တူပါတယ်။ တံခါးပေါက်ကြီးရဲ့ တံခါးများရေလုံစည်း၊ လိုင်နင်များ ဆယ်စုနှစ်များစွာချီပြီး စနစ်တကျပြင်ဆင်ထိန်းသိမ်းထားနိုင်ခြင်းမရှိတဲ့အပြင် ခေတ်မီစနစ် များနှင့် အသစ်လဲလှယ်အစားထိုးတပ်ဆင်နိုင်ခြင်းမရှိခဲ့တာကြောင့် ရေယိုစိမ့်မှုများ၊ အဖွင့်အပိတ် မလွယ်ကူခြင်းများ ဖြစ်ပေါ်နေပါတယ်။ တစ်ပွဲထိုးတစ်နှစ်ခံနည်းပညာများနဲ့သာ ထိန်းသိမ်းနေရသည် လည်းရှိပါတယ်။ ကြံခင်းမြို့နယ်အတွင်းမှာ တိုက်ကြီးရေတံခါး၊ မြန်အောင်မြို့နယ်အတွင်းမှာ စပါးကရို ရေတံခါး၊ လေးမိုင် မာလကာကုန်းရေတံခါး၊ မင်္ဂလာတံတားတံခါး (၁)၊ (၂)၊ အိုးဘို၊ အိုင်ကလော၊ ညောင်ဝင်း၊ သပြေကုန်းရေတံခါးများဟာ သက်သေအဖြစ် ယနေ့တိုင်တည်ရှိနေပါတယ်။ ကမ္ဘာကြီး ဟာ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ စက်ရုံမီးခိုးငွေ့များကြောင့်လည်းကောင်း၊ သစ်တောသယံဇာတ ပြုန်းတီးမှု ကြောင့် လည်းကောင်း၊ ကမ္ဘာကြီးရဲ့ရာသီဥတုဟာ ပြောင်းလဲခဲ့ပါတယ်။ တောင်ပြိုပြီး မြစ်ကြမ်းပြင်များ မြင့်တက်ခဲ့ပါတယ်။ အစွန်းရောက်ရာသီဥတုဖြစ်ပေါ်နေချိန်မှာ ရုတ်တရက် မိုးများ၊ ရေများ၊ ဖိအား များစွာရဲ့ဒဏ်ကို တာတမံကြီးရင်ဆိုင်ရမယ့်အရေး ပြည်သူတွေတွေးပြီးလည်း စိတ်ပူနေပါတယ်။ ကျွန်တော်တို့တာတမံကြီးတွေ ကျန်းမာရေးကောင်းပါမှ၊ အနာရောဂါများကို ကြိုတင်ကုသထားနိုင်ပါမှ ကျွန်တော်တို့ပြည်သူတွေ ဘေးကင်းလုံခြုံမှာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီနဲ့ ငဝန်ရေကာတာကြီးများ၊ တာရိုးများရဲ့နောက်ကွယ်မှာ မြို့နယ်များမှပြည်သူများနဲ့ ၎င်းတို့ရဲ့ အကျိုးစီးပွား၊ အသက်အိုးအိမ်များစွာဟာ တစ်စုတစ်စည်းတည်း ခိုလုံနေပါတယ်။ မြို့ရိုးကြီးလည်း ခိုင်ခံ့ပါစေ၊ မြို့တံခါးများလည်း လုံခြုံစိတ်ချရပါစေလို့ ပြည်သူများက အမြဲဆုတောင်းနေရပါတယ်။ ရေတံခါးကြီးဘက်မှ ရပ်တည်ပြီး အားပြိုင်လက်တွဲဆင်နွှဲဖို့ ပြည်သူတွေ အသင့်အနေအထားမှာရှိပါ တယ်။ မိုးသံ၊ ရေသံကြားကတည်းက လူတွေရဲ့ စိုးရိမ်ရေအမှတ်ဟာ အမြဲမြင့်တက်နေပါတယ်။ နိုင်ငံတော်အနေနဲ့၊ ပြည်ထောင်စုအစိုးရအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် စိုးရိမ်ရေအမှတ်ကျဆင်းပြီး နှလုံးစိတ်ဝမ်း အေးချမ်းသာယာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးဇော်မင်းသိန်းရဲ့အဆိုအား လေးလေးနက်နက် တိုက်တွန်းကြောင်း ‌ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ဦးအုန်းလွင်(ညောင်တုန်းမဲဆန္ဒနယ်)ကဆွေးနွေးခြင်း      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လေးမျက်နှာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းရဲ့အဆိုဟာ ကျွန်တော့်‌မြို့နယ်ရဲ့ဖြစ်စဉ်နဲ့ ထပ်တူနီးပါး တူညီ နေတဲ့အတွက် ကျွန်တော်ညောင်တုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်မှ ထောက်ခံအကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအချိန်ဟာ မိုးကျသည်ဆိုတာနဲ့ ကမ်းပြိုခြင်း၊ သောင်ထွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်းများဟာ ဧရာဝတီမြစ်နဲ့ပတ်သက်နေတဲ့ မြို့တော် တော်တော်များများမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတစ်ခုဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ ကျွန်တော့် မဲဆန္ဒနယ်မြေဖြစ်တဲ့ စံကင်းကျွန်းပတ်တာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တင်ပြ ဆွေးနွေးလိုပါတယ်။ စံကင်းကျွန်းဟာ ညောင်တုန်းမြို့ရဲ့မြောက်ဘက် ဧရာဝတီမြစ်ရဲ့အရှေ့ခြမ်းမှာ ရှိပြီးတော့ ဧရာဝတီမြစ်ခွဲ ပန်းလှိုင်မြစ်နဲ့ အရှေ့ဘက်ဘောလယ်မြစ်ကြားမှာ တည်ရှိပါတယ်။ ကျေးရွာအုပ်စု ပေါင်း ၁၈ အုပ်စုနဲ့ လူဦးရေ ၆၂၀၂၇ ဦးနေထိုင်ပြီး စိုက်ဧကမိုးစပါး ၁၉၉၇၀ ဧက၊ နွေစပါး ၁၆၇၅၀ ဧက၊ ဆောင်းသီးနှံ ၁၉၅၀၀ ဧကနဲ့ ငါးမွေးကန်ဧရိယာ ၁၃၀၄၀ ဧကနဲ့ အ.ထ.က(ခွဲ) သုံးကျောင်း၊ အ.လ.က ငါးကျောင်းနဲ့ အ.မ.က ၇၂ ကျောင်း၊ ၁၆ ခုတင်ဆံ့ အင်းမတိုက်နယ်ဆေးရုံ တစ်ရုံနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှစ်ခုတို့အပြင် ဒီစံကင်းကျွန်းပတ်တာကို အကာအကွယ်ယူပြီး အသက်မွေးဝမ်းကျောင်းပြုလျက်ရှိပါတယ်။ အခုအခါ ကျွန်းပတ်တာရဲ့ သက်တမ်းကြာမြင့်ခြင်း၊      မြစ်ကြမ်းပြင်မြင့်တက်လာပြီးတော့ မြစ်အလယ်ခေါင်မှာ သောင်ထွန်းခြင်း၊ မြစ်ကြောင်းထိန်းသိမ်းခြင်း လုပ်ငန်းများအားနည်းခြင်းတို့ကြောင့် မိုးအခါရေတိုက်စားမှုဒဏ်ကို ခံနိုင်ခြင်းမရှိတော့ဘဲနဲ့ အချို့ နေရာ ဥပမာ ပါလှဲ့၊ တာဝရွာတွေမှာဆိုရင် တာခြေကပ်ပြီးတော့ ကမ်းပြိုတိုက်စားတဲ့အထိ ဖြစ်ပေါ် နေပါတယ်။ အခုအခြေအနေမှာဆိုရင် တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့ကလည်း လာရောက်ပြီးတော့ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများတွေကို ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ် တွေဟာ တစ်နှစ်တည်းမဟုတ်ဘဲ မိုးကျပြီဆိုတာနဲ့ မြစ်ကမ်းပါးပြဿနာစတင်လာပါတယ်။ ရွာများမှာ လည်း မကြာခဏ ‌ပြောင်းရွှေ့ရခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ပန်းတာနှစ်စဉ်တစ်ရပ်တည်ဆောက်ရ သလို ငွေကြေးကုန်ကျများလွန်းပြီးတော့ ကျေးလက်ပြည်သူများမှာလည်း နေ့မအိပ်ရ၊ ညမအိပ်ရနဲ့ ကြုံတွေ့နေရပါတယ်။ ဒုတိယအချက်အနေနဲ့ ကျွန်တော့်‌မြို့နယ်မှာလည်း အလားတူဖြစ်ပါတယ်။ ညောင်တုန်းမြို့ဟာ ၂၁-၁၀-၁၈၈၄ ရက်စွဲပါ ဗြိတိသျှ-မြန်မာ ပြန်တမ်း အပိုဒ် ၁ အထွေထွေဌာန အမိန့် ကြော်ငြာစာအမှတ်(၃၃၃)အရ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ ၁၈၈၅ ခုနှစ်မတိုင်မီ ၁၈၈၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ၂၁ ရက်နေ့မှာ မြို့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။ မြို့ဟာ ထိုအချိန်ကတည်းက ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဘက်အခြမ်းမှာ အရှေ့နဲ့အနောက် မြစ်နဲ့ယှဉ်ပြီး တည်ရှိလျက်ရှိပါတယ်။ မိုးတွင်းကာလမြစ်ရေဝင်ရောက်မှုမရှိစေရန် မြို့ရဲ့အရှေ့ဘက်နဲ့ တောင်ဘက်ရှိ ဆည်မြောင်းဦးစီးဌာနပိုင်ရေကာတာနှင့် ဆက်ပြီး ပ ပုံသဏ္ဌာန်မြူနီစပယ်ရေကာတာ တည်ဆောက်ထားပါတယ်။ ရန်ကုန်မှ ရေလမ်းခရီး ၆၆ မိုင်ရှိပြီး ယခင် ဧရာဝတီသင်္ဘောကြီးများ ဝင်ထွက်သွားလာတဲ့မြို့ ဖြစ်ပါတယ်။ ယင်းသို့နှစ်ကာလကြာရှည်စွာနေလာခဲ့သော်လည်း ၁၉၈၂-၁၉၈၃ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး သောင်တူးသင်္ဘောနှစ်စင်းဖြင့် Yandoon Pilot Channel ညောင်တုန်းရေခေါ်တူးမြောင်းအား တူးဖော်လိုက်တာဟာ ၁၉၈၈ ခုနှစ်မှာ စတင်ပြီး မြို့ကို မြစ်ရေ တိုက်စားပြီး မြို့ပတ်တာရဲ့ အပြင်ဘက်မှာရှိတဲ့ သမဝါယမသိုလှောင်ရုံများ၊ ပြည်သူ့သစ်ဆိုင်များ၊ လွတ်လပ်ရေးကျောက်တိုင်၊ မူလတန်းကျောင်းနဲ့ လူနေအိမ်များ ကမ်းပြိုရာမှာပါသွားခဲ့ပါတယ်။ ၁၈၈၉ ခုနှစ် မိုးရာသီမှာတော့ မြို့ရှိ (၈)လမ်းနှင့် (၂၅)လမ်းထိပ် မြစ်ကမ်းနဲ့ ရေကာတာကြား အဆောက်အဦများ၊ (၂၅)လမ်းနဲ့ (၄၁)လမ်းရှိ မြို့ပတ်ရေကာတာအတွင်းဘက် မြိုထဲလူနေအိမ် ရပ်ကွက်လေးခြံတွဲအထိ ကမ်းပြိုရာမှာ ပါသွားသဖြင့် လူနေရပ်ကွက်အချို့ အိမ်များ‌ပြောင်းရွှေ့ပြီး တော့ မြို့ပတ်ရေကာတာအသစ်တစ်လုံး တည်ဆောက်ခဲ့ရပါတယ်။ သက်ဆိုင်ရာနိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရရဲ့ထည့်ဝင်ငွေ၊ မြို့လူထုရဲ့ထည့်‌ဝင်ငွေ၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးထည့်ဝင်ငွေတို့ဖြင့် မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများ၊ နုန်းဖမ်းတန်းများ ဝါယာဖမ်း၊ ရေလွှဲတန်းများ ကလုံးများကို နှစ်စဉ် ကျပ်သိန်းပေါင်းရာနဲ့ချီပြီး သုံးစွဲခဲ့ပါသော်လည်း ယခုအချိန်အထိ တစ်နှစ်မျှစိတ်မအေးရပါ။ ကာကွယ်ရေးလုပ်ငန်းများ မနိုင်မနင်းဖြစ်ပြီး ပရိတ်ကြိုး တားပြီး နေခဲ့ရတဲ့နှစ်တောင်ရှိခဲ့ပါတယ်။ ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်ပေါ်လာလို့ တာမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် (၉)လမ်းနှင့်‌ (၁၁)လမ်းရှိ တာအလုံးလိုက် အိဆင်း သွားသဖြင့် ပြည်ထောင်စုသီးသန့်ရန်ပုံငွေမှ ကျပ် တစ်ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ပြိုကျတဲ့နေရာမှာ စိတ်ချရပြီးတော့ ကျန်လမ်း(၃၀)နှင့်(၄၁)လမ်းရှိ ကမ်းပြို၊ ကမ်းအိဖြစ်ကာ စိတ်မချရတဲ့အနေအထားဖြစ်ကာ ကာကွယ်ရေးလုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြားဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တပ်မတော်သားများ ပူးပေါင်းကာကွယ်နေရပါ တယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်အချုပ်ပြောချင်သည်မှာ နှစ်စဉ်ရေထဲသို့ နိုင်ငံတော်ပိုက်ဆံ အမြောက်အမြားချပြီး သုံးစွဲနေပါသော်လည်း တစ်ပွဲထိုးလုပ်ဆောင် နေသလိုဖြစ်ပြီး ပိုက်ဆံသာကုန်ပြီး တစ်နှစ်မျှ စိတ်မအေးရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ သို့ပါ၍ ပိုက်ဆံထိထိရောက်ရောက်အကုန်ခံပြီး ရေရှည်တည်တံ့မည့်အစီအမံများချမှတ်ပြီး ဧရာဝတီ မြစ်ကြီးအား ရေစီးရေလာကောင်းမွန်ပြီး သာယာလှပသော မြို့ဆိပ်ကမ်းများပေါ်ထွန်းလာနိုင်ရန် အတွက် လေးမျက်နှာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးေ‌ဇ်ာမင်းသိန်းရဲ့အဆိုကို အလေး အနက်ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံး သောကကင်းစွာအိပ်စက်နိုင်ကြပါစေ။

ဦးရွှေလှကြိုင်(ကန်ကြီးထောင့်မဲဆန္ဒနယ်)က ဆွေးနွေးခြင်း                 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြသော ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့််‌စုံပါစေလို့ ဦးစွာပထမဆန္ဒပြု အပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်  ဦးရွှေလှကြိုင် ဖြစ်ပါတယ်။ လေးမျက်နှာမဲဆန္ဒနယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်း တင်သွင်းသွားတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထားသော ရေတာတာများအား ယခုရောက်ရှိသည့်မိုးရာသီတွင် ပြည်သူများ စိုးရိမ်ပူ ပန်မှုမရှိ ရအောင် ကြိုတင်အစီအမံများချမှတ်ထားရှိရေးနှင့် လာမည့််‌ပွင့်လင်းရာသီတွင် တာတမံများကြံ့ခိုင်မှု ရှိရန် ဆောင်ရွက်ရေးအတွက်ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီမြစ်နှင့်ငဝန်မြစ် ရေကြီး ရေလျှံမှုကြောင့် ငဝန်မြစ်အားကာရံထားသော ရေကာတာများကျိုးပေါက်မှုရှိခဲ့သဖြင့် လေးမျက်နှာ မြို့နယ်တစ်ခုလုံးနှင့် အခြားမြို့နယ်များရေလွှမ်းမိုးမှု၊ ပျက်စီးဆုံးရှုံးခဲ့ရသလိုပဲ  ကျွန်တော်တို့ ကန်ကြီးထောင့်မြို့နယ်လည်းပဲ အလားတူစွာ ရေနစ်မြုပ်ခြင်းကို ခံစားခဲ့ရပါတယ်။ Power Point အသုံးပြုခြင်းခွင့်ပြုပါခင်‌ဗျား။ ဒါကတော့ ၂၀၁၄ ခုနှစ်တုန်းက ငဝန်မြစ်ရေ ရေကြီးရေလျှံမှုကြောင့် ကန်ကြီးထောင့်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ကံ့ကော်တန်းရေကာတာကျိုးပေါက်ပြီးတော့ ရေအလုံး အရင်းဖြင့်ဝင်လာတဲ့အတွက်ကြောင့်၊ ရေတိုက်စားမှုကြောင့် အိမ်ကြီးတစ်လုံးရေထဲမြောပါသွားပြီးတော့ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တိုက်နယ်ငါးခုစလုံးကို ရေလွှမ်းမိုးခံခဲ့ရပါတယ်။ ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်မှာရှိတဲ့ ရွာသစ်ကုန်းရွာအနီးရှိ သံကူကွန်ကရစ်တံတားမှာလည်းပဲ ရေတိုက် စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး စိုက်ပျိုးပြီးမြေနေရာဧက ၂၀၀၄၇၀ ဧက ကာလတန်ဖိုးအားဖြင့် သန်း ၂၄၅၆.၄၀ သန်း ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။

          ဒါကတော့ ၂၀၁၂ ခုနှစ် ငဝန်မြစ်ရေကြီးပြီး ရွေးကျေးရွာအနီးမှ ရေကာတာကျိုးပေါက် သဖြင့် အချိန်မီဆည်ဖို့နိုင်ခဲ့တဲ့အတွက်ကြောင့်‌ ပျက်စီးဆုံးရှုံးမှုအနည်းငယ်သာ ရှိခဲ့ပါတယ်။ စိုက်ပျိုးပြီး သီးနှံဧက ၅၀ ခန့်ပျက်စီးပြီးတော့ ကာလတန်ဖိုး သန်း ၆.၄၄ သန်းရှိတယ်လို့ မှတ်တမ်းများအရ သိရ ပါတယ်။ ဒါကတော့ ၂၀၁၅ ခုနှစ် ငဝန်မြစ်ရေကြီးရေလျှံမှုကြောင့် တကာ့ကျေးရွာအုပ်စု၊ ကိုးနဝင်း ကျေးရွာအနီးမှာ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ်(၂၂/၅)မှ(၂၂/၇)အကြား လမ်းမပေါ်မှာ ရေလျှံခြင်းဖြစ်ပါတယ်။ ကားလမ်းမကြီးပေါ်မှာ နှစ်ပေခန့်ရေကျော်ပြီးတော့ စီးဝင်ခဲ့တဲ့ အတွက်ကြောင့် ဒါးကတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုခုနစ်အုပ်စု ရေလွှမ်းမိုးခြင်း ခံခဲ့ရပါ တယ်။ ဒါးကကျေးရွာမှ ရွေးကျေးရွာအုပ်စုသို့ ဆက်သွယ်သော ရှည်လျားသော ကမ်းပတ်တာ   ၁၁.၅၇ မိုင်ရှိသော ရေကာတာမှာ ရွေးကုန်းကျေးရွာအနီးမှာ ကျိုးပေါက်မှုရှိခဲ့သဖြင့် ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ငါးမွေးကန်များ၊ တောင်သူများ စိုက်ပျိုးပြီးသော စပါးခင်းများ စိုက်ဧက ၅၀၂၄ ဧက ရေကြီးနစ်မြုပ်ပျက်စီးခဲ့ပြီးတော့ ကာလတန်ဖိုးအားဖြင့် ၆၄၈.၀၉၆ သန်း ဆုံးရှုံးတယ်လို့ မှတ်တမ်းများအရ သိရှိပါတယ်။ သို့ပါ၍ ထိန်းသိမ်းစောင့်‌ရှောက်မှု အားနည်းပြီး တော့ ယခုကဲ့သို့ရေကာတာများ ကျိုးပေါက်၍ ရေကျော်ရေလျှံခြင်းများအပေါ် ပြည်သူများစိုးရိမ် ထိန့်လန့်ရသဖြင့် ရေကာတာများ ကြံ့ခိုင်မှုရှိစေရန်အတွက် ဆောင်ရွက်ပေးရေးကို လေးမျက်နှာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို လေးနက်စွာထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ အားလုံး ကျေးဇူးတင်ပါတယ်။

ဒေါ်အေးမြမြမျိုး(ကျောက်တန်းမဲဆန္ဒနယ်)က ဆွေးနွေးခြင်း               အားလုံးမင်္ဂလာပါရှင်။ ကျွန်မက တော့ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ဖြစ်ပါတယ်ရှင်။ လေးမျက်နှာမဲဆန္ဒနယ်က ဦးဇော်မင်းသိန်း တင်သွင်းသွားတဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ရေကာတာတွေကျိုးပေါက်မှာကို စိုးရိမ်တဲ့အထဲမှာ ဧရာ ဝတီတိုင်းဒေသကြီးမှာ မှီတင်းနေထိုင်ကြတဲ့ လုပ်သားပြည်သူများသာမကပါဘူး။ ကျွန်မတို့ တစ်နိုင်ငံ လုံးမှာနေထိုင်တဲ့ ပြည်သူတွေလည်းပါဝင်ပါတယ်။ မနှစ်က ဒီလိုအချိန်မှာဆိုရင် ရေကြီး ရေလျှံမှုတွေ ကြောင့်မို့လို့ ရေဘေးသင့်‌ပြည်သူများဆီကို ကူညီကယ်ဆယ်ရေးတွေကို ထွက်နေရတာပါ။ တစ်နိုင်ငံ လုံးမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အဖွဲ့အစည်း အသီးသီးက ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ရေဘေးသင့်‌ဒေသဆီကို သွားရောက်ပြီးတော့ လှူဒါန်း ကယ်ဆယ်ရေးတွေလုပ်နေရတဲ့အချိန် ဖြစ်ပါတယ်။ အခုချိန်ဆိုလည်း မိုးသည်းသည်းရွာတိုင်း မှာ ဘယ်အချိန်မှာရေကြီးမလဲ၊ ဘယ်နေရာမှာရေကြီးမလဲ၊ မြေပြိုမလဲဆိုပြီးတော့ ကျွန်မတို့တွေ သောက ရောက်နေရဆဲဖြစ်ပါတယ်။ အစွန်းရောက်ရာသီဥတုရဲ့ ချိန်းခြောက်မှုဒဏ်ကို ခံစားနေရတဲ့ အချိန်မှာ တားဆီးမရနိုင်တဲ့သဘာဝအန္တရာယ်ကြောင့်မဟုတ်ဘဲနဲ့ လူသာတွေတည်ဆောက်ထားတဲ့၊ ပြုပြင်လို့ရ နိုင်တဲ့ ဆည်မြောင်းတာတမံတွေရဲ့ ကြံ့ခိုင်မှုအားနည်းပြီးတော့မှ စိုးရိမ်သောက ရောက်နေ ကြတဲ့ အချက်ဆိုတာ ဘယ်လိုမှဖြစ်သင့်‌တဲ့အချက်မဟုတ်ပါဘူး။ တာတမံတွေကို ရေပေါက်တဲ့အခါမှာ ရေစိမ့်မှုတွေကို သဲအိတ်တွေလို၊ ကတုတ်ရိုက်တာလို ရေတိုနည်းတွေနဲ့ကုသနေတာ၊ ပြင်ဆင်နေတာကို တွေ့ရတာလည်း အဆိုရှင်တင်ပြသွားတဲ့ ပုံတွေမှာမြင်တွေ့ရပါတယ်။ တကယ်တမ်းတော့ ရန်ပုံငွေ အပေါ်အ‌ခြေခံပြီးတော့ အရေးကြီးတဲ့နေရာတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်ပါတယ်။ တာတမံတွေကိုပြုပြင်ရာမှာ ရေမှတ်တစ်ခုပေါ်မှာ အခြေခံပြီးတော့ ခံနိုင်ရည်ရှိဖို့မှာ ပြုပြင်သွားရ မှာဖြစ်ပါတယ်။ အဆိုပါခံနိုင်ရေမှတ်ထက်ကျော်လွန်ပြီး အရေကြီးမှုဖြစ်ပေါ်လာပါကလည်း အရေကြီး ဒေသများကို ထိခိုက်မှုရှိစေရေး၊ အရေးပေါ်ရေလွှဲပေါက်များကို ကြိုတင်စဉ်းစားထားသင့်‌ပါတယ်။ တာတမံတွေရဲ့ ကြံ့ခိုင်မှုတွေကို အချိန်မလပ်စစ်ဆေးပြီးတော့ ပြည်သူတွေကိုလည်း အသိပေးထား သင့်‌ပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ဒေသခံပြည်သူတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့အတွက် ကိုလည်း စီစဉ်ထားသင့်‌ပါတယ်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတာတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥပဒေရဲ့ အခန်း(၅)၊ ကော်မတီရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ပုဒ်မ ၁၇ ပုဒ်မခွဲ (ဃ)မှာ နိုင်ငံတော်၏ တည်ဆောက်ပြီး တာတမံစီမံကိန်းများကို ကော်မတီက ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ဆက်စပ်လုပ်ငန်းများနှင့် ရေအားလျှပ်စစ်အဆောက်အဦများအားလည်ပတ်အသုံးချမှု၊ ထိန်းသိမ်းထား မှုကို စစ်ဆေးခြင်း၊ အကြုံပြုထောက်ခံချက်ပေးခြင်းစတဲ့ လုပ်ငန်းဆိုပြီး လုပ်ငန်းတွေ၊ တာဝန်တွေ ပါရှိပါတယ်။ ပုဒ်မ ၁၈ ပုဒ်မခွဲ(ည)မှာလည်း သုတေသနဖော်ထုတ်ချက်များ၊ လေ့လာပြီးလုပ်ငန်းများ၊ သုတေသနတွေ့ရှိချက်များနှင့် ပညာရပ်ဆိုင်ရာစာစောင်များကို ထုတ်ဝေခြင်း၊ ကြေညာခြင်းဆိုတဲ့  လုပ်ငန်းတွေ၊ အသိပညာများကို ဖြန့်ဖြူးပေးခြင်းဆိုတဲ့ လုပ်ငန်းတွေပါရှိတယ်လို့ လေ့လာတွေ့ရှိ ရပါတယ်။ ကော်မတီရဲ့တာဝန်နှင့်လုပ်ပိုင်ခွင့်အတိုင်း တာတမံတွေရဲ့ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ အကြံပြု ထောက်ခံခြင်း၊ လေ့လာသည့်လုပ်ငန်းများ၊ သုတေသနတွေ့ရှိချက်များနှင့် ပညာရပ်ဆိုင်ရာ စာစောင်များကိုထုတ်ဝေခြင်း၊ ကြေညာခြင်းလုပ်ငန်းဆိုင်ရာ အသိပညာများကို ဖြန့်ဖြူးပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ပေးမယ်ဆိုပါကလည်း ဒေသခံပြည်သူတွေရဲ့သောက လျော့ပါးသွား စေမှာဖြစ်ပါတယ်။ တာတမံကျိုးပေါက်မှုများက သဘာဝအန္တရာယ်များကြောင့်မဟုတ်ဘဲ ကြိုတင် ကာကွယ်မှုများမပြုလုပ်နိုင်တဲ့အတွက်ကြောင့် တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပြီးတော့ ဆုံးရှုံးမှု လည်းကြီးနိုင်ပါတယ်။ သို့ပါ၍ ရေကျော်ထွက်ပေါက်မှုများမဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အသေးစိတ်အစီအမံများချမှတ်ဆောင်ရွက်ပြီး လာမယ့်ပွင့်လင်းရာသီမှာ ရေကာတာများ၊ တာတမံများ ကြံ့ခိုင်စိတ်ချမှုရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို လေးလေးနက်နက်ထောက်ခံအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးတိုးလွင်(တပ်မတော်သားကိုယ်စားလှယ်)က ဆွေးနွေးခြင်း  အားလုံးမင်္ဂလာပါ ခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တိုးလွင်ဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း တင်သွင်းတဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Power Point  သုံးစွဲခွင့်ပြုပါခင်ဗျား။ မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှ စီးဆင်း လာပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် ချင်းတွင်းမြစ်နှင့်ပေါင်းဆုံကာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှ တစ်ဆင့် မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သည့် အရှည် ၁၂၅၀ မိုင် ရှည်လျားသော မြစ်ကြီး တစ်စင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ကြံခင်းမြို့နယ်၊ ဆိပ်သာရွာမှစတင်ပြီး ဟင်္သာတမြို့အထက် ညောင်ကျိုးရွာတွင် ငဝန်မြစ်၊ ရွေးမြစ်၊ ဖျာပုံမြစ်၊ သက္ကယ်သောင်မြစ်၊ ပြန်မလော့ မြစ်၊ ဘိုကလေးမြစ်၊ တိုးမြစ်၊ သံဒီမြစ်၊ ပြင်စလူမြစ် စတဲ့ မြစ်လက်တက်ပေါင်းများစွာခွဲထွက်ပြီး မုတ္တမကွေ့အတွင်းကို စီးဝင်ပါတယ်။ စုစုပေါင်း မိုင် ၁၈၀ ရှည်လျားပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဟာ စတုရန်းမိုင်ပေါင်း ၁၃၆၅၆ မိုင် ကျယ်ဝန်းပြီး တင်ပြပါအတိုင်း အိမ်ခြေ ၁၇၀၀၀၀ ကျော်နှင့် လူဦးရေခြောက်သန်းကျော် နေထိုင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးနေထိုင်တဲ့ ဒေသကြီးဖြစ်ပြီး စိုက်ဧက ၃၇ သိန်းကျော်ရှိတဲ့ မြန်မာနိုင်ငံရဲ့ စပါးကျီကြီးလည်းဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်း မြို့ရွာအများစုဟာ မြစ်ချောင်းနံဘေးမှာတည်ရှိပြီးတော့ မိုးသည်းစွာရွာသွန်း လျှင်လည်းကောင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ချိန်တွင်လည်းကောင်း၊ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ၁၈၈၅ ခုနှစ်ကစတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တမံများတည်ဆောက်ခဲ့ရာ နှစ်အလိုက်တည်ဆောက်မှုဟာ တင်ပြပါအတိုင်းပဲဖြစ်ပါတယ်။ စုစုပေါင်း တမံ ၆၄ ခုရှိပြီးတော့ တမံအရှည်စုစုပေါင်း ၁၃၁၃ မိုင် ရှိပါတယ်။ စိုက်ဧက ၁၇ သိန်းကျော်ကို ရေနစ် မြုပ်မှုဘေးမှ အကာအကွယ်ပေးထားပါတယ်။ အဆိုပါတာတမံတွေကို လေ့လာကြည့်မယ်ဆိုလျှင် တာတမံတွေရဲ့ သက်တမ်းတွေဟာ ၂၇ နှစ်ကနေပြီးတော့ ၁၃၅ နှစ်အထိ ရှိပြီဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးရဲ့ ၁၉၇၄ ခုနှစ် ရေကြီးရေလျှံမှုကို ကြည့်မယ်ဆိုလို့ရှိရင် ဟင်္သာတတာကျိုးပေါက်မှု ကြောင့် ဟင်္သာတမြို့နယ်အပါအဝင် ရွာအများအပြားနဲ့ စိုက်ပျိုးလယ်ဧက ထောင်ပေါင်းများစွာ နစ်မြုပ်ခဲ့ပါတယ်။ ညောင်တုန်းကျွန်းတာကျိုးပေါက်မှုကြောင့် စိုက်ဧက ၃၀၀၀၀ ခန့်ရှိတဲ့အနက်မှ ၉၀၀၀ ခန့်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ် မိုးရာသီ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ ဧရာဝတီမြစ်ရေအမှတ်မှာ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းရှိ တင်ပြပါ ရေကာတာ ၁၅ ခုရဲ့ သတ်မှတ်စိုးရိမ်ရေအမှတ်ထက် များစွာပိုမိုမြင့်တက်လာတဲ့အတွက် ရေဘေးအန္တရာယ်ကျရောက်နိုင်ပြီး စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါတယ်။ သက်ဆိုင်ရာဌာနများ၊ ဒေသခံအာဏာပိုင် အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများရဲ့လုပ်အားနှင့် အချိန်မီကာကွယ်နိုင်ခဲ့တဲ့အတွက်ကြောင့်‌မို့လို့ လယ်မြေဧက ၁၂.၇ သိန်းကျော် ရေဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ သို့သော်လည်းပဲ ဧရာဝတီမြစ်ဝှမ်းပိုင်းမှာရှိတဲ့ မြို့ရွာများ နှင့် စိုက်ပျိုးမြေဧရိယာများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှ နောင်ရေရှည်စိတ်ချလုံခြုံနိုင်ရေး အတွက် အဆိုပါ အရေးကြီးရေကာတာ ၁၅ ခုကို အမြန်ကြံ့ခိုင်ရေးပြုလုပ်ပေးရန် လိုအပ်လျက်ရှိပါ တယ်။ ဒီကြံ့ခိုင်ရေးပြုလုပ်ရမယ့် တာတမံများရဲ့ပုံကို တင်ပြပါ့မယ်။ ဒါကတော့ တမံ ၁၅ ခုရဲ့ပုံ ဖြစ်ပါ တယ်။ ရေကြီးရေလျှံမှုများကို လေ့လာမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ရာသီဥတုပြောင်းလဲ မှု ပိုမိုဖြစ်ပေါ်မှု၊ မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာပြီး ပြင်းထန်လာမှုတို့ကြောင့်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်များကိုလည်း ယခင်ထက်ပိုမိုခံစားလာရတာ တွေ့ရှိရပါတယ်။ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေ ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တာတမံများ နိမ့်ကျတဲ့နေရာများကို မြေဖို့ခြင်း၊ ရေပေါက်များ ခွဲ၍ မြေပြန်ဖို့ခြင်း၊ သဲသောင်များဖယ်ရှားခြင်း၊ မြစ်ကြောင်းများပြန်ဖော်ခြင်း၊ ကြိုတင်စီမံမှုများ ဆောင်ရွက်ထားသင့်ပြီး ရေကြီးမှုဖြစ်ပေါ်ချိန်မှာ ရေကင်းချ၍ အဆက်မပြတ်စောင့်ကြည့်ခြင်း၊ အရေးပေါ်ကာကွယ်‌ရေးပစ္စည်းများ အချိန်မီလုံလောက်စွာ စုဆောင်းထားရှိခြင်း၊ လိုအပ်သည့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ခြင်းတို့ ဆောင်ရွက် သင့်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များကို ပြည်သူများ ဘေးအန္တရာယ်ကျရောက်လာပါက ကူညီဆောင်ရွက်ရန် အမြဲအသင့် ပြင်ဆင်ထားရှိစေပြီး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ရေကြီးမြေပြိုမှုမှာ တပ်မတော်မိသားစုမှ တင်ပြပါအတိုင်းပဲ ကူညီထောက်ပံ့မှုတန်ဖိုးက ကျပ်သိန်း ၆၃၀၀ နီးပါးနဲ့ ၂၀၁၆ ခုနှစ်မှာ တင်ပြပါအတိုင်း ကျပ်သိန်း ၂၄၀၀ ‌‌ကျော်နီးပါး ကူညီပံ့ပိုးပြီးတော့ လေယာဉ်၊ ရေယာဉ်တို့နှင့် ဘေးလွတ်ရာသို့ သယ်ပို့ခြင်း၊ ကူညီရွှေ့ပြောင်းပေးခြင်း၊ တမံများမြေဖို့ခြင်း၊ လမ်းများရှင်းခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ နေအိမ်၊ အုပ်ချုပ်မှုအဆောက်အဦ၊ လမ်းတံတားများ ပြုပြင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့မှာ ရေကြီးရေလျှံ မှုများကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းကို ရေများအဆက်မပြတ်စီးဆင်း ဝင်ရောက်လျက်ရှိနေတဲ့အတွက် ရေဘေးကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလားတူ ဧရာဝတီမြစ်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသ၊ ချင်းတွင်းမြစ်၊ သံလွင် မြစ်၊ စစ်တောင်းမြစ် မြစ်ကမ်းနားမှာတည်ရှိတဲ့ အဲဒီဒေသတွေမှာလည်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ တာတမံများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံချက်များ ချမှတ်ကာ နှစ်အလိုက် ရန်ပုံငွေများ လျာထားသတ်မှတ်ခြင်း၊ နိုင်ငံတကာမှ နည်းပညာများနှင့် အကူအညီများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ဒေသခံပြည်သူများ၊ တပ်မတော်များနှင့် အခြားလူမှုရေးအသင်းအဖွဲ့များအနေဖြင့် ယိုယွင်းပျက်စီးလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို အတူတကွ ထိန်းသိမ်းကာကွယ်ရေး၊ ဘေးအန္တရာယ်များကြုံတွေ့လာပါက အမျိုးသားရေးအသွင်ဖြင့် တက်ညီလက်ညီနှင့် အတူတကွပူးပေါင်းဆောင်ရွက်သွားကြရန် အကြံပြု တင်ပြရင်း ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်းတဲ့ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထားတဲ့  ရေကာတာများအား ယခုရောက် ရှိမည့် မိုးရာသီတွင် ပြည်သူများစိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိ ရေး၊ လာမည့်ပွင့်လင်းရာသီတွင် တာတမံများ ကြံ့ခိုင်မှုရရှိရန်ဆောင်ရွက်ရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင် ပါတယ်။

ဗိုလ်မှူးရဲနိုင်လွင်(တပ်မတော်သားကိုယ်စားလှယ်)ကဆွေးနွေးခြင်း လေးစာအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားလုံးမင်္ဂလာပါ လို့ နှုတ်ဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင် ဖြစ်ပါတယ်။ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်း ထားတဲ့ အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ Power Point ဖြင့် တင်ပြဆွေးနွေးခွင့်ပြုနိုင် ပါရန် ခွင့်တောင်းခံအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ရဲ့ အခုလို အဆိုတင်သွင်းတဲ့၊ ဆွေးနွေး နေတဲ့ အချိန်ကာလအတွင်းမှာပဲ တင်ပြပါတိုင်းဒေသကြီးအသီးသီးရှိ မြို့များမှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီးတော့ ရေဘေးအန္တရာယ်များ ကျရောက်နေပြီဖြစ်ပါတယ်။ လက်ရှိအဆိုပါ ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့ကိုကာရံထားတဲ့ ရေကာတာများဟာလည်း စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီးတော့  စိုးရိမ်ရေအမှတ်ထက် လေးပေခန့် ထပ်မံကျော်လွန်မည်ဆိုပါက တာတမံပေါ်ရေကျော်ခြင်း၊ တာတမံ ကျိုးပေါက်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့ ရေကြီးရေလျှံဖြစ်ပါက ဟင်္သာတမြို့၊ လေးမျက်နှာမြို့၊ ရေကြည်မြို့၊ သာပေါင်းမြို့၊ ဓနုဖြူမြို့၊ ကျုံပျော်မြို့နယ်များအတွင်းရှိတဲ့ ရပ်ကွက်ကျေးရွာများ၊ လယ်ယာမြေများ ရေဘေးအန္တရာယ်ကို ခံစားကြရတော့မှာ ဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ် အတွင်းမှာလည်း မိုးရေများ၊ တောင်ကျရေများ၊ ချောင်းရေမြစ်ရေများ စီးဆင်းမှုကြောင့် တင်ပြပါ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ ရေဖုံးလွှမ်းခံရမှု အလားအလာမြင့်မားသောဒေသများဖြစ် ကြောင်း မိုးလေဝသနှင့်‌ ဇလဗေဒပညာရှင်ရဲ့ ခန့်မှန်းချက်အရ သိရှိရပါတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနီးပါး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရေကြီးမှုဒဏ်ကို ခံစားနေရသလို ယခုတင်ပြတဲ့ ဧရာဝတီတိုင်းဒေသကြီးက တင်သွင်းတဲ့အချက်မှာလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် ဘေးအန္တရာယ်ကို မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီး အခြေအနေ သုံးရပ်မှာ အဆင့်အလိုက် စီမံမှုများ၊ လိုအပ်ချက်များ၊ စုဖွဲ့ပြင်ဆင်မှုများကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူလူထု၊ တပ်မတော်နှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီးတော့ နိုင်ငံတော် အဆင့်၊ အစီအမံကောင်းတစ်ခုချမှတ်ကာ အမြန်ဆုံးဆောင်ရွက်ရန် လိုနေပြီဖြစ်ကြောင်း တင်ပြလို ပါတယ်။

          လုပ်ငန်းပမာဏ ကြီးမားမယ်လို့ မျှော်မှန်းရတဲ့အတွက်လည်း နိုင်ငံတော်အစိုးရတစ်ခုတည်း အဖြစ်နဲ့ အကောင်အထည်ဖော်ရာမှာ ကန့်သတ်ချက်များရှိနေနိုင်ပါသဖြင့် နိုင်ငံတကာမှ နည်းပညာ များအပါအဝင် အခြားအကူအညီများ၊ စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများတို့ထံမှ အကူညီ များ လိုအပ်ကြောင်းလည်း သုံးသပ်မိပါတယ်။ အဆိုရှင်ရဲ့ ပထမအချက်အနေဖြင့် ယခုမိုးရာသီကာလ ကျရောက်မည့် ဘေးအန္တရာယ်များအတွက် ပြည်သူလူထုစိုးရိမ်ပူပန်မှုမရှိအောင် စီမံဆောင်ရွက်ရေး နှင့် ဒုတိယအချက်နေနဲ့ နောင်နှစ်ပွင့်လင်းရာသီမှာ ဆည်မြောင်းတာတမံများ ပိုမိုကြံ့ခိုင်ကောင်းမွန် အောင် ဆောင်ရွက်ပေးစေလိုတဲ့အပိုင်းနှစ်ပိုင်းကို တင်ပြထားတာကို တွေ့ရှိရပါတယ်။ ယခု ကြုံတွေ့ နေရတဲ့ မိုးရာသီကာလ ရေနစ်မြုပ်မှုများအန္တရာယ် ရင်ဆိုင်ရတော့မယ့်အခြေအနေမှာ အစိုးရမှ ဦးစီး ၍ ရရှိနိုင်သောအချိန်၊ ရရှိနိုင်သော ကယ်ဆယ်ရေးဆိုင်ရာ လူအား၊ ပစ္စည်းအား၊ ငွေအားများ စနစ်တကျ ဖြန့်ခွဲစီမံဆောင်ရွက်မည်ဆိုပါက ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ဖြေလျှော့နိုင်မည့် ဆုံးရှုံး မှုအနည်းဆုံးအဖြစ် ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိတင်သွင်းတဲ့အဆိုနှင့် ပတ်သက်ပြီး တော့ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်များမှာလည်း တင်ပြပါအတိုင်း ဆောင်ရွက်ထားတာ တွေ့ရှိ ရပါတယ်။ အကယ်၍ ရေကြီးလာပါက အရေးပေါ်နေရာများ၌ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ချိတ်ဆက်စီစဉ်ထားခြင်းကိုလည်း သိရှိရပါတယ်။ သို့သော်လည်း မြစ်ရေများ အမှန်တကယ်မြင့်တက်လာမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များအနေဖြင့် ဆောင်ရွက် ၍မရဘဲ ပြည်ထောင်စုအစိုးရအစီအမံနှင့် ဆောင်ရွက်မည့်အခြေအနေများ ဖြစ်ပေါ်လာမှာ ဖြစ်ပါ တယ်။   

          ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်ဖြစ်ပွားခဲ့တဲ့ ရေဘေးအန္တရာယ်များအပါအဝင် သဘာဝဘေး အန္တရာယ်များကြုံတွေ့ရစဉ်အချိန်များမှာ တပ်မတော်အနေနဲ့ ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများအား သက်ဆိုင်ရာနယ်မြေရှိ တပ်ရင်း၊ တပ်ဖွဲ့များဖြင့် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်ရဲ့အဓိကလုပ်ငန်းကြီးသုံးခုအနက်မှ တတိယအချက်ဖြစ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်ဟူသောအချက်နှင့်အညီ ကျင့်သုံးဆောင်ရွက်နေသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ   ပုဒ်မ ၃၄၁ အရလည်း နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကျရောက် လာလျှင် တပ်မတော်မှ ကူညီဆောင်ရွက်ရမည်ဆိုတဲ့အတိုင်း ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံ ပါ ပြဋ္ဌာန်းချက်အရလည်း  တာဝန်ရှိကြောင်း တပ်မတော်သားများမှ ခံယူထားပြီးဖြစ်လို့ ဘေးဒုက္ခ ကြုံတွေ့နေရတဲ့ဒေသရှိပြည်သူများကို မိမိတို့သားချင်းဆွေမျိုးများကဲ့သို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကာ စောင့်ရှောက်ကူညီခဲ့တာတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့ တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန် ချက်ဖြစ်တဲ့ မိမိတပ်ရင်း၊ တပ်ဖွဲ့များနှင့် နီးစပ်ရာဒေသများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက် ပါက ပြည်သူလူထုအတွက် ကူညီကယ်ဆယ်မှုကို အမိန့်တောင်းခံစရာမလိုဘဲ ဆောင်ရွက်ရမည်ဟူ သော ညွှန်ကြားချက်အရ လတ်တလောရေကြီးနစ်မြုပ်နေသောဒေသများ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍများတွင်လည်း လက်ရှိပါဝင်ကူညီဆောင်ရွက်လျက်ရှိသလို ထပ်မံပြီး တော့ ဘေးအန္တရာယ်ကျရောက်လာပါကလည်း တပ်မတော်အနေဖြင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် စုဖွဲ့ကာ အသင့်ပြင်ဆင်ထားရှိကြောင်း တင်ပြလိုပါတယ်။ သို့ရာတွင် ကြိုတင် ကာကွယ်မှုက ကုသမှုထက်ပိုမိုထိရောက်သည်ဟူသော စကားအရ ဒေသအလိုက် ကျရောက်လာနိုင် သည့် သဘာဝဘေးအန္တရာယ်များအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်မျှော်တွေးကာ စီမံ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ပိုမိုထိရောက်ပြီး အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ စိုက်ပျိုးရေးကိုသာ အားကိုးအားထားပြုနေရတဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ မကြာခဏ ရေကြီး ရေလျှံဖြစ်ပါက တိုင်းပြည်တစ်ခုလုံးအနေနဲ့ လူမှုရေး၊ စီးပွားရေး အကျိုးများပါ နစ်နာဆုံးရှုံးမှာ ဖြစ်ပါ တယ်။ စားနပ်ရိက္ခာမလုံလောက်မှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုစတဲ့ နောက်ဆက်တွဲ ပြဿနာများ ဆက်စပ်ဖြစ်ပေါ်လာနိုင်သောကြောင့် ရေလွှမ်းမိုးခြင်းကြောင့် ဆင်းရဲမှုရာခိုင်နှုန်း လျှော့ချရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုများဖြစ်ပေါ်လာနိုင် တယ်လို့ သုံးသပ်တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် အဆိုရှင်ဦးဇော်မင်းသိန်း တင်သွင်းတဲ့ အဆိုပါအချက်များဟာ အမှန်တကယ်လိုအပ်နေပြီးတော့ လတ်တလော ဖြစ်ပျက်ရင်ဆိုင်နေရမှုများနဲ့ အချိန်ကိုက်ဖြစ်နေခြင်း၊ လွှတ်တော်အနေဖြင့် ယခုကဲ့သို့ အဆိုဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ စိုးရိမ်ပူပန် မှုများကို ဖြေလျှော့နိုင်ပြီးတော့ ၎င်းတို့ရဲ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း၊ အလားတူ အခြား တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာလည်း ရေလွှမ်းမိုးခြင်းနှင့်ဆက်စပ်နေခြင်းတို့ကြောင့် မိမိ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွက်သာမကဘဲနဲ့ နိုင်ငံတစ်ဝန်းလုံးတွင်လိုအပ်နေကြောင်း တွေ့ရှိရပါတယ်။ သို့ပါ၍ အဆိုရှင် ဦးဇော်မင်းသိန်းတင်သွင်းတဲ့အဆိုကို ထောက်ခံတင်ပြရင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရေဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများအတွက်လည်း ထည့်သွင်း စဉ်းစား စီမံဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးသိန်းထွန်း(သာပေါင်းမဲဆန္ဒနယ်)က ဆွေးနွေးခြင်း                လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးမင်္ဂလာပါလို့ ကျွန်တော့်အနေနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းပါ။ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းရဲ့အဆိုကို ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီအဆိုနှင့်ပတ်သက်လို့ အရင်ဆုံးကျွန်တော် ဆွေးနွေးတင်ပြချင်တာကတော့ တာတမံတွေရဲ့ တည်တံ့ ခိုင်မြဲရေးအတွက်ပါ။ အဲဒီတော့ ဒီတာတမံတွေဟာ ခုနှစ်အရပြောမယ်ဆိုရင်တော့ နှစ်ပေါင်း ၁၅၀ လောက်ရှိလာပါပြီ။ အဲဒီတော့ နှစ်ပေါင်း ၁၅၀ လောက်ရှိလာတဲ့ ဒီတာတမံတွေဟာ သူတို့ရဲ့ သက်တမ်း အရ၊ အခြေအနေတွေအရ လူကြောင့်ဖြစ်တဲ့အခြေအနေတွေ၊ တိရစ္ဆာန်ကြောင့်ဖြစ်တဲ့အခြေအနေတွေ ကြောင့် ပျက်စီးယိုယွင်းလာတာ မြင်တွေ့နေရပါတယ်။ အဲဒီတော့ ဒီတာတမံတွေရဲ့အခြေအနေတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာ အစိုးရကောင်းတစ်ရပ်အနေနဲ့ ကျွန်တော်တို့ အင်္ဂါရပ်နှင့်အညီ ပြုပြင် ဆောင်ရွက်ဖို့ အချိန်တန်နေပါပြီ။ အဲဒီတော့ ဒီတာတမံတွေကြည့်တဲ့အခါကျတော့ နှစ်ပေါင်း ၁၅၀ လောက်မှာ လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်အပိုင်းမှာ နှစ်ပေါင်း ၇၀ အတွင်းမှာ လေးကြိမ်လောက် ကျိုးပျက်တာကို တွေ့ရပါတယ်။ လွတ်လပ်ရေးမရခင်မှာတော့ ၁၉၂၃ ခုနှစ်လောက်မှာတစ်ကြိမ် ကျိုးပြီးတော့ ဒီနောက်ပိုင်းမှာ နှစ်ပေါင်း ၇၀ အတွင်းမှာ လေးကြိမ်လောက်ကျိုးပျက်တာကို တွေ့ရှိရပါ တယ်။ အဲဒီတော့ ဒီအခြေအနေတွေကို ကြည့်တဲ့အခါမှာ ဒီဘက်နှစ်ပေါင်း ၇၀ အတွင်းမှာ လေးကြိမ် လောက်ပျက်တဲ့အခါကျတော့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပြီဆိုတာကို ဒါလက်တွေ့သိရှိခံစားနေရ ပါပြီ။ အဲဒီတော့ ဒီတာတမံတွေဟာ ဒီအတိုင်းသာဆက်ထားမယ်ဆိုရင် ဘယ်လိုပြောမလဲဆိုတော့ ငါးပွက်ရာ ငါးစာချတဲ့ စီမံကိန်းမျိုးနဲ့တော့ အလုပ်မဖြစ်လောက်ပါဘူး။ အဲဒီတော့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲမှာအနိုင်ရရှိလာတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီကိစ္စကို စနစ်တကျစီမံကိန်းနဲ့ဖော်ထုတ်ပြီး တော့ ဆောင်ရွက်ပါလို့ လွှတ်တော်အနေနဲ့  တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ နောက်တစ်ချက် တင်ပြချင်တဲ့အချက်ကတော့ ဧရာဝတီရေကာတာနှင့် ငဝန် ရေကာတာဟာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် ခရိုင်သုံးခု အကျုံးဝင်ပါတယ်။ အဲဒီတော့ ဒီခရိုင်ကြီးကလည်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်ပါ။ မြို့နယ်ကလည်း အကုန်လုံးဆိုရင် ၁၇ မြို့နယ်ရှိပါတယ်။ အကျုံးဝင်တာကလည်း ၁၅ မြို့နယ်လောက် အကျုံးဝင်ပါ တယ်။ ဧရာဝတီတိုင်းမှာ ဒီခရိုင်တွေဟာ လယ်ယာစိုက်ပျိုး‌ရေးကို အဓိကအားထားဆောင်ရွက်တာပါ။ အင်္ဂလိပ်ကတော့ သူတည်ဆောက်တုန်းကတော့ သူ့ရဲ့အခြေအနေတွေ၊ နောက် သဘာဝပတ်ဝန်းကျင် အခြေအနေတွေ ဒီအပေါ်မှာ သူက စနစ်တကျနဲ့တည်ဆောက်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီဘက်အပိုင်းမှာ ပြောင်းလဲလာတဲ့အခြေအနေမျိုးမှာ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတာရယ်၊ နောက်တစ်ခု ချောင်းတွေ၊ မြောင်းတွေကောလာတာရယ်ဆိုတော့ ဒီတာတမံတွေဟာ ရေကိုထိန်းသိမ်းရ တဲ့အခါမှာ ပိုပြီးတော့ ဝန်ပိလာပါတယ်။ မကြာသေးမီက ကျွန်တော် နယ်ကိုဆင်းတဲ့အခါမှာ တာတမံ တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့မြို့နယ်မှာ တာတမံ ၁၄ မိုင်နဲ့ ၇ ဖာလုံရှိပါတယ်။ အဲဒီတော့ တာတမံတွေနဲ့ပတ်သက်လို့ ကျွန်တော် ဆင်းကြည့်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ဒီဆည်မြောင်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုမေးကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့အစိုးရမှာ မလိုလားအပ်တဲ့ ကျွန်တော်တို့ မြို့နယ်ရဲ့ နောက်ဆုံး မိုင်တိုင်အမှတ်(၆၆/၆)မှာ သူ့ရှေ့ဆက်ပြီးတော့ တာတမံကိုဆက်ပြီးတော့ဖို့တာ တွေ့တယ်။ တွေ့တဲ့အခါကျတော့ အဲဒီတာတမံဟာ ဖို့လိုက်တဲ့အကျိုးဆက်ကြောင့် နဂိုတုန်းကတော့ ဒီရေလဲကြီးဆိုတဲ့အုပ်စုမှာ ဖြတ်ခဲ့တာပေါ့။ ဒါပေမဲ့ဆက်ဖို့လိုက်တဲ့အခါကျတော့ သူက ရေကိုပိုပိုက် ထားတယ်။ ပိုက်ထားတဲ့အပြင်မှာ ဘေးထွက်ဆိုးကျိုးတွေက အဲဒီတာတမံထိပ်မှာရှိတဲ့ ကျေးရွာတွေ သုံးရွာလောက်ပျက်ပြီးတော့ အိုင်တွေ၊ ချောင်းတွေ၊ မြောင်းတွေ ဖြစ်ကုန်တယ်။ ဒါတွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲလွဲအမှားမှားတွေကို ထောက်ပြတာပါ။ အဲဒီတော့ ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးအနေနဲ့က ဒီတာတမံတွေဟာ မြန်မာနိုင်ငံအတွက် စပါးကျီဖြစ်တဲ့၊ အဓိကကလည်း စပါးကို စိုက်ပျိုးတဲ့ ဒေသတွေဖြစ်တဲ့အခါကျတော့ ဒီတာတမံတွေတည်တံ့ဖို့၊ ခိုင်မြဲဖို့ရယ် နောက် ပြည်သူလူထု၊ အသက်၊ အိုးအိမ်၊ စည်းစိမ်ချမ်းသာတွေ ကျွန်တော်တို့ ထိန်းသိမ်းဆောင်ရွက်ဖို့ရယ် လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ ဒီတာတမံတွေကို အမြန်ဆုံး၊ အကောင်းဆုံးစီမံချက်တွေနဲ့ အစိုးရကောင်း တစ်ရပ်၏အင်္ဂါရပ်နှင့်အညီ ပြုပြင်ဆောင်ရွက်ပေးဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်။

နောက် ကျွန်တော် ပြောချင်တာကတော့ တာဝန်ခံမှု၊ တာဝန်ယူမှုပါ။ အဲဒီတော့ အစိုးရတစ်ရပ် ဟာ ကိုယ်ပြောထားတဲ့စကား၊ ကိုယ်ပေးထားတဲ့နှုတ်ထွက်စကားတွေ၊ ကတိစကားတွေကို တာဝန်ယူဖို့ လိုအပ်ပါတယ်။ ကျီးလန့်စာစားနေရတဲ့ဘဝမျိုး၊ ပြည်သူတွေ လိုလားနှစ်သက်တဲ့မျှော်လင့်ချက်မျိုး  တွေကို လွယ်လွယ်နဲ့မပေးဘဲနဲ့ တကယ့်တကယ်ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို အသုံးချပြီးတော့ ပြောနိုင်မယ့်စကားတွေ၊ ကတိတွေကို အသုံးချပြီးတော့ ပြောဖို့လိုအပ်ပါတယ်။ ပြည်သူတွေကလည်း တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေအပေါ်မှာ အမြဲတမ်းပဲ နာယူမှတ်သားပြီးတော့ လေ့လာနေတာ ပါ။ ဒါပေမဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေကို ကုန်ဆုံးသွားတာမျိုးဖြစ်စေချင်ပါဘူး။ ဒါကြောင့်‌မို့လို့ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့အစိုးရအနေနဲ့ ဆောင်ရွက်ပေးပါလို့ ဆွေးနွေးရင်း ထောက်ခံအပ်ပါတယ်။

ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်)က ဆွေးနွေးခြင်း           အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်က တော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ထွန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ် ဦးဇော်မင်း သိန်းရဲ့ အဆိုကို ထောက်ခံသွားမှာ ဖြစ်ပါတယ်။ Slide ဖြင့် တင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ် ပါတယ်။ ဒါက ကျွန်တော်တို့ ငဝန်မြစ်ကြီးဖြစ်ပါတယ်။ ငဝန်တာတမံဖြစ်ပါတယ်။ ဒီအထဲထဲမှာ လေး မျက်နှာမြို့တို့၊ မြို့ကွင်းမြို့တို့၊ ဟင်္သာတမြို့တို့၊ အသုတ်မြို့တို့၊ ရေကြည်တို့၊ နောက်တစ်ခုက သာပေါင်းမြို့တို့၊ ကန်ကြီးထောင့်မြို့တို့ ပါတဲ့ဒေသတွေဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ ငဝန်မြစ်ရေကြီးမှုကို ဒီဘက်ဒေသတွေက မြို့နယ်ပေါင်း ၁၀ မြို့နယ်ကျော်တဲ့ဒေသတွေဟာ ရေမဝပ်ဖို့ အတွက် ဒါကို တာတမံကြီးတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဒါကတော့ ဟင်္သာတမြို့ကနေပြီးတော့မှ ဧရာဝတီမြစ်နှင့် ငဝန်မြစ်ဆုံရာကနေပြီးတော့ ဒါတောက်လျှောက် ငဝန်တာကို ရေကာတာအနေနဲ့ ရှည်လျားစွာ ဆောက်ထားတဲ့တာတမံဖြစ်ပါတယ်။ တာတမံရဲ့အရှည်ကတော့ ၇၅ မိုင်ရှိပြီးတော့ နှစ်ပေါင်း ၁၀၀ ကျော်လောက် ရှိနေပါတယ်။ ဒါကတော့ ငဝန်မြစ်ကြီးကို အဓိကအားဖြင့်ကတော့ သာပေါင်းမြို့နယ် အတွင်းမှာရှိတဲ့ ငဝန်တာအပျက်တွေဖြစ်ပါတယ်။ အဲဒီမှာ ငဝန်မြစ်က တံတောင်ဆစ် ကွေးကြီးဖြစ်ပြီးတော့ အဲဒီရဲ့အောက်ဘက်မှာ ရေလဲကြီးဆိုတဲ့နေရာက တာအပေါက်ကြီးဖြစ်နေ ပါတယ်။ ဒါကို ကျွန်တော်တို့အစိုးရအဆက်ဆက်ကလည်း ဒီတာအပေါက်ကြီးကို ဖို့ထားသော်လည်းပဲ ခိုင်ခံ့မှုမရှိတဲ့အတွက်ကြောင့် အဲဒီတာအပေါက်ကြီးက တောက်လျှောက်ရေဝင်နေပါတယ်။ အဲဒီတော့ ဟင်္သာတမြို့တို့၊ ငသိုင်းချောင်းမြို့တို့မှာ စိုးရိမ်ရေအမှတ်ရောက်ရှိနေသော်လည်းပဲ ကျောင်းကုန်းမြို့ တို့၊ ကန်ကြီးထောင့်မြို့တို့ဟာ ငသိုင်းချောင်းရေတို့၊ ဟင်္သာတရေတို့ မြင့်နေတဲ့အချိန် မှာ ကျောင်းကုန်း တို့၊ သာပေါင်းတို့ဟာ ရေသိပ်ပြီးတော့မရှိလာသေးဘူး။ သို့သော်လည်းပဲ ဟိုဘက်မှာ ငသိုင်းချောင်း တို့၊ ဟင်္သာတတို့က ရေကျပြီဆိုတာနဲ့တစ်ပြိုင်နက် အဲဒီရေလဲပေါက်ကြီးကနေ ကျွန်တော်တို့မြို့နယ် တွေကို ဝင်လိုက်တဲ့အခါမှာ ဒါတောက်လျှောက် ကျွန်တော်တို့ ကျောင်းကုန်းမြို့နယ်မှာ ရေကြီးမှုများ ဖြစ်ပေါ် လာခြင်းဖြစ်ပါတယ်။ ဒါကတော့ မနှစ်က ကျောင်းကုန်းမြို့နယ်ရဲ့ မြို့နယ်လယ်ကောင်မှာ ရေတက်မှု အနေအထားဖြစ်ပါတယ်။ ဒါမနှစ်က သာမန်ရေဖြစ်ပါတယ်။ ထိမ်ငူတာတုန်းကဆိုရင်တော့ အဲဒီနှစ်ဆ ကျွန်တော်တို့မြို့လယ်ကောင်မှာ လူတစ်ရပ်မမှီလောက်တဲ့ အဆင့်ထိဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ကျောင်းကုန်းမြို့မှာ မူလတန်းကျောင်းပေါင်း ၂၀၀ လောက်ရှိတဲ့အထဲမှာ ၁၈၀ ကျော် လောက်က ဒါနှစ်စဉ်ပဲ ရေကြီးနစ်မြုပ်တဲ့အခါမှာ တစ်လခွဲလောက်အထိ ပိတ်ထားရတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ တကယ့်စပါးစိုက်ခင်းများဟာ ရေမြုပ်သွားတဲ့အနေအထား ရှိပါတယ်။ ကျွန်တော်တို့ ကျောင်းကုန်းမြို့နယ်အနေနဲ့ ရေတော်မိုးတော် ဧကက ဧကတစ်သိန်းလောက် စိုက်ခဲ့ရပါတယ်။ အခုလည်း စိုက်ပျိုးဖြစ်နေပါတယ်။ ဒါတွေကလည်း ရေတက်လာခဲ့အခါမှာ ဧကက နှစ်စဉ်ကို ၃၀၀၀၀၊ ၄၀၀၀၀ လောက် မြုပ်သွားတဲ့အနေအထားဖြစ်ပါတယ်။ ဒါက သံဃာတော် များလည်း ဒီလိုပဲ ရေထဲ၊ မိုးထဲမှာပဲ အပင်းပန်းခံပြီးတော့ ဆွမ်းခံနေတဲ့ပုံလေးတွေ ထည့်ထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒါတွေဟာ ရေကြီးခြင်းအားဖြင့် ရေစီးဆင်းမှုကိုလည်း အနှောင့်အယှက် ဖြစ်စေတဲ့ ဒါက ဒါးကချောင်းထဲမှာရှိသော ပဝန်းချုံများဖြစ်ပါတယ်။ အဲဒီပဝန်းချုံများကတော့ သစ်ကိုင်းများထည့်ထားတယ်။ နောက် ဗေဒါတွေမွေးထားတယ်။ ဒါကြောင့်မို့လို့ မြစ်ကြမ်းပြင်တွေ ကလည်း ဒီနုန်းတွေကတင်ပြီးတော့မှ မြစ်ကြမ်းပြင်တွေမြင့်တက်ပြီးတော့ ရေကြီးမှုကိုလည်း ပိုပြီးတော့ မြင့်မားစေတဲ့အပြင် ရေနုတ်မှုကိုလည်း အင်မတန်ခက်ခဲတဲ့အနေအထားလေးကို ကျွန်တော်တင်ပြခြင်း ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ မိုးဦးကျလာတဲ့အခါကျတော့ ပဝန်းချုံများမှာ မွေးထားတဲ့ဗေဒါ တွေဟာ မိုးဦးကျမှာ တောက်လျှောက်ပွားလာပြီးတော့ ဒါးကချောင်းကြီးတစ်လျှောက်မှာ လုံးဝ ဖြတ်သန်းသွားလို့မရတဲ့အဆင့်ထိဖြစ်တဲ့အတွက်ကြောင့် သွားရေးလာရေးမှာလည်း ခက်ခဲသလို နုန်းတင်မှုဟာလည်းများပြီးတော့ ရေစီးဆင်းမှုတွေလည်း ဒုက္ခရောက်တဲ့အပြင် မြစ်ကြမ်းပြင်မြင့် တဲ့အတွက်ကြောင့် ရေကြီးမှုတွေက ကျွန်တော်တို့မြို့နယ်တွေမှာ အစဉ်အဆက်တွေ့ရှိနေရပါတယ်။

          ကျောင်းကုန်းက ရေထွက်ပေါက်က အင်မတန်ကျဉ်းတဲ့အခါကျတော့ အိမ်မဲချောင်းလေးက လည်းကျဉ်းတယ်။ တိမ်တဲ့အခါကျတော့ ရေထွက်မှုကိုလည်း၊ ရေနုတ်မှုကိုလည်း လျော့ပါးစေပါတယ်။ အဓိက ကျွန်တော်တင်ပြချင်တာကတော့ စောစောက ရေလဲကြီးမှာဖြစ်တယ်။ သာပေါင်းမြို့နယ်၊ ရေလဲကြီးမှာဖြစ်တဲ့ ကျွန်တော်တို့ ဒီဘက်ကအပြာနုလေးက မူလက ရေဖြတ်မြောင်းလေးဖြစ်ပါတယ်။ အဲဒီဖြတ်မြောင်းလေးက တိမ်လည်း တိမ်တယ်။ တကယ်လို့ အဲဒီနေရာလေးကို ပေ ၄၅၀၀၊ ပေ ၄၈၀၀ ရှိတဲ့ဥစ္စာကို ဖြတ်ဖောက်လုပ်လို့ရှိရင် ဒီနေရာမှာ ရေကထိုးဝင်ပြီးတော့ မြစ်ကျိုးအင်းပုံစံမျိုးဖြစ်သွား ပြီးတော့ ရေစီးလာတာကို တံတောင်ဆစ်ကွေးမသွားပဲနဲ့ အဲဒီနေရာက ဖြတ်သွားပါတယ်။ တကယ်လို့ အဲဒါလေးတွေကိုတော့ ကျွန်တော်တို့ လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ငွေကုန်ကြေးကျလည်း သက်သာပြီး တော့ ငသိုင်းချောင်းမှာလည်း ဒီလိုလုပ်တဲ့အတွက်ကြောင့် ရေကြည်တို့၊ ငါးပိဆိပ်တို့က တော်တော် လေးကောင်းသွားပါတယ်။ ဒါကို တံတောင်ဆစ်ကျိုးကြီးကို မူလရေမြောင်းလေး အပြာနုရောင် လေးအပေါ်မှာ အဝါပုံစံမျိုးလုပ်ခဲ့လို့ရှိရင် နိုင်ငံတော်ဘတ်ဂျက်လည်း သိပ်မကြီးတဲ့အတွက်ကြောင့် ဒါကိုတော့ လုပ်သင့်တယ်လို့ အကြံပြုတင်ပြလိုပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒီဘက်မှာ ရေစီးချောင်းကြီးဖြစ်နေပါတယ်။ ဒါဟာ ‌ရေလဲကြီးကနေ အောက်ဘက်ကနေပြီးတော့ အင်္ဂလိပ်က ဖို့သွားတဲ့တာအပျက်ကြီးဖြစ်သွားတယ်။ အဲဒီတာအပျက်ကြီးက ငသိုင်းချောင်းတို့၊ ဟင်္သာတတို့က ရေကျပြီဆိုရင် အဲဒီတာအပျက်ကြီးက တောက်လျှောက်ဝင်တဲ့အတွက်ကြောင့် ကျောင်းကုန်းတို့၊ သာပေါင်းမြို့တို့ဟာ တောက်လျှောက် အဲဒီရေကို နှစ်တိုင်းခံစားနေရတဲ့အတွက် ကြောင့် ကျွန်တော်တို့ အနီရောင်ပြထားတာက နဂိုလုပ်ထားတဲ့ အင်္ဂလိပ်အစိုးရက လုပ်ထားတဲ့တာ အဟောင်းကြီးပါ။ ဒါကို ကျွန်တော်တို့ ရေလဲကြီးကနေ ဟိုဘက်ဆက်လိုက်လို့ရှိရင် နဂိုတာအဟောင်းနှင့်ဆက်လိုက်ပြီး၊ တဘူးဝထိဆက်လိုက်ရင်တော့ အဲဒီတာအပေါက်ပိတ်သွားတဲ့အတွက်ကြောင့် ကျွန်တော်တို့မြို့နယ်တွေ ဟာ ရေကြီးနစ်မြုပ်မှုမှ ကင်းလွတ်သွားမယ့်အနေအထားဖြစ်ပါကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။

ဦးဘုန်းမြင့်အောင်(ဒိုက်ဦးမဲဆန္ဒနယ်)ကဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံးမင်္ဂလာပါလို့ ဦးစွာပထမဂါရဝပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူး တိုင်းဒေသကြီး၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်ဆွေးနွေးလိုတာကတော့ လေးမျက်နှာမဲဆန္ဒနယ်က ဦးဇော်မင်းသိန်း အဆိုတင်သွင်း သွားသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထားသော ရေ ကာတာများအား ယခုရောက်ရှိမည့် မိုးရာသီတွင် ပြည်သူများစိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမည့်ပွင့်လင်းရာသီတွင် တာတမံများ ကြံ့ခိုင်မှုရှိရန် ဆောင်ရွက် ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွား မှာဖြစ်ပါ တယ်ခင်ဗျား။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာနှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဟာလည်း နိုင်ငံတော်ရဲ့ စပါးကျီအဖြစ် တင်စားခေါ်ဝေါ် နိုင်ခဲ့တဲ့ တိုင်းဒေသကြီးအဖြစ် အကျိုးရှိစေခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဧရာဝတီ မြစ်ရေကာတာများနှင့် ငဝန်မြစ်ရေကာတာများဟာ အင်္ဂလိပ်အစိုးရလက်ထက်တွင် တည်ဆောက် ခဲ့သော ရေကာတာများလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၁၅၀ နီးပါး ကြာမြင့်လာသည်နှင့်အမျှ တာတမံ များဟာ ကြံ့ခိုင်မှုအလွန်အားနည်းလာပြီလည်းဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ အင်္ဂလိပ်အစိုးရလက်ထက်က တာတမံများ၏မြစ်တစ်ဖက်ကို ရေလွှမ်း လွင်ပြင်ဧရိယာသတ်မှတ်ထားပြီး တာများ၊ လယ်ကန်သင်းများကို ၁၈ လက်မထက်ပို၍ မြှင့်တင်ခြင်းကို ခွင့်မပြုခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေကို လွတ်လပ်စွာစီးဆင်းစေရန်ဖြစ်ပါတယ်။ ယခုအချိန် အခါတွင် လူနေအိမ်များ၊ လမ်း၊ တံတားများ ဆက်သွယ်ရေးတာကြီးများကို တည်ဆောက်လာခဲ့သည် နှင့်အမျှ မြစ်ရေက မြစ်ကမ်းကို နှစ်ဘက်ညှပ်ပိတ်ထားသလိုဖြစ်ပြီး စိုးရိမ်ရေမှတ်များကိုဖြစ်စေကာ မူလတာတမံကို ပိုမိုပျက်စီးလာစေပါတယ်။ တာတမံနယ်နိမိတ်အတွင်း တာတမံကြံ့ခိုင်ရေးကို ထိခိုက် စေမှုများကြောင့် နှစ်စဉ်တာပေါက်ခြင်း၊ တာနိမ့်ခြင်း၊ တာပဲ့ခြင်းများ ဖြစ်ပေါ်နေခြင်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မိုးရာသီကာလမှာလည်း မြန်မာနိုင်ငံအနှံ့အပြား ရေကြီးမှုများကို ကြုံတွေ့ခဲ့ရပါ တယ်။ ရေကြီးမှုကြောင့် ကျပ်ဘီလီယံ ၁၆၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁.၃ သန်းကျော် ရေဘေးသင့် ခဲ့ပါတယ်။ ရေကြီးမှုများကြောင့် ရေကာတာအပြင်မှ ပြည်သူများ ရေကြီးနစ်မြုပ်တဲ့ဒဏ်ကို ခံစားခဲ့ရ သလို ရေကာတာအတွင်းမှာရှိသော ပြည်သူများကလည်း တာတမံကြီးများအား ရေကျော်လုနီးပါး ရောက်ရှိနေတဲ့အတွက် မိုးတွင်းကာလတစ်ခုလုံး ဘယ်နေ့ဘယ်အချိန် ဘယ်နေရာကနေ တာတမံ ကျိုးပေါက်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ မအိပ်နိုင်ဘဲ ထိတ်လန့်မှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ယနေ့ ဒီမိုကရေစီအရပ်သားအစိုးရသစ်လက်ထက်မှာ ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုများကို ပိုမိုကုစား အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျား။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအချိန်အခါတွင် ကျွန်တော်တို့နိုင်ငံဟာ သစ်တော ပြုန်းတီးလာမှုကြောင့် မိုးရွာသွန်းတဲ့အခါ မိုးရေကို သစ်ပင်များကတစ်ဆင့်ခံ၍ ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ မြေဆီလွှာကို တိုက်ရိုက်ထိမှန်ပြီး နုန်းသဲများဟာ ချောင်းမြောင်းများမှတစ်ဆင့် မြစ်အတွင်းသို့ စီးဝင်ပြီး တစ်နှစ်ထက်တစ်နှစ် မြစ်ကြမ်းပြင်ကို မြင့်တက်စေခဲ့ပါတယ်။ မြစ်ကြမ်းပြင်မြင့်တက်လာ စေပြီး ရာသီဥတုတွေ တစ်နှစ်ထက်တစ်နှစ် ဖောက်ပြန်ဆိုးရွားလာသော်လည်း မြစ်ရေကိုကာကွယ် ထားတဲ့ တာတမံများကတော့ နဂိုအတိုင်းတည်ရှိနေဆဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရေကြီးမှုဖြစ်စဉ်မှာ ရေကာတာများအပေါ်မှာ ရေလျှံကျလုနီးပါး ရေကြီးခဲ့ပါတယ်။ အကယ်၍ ရေကာတာကြီးများ ကျိုးပေါက်သွားခဲ့လျှင် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ လူနေမှုဘဝများဆုံးရှုံးရမှာလည်းဖြစ်ပါတယ်။ ဒီလို ဆုံးရှုံးမှုများကို ကြိုတင်ပြင်ဆင်၍ လက်တွေ့ကျကျ အသေးစိတ်အစီအစဉ်များချမှတ်ဆောင်ရွက်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခြင်းကို ကာကွယ်ရန် အစိုးရမှာသာ တာဝန် အပြည့်အဝရှိပါတယ်။ အခုဆိုရင် တာတမံကြံ့ခိုင်မှုအားနည်းလာတာနှင့်အမျှ တာတမံများတွင်လည်း ခြတွင်းကြီးများ၊ ကြွက်တွင်းကြီးများရှိနေပါသဖြင့် အတွင်းပိုင်းကြံ့ခိုင်မှုကိုလည်း နည်းပညာပိုင်းအရ စစ်ဆေးပြီးမှ အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ လတ်တလောဖြစ်ပျက်နေတဲ့ ရေပေါက်မှု၊ ရေစိမ့်မှု များကို သဲအိတ်များချခြင်းသည် ဆေးမီတိုနှင့်ကုသခြင်းသာဖြစ်လို့ ရေရှည်စိတ်ချနိုင်စရာအကြောင်း မရှိပါ။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတကာတာတမံများဖြစ်သော နယ်သာလန်၊ ဂျပန်၊ ဗီယနမ်နိုင်ငံများ၏ တာတမံများအပေါ်တွင် ရာသီမရွေးသွားလာနိုင်သော ကားလမ်းများကို ဖောက်လုပ်ထားသည်ကိုလည်း သိရှိရပါတယ်ခင်ဗျား။ သို့ပါ၍ ကြိုတင်ကာကွယ်မှုများ အချိန်မီ လုပ်နိုင်ပါလျက် မလုပ်ဆောင်နိုင်ခဲ့လျှင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ အကုန်အကျအလွန်ကြီးမားသော ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရင်ဆိုင်ဖြေရှင်းရမှာ အမှန် တကယ်ဖြစ်ပါတယ်။ သို့ပါသောကြောင့် လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်း သွားသောအဆိုကို လေးလေးနက်နက်ထောက်ခံဆွေးနွေးတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က တင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ သဘောထားပြောပါ။

ဒေါက်တာဝင်းသိန်း(ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)              လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။  ဒီနေ့  ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း သိန်းရဲ့ အဆိုကို ထောက်ခံဆွေးနွေးပြီးတော့ အင်တိုက်အားတိုက်နဲ့ ဧရာဝတီမြစ်ရဲ့ ရေကာတာ၊ ငဝန်မြစ်ရဲ့ရေကာတာနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်သောကများနဲ့ ဝိုင်းဝန်းထောက်ခံ ဆွေးနွေးကြတဲ့ ၁၃ ဦးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီမှာဆိုရင် တပ်မတော်က ကိုယ်စားလှယ် အရာရှိကြီးနှစ်ဦးပါဝင်ပါတယ်။ အားလုံးရဲ့ဆွေးနွေးချက်အပေါ်မှာ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ကိုယ်စား ဒီအဆိုပေါ်မှာ ပြန်လည် ဖြေကြားရမယ်ဆိုလို့ရှိရင် ဒီအဆိုနှင့်ပတ်သက်ပြီးတော့ အားလုံးရဲ့မေးမြန်းချက်များ၊ စိုးရိမ်ပူပန် ချက် များဟာ အလွန်ကို လက်ရှိကာလမှာလည်း ရေဒဏ်၊ မိုးဒဏ်ကိုခံစားရမယ့် အနေအထားကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီးတော့ ရေတို/ရေရှည်မှာ ကျွန်တော်တို့ တာဝန်ယူတဲ့ဌာန အနေနဲ့ ဘယ်လိုလုပ်ဖို့သင့်တယ်ဆိုတာကိုလည်း ကျွန်တော်ဆွေးနွေးပါ မယ်။ ဒီဟာကို မဆွေးနွေးခင် မှာ တာတွေရဲ့ နှစ်စဉ်ခြိမ်းခြောက်နေတဲ့အကြောင်းအရင်းကို ပြန်ပြီးတော့ ကျွန်တော်တို့ ပြန်စစ်ဖို့ လိုပါတယ်။ အကြောင်းအရင်းကို စိစစ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ရန်ကုန်မှာကားကြပ်သလို အနေအထားမျိုးကို ပြန်မြင်ယောင်ပါတယ်။ ရန်ကုန်မြို့ကြီးဟာ အင်္ဂလိပ်အစိုးရတည်ခဲ့တဲ့ အနေ အထားအတိုင်း ယနေ့ထိ ဘာမှမပြောင်းလဲဘဲနဲ့ ဒီနေ့ကျမှ တိုးလာတဲ့ လူဦးရေနှင့်အတူ စီးချင်တဲ့ ကား တွေက များလာတဲ့အတွက် ကားကြပ်တဲ့ရောဂါ ဒီနေ့ရန်ကုန်မြို့အနှံ့မှာ ရှိတယ်။ ဒီတိုင်းပဲ ဒီဧရာဝတီ မြစ်မှာ တည်ဆောက်ထားတဲ့ရေကာတာတွေဟာ ၁၈၇၆ ခုနှစ်က အစောဆုံး လွန်ခဲ့တဲ့နှစ် ၁၄၀ ကတည်းက ဆောက်ခဲ့တဲ့တာများဖြစ်ပြီးတော့ ဒီတာများရဲ့ အနေအထား ဟာပြုပြင်ပြောင်းလဲပြီးတော့ ခေတ်နှင့်စနစ်နှင့်ညီတဲ့တာများဖြစ်အောင် ပြောင်းလဲခြင်းမရှိဘဲနဲ့ နဂိုခေတ်ကာလ လွန်ခဲ့တဲ့ နှစ် ၁၄၀ က ဆောက်ခဲ့တဲ့ ရေမျက်နှာပြင်အတိမ်အနက်နဲ့၊ သဘာဝ ပတ်ဝန်းကျင်လူဦးရေနဲ့ တိုင်းတာပြီး ဆောက်ခဲ့တဲ့အနေအထားဟာ ယနေ့မှာဆိုလို့ရှိရင် သဘာဝ ပတ်ဝန်းကျင်အနေအထားဟာ လုံးဝကို နှစ် ၁၄၀ က အနေအထားနဲ့ ပြောင်ပြောင်ကြီးကို ပြောင်းလဲခဲ့ ပါတယ်။ ပြောင်းလဲခဲ့တဲ့အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ မြစ်ကြောင်းများရဲ့ တိမ်ကောမှုဟာ အဓိကပါပဲ။ တိမ်ကောမှုဟာ ဘယ်လောက်ထိထင်ရှားလဲဆိုလို့ရှိရင် ကျွန်တော်တို့ ကျောင်းနေခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဧရာဝတီမြစ်ကြီးဟာ စစ်ကိုင်းတောင်နဲ့ မန္တလေးကြားမှာ စိုက်ခင်း တွေလုပ်ပြီး လေ့လာတဲ့အခါမှာ ရေလွှာဖွေးဖွေးမြစ်ကြောင်းကြီးကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ နှစ်ပေါင်း ၄၀ က စိုက်ပျိုးရေး တက္ကသိုလ်မှာ လေ့လာခဲ့တဲ့ မြစ်ကြောင်းကြီးတောက်လျှောက်မှာ ကျွန်းတွေ၊ သောင်တွေမရှိဘူး။ သို့သော် ယနေ့ခေတ်မှာဆိုရင် ဒီဧရာဝတီမြစ်ကြောင်းကြီး တစ်လျှောက်လုံးမှာ ကျွန်းတွေ၊ သောင်တွေ ဖွဲ့ပြီးတော့ တိုက်တာအဆောက်အဦ၊ စေတီ၊ ပုထိုးတွေနဲ့ ရွာကြီးများ တည်ပြီးတော့၊ ကျွန်းတွေ၊ သောင်တွေထွန်းပြီးတော့ တစ်ခါတည်းကို မြစ်ကြောင်းတွေက တိမ်ကော ပြီးတော့ ဒီလိုအနေအထားထိ လက်ရှိအနေအထားဟာ ကျွန်တော်တို့ တော်တော်ကို နိုင်ငံတော်အတွက်က ကျွန်တော်တွေ့ခဲ့တဲ့၊ တွေ့ကြုံခံစားခဲ့တဲ့ ရေလွှာဖွေးဖွေးအနေအထား ကနေပြီးတော့ တိမ်ကောနေတဲ့မြစ်ကြောင်းကြီး တစ်လျှောက်လုံးရဲ့ အနေအထားကို ကျွန်တော်တို့ အားလုံးလည်း ခံစားသိရှိရမှာပါ။ ဒီအကြောင်းကို အရင်းစစ်တော့ အမြစ်‌မြေကဆိုတော့ ဒီမြစ်ကြောင်း တွေ တိမ်ကောရတဲ့အကြောင်းအရင်း ပြန်လည် စိစစ်မယ်ဆိုလို့ရှိရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တည်းက၊ အင်္ဂလိပ်ခေတ်တည်းက စခုတ်ခဲ့ သော်လည်း နှစ်ပေါင်း ၄၀ အထိ မြစ်ကြောင်းတွေက တိမ်ကောခြင်းမရှိဘူး။ နောက်ပိုင်းမှာ မဆလခေတ်မှာလည်း ဒီလောက်သစ်တွေခုတ်ခဲ့တဲ့အနေအထား မရှိဘူးဆိုတာကို ဒီအတွေ့အကြုံ ကနေ ပြန်ပြီးတော့ ၁၉၇၃-၁၉၇၄ အထိ မြစ်ကြောင်းတွေမှာ တိမ်ကောခြင်းမရှိခဲ့သလို ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ၁၉၇၃-၁၉၇၄ ကျွန်တော်ပြောတဲ့ကာလမှာ မြစ်ကြောင်းတွေက တိမ်ကောခြင်း မရှိ သော်လည်း ယနေ့မှာဆိုရင်တော့ မြစ်ကြောင်းတွေက ပိတ်ဆို့ တိမ်ကောပြီးတော့နေတဲ့အတွက် ဒီဥစ္စာက အကြောင်းစစ်တော့ စိုက်ပျိုးရေအရဆိုရင် ဒါတွေက သစ်တောတွေပြုန်းလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးမှာ တိုက်စားခြင်းနှစ်မျိုးရှိပါတယ်။ လေကြောင့်တိုက်စားခြင်း၊ ရေကြောင့် တိုက်စားခြင်းပါ။ ပြင်းထန်တာဟာ ရေကြောင့်တိုက်စားခြင်းပါ။ ရေကြောင့်တိုက်စားခြင်းမှာ မိုးနဲ့တိုက် စားခြင်းဟာ အဓိကသီးနှံသစ်ပင်တွေ ဖုံးအုပ်တဲ့နေရာရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ သစ်တော တွေဟာ သစ်တောတွေရှိစဉ်က တိုက်စားခြင်းနည်းခဲ့တဲ့အတွက် မြစ်ကြောင်းတွေကောခြင်း မရှိတာ ဖြစ်ပါတယ်။ အခု သစ်တောအားလုံးကြည့်လိုက်မယ်ဆိုရင် မြန်မာပြည် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ကြီးနဲ့ ယှဉ်ပြီး ဖြစ်ထွန်းနေတဲ့ ပဲခူးရိုးမတောင်ကြောတစ်လျှောက် လုံးမှာလည်း သစ်တောတွေ မရှိော့ပါဘူး။ ဒီဧရာဝတီမြစ်ကြီးကိုစီးဝင်နေတဲ့ ဒုဋ္ဌဝတီမြစ်၊ ချင်းတွင်း မြစ်ကို မြစ်ဖျားခံရာ ကျွန်တော်တို့ ချင်းတောင်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ သစ်တောတွေက လုံးဝပြုန်းတီးလျက်ရှိပါတယ်။ ဒီကာလမှာ ခုတ်လာခဲ့တဲ့ သစ်တောတွေရဲ့ ပြုန်းတီးမှုကြောင့် မြေအကာ အရံတွေမဲ့ပြီးတော့ မြေဆီလွှာတွေ အပေါ်ယံတိုက်စားပြီးတော့ ချောင်း၊ မြောင်း၊ အင်းအိုင်အားလုံးဟာ ဒီနေ့အနေအထားမှာ ကျွန်တော် ခုနပြောတဲ့ မြစ်ကြောင်းတွေရဲ့ အလယ်ကောင်မှာ စေတီ၊ ပုထိုး၊ ကျောင်းကန်တွေအနေနဲ့ ရွာကြီးတွေ အဖြစ် ဖြစ်ထွန်းတည်ရှိပြီးတော့ မြစ်ကြောင်းတွေ တိမ်ကောတဲ့ အတွက် မြစ်ကြောင်းတွေရဲ့ ကာရံထား တဲ့ နဂိုကတည်းက ၁၈၇၆ ခုနှစ်တည်းကရှိတဲ့၊ နှစ် ၁၄၀ ကရှိတဲ့ ရေကာတာဟာ ဘယ်လိုမှလုံခြုံအောင် ကာရံထားခြင်းမရှိနိုင် ဘူးဆိုတာကတော့ အားလုံး ဒါဟာ အခုဆိုရင် တွေးမြင်လို့သိရှိနိုင်ပါတယ်။ ဒီဟာကို ကျွန်တော်တို့က အပြစ်ပြောပြီးတော့မှ ဒီဟာကို ကျွန်တော်တို့ အစိုးရခေတ်ကာလမှာ ဒါကို မကာကွယ်နိုင် ကောင်းလားဆိုတာလည်း ရှိကောင်း ရှိပါတယ်။ ဒါပေမဲ့ ဒါက ကင်ဆာအနာလို နှစ်ပေါင်း ၁၀၀ ကျော်က စစွဲခဲ့တဲ့ ကင်ဆာအနာ၊ မြစ်ပွား နာက ယနေ့စပြီးတော့ ပြည်တည်ပြီးပေါက်တဲ့ အနေအထားဖြစ်နေတဲ့အတွက် ဒါကို ကျွန်တော်တို့ ကုစားဖို့ဆိုလို့ရှိရင် နိုင်ငံတော်ရဲ့ အဘက်ဘက်သော တာဝန်ရှိတဲ့ ကျွန်တော်တို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဝန်ကြီးဌာန၊ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နောက်ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြစ်ကြောင်းများ ထိန်းသိမ်း ရေးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အားလုံးပေါင်းစပ်ပြီးတော့မှ အားလုံးကို ခြိမ်းခြောက်နေတဲ့ ရေကာတာတွေရဲ့ မလုံခြုံမှုကို ပြန်လည် ပြီးတော့ နိုင်ငံတော်အဆင့်အနေဖြင့် အရေးတယူနဲ့ ယခုအနေအထားကို သုံးသပ်ပြီးတော့မှ စီမံ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

လက်ရှိ ကျွန်တော်တို့နိုင်ငံအနေအထားနဲ့ မနှစ်ကဆိုလို့ရှိရင် ကိုယ်စားလှယ်ကြီးများ ဆွေးနွေး သွားသလိုပေါ့နော်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မနှစ်ကရေဖုံးလွှမ်းခဲ့တဲ့အတွက် စိုက်ပျိုး ဧရိယာ တစ်သိန်းကျော် လုံးဝရေနစ်မြုပ်ဆုံးရှုံးတယ်။  ပုစွန်ကန် သုံးသိန်းလောက် ဆုံးရှုံးတယ်။ ငါးကန် တစ်သိန်းခွဲလောက် ဆုံးရှုံးတယ်။ ငါးကန်ဧရိယာအတွက်။ အားလုံးက သဘာဝဘေးဒဏ်ကို ထုတ်လုပ်မှု‌အောက်ပိုင်းမှာ အိပ်ပေါက်နဲ့ ဖားကောက်သလို ကျွန်တော်တို့ နိုင်ငံရဲ့အနေအထားဟာ လူးလွန့်စံစား အစိုးရသစ်အနေအထားမှာလည်း ဒါကို ခါးဆီးလို့ခံနေရတဲ့အနေအထားမှာ ဘယ်လို ရုန်းထမလဲဆိုတာကို ကျွန်တော်တို့အားလုံးတညီတညွတ်တည်း ဒေသခံပြည်သူများအပါအဝင်၊ NGO များအပါအဝင်၊ ပြည်သူများအပါအဝင် အားလုံးက ဒါဟာ နိုင်ငံတော်အရေးနော်။ နိုင်ငံတော်ရဲ့ သဘာဝဖျက်ဒဏ်ကို ကာကွယ်ထိန်းသိမ်းပြီးတော့ ဘယ်လိုသွားမလဲဆိုတာကိုတော့ ဒီအစည်းအဝေးပြီး ရင်တော့ လုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ လုပ်ဆောင်နိုင်တာကတော့ ဌာနကထုံးစံ အတိုင်း ရေကာတာတွေကို မြှင့်တင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဘယ်လောက်ထိ မြှင့်နိုင်မလဲဆိုရင် တော့ မြစ်ကြောင်းက တိမ်လာတဲ့အတွက် တိမ်လာတဲ့မြစ်ကြောင်းနဲ့လိုက်တဲ့ ငါးပေမြှင့်မယ်ဆိုတာ တော့ ဒီငါးပေမြှင့်တာက ငါးပေနှင့်အတူ အတွင်းဘက်နံရံမှာလည်း ငါးပေနဲ့ညီမျှတဲ့ ရေထုကိုခံနိုင်ဖို့၊ ရေကာတာရဲ့အတွင်းဘက်မှာလည်း ငါးပေနဲ့ညီမျှတဲ့ရေထုကို ကာကွယ်နိုင်တဲ့ ရေကာတာကိုလိုက်ပြီး ပြုပြင်ထိန်းသိမ်းပြီးတော့ ဖြေရှင်းရတဲ့အတွက် စုစုပေါင်း ၄၈၆ မိုင် အကွာအဝေးထက် ရန်ပုံငွေ ခန့်မှန်း‌ခြေပေါင်း ကျပ်သန်းပေါင်း ၄၇၄၃၀ ကျပ်သန်းကို အဓိကတွက်ချက်ပြီး စီမံချက်ချပြီးတော့ မနှစ်ကတည်းက တင်ပြတယ်။ ပြီးခဲ့သော နိုင်ငံတော်ရဲ့သမ္မတကြီးကလည်း ဒါကိုအရေးတယူလုပ်ဖို့ လုပ်ပေးတဲ့အတွက် ဒီဟာကို ဌာနအနေနဲ့ စီမံချက်ချပြီးတော့ ဘယ်လောက်ကုန်မလဲ။ ကျင်း ဘယ်လောက်ကုန်မလဲ။ ရေကာတာ ၁၅ ခုမှာ ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ခြမ်းမှာ ၁၁ တာ၊ ရန်ကုန်တိုင်းဒေသကြီးဘက်မှာသုံးတာနဲ့ ပဲခူးတိုင်းဒေသကြီး အထက်ပိုင်း အနောက်ဘက် အခြမ်းမှာ တစ်တာ၊ ၁၅ တာအတွက်ကို ပုံစံတွေထုတ်ပြီးတော့ လုပ်မယ်လို့ ပြောသော်လည်း အဓိက ကင်ဆာရောဂါကာကွယ်ဖို့ကို လိုအပ်တဲ့ အရင်းအနှီးမရှိတဲ့အတွက် အရင်း အနှီးရှိတဲ့ တရုတ်ပြည်ကို ကမ်းလှမ်းပါတယ်။ တရုတ်ပြည်က ယခုအခါမှာ ဒါကိုစဉ်းစားပြီးတော့ ဒါကို တရုတ်ပြည်ကနေပြီးတော့ ဘယ်လိုရမလဲဆိုတာကိုလည်း ကြိုးစားတယ်။ ဒီ ကြိုးစားတဲ့ လက်ရှိ ကာလမှာတော့ ဒီပိုက်ဆံက မသေမချာ၊ မရေမရာဖြစ်နေဆဲကာလဖြစ်တဲ့အတွက် အခု လောလောဆယ်ဆယ် ဖြေရှင်းရမယ့် အနေအထား လက်ရှိခြိမ်းခြောက်နေတဲ့ သဘာဝအနေအထားကိုတော့ လောလောဆယ်တော့မနှစ်က လုပ်ခဲ့တဲ့အတိုင်းပဲ ၂၄ နာရီမှာ ရေကင်းချထားပြီးတော့ စီမံခြင်း၊ အရေးပေါ်ရေဘေး ကာကွယ်မှုစီမံ ခြင်းများ အရန်သင့်‌စုစောင်းထားရှိခြင်းလုပ်ငန်းများ၊ နောက်ပြီးတော့ အဆင့်ဆင့်သော အနီးကပ် ကြီးကြပ်ပြီး ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ လူမှုရေးအဖွဲ့များ၊ ပြည်သူ များ၏လုပ်အားဖြင့် တာနိမ့်သည့််‌နေရာများတွင် သဲအိတ်ဖြည့်ခြင်း ရေပေါက်များကို ရေခွင်များ ခိုင်မာ အောင်ပြုလုပ်၍ ကာကွယ်ခြင်း၊ တာနောက်မှ ကတုတ်တန်းရိုက်၍ မြေဖို့ခြင်း၊ တာရှေ့မှ လှိုင်းကာ၊ ရေကာများရိုက်ခြင်း၊ ရိုက်၍ကာကွယ်ခြင်း၊ သဲဗွက်ထခြင်း၊ တာအိခြင်းများအား အချိန်မီ ကာကွယ်ခြင်း စသည်တို့ကို အရေးပေါ်ကာကွယ်တားဆီးနိုင်လို့ မနှစ်က ဒီအနေအထားကနေ ကာကွယ်နိုင်ခဲ့ပါ တယ်။ ကိုယ်စားလှယ်ကြီး တစ်ယောက်ပြောသလို ဆေးမီးတိုနဲ့ပဲ ဒီနေရာမှာ မနှစ်ကအတိုင်းပဲ သုံးသပ်ပြီးတာနိမ့်များ မြေဖို့ခြင်း၊ ရေပေါက်များပြန်ဖို့ခြင်း ဆောင်ရွက်ထားရှိတယ်။ နောက် မြစ်ရေကြီး ချိန်မှာ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့် အနီးကပ်ကြီးကြပ်ပြီး ၂၄ နာရီ ရေကင်းကျ စောင့်‌ကြည့်ခြင်း၊ အရေးပေါ်ကာကွယ်ရေး ပစ္စည်းအရန်သင့်‌ထားရှိခြင်း၊ ကာကွယ်ရေး ပစ္စည်းများ အချိန်မီ ရောက်ရှိနိုင်ရန် စက်ယန္တရား၊ ယာဉ်နှင့် လုပ်သားအင်အားနှင့် အရန်သင့်ဖွဲ့စည်း ထားရှိခြင်း စတဲ့ ကျွန်တော်တို့နဲ့စာချုပ်မထားတဲ့ သဘာဝဘေးဒဏ်ကဘယ်လောက်ကြီးထွားမလဲ ဆိုတာကို အုပ်ဆေး၊ မန်းဆေးနဲ့ ကြိုတင်ပြီးတော့ ကာကွယ်နေရတဲ့အနေအထားပဲ ရှိနေတဲ့အတွက် ဒါကိုဒီနှစ်မှာ တော့ ဒီလိုပဲ စောင့်‌ကြည့်ပြီးတော့ လေ့လာဖို့၊ လစ်ဟာမှုမရှိအောင် အထူးအလေးထား ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ လာမည့်နှစ်မှာကတော့ ဒီဟာကို ရေဘေးကာကွယ်ရေးအတွက် လိုအပ်သည့် အစီအမံ များကို ရာသီရောက်မှ ရေဘေးကာကွယ်ရေးတာများ ခိုင်မာပြင်ဆင်ခြင်းလုပ်ငန်းများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံအထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းဆောင်ရွက်စီမံရန် ရှိပါ တယ်။ ရှိတဲ့အတွက်ကြောင့် ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ယင်းအဆိုကို ကျွန်တော်တို့က ဒီဟာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အထောက်အပံ့နဲ့ ဆောင်ရွက်ဖို့ရှိပါတယ်ဆိုတာလောက်ကိုပဲ အခုအနေအထားမှာ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအား မှတ်တမ်းတင်ထားသင့်‌ပါ ကြောင်း ဖြေကြားအပ်ပါတယ်။ သို့သော်ဒီဥစ္စာဟာ မှတ်တမ်းတင်ထားရမှာ တကယ်တမ်းဌာနအနေနဲ့ လုပ်ဖို့က ခုနက ကိုယ်စားလှယ်တော်ကြီးများ ဝေဖန်သုံးသပ်သွားတဲ့ ပြီးခဲ့တဲ့ကာလ ရေဘေးကာကွယ် ရေးနဲ့ပတ်သက်တဲ့ မြစ်ကြောင်းကာကွယ်ရေးတစ်လျှောက်မှာ အစီအမံများဟာ ဘယ်လောက်ထိလဲ ဆိုလို့ရှိရင် ဆည်မြောင်းပညာရှင်တစ်ယောက်နဲ့ မကြာခင်ကဆွေးနွေးတဲ့အခါမှာ လုပ်ခဲ့တာတွေက အမှန် မြစ်ကြောင်းရဲ့ ဘယ်ညာမှာ တာတစ်ချောင်းပဲ ရှိရပါမယ်။ ရေရဲ့ Hydrology ခေါ်တဲ့ ပညာရှင်ရဲ့အယူအဆအရ တာနှစ်ချောင်းရှိလို့ရှိရင် ရေအားပြိုင်အားကောင်းလာပြီးတော့ တိုက်စားမှု အားကောင်းလာပါတယ်။ ကျွန်တော်ကြည့်တဲ့အခါမှာ ဧရာဝတီမြစ်ရဲ့ကာလမှာ အရင်အစိုးရကာလ များမှာ ပိုင်ဆိုင်တဲ့ဧရိယာအလိုက် အရှေ့ဘက်ကမ်းရော၊ အနောက်ဘက်ကမ်းရော တာတွေကို အပြိုင်ဆောက်တဲ့အတွက် ရေတိုက်စားမှုတွေဟာ ပိုများပြီးတော့ ယခုလို ရေရဲ့အင်အားကို အန်တု ပြိုင်ပြီးတော့ စိုးရိမ်သောကတွေ ဖြစ်နေရခြင်းပဲ ဖြစ်ပါတယ်။ အမှန်မှာ ဆည်မြောင်းပညာရှင် ပြောတာက ရေကာတာမှန်သမျှ မြစ်ကြောင်းတစ်ကြောင်းမှာ ရေကာတာတစ်ဖက်ပဲရှိရပါမယ်။ တစ်ဖက်မှာရေကာတာမရှိရပါဘူး။ အရှေ့ဘက်ကမ်းမှာ ရေကာတာရှိရင် အနောက်ဘက်ကမ်းမှာ ရေကာတာမရှိရပါဘူး။ ပြိုင်ပြီးတော့ မရှိရပါဘူး။ ဒါပေမဲ့  ဒီခေတ်ကာလမှာ စီမံခဲ့တဲ့အစိုးရများရဲ့ သူတို့ရဲ့အင်အားပြိုင်မှုနည်းပညာပေါ်မှာ လွှမ်းမိုးမှုကြောင့် ရေကာတာများအား အပြိုင်ဆောက်ခဲ့တဲ့ အတွက်ကြောင့် ဒီနေ့ ကျွန်တော်တို့ဒီလိုမျိုး ရေသဘာဝဘေးဒဏ်ကို ခါးဆီးပြီးတော့ခံနေရခြင်း ဖြစ်ပါတယ်။ ဒါတွေကစလို့ ပြန်သုံးသပ်ပြီးတော့ ဒီရေကာတွေရဲ့လက်ရှိစနစ်မကျ အပြိုင် ဆောက်ခဲ့တဲ့ ဟာတွေကိုတော့ ပြန်သုံးသပ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ဒီဥစ္စာကို ပြန်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ပြန်သုံးသပ်မယ်ဆိုလို့ရှိရင် ဒီရေဟာ ကျွန်တော်တို့အတွက် ရွှေပါပဲ။ ရေကို အန္တရာယ်လို့ သုံးသပ်ပြီးလို့ထားမယ်ဆိုရင် ဒါဟာအန္တရာယ်ပေါ့။ ဒါပေမဲ့ဒီဟာက ကျွန်တော်တို့အတွက် ရေက အလွန်ရှားပါးတဲ့ ပစ္စည်းရွှေဖြစ်ပါတယ်။

ဒီရေကို ကျွန်တော်တို့က အန္တရာယ်လို့မြင်ပြီးတော့ ကာကွယ်မယ့်အစား ဒီမြစ်ဝကျွန်းပေါ် ဧရာဝတီမြစ်ကြီးတစ်လျှောက်မှာ ကျွန်တော်တို့က ရေကာတာဆည်လေးများ ဆောက်ပြီးတော့ ပတ်ဝန်းကျင်ဒေသအလိုက် မိုင် ၁၀၀၊ ၂၀၀ ခြားပြီးတော့ ဒေသအလိုက် လိုအပ်တဲ့ရေတွေကို ဆည်လေးတွေကန့်ပြီးတော့ ရေသွင်းစီမံကိန်းအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဘယ်ညာမှာ လုပ်ပေးနိုင်မယ်ဆိုရင် ဒီရေရဲ့အင်အားတွေဟာ လျော့ပါးသွားပြီးတော့၊ ရေရဲ့ခြိမ်းခြောက်မှုဟာ လျော့ပါးသွားပြီးတော့ ခြိမ်းခြောက်နေတဲ့ရေဆိုတဲ့အန္တရာယ်ဟာ ကျွန်တော်တို့အတွက် မိတ်ဆွေ ဖြစ်သွားပါမယ်။ ဒီဟာကို ကျွန်တော်တို့ လာမယ့်အစိုးရကာလ ရှေ့လျှောက်ပြီးတော့ ကျွန်တော်တို့ စီမံချက်တွေမှာ ရေကို ကျွန်တော်တို့ ကာကွယ်ဖို့မဟုတ်ဘဲနဲ့ ရေကို ကျွန်တော်တို့က မိတ်ဆွေလို အကျိုးရှိရှိအသုံးချနိုင်အောင် နိုင်ငံခြားစီမံကိန်း ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီးများပြောသွားတဲ့ ဒိန်းမတ်နိုင်ငံ၊ နယ်သာလန်နိုင်ငံ ဒီနိုင်ငံတွေရဲ့ရေပညာရှင်များနဲ့ ဆွေးနွေးပြီးတော့ ယနေ့ကာလ ခြိမ်းခြောက်နေတဲ့ရေကို မိတ်ဆွေအဖြစ်၊ စိုက်ပျိုးရေအဖြစ် ကျွန်တော်တို့ ပြောင်းလဲနိုင်အောင် ဒီတစ်ဖက်ပိတ်ရေကာတာဆည်များကို မြို့နယ်အလိုက် သွယ်တန်းပြီးတော့သာ စီမံဆောင်ရွက်မယ် ဆိုရင်တော့ ကျွန်တော်တို့ ယနေ့လို ခြိမ်းခြောက်နေတဲ့ရေတွေဟာ ကျွန်တော်တို့အတွက် မိတ်ဆွေ၊ စိုက်ပျိုးရေဖြစ်သွားပါမယ်။ ကျွန်တော်တို့ရဲ့ ခြိမ်းခြောက်နေတဲ့ရန်သူဆိုတဲ့ဟာက မရှိတော့ဘဲနဲ့ မိတ်ဆွေတွေလိုဖြစ်သွားပါမယ်။ ဒါကျွန်တော်တို့ရဲ့ နိုင်ငံတော်အစိုးရရဲ့၊ လက်ရှိအစိုးရရဲ့မူနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရမှာလည်း ဒီလိုရန်သူဆိုတာမရှိပါဘူး။ မိတ်ဆွေများနဲ့သာ ဖွဲ့စည်းထားပြီးတော့ တိုင်းပြည်ကောင်းအောင်လုပ်နေတဲ့အတွက် ဒီမူဝါဒသာ ကျွန်တော်တို့ လက်တွေ့ရင်ဆိုင်နေရတဲ့ ရေခြိမ်းခြောက်မှုအန္တရာယ်၊ သဘာဝအန္တရာယ်တွေ Challenging တွေကို စိန်ခေါ်ပြီးတော့၊ မိတ်ဆွေဖွဲ့ပြီးတော့ အသုံးချနိုင်မယ်ဆိုရင်လည်း ဒါဟာ ကျွန်တော်တို့အတွက် ရေရှည်မှာ Sustainable ဖြစ်တဲ့၊ နိုင်ငံရဲ့တိုးတက်ကြီးပွားရာကြီးပွားကြောင်း ဖြစ်တဲ့၊ စိုက်ပျိုးရေးထွန်းကားမှာဖြစ်တဲ့ လုပ်ငန်းတွေဖြစ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်အကျယ်ချဲ့ဆွေးနွေးရင်းနဲ့ ကျွန်တော်တို့ ဒီနေ့တင်ပြတဲ့၊ ဆွေးနွေးတဲ့အားလုံးအပေါ်မှာ ဒီလက်ရှိအနေအထားအရ တရုတ်နိုင်ငံရဲ့အထောက်အပံ့နဲ့ဆောင်ရွက်ရန် ဆွေးနွေးပြီးတော့ နောင်နှစ်တွေမှာ ခုနက ကျွန်တော်ပြောတဲ့အစီအစဉ်တွေကို နိုင်ငံတော်အကူအညီနဲ့ ဆောင်ရွက်စီမံ သွားမှာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့အဆိုအား မှတ်တမ်းတင်ထားရှိသင့်ပါကြောင်း ဖြေကြားရင်းနဲ့နိဂုံးချုပ်ပါတယ်ခင်ဗျား။

 ဦးဇော်မင်းသိန်း(လေးမျက်နှာမဲဆန္ဒနယ်)က ဆွေးနွေးခြင်း               လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ လာရောက်ဖြေရှင်းပေးတဲ့ ပြည်ထောင်စု ဒုတိယဝန်ကြီးနဲ့ ဧည့်‌သည်တော်များအားလုံး မင်္ဂလာပါ။ ကျွန်တော် ဒီအဆိုကို တင်သွင်းခဲ့တာဟာ ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများရဲ့စိုးရိမ်ပူပန်မှုများနဲ့ လက်ရှိတည်ဆောက်ထား ပြီးသားဖြစ်တဲ့ အခြေခံအဆောက်အဦများ၊ သူတို့ရဲ့လူမှုဘဝအကျိုး စီးပွားများကို ပျက်စီးမယ့် ဘေးကနေ ပြီးတော့ လက်ရှိပြည်ထောင်စုအစိုးရကနေပြီးတော့ ကာကွယ်စောင့်ရှောက်ပေးဖို့ ရည်ရွယ် ချက်နဲ့ ကျွန်တော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီအဆိုကို ဝိုင်းဝန်းထောက်ခံ ဆွေးနွေးပေးကြတဲ့ ဒေါက်တာ စံရွှေဝင်း၊ ဒေါက်တာစိန်မြအေး၊ ဦးစစ်အေး၊ ဦးစိုးအောင်နိုင်၊ ဦးခင်မောင်လတ်၊ ဦးအုန်း လွင်၊ မန်းရွှေလှကြိုင်၊ ဒေါ်အေးမြမြမျိုး၊ နောက်ပြီးတော့ တပ်မတော်သား ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဒုတိယဗိုလ်မှူးကြီးတိုးလွင်၊ ဗိုလ်မှူးရဲနိုင်လွင်၊ ဦးသိန်းထွန်း(သာပေါင်းမဲဆန္ဒနယ်)၊ ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်)နှင့် ဦးဘုန်းမြင့်အောင် စတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အသီးသီးကို လည်း ဒီနေရာကနေ အထူးလှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီတာတမံများဟာ နှစ်ပေါင်း ၁၅၀ နီးပါးရှိပါပြီ။ အင်္ဂလိပ်လက်ထက်က ရေကြီးနစ်မြုပ်မှုဒဏ်ကနေပြီးတော့ ကာကွယ် နိုင်ဖို့ရယ်၊ မိုးရာသီမှာ လယ်တွေကို စိုက်ပျိုးမြေတွေဖြစ်ထွန်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ဒီတာတမံ ကြီးကို တည်ဆောက်ခဲ့တာပါ။ တည်ဆောက်စဉ်ကာလက လေးနှစ်နဲ့အပြီးတည်ဆောက်တယ်လို့ သိရ ပါတယ်။ အဲဒီတုန်းက ဘာစက်ယန္တရားအကူအညီမှမပါဘဲနဲ့ ကျွန်တော်တို့ ပြည်သူ လူထုအင်အားနဲ့ တည်ဆောက်တာပါ။ လုပ်အားနဲ့တည်ဆောက်တာပါ။ အဲဒီလုပ်အားကလည်း ကျွန်တော်တို့နိုင်ငံက သူတွေမဟုတ်ဘဲနဲ့ အိန္ဒိယက တာလုပ်သားတွေကိုခေါ်ပြီးတော့ လူလုပ်အားနဲ့ တည်ဆောက်ခဲ့တဲ့၊ စနစ်တကျတည်ဆောက်ခဲ့တဲ့ တာတမံများဖြစ်ပါတယ်။ အဲဒီတော့ မနှစ်က ရေကြီးခဲ့တယ်။ ကျွန်တော် တို့ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့တာပါ။ ဒီနှစ်လည်း အခုဒီအချိန်မှာ မနှစ်ကရေထက် ကြီးမယ်လို့ ဆည်မြောင်းပညာရှင်တွေက ကျွန်တော့်ကိုပြောပါတယ်။ ဒီနှစ်လည်း ကျွန်တော်တို့ အင်မတန်မှ စိုးရိမ် ထိတ်လန့်စွာနဲ့ ကာကွယ်နေရပါတယ်။ အဲဒီတော့ မကျိုးခဲ့ရင်တော့ ကံကောင်းလို့ဆိုတဲ့ဟာပဲ ကျွန်တော်တို့ပြောရမှာပါ။ အဲဒီတော့ ကံဟာ ကျွန်တော်တို့ အမြဲတမ်း ကောင်းမနေနိုင်ပါဘူး။ နောက် တစ်ခါ ဒီရေကြီးနစ်မြုပ်တဲ့ကိစ္စဟာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ဒါသဘာဝဘေး အန္တရာယ် မဟုတ်ပါဘူး။ ထာဝရရင်ဆိုင်နေရတဲ့ဘေးလို ဖြစ်နေပါတယ်။ အဲဒီအတွက် ခုနက ဝန်ကြီး လာရှင်းပြ သွားတဲ့အထဲမှာ ဒီတာတမံနဲ့ပတ်သက်လို့ လက်ရှိအခြေအနေဟာ ကင်ဆာလိုဖြစ်နေတယ် ဆိုတာ လည်း ဒါကျွန်တော်တို့အားလုံးသိပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ ဝန်ကြီးဌာန တွေပေါင်းစပ်ပြီး တော့ ဒီတာတမံကြီးကို ဆောင်ရွက်မယ်လို့ပြောတဲ့အတွက်လည်း အင်မတန်မှ ကျွန်တော် ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။ အခု လက်ရှိ ရေခွေတွေလုပ်နေရတယ်၊ ရေပေါက် တွေလုပ်နေရတယ်၊ တာတွေအပေါ်မှာ သဲအိတ်တွေဆင့်နေရတယ်ဆိုတဲ့ဟာတွေက စောစောက ဖြစ်နေတဲ့ကင်ဆာအနာ ကြီးကို ကျွန်တော်တို့ သက်သာစေဖို့အတွက် ပါရာစီတမောဆေး တိုက်နေတဲ့ ပုံစံမျိုးနဲ့ပဲ သွားပြီးတော့ ဆင်နေပါတယ်။

          ဒါကြောင့်မို့လို့ ကျွန်တော်တို့ အခုလက်ရှိ ရေအမှတ်အမြင့်ဆုံးကာလမှာ သီးသန့်ပညာရှင်တွေ ဖွဲ့စည်းပြီးတော့မှ စစ်ဆေးစေကာ သီးသန့်ပညာရှင်ဆိုတဲ့နေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆည်မြောင်းဝန်ထမ်းတွေမဟုတ်ဘဲနဲ့ သီးသန့်ပညာရှင်အဖွဲ့တစ်ဖွဲ့ စစ်ဆေးဖို့အတွက်ကို ဖွဲ့စည်းပြီး တော့မှ လက်ရှိရေအမြင့်ဆုံးအမှတ်မှာ ဘယ်နေရာဟာ ရေအမြင့် ရှိသင့်ရှိထိုက်တဲ့အမြင့် မရှိဘူးလဲ။ ဘယ်နေရာမှာ ရှိသင့်ရှိထိုက်တဲ့ တာခြေတွေမရှိဘူးလဲ။ ဘယ်နေရာမှာ ရှိသင့်ရှိထိုက်တဲ့လျှောစောက် တွေ၊ တာခြေထောက်တွေမရှိဘူးလဲဆိုတာကို သေချာစစ်ဆေးပြီးတော့မှ  အားအနည်းဆုံး၊ အန္တရာယ် အရှိဆုံးနေရာတွေကို ပြန်လည်တင်ပြစေကာ လာမယ့်ပွင့်လင်းရာသီမှာ ဆောင်ရွက်ပေးဖို့အတွက်ကို၊  နောက်ပြီးတော့ လက်ရှိနိုင်ငံတကာပညာရှင်များနဲ့ နည်းပညာအကူအညီ၊ ငွေရေးကြေးရေးအကူအညီ ရယူဆောင်ရွက်ပြီးတော့ ဆောင်ရွက်မှုများကို ကျွန်တော်တို့လွှတ်တော်ကြီးကို တင်ပြပြီးတော့မှ လွှတ်တော်ကနေပြီးတော့ မှတ်တမ်းတင်စောင့်ကြည့်သွားဖို့ကို ကျွန်တော့်အနေနဲ့ တင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံး ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးဇော်မင်းသိန်းတင်သွင်းသွားတဲ့ အဆိုကို ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင် ထားရန် ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုရှင်ကလည်း ဒီအဆိုနဲ့စပ်လျဉ်းပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ဦးဇော်မင်းသိန်း တင်သွင်းတဲ့ အဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ရန် သဘောတူပါသလားခင်ဗျား။          

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သဘောမတူသူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ဦးဇော်မင်းသိန်း တင်သွင်းတဲ့အဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာပါတယ်။

 

 

နေ့စွဲ
၂၆. ၇.၂၀၁၆