Skip to main content
Submitted by on 21 July 2017

ဒေါက်တာဒေါ်ခင်ညို(ဒေးဒရဲမဲဆန္ဒနယ်)မှ အဆိုတင်သွင်းခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော် များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင်။ ကျွန်မကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို ဖြစ်ပါတယ်။ ကျွန်မကိုယ်စားပြု တဲ့ ဒေးဒရဲမြို့နယ်အတွင်း ဒီရေကာကွယ်တောနှင့်ပတ်သက်၍ ပြည်သူများခံစားနေရသော စိုးရိမ် သောကများအတွက် ပြည်သူ့ကိုယ်စား ပြည်ထောင်စုအစိုးရကို တင်ပြတောင်းဆိုလိုပါတယ်။ ဥက္ကဋ္ဌကြီး ရှင်။  ရှေးဦးစွာ ဒီရေတောနှင့်ပတ်သက်လို့ အနည်းငယ် တင်ပြလိုပါတယ်။ ဒီရေတောသည် ကုန်း မြေနှင့် ပင်လယ်အကြား ကြားခံအနေနဲ့တည်ရှိသည့် လမု၊ ဓနိ၊ မဒမ၊ တမက်၊ ကနစို စသည့် အပင်များ ထူထပ်စွာပေါက်ရောက်နေသောတော ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီရေတောသည် ကမ္ဘာ့ဒီရေတော၏ ၃.၃ ရာခိုင်နှုန်းရှိပြီး သတ္တမမြောက်ဒီရေတော အကျယ်ဆုံးနိုင်ငံဖြစ်ပါတယ်။ စုစုပေါင်းဧက ၁၂ သိန်း ခန့်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ‌၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၃၇ ရာခိုင်နှုန်း၊ ရခိုင် ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒီရေတောရှိခြင်းများ၏ အကျိုးကျေးဇူးများမှာ မြေပြိုမှုကို ကာကွယ်ပေးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ ဆူနာမီရေလှိုင်းစသည့် ဘေးဒဏ်တို့မှကာကွယ်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းညှိပေးခြင်း၊ အမျိုးမျိုးသော ဇီဝမျိုးစိတ်များ၏သားပေါက်များ ရှင်သန်ကြီးထွားစေရန် စောင့်ရှောက်ပေးခြင်း၊ ငါး၊ ပုစွန်တို့၏ ခိုနားရာနေရာဖြစ်ခြင်း၊ တိရစ္ဆာန်တို့၏ စားကျက်ဖြစ်ခြင်း၊ တံငါသည်များအတွက် ဝင်ငွေကောင်းသော အဓိက အရင်းအမြစ်ဖြစ်ခြင်း၊ အနားယူဖို့နှင့် ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သော အရင်းအမြစ်ဖြစ်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေပါတယ်။ ထိုသို့အကျိုးများသော ဒီရေတောသည် ယခုအခါ မြန်မာနိုင်ငံတွင် ဒီရေတောဖုံးလွှမ်းမှု ၁၂ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရပါတယ်။ အခု ဒီရေတောများကို ပြုပြင်ရန် အရေးတကြီးလိုအပ်နေပါတယ်။ ဒီရေတောဆုံးရှုံးရခြင်း၏အကြောင်းအရင်းမှာ လောင်စာများ အတွက် အလွန်အကျွံခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ဒီရေတောကိုရှင်း၍ စိုက်ပျိုးမြေလုပ်ခြင်း၊ ငါးပုစွန် ကန်များပြုလုပ်ခြင်း၊ လူနေအိမ်များထူထောင်ခြင်းတို့ကြောင့် အများဆုံးဆုံးရှုံးရပါတယ်။

 ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ ဒေးဒရဲမြို့နယ်၊ မုတ္တမပင်လယ်ကမ်းခြေမှာ ယခုအချိန်အထိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသစ်တောဌာနစာရင်းဝင် ဒီရေတောမရှိကြောင်း သိရပါတယ်။  သို့သော်လည်း လွတ်လပ်ရေးမတိုင်ခင်က ၁၃ မိုင်ခန့် ရှည်လျားသော ပင်လယ်ကမ်းခြေ မှာ ၂၀၈၄ ဧကအထိ စားကျက်တောရှိခဲ့ပါတယ်။ ၎င်းစားကျက်တော၏ ပင်လယ်နှင့်ထိစပ်နေသော ကမ်းခြေတွင် သဘာဝအလျောက်ပေါက်နေသော ဒီရေတောများရှိခဲ့ပါတယ်။ ၎င်းသဘာဝဒီရေတော များကို ၁၉၉၃-၁၉၉၄ ခုနှစ်လောက်မှစ၍ ထင်းလောင်စာအဖြစ် ခုတ်ထွင်ခဲ့ပါတယ်။ ၎င်းနေရာမှာ လယ်မြေစိုက်ပျိုးခြင်းစခဲ့ပါတယ်။ ၁၉၉၆-၁၉၉၇ ခုနှစ်ကျတော့ ၎င်းစားကျက်မြေမှာ လယ်ယာ စိုက်ပျိုးခြင်းကို ခွင့်ပြုခဲ့တဲ့အတွက်ကြောင့် ဒီရေတောများကို အလွန်အကျွံ ခုတ်ထွင်ပြီးတော့ လယ်မြေ အဖြစ် ပြောင်းလဲသွားခဲ့ရာမှ ဒီရေတောများ ပျောက်ဆုံးခဲ့ရပါတယ်။ ဒီရေကို ကာတဲ့ ကမ်းပတ်တာမှာ လည်း အားနည်းလာခဲ့ရပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ ညတွင်တိုက်ခတ်ခဲ့ သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအခြေတွင် ပယ်လယ်ကွေ့ကမ်းစပ်ရှိ ရွာပေါင်း ၁၄ ရွာမှာ ဒီရေကာကွယ်တောမရှိခြင်း၊ ကမ်းပတ်တာအားနည်းခြင်းတို့ကြောင့် ဒီရေလှိုင်းများအတားအဆီးမရှိ ကမ်းစပ်ရွာအတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။ ကမ်းပတ်တာမှာလည်း နှစ်နေရာကျိုးသွားခဲ့သဖြင့် ဒီရေလှိုင်းကြီးများ ဒလဟောဝင်ရောက်ခြင်းကြောင့် တာအပြင်ကမ်းခြေရွာများနှင့် ကမ်းနီးရွာများမှာ အထိနာခဲ့ပါတယ်။ တချို့ရွာများမှာ ရွာလုံးကျွတ်နီးပါးမျှပျက်စီးခဲ့ရပါတယ်။ လူအသေအပျောက် အတော်များခဲ့ပါတယ်။ ဒေးဒရဲတစ်မြို့နယ်လုံးမှာ လူ ၄၀၀၀ နီးပါး၊ ၃၇၄၈ ဦးသေဆုံးရာမှာ ၎င်းကမ်းစပ် ရွာမှာရှိတဲ့ ၁၄ ရွာမှာ လူ ၃၃၀၀ ကျော်သေဆုံးခဲ့ရပါတယ်။ ကျွဲ၊ နွား၊ အိမ်ခြေပျက်စီးမှုကြီးမား ခဲ့ပါတယ်။ သို့သော်လည်း တစ်ချိန်တည်းမှာပဲ ဘိုကလေးမြို့၊ မိန်းမလှကျွန်းမှာ ထူထပ်သော ဒီရေတောရှိခြင်းကြောင့် အပျက်အစီးနည်းခဲ့သည်လို့ သိရပါတယ်။ ထို့ကြောင့် ရွာသူရွာသားများ ကလည်း ဘဝတွေနဲ့ရင်းပြီး ဒီရေတောရဲ့တန်ဖိုးကို သိရှိနားလည်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းပြီးနောက် ဒီရေတောက ပိုပြီးတော့ ပျောက်ဆုံးခဲ့ပါတယ်။ ကမ်းပြိုမှုကလည်း ပိုများလာပါတယ်။

 ဥက္ကဋ္ဌကြီးရှင်။ တစ်ဖန် စားကျက်မြေပျောက်ဆုံးမှုကြောင့်လည်း ကျန်ရှိတဲ့ ကျွဲများ၊ နွားများ၊ ကျွဲကျောင်း၊ နွားကျောင်းလွှတ်သောအခါမှာ အစာရှားတဲ့အတွက်ကြောင့်မို့လို့ ကျွဲတွေ၊ နွားတွေက စိုက်ပျိုးပင်တွေကို ဝင်စားရာမှ ကျွဲ၊ နွားပိုင်ရှင်နှင့် လယ်ပိုင်ရှင်များ အချင်းများကြပြီး ရန်ပွဲကြီးများ နှစ်စဉ် ဖြစ်နေကြပါတယ်။  စားကျက်မြေနှင့် ဒီရေတောကို ပြန်ရလိုသော ရွာသူရွာသားများနှင့် လယ်ပိုင်ရှင်များ အပြန်အလှန် အမှုများ မပြီးနိုင်အောင် ဖြစ်နေကြပြီး ထောင်ကျသူများလည်း ရှိကြပါ တယ်။ အချင်းချင်း အမုန်းပွားပြီး စိတ်ဝမ်းကွဲနေကြပါတယ်။ နာဂစ်မုန်တိုင်းပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် စေတနာရှင် NGO အဖွဲ့များက ဒီရေတောများကို လာရောက်စိုက်ပျိုး ပေမယ့်လည်း စနစ်မမှန်ခြင်း၊ စောင့်ရှောက်မှုအားနည်းခြင်း၊ မိမိအကျိုးအတွက် ရွာသားများက သစ်ပင်ခုတ်ခြင်း၊ ကမ်းပြို၍ပါသွားခြင်းတို့ကြောင့် ဒီရေတောများ အောင်မြင်သင့်သလောက် မအောင်မြင်ပါ။ သို့ပါသော်လည်း သဘာဝဘေးအန္တရာယ်မုန်တိုင်းသည် အချိန်မရွေးဖြစ်ပေါ်လာနိုင်ပါ တယ်။ မုန်တိုင်းနှင့် ဒီရေလှိုင်းကို ကာကွယ်တားဆီးနိုင်သည့် ခံတပ်သဖွယ်ဖြစ်သော ဒီရေတောထူထူ မရှိမဖြစ် လိုအပ်ပါတယ်။ ထို့အတူ ဒီရေတောကာကွယ်သည့် ကမ်းပတ်တာမှာလည်း ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။ ရွာသူရွာသားများ၏ ထင်းလောင်စာအတွက်လည်း စိုက်ပျိုးမြေသတ်မှတ်ရန် နေရာ လိုအပ်ပါတယ်။ ရွာသူရွာသားများကိုလည်း ပညာပေးဖို့လည်း လိုအပ်ပါတယ်။ ပညာလည်း ပေးနေပါ တယ်။ စိုက်ပျိုးမွေလယ်များ အွခေချပြီးဖြစ်နေပါသဖြင့် နယ်မြေလုပွဲများမဖြစ်အောင် စီမံပေးဖို့လည်း လိုပါတယ်။ ကျွဲ၊ နွားများအတွက် စားကျက်များလည်း လိုအပ်ပါတယ်။

ထို့ကြောင့် ဥက္ကဋ္ဌကြီးရှင်။ ဒေးဒရဲမြို့နယ်အတွင်း ကမ်းပတ်တာ၊ ပင်လယ်ကမ်းခြေရှိ ရွာသူ ရွာသားများ၏ သဘာဝဘေးအန္တရာယ်အတွက် စိုးရိမ်သောကများ ပြေပျောက်စေရန်လည်းကောင်း၊ ရွာသူရွာသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးစေရန်အတွက် အရေးကြီးသော ခံတပ် သဖွယ်ဖြစ်သော ဒီရေတောများကို ဖွဲ့စည်းတည်ဆောက်ပေးပါရန် သက်ဆိုင်ရာပြည်ထောင်စုအစိုးရ အားတိုက်တွန်းပါတယ်။ Power Point ဖြင့် တင်ပြခွင့်ပြုပါရှင်။ ဒါဟာ ဒေးဒရဲမြို့ရဲ့မြေပုံဖြစ်ပါတယ်။ မုတ္တမပင်လယ်ကွေ့မှာ ဖျာပုံအစပ်ကနေပြီးတော့ ဒီဘက် ဒုံးယန်းအပေါက်အထိ ကမ်းခြေဟာ ၁၃ မိုင် ရှည်ပါတယ်။ နုန်းတင်တဲ့နေရာမှာ သဘာဝဒီရေတောရှိပေမယ့် အများအားဖြင့်တော့ မရှိပါဘူး။ ဒါဟာ နာဂစ်မှာတာကျိုးသွားတဲ့နေရာရှိပါတယ်။ တည့်တည့်ရွာက ကွေးကုန်းဆိုတဲ့ရွာဖြစ်ပါတယ်။  လူ ၁၀၀ ကျော် သေသွားခဲ့ပါတယ်။ ပင်လယ်ဒီရေနှင့် ဒီကမ်းပတ်တာဟာ တိုက်ရိုက်ထိစပ်မှုရှိနေပါတယ်။ နောင် တစ်ချိန်မှာလည်းဆက်ပြီးတော့ မြေပြိုမှုနှင့် ကမ်းပတ်တာဟာ ဆက်ပြီးတော့ အန္တရာယ်ရှိနေပါတယ်။ ဒီဘက်အောက်ဖက်က ပင်လယ်ကမ်းခြေနဲ့ကျေးရွာများတည်ရှိပုံက အင်မတန်ကို နီးစပ်နေပါတယ်။ ဒီရေတောကရှိပေမယ့် ကျိုးတို့ကျဲတဲနည်းပါးနေပါတယ်။ ထို့အတူပါပဲ လယ်တွေက ကမ်းခြေဘက်ကို ချဲ့လာတဲ့အတွက်ကြောင့်မို့လို့ ဒီရေတောက တဖြည်းဖြည်းနဲ့ ပိုပြုန်းလာခဲ့ပါတယ်။ နည်းပါးနေပါတယ်။ ဒါဟာသေဆုံးသွားတဲ့ လူတွေစာရင်းဖြစ်ပါတယ်။ ကမ်းခြေအစပ်မှာ ရှိနေတဲ့ရွာတွေဖြစ်ပါတယ်။ တစ်ရွာအုပ်စုမှာ ၁၀၀ ကျော် သေတယ်။ ၅၀ ကျော်၊ ၁၀၀၊ ၁၃၀၊ ၁၇၀ စသည်ဖြင့် သေဆုံးမှုက အတော်များပါတယ်။ ၁၄ ရွာမှာ ၁၃၂၆ ယောက်သေတယ်ဆိုတာများပါတယ်။ ဒါဟာ ကျွန်မဆီ ကိုတင်ပြတဲ့ ရွာကလူတွေရဲ့ တောင်းဆိုမှုစာရင်းတွေပါ။ ကျွန်မဆီမှာ တစ်ထပ်ကြီးရှိပါသေးတယ်။ ကျွန်မကရသလောက်ကို တင်ပြပေးခြင်း ဖြစ်ပါတယ်။ သူတို့တင်ပြတာတွေကို ကျွန်မတို့အကုန် မတင်ပြနိုင်ဘူး။ တချို့တစ်ဝက်တင်ပြခြင်းဖြစ်ပါတယ်။ ရွာသူရွာသားများရဲ့စိုးရိမ်မှုနှင့် သူတို့ကို အန္တရာယ်ကာကွယ်ပေးဖို့အတွက် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနကို ဒီရေတောများဖွဲ့စည်းပေးပါရန် လေးစားစွာနှင့်တိုက်တွန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးဇော်မင်းသိန်း(လေးမျက်နှာမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း       လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီ တိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း ဖြစ်ပါ တယ်။ ဒေးဒရဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို တင်သွင်းတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် အတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေများမှာ ဒီရေတောများ စိုက်ပျိုးပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖြည့်စွက်ဆွေးနွေး ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တော်တော်များများဟာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးရဲ့ ဒဏ်ကြောင့် ပြည်သူလူထုများရဲ့ အသက်အိုးအိမ်စည်းစိမ်အများအပြား ဆုံးရှုံးခဲ့ရဖူးပါ တယ်။ ဒီအကျိုးဆက် ကြောင့်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြသူများဟာလည်း စိတ်ဒဏ်ရာတွေရ ကြပါတယ်။ အလုပ်အကိုင် ရှားပါးမှုကြောင့် ရွှေ့ပြောင်းလုပ်သားတွေဖြစ်ရ၊ အမျိုးသမီးငယ်တွေဟာ လည်း လူကုန်ကူးခံရနဲ့ မိဘမဲ့ကလေးဘဝတွေလည်း များစွာတွေ့ကြုံခဲ့ရပြီးတော့ အားအင်ချိနဲ့ရတဲ့ တိုင်းတစ်တိုင်းဖြစ်ခဲ့ ရပါတယ်။ သို့သော် ဒီနာဂစ်မုန်တိုင်းကြီးဖြစ်စဉ်ကို ပြန်လည်သုံးသပ် ကြည့်မယ် ဆိုရင် ဘိုကလေး မြစ်ဝမှာရှိတဲ့ မိန်းမလှကျွန်းဒီရေတောကြောင့် ဘိုကလေးမြို့မှာ အပျက်အစီးနည်းခဲ့ရပြီး ဒီရေတောမှာရှိတဲ့ ရွာပေါင်း ၁၈ ရွာမှာ လူ ၁၆၀၀၀ ရှိတဲ့နေရာမှာ သုံးဦးသာလျှင် သေဆုံးခဲ့ရတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒီရေတောမရှိတဲ့ ကြိမ်ချောင်းကြီး ကျေးရွာ အုပ်စုမှာတော့ ရွာလုံးကျွတ်နီးပါး လူပေါင်း ၁၆၀၀၀ ကျော် အသေဆိုးနဲ့ သေခဲ့ရတာ တွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီရေတောရဲ့တန်ဖိုးကို ခန့်မှန်းကြည့်‌နိုင်ပါ တယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ဒီရေတောများဟာ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိပြုန်းတီးမှုနှုန်းနဲ့ဆိုရင် မကြာမီပျောက်ကွယ် သွားနိုင်ကြောင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ပညာရှင် များက ခန့်မှန်းတွက်ချက်ထား ကြောင်း သိရှိရပါတယ်။ ဒီရေတောများပြန်လည်စိုက်ပျိုးတဲ့လုပ်ငန်းကို ပြည်တွင်းပြည်ပ NGO  တွေ လုပ်ဆောင် လာကြပေမယ့် စီမံကိန်းအများစုဟာ အောင်မြင်မှုနည်းခဲ့ တာကို ကျွန်တော်တို့ တွေ့မြင်နေကြရပါတယ်။ ပြုန်းတီးမှုတွေဟာလည်း ရပ်တန့်သွားနိုင်မှာ မဟုတ်ပါ ဘူးခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီရေတော များပြုန်းတီးမှုကို ကာကွယ်နိုင်လျှင် သဘာဝပတ်ဝန်းကျင်နေ့ ဂေဟစနစ်ထိန်းသိမ်းရေးမှာ ကျွဲကူးရေပါ အဆင်ပြေနိုင်ပါတယ်။ ထို့အပြင် ကမ်းရိုးတန်းဒေသများရဲ့ သဘာဝဘေးအန္တရာယ်လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ် တဲ့ ဒီရေတောများ ပြုန်းတီးမသွားခင်မှာ ပြည်ထောင်စုအစိုးရအနေနဲ့ ထိရောက်မှန်ကန်သော ဥပဒေများ ပြဋ္ဌာန်းပေးရန် လိုအပ်သလို စနစ်တကျပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်လည်း အထူးလိုအပ်လှပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်နဲ့  NGO အဖွဲ့များ၊ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပြီးတော့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဒီရေတောများစိုက်ပျိုးလို့ရတဲ့ နေရာတိုင်းမှာ ဒီရေတောများ အလျင်အမြန် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ပါကြောင်းကို ဒေးဒရဲပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို တင်သွင်းတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းမှာ ရှိတဲ့ ပင်လယ်ကမ်းခြေများမှာ ဒီရေတောများစိုက်ပျိုးဖော်ဆောင်ပေးရန်အတွက် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းဆိုတဲ့အဆိုနေရာမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒီရေတောများ စိုက်ပျိုးလို့ရရှိတဲ့နေရာတိုင်းမှာ ဒီရေတောများ စိုက်ပျိုး ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရ    အဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအဖြစ် တင်သွင်းသင့်ပါကြောင်းကို ကျွန်တော် လေးလေးနက်နက် ထောက်ခံရင်း တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထောက်ခံတဲ့ကိုယ်စားလှယ် ရှင်းရှင်းလင်းလင်းတစ်ခုတည်းပြောပါ။ ဒေါက်တာဒေါ်ခင်ညို တင်သွင်းတဲ့ အဆိုကို ထောက်ခံမှာလား။ အခုနက ပြောသွားတဲ့အထဲမှာ ပြင်ဆင်ချက်အဆို ဖြစ်နေတယ်။ ကိုယ်ဟာကိုယ် ပြင်ဆင်ချက်အဆိုတင်သွင်းမှာလား။ ပြင်ဆင်ချက်အဆို တင်သွင်းမယ်ဆိုရင် ဒီအဆိုအပေါ်မှာ ကိုယ်ဟာကိုယ် ပြင်ဆင်ချက်အဆို တင်လို့ရတယ်။ တင်ခွင့်ရှိ တယ်။ သို့သော် ဒေါက်တာဒေါ်ခင်ညို တင်သွင်းတဲ့အဆိုကို ထောက်ခံမယ်ဆိုရင် ရှင်းရှင်းလင်းလင်း ထောက်ခံပါ။

ဦးဇော်မင်းသိန်း(လေးမျက်နှာမဲဆန္ဒနယ်)မှ ဆွေးနွေးရာတွင်  ဟုတ်ကဲ့။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေါက်တာ ဒေါ်ခင်ညို တင်သွင်းတဲ့အဆိုကို လေးလေးနက်နက်ထောက်ခံအပ်ပါတယ်ခင်ဗျာ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို တင်သွင်းသောအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုနှင့်စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါ့မယ်။ ဒေါက်တာ ဒေါ်ခင်ညိုတင်သွင်းတဲ့ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဒေါက်တာဒေါ်ခင်ညို၊ ဒေးဒရဲမဲဆန္ဒနယ်က တင်သွင်း သော ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်း ပေးရန်အတွက် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဒေါက်တာဒေါ်ခင်ညို၊ ဒေးဒရဲမဲဆန္ဒနယ်က တင်သွင်းသည့်‌ အဆိုနှင့်‌ စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဦးရန်လင်း(ကျိုက်လတ်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသူများအားလုံးကို မင်္ဂလာပါလို့ ဦးစွာ ဂါရဝပြုနှုတ်ဆက်ပါတယ်။ ကျွန်တော်ကတော့ ကျိုက်လတ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရန်လင်း ဖြစ်ပါတယ်။ ဒီကနေ့ ဒေးဒရဲမဲဆန္ဒနယ်က ဒေါက်တာဒေါ်ခင်ညို တင်သွင်းထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေမှာ ဒီရေတောများ ဖွဲ့စည်းပေးရန် အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုင်ငံတကာဒီရေတောများ ထိန်းသိမ်းမှု အခြေအနေနဲ့ ယှဉ်တွဲပြီးတော့မှ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီရေတော ဆိုတာ ကမ်းဦးကမ်းစပ် ရေတိမ်ပိုင်းတွေမှာ ပင်လယ်ဆားငန်ရေကို ကြိုက်နှစ်သက်တဲ့ လမု၊ ကနစို၊ ဓနိစတဲ့ သဘာဝအပင်ပေါင်းစုံ သဘာဝအလျောက် ထူထပ်စွာပေါက်ရောက်နေတဲ့တောများကို ဒီရေ တောလို့ ခေါ်ပါတယ်။ ဒီရေတောများဟာ ကုန်းနဲ့ပင်လယ်ကို ကြားခံထားတဲ့ဟာဖြစ်ပြီးတော့မှ မြေပြိုမှု၊ မုန်တိုင်းများ စသည်တို့ရဲ့ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။ ဇီဝသားငှက်မျိုးစုံလည်းပဲ ခိုအောင်းရာ နေရာဖြစ်ပါတယ်။ ထို့အတူ မိကျောင်း၊ လိပ်စတဲ့ တွားသွားသတ္တဝါများနှင့် တချို့နေရာ တွေမှာ နို့တိုက်သတ္တဝါဖြစ်တဲ့ ကျား များပါ မှီတင်းနေထိုင်ကြတယ်လို့ သိရပါတယ်။ ဒီရေတောတွေ ကနေ ပြီးတော့မှ သစ်ထုတ်လို့ရပါတယ်။ လောင်စာဆီအဖြစ်လည်း ထုတ်လို့ရပါတယ်။ တံငါသည်များ ငါးဖမ်းနိုင်ပါတယ်။

 နောက် ရေထု၊ လေထုရဲ့ ညစ်ညမ်းမှုကိုလည်း ဒီအပင်တွေက သန့်စင်ပေးနိုင်ပါတယ်။ ဒီရေ တောများ သန့်စင်စွာထွန်းကားပေါက်ရောက်လို့ရှိရင် သဘာဝခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုး တက်ပါတယ်။ ပင်လယ်ပျော်ငှက်များကို လေ့လာကြည့်ရင် Bird Watcher ခေါ်တဲ့ ငှက်ကြည့်လုပ်ငန်း များလည်း ထွန်းကားပါတယ်။ တကယ်တော့ ဒီရေတောများဟာ မြန်မာနိုင်ငံတွင်သာမကဘဲနဲ့ ကမ္ဘာ အရပ်ရပ်မှာ တစ်နေ့တခြား လျော့ပါးပျက်စီးနေတာကို တွေ့ရပါတယ်။ လူသားတို့ရဲ့ လက်အောက်မှာ ပျက်စီးနေတဲ့ နေရာများ ကတော့ တရုတ်ပြည်က မြစ်ဝါမြစ်၊ မလကာရေလက်ကြား၊ အိန္ဒိယကဂင်္ဂါမြစ်၊ ဘော်နီယိုကမ်းခြေ၊ Madagascar ကမ်းခြေနဲ့ မြန်မာနိုင်ငံက ဧရာဝတီမြစ်ဝှမ်းတို့ ဖြစ်ပါတယ်။ အကြောင်းအရင်း ကတော့ ရေလုပ်ငန်းတွေ၊ မြို့သစ်တည်တာတွေ၊ သစ်ခုတ်တာတွေ၊ လောင်စာဆီတွေ ထုတ်တာတွေစသော ဒီလိုလုပ်ငန်းတွေကြောင့် တော်တော်လေးကို ပျက်စီးနေတယ်လို့ဆိုပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာဆိုလို့ရှိရင် ဒီရေတောအားလုံးနီးပါး ဟာ ခုတ်လွန်သစ်တောများအဖြစ်နဲ့ လုံးဝနီးပါး ပျက်စီးနေတယ်လို့ဆိုပါတယ်။

 ရခိုင်ပြည်နယ်က ဒီရေတောများဟာ ပျက်စီးနေသော်လည်းပဲ ပြုပြင်ဖို့အချိန်ရသေးတယ်လို့ ဆိုကြပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာတော့ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာ တချို့က အကောင်းပကတိ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒီ ဒီရေတောတွေကို ပြန်လည်ပြုပြင်ဖို့ ဆိုရင် ဒီရေတောတစ်ခုကို ပြန်လည်တည်ထောင်ဖို့က အနည်းဆုံး နှစ် ၃၀ ကြာပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးကနေပြီးတော့မှ ကျွန်တော်တို့ နိုင်ငံမှာ သဘာဝတော ၁၃ ခုကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ထို့ပြင် သစ်တော ဦးစီးဌာန အောက်မှာ ဒီရေတောထိန်းသိမ်းရေးသီးသန့်ဌာနတစ်ခု ဖွင့်လှစ်ပေး မယ်လို့လည်း ဆိုခဲ့ပါ တယ်။ JICA ရဲ့အစီအစဉ်နဲ့ ၂၀၁၄-၂၀၁၇ သုံးနှစ်စီမံကိန်းနှင့်လုပ်မယ်လို့ ပြောပါတယ်။ ပုသိမ်တက္ကသိုလ်၊  မြိတ်တက္ကသိုလ်နဲ့ ဝန်ကြီးဌာနပေါင်းပြီးတော့မှ ဧက ၁၅၀၀ မှာလည်းပဲ ဒီရေတောတွေရဲ့ အကြောင်းကို သုတေသနလုပ်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လို့ ဒီကျောင်းတွေရဲ့ သုတေသနတွေရဲ့ ရလဒ်တွေကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိခဲ့ရပါဘူး။ နိုင်ငံတကာမှာ ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဒီရေတောဧရိယာတွေကို ထိန်းသိမ်းထားတာရှိပါတယ်။ ဥပမာ အားဖြင့် အင်ဒိုနီးရှားနိုင်ငံမှာ ၉၁ ခုရှိပါတယ်။ မလေးရှားနိုင်ငံမှာ ၈၈ ခုရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၅၂ ခုရှိပါတယ်။ ထိုင်းနိုင်ငံမှာ ၂၃  ခုရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ၃၀ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လေးခုပဲရှိတာ အင်မတန်မှ ကွာခြားတာကို တွေ့ရပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျား။ အခုအခါမှာ အိုဇုန်းလွှာပျက်စီးပြီးတော့မှ   ကမ္ဘာကြီးဟာတစ်စတစ်စ ပူနွေး လာပါတယ်။ အဲဒီပူနွေးတဲ့ကမ္ဘာကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရေခဲပြင်ရဲ့မြစ်ပြင်များကို ပျော်ပြီးတော့မှ အချိန်မရွေးရေလွှမ်းခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ အကောင်းဆုံး သဘာဝအတားအဆီးဟာ ဒီရေတောများ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဆိုရှင်တင်သွင်းထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် အပါအဝင် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးက ပျက်စီးနေတဲ့ ဒီရေတောများ၊ ပျက်စီးစပြုနေတဲ့ ရခိုင်ပြည်နယ်က ဒီရေတောများကို အမြန်ဆုံးပြုပြင်ဖို့ ဆွေးနွေး တင်ပြရင်းနဲ့ အဆိုကိုထောက်ခံကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးစိုးပိုင်ဌေး(မြိတ်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း                   လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာသူများအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး ဖြစ်ပါတယ်။ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာ‌ဒေါ်ခင်ညိုတင်သွင်းခဲ့တဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲ မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီရေတောတွေဟာ သဘာဝကပေးတဲ့ အဖိုးတန်လှတဲ့ အဏ္ဏဝါသယံဇာတတစ်မျိုးဖြစ်ပြီး ကမ်းရိုးတန်း ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ဘဝလုံခြုံရေး၊ ပင်လယ်သတ္တဝါများရဲ့ လုံခြုံရေး၊ ကမ်းရိုးတန်းလုံခြုံရေးတို့အတွက် အမြဲစိမ်းလန်းစွာနဲ့ ကာကွယ်ပေးနေတဲ့ ကမ်းခြေစောင့်‌တပ်တွေလို့ တင်စားရမွှာဖစ်ပါတယ်။ ဒီရေတောတွေဟာ မြေဆီလွှာကိုထိန်းသိမ်းပေးခြင်း၊ ကမ်းပြိုတိုက်စားခြင်းမှ ကာကွယ်ပေးခြင်း၊ ပင်လယ်ရေသတ္တဝါအများစုရဲ့ သားပေါက်ရှင်သန်ကြီးထွားရာဖြစ်ပြီး အပင်/ သတ္တဝါများအတွက် လည်း မရှိမဖြစ်လိုအပ်လှပါတယ်။ မြန်မာနိုင်ငံမှာ ဒီရေတောများပြုန်းတီးလာခဲ့ပြီး ကမ်းပြိုတိုက်စား ခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေသယံဇာတများလျော့ပါးလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ ရေမျက်နှာ ပြင်မြင့်တက်ခြင်းများ ဖြစ်လာရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာ လူ ၁၄၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို လူပေါင်းများစွာလည်း ဘဝတွေ ပျက်စီးခဲ့ရပါတယ်။ နာဂစ်မုန်တိုင်း ဖြစ်စဉ်မှာ ဒီ‌ရေတောရှိတဲ့ဒေသတွေမှာနေထိုင်တဲ့ လူဦးရေ ၁၆၀၀၀ မှာ သုံးဦးသာ သေဆုံးခဲ့ပြီး ဒီရေတောမရှိတဲ့ဒေသတွေမှာ လူဦးရေ အမြောက်အမြားပျက်စီးခဲ့ရ ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းရဲ့ သင်ခန်းစာတစ်ခုအဖြစ် ယူရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၅ ခုနှစ် ဆူနာမီဖြစ်စဉ်မှာလည်း သီရိလင်္ကာနိုင်ငံရဲ့ ဒီရေတောရှိတဲ့ရွာတွေမှာ လူနှစ်ယောက်သာ သေဆုံးပြီး ဒီရေတောမရှိတဲ့ရွာမှာ လူ ၆၀၀၀ ကျော် သေဆုံးခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒါဟာလည်း  ကမ္ဘာ့သမိုင်းရဲ့ သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ဒီရေတောတွေဟာ လူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေတဲ့ ကမ်းခြေစောင့်တပ်တွေဖြစ်တယ်ဆိုတာ အထက်ပါ သာဓက နှစ်ခုက သက်သေပြနေခဲ့ပါတယ်။

 လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံရဲ့ ဒီရေတောပေါက် ရောက်မှုဟာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွေမှာ အများ အပြားပေါက်ရောက်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒီရေတောများဟာလည်း ယခုဆို သုံးပုံပုံတစ်ပုံသာကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဒီရေတောများပျက်စီးရခြင်းရဲ့ အဓိကအကြောင်း အရင်းများမှာ မီးသွေးပြုလုပ်ြခင်း၊ ထင်းခုတ်ခြင်း၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့နေရာ ယူလာခြင်းတို့ကြောင့် ပျက်စီးခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှာတော့ မီးသွေးထုတ်လုပ်မှုဟာ အင်မတန်များပြားလာပြီး ဒေသတွင်း သုံးစွဲမှုထက် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခြင်းက ပိုမိုများပြားလာခဲ့ပါတယ်။ စံချိန်မီတဲ့မီးသွေးတွေကို ထိုင်းနိုင်ငံသို့တင်ပို့ပြီး စံချိန်မမီတဲ့ မီးသွေးတွေကို ရန်ကုန်နှင့်မော်လမြိုင်မြို့ကြီးများကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဒီလို မီးသွေးထုတ်လုပ်ရာမှာလည်း တရားဝင်ရောင်းချခြင်းထက်၊ တရားမဝင် တင်ပို့ရောင်းချခြင်းက ပိုမိုများပြားခဲ့ပါတယ်။ ထို့အပြင် မြိတ်မြို့ပေါ်ရှိ ကုမ္ပဏီလေးခုနှင့် မြိတ် အနောက်ဘက် ကျွန်းစုမြို့နယ်ပိုင် ပထော်ကျေးရွာမှာရှိတဲ့ ကုမ္ပဏီများမှ ငါးမုန့်စက်ရုံများမှာလည်း ထင်းအလွန်အကျွံသုံးစွဲနေတာကို တွေ့ရှိရပါတယ်။ ၎င်းကုမ္ပဏီများမှ စက်ရုံတစ်ခုအတွက် တစ်နေ့ကို ထင်းတန်ချိန် ၂၀ ခန့်လိုအပ်တဲ့အတွက် စက်ရုံငါးခုအတွက် တစ်နေ့ကို တန် ၁၀၀ ခန့် လိုအပ် လျက်ရှိနေပါတယ်။ ထိုကုမ္ပဏီများဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်မှာ လောင်စာဆီကို ဒီဇယ်ဖြင့် အသုံးပြုမည်ဟု လက်မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ်နှစ်ခန့်အကြာတွင် ထင်းလောင်စာများအသုံးပြုလာသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် ကုမ္ပဏီများရဲ့ လောင်စာအသုံး ပြုမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။

 ရိုသေလေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတစ်နံ တစ်လျားမှာရှိတဲ့ ကမ်းရိုးတန်းဒေသတစ်လျှောက် ဒီရေတောများကို အမြန်ဆုံးထိန်းသိမ်းသင့်‌နေပြွီဖစ်ပါတယ်။ ထို့ကြောင့် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို တင်သွင်းခဲ့တဲ့အဆိုကို အလေး အနက်ထောက်ခံကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးဦးထွန်းမောင်(ပုဏ္ဏားကျွန်းမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း               လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည် တော်ကြီးများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင် ဖြစ်ပါ တယ်။ ကျွန်တော် ဆွေးနွေးမှာက ဒေးဒရဲမဲဆန္ဒနယ်က ဒေါက်တာဒေါ်ခင်ညိုရဲ့ ဒေးဒရဲမြို့နယ် အတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေမှာ ဒီရေတောများဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနဲ့ စပ်လျဉ်းပြီးတော့ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့မြန်မာနိုင်ငံ ဟာ ပင်လယ်ကမ်းရိုးတန်းအရှည် ၁၄၀၀ မိုင်ခန့် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီကမ်းရိုးတန်းတစ် လျှောက်မှာ ကမ်းရိုးတန်းကိုမှီပြီး ဖြစ်တည်လာတဲ့ ဒီရေတော တွေ တည်ရှိနေပါတယ်။ တစ်ချိန်တုန်းက တော့ ဒီရေတောတွေဟာ ဒီထက်မက ထူထပ်များပြားစွာ တည်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူ့ပယောဂကြောင့် ဒီရေတောတွေဟာ အခုဆိုရင် တဖြည်းဖြည်း လျော့ပါးလျက်ရှိနေပါတယ်။ ဒါတောင်မှ မြန်မာနိုင်ငံရဲ့ ဒီရေတောတွေဟာ ကမ္ဘာမှာ သတ္တမမြောက် ဒီရေတော အကျယ်ဆုံးနိုင်ငံဖြစ်နေပါသေးတယ်။ ဒီရေတောတွေကို ကျွန်တော်တို့လက်ထက်မှာ ထိန်းသိမ်းမှုမရှိဘူးဆိုရင် မကြာမီ သဘာဝဘေး အန္တရာယ်တွေကို ပိုပြီးရင်ဆိုင်လာကြရမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတာတွေကို သိရပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီရေတောတွေရဲ့ကောင်းကျိုးတွေက လေမုန်တိုင်းနှင့် ဒီရေလှိုင်းတွေကို တားဆီးပေးနိုင်တဲ့အပြင် စားနပ်ရိက္ခာထုတ်လုပ်ရေးမှာလည်း အရေးပါပြီးအထောက်အကူပေးပါ တယ်။ ပင်လယ်ရေနေသတ္တဝါတွေနဲ့ အစာကွင်းဆက်(Food Chain)တွေဟာ ဒီရေတောတွေမှာ စတင်ကြီးထွားလာတဲ့အတွက် ဒီရေတောကြီးထွားလေလေ လူတွေစားသုံးတဲ့ ငါး၊ ပုစွန်ပေါများလေလေ ဖြစ်တဲ့အတွက် ဒီရေတောတွေကြီးထွားလာဖို့ အလွန်အရေးကြီးပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် တို့ ရခိုင်ဒေသမှာဆိုရင် ရွာတွေ၊ လယ်ကွင်းတွေနဲ့ ပုစွန်ကန်၊ တာပေါင်၊ တာရိုးတွေကို ဒီလှိုင်းနဲ့ လေပြင်းတွေရဲ့ဒဏ်မှ ကာကွယ်ပေးတာက ဒီရေတောတွေပဲ ဖြစ်ပါတယ်။ ဒီရေတောတွေကို တစ်ပိုင် တစ်နိုင်စိုက်ပျိုးထားတာတွေ၊ ထိန်းသိမ်းထားတာတွေလည်းရှိပါတယ်။ နောက်ပြီးတော့ ရခိုင် ကမ်းရိုးတန်းကျောက်ဖြူမှာ ရေနံဓာတ်ငွေ့တွေထုတ်လုပ်တာ၊ ရေနံတင်သင်္ဘောတွေ ဖြတ်သန်း ဝင်ရောက်တာတွေ၊ ဆိပ်ကမ်းမှာ သိုလှောင်တာတွေရှိလာပြီဖြစ်လို့ မတော်တဆ ရေနံယိုဖိတ်မှုတွေ ဖြစ်လာရင်လည်း ရေနံအညစ်အကြေးတွေကို တားဆီးအကာအကွယ်ပေးနိုင်တာက ဒီရေတောတွေပဲ ဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့ကမ်းရိုးတန်းဒီရေတောတွေမှာ ကမ္ဘာမှာ ရှားပါးတဲ့သတ္တဝါတွေနဲ့ ငှက်တွေလည်းရှိပါသေးတယ်။ ဒါ့အပြင် ကမ္ဘာ့ရှားပါးသစ်ပင်မျိုးစိတ်တွေ လည်းရှိနေပါတယ်။ ကျောက်ဖြူဒီရေတောမှာဆိုရင် ပျောက်ကွယ်လုလုဖြစ်နေတဲ့ မြိုင်ကြီးပင်မျိုးစိတ် တွေကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒါကြောင့် မြန်မာ့ဒီရေတောဟာ နိုင်ငံအတွက်ဂုဏ်ယူနိုင်တဲ့ သယံဇာတတစ်မျိုးဖြစ်တဲ့အတွက် အားလုံးကဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ ကမ်းရိုးတန်း နေကျေးလက်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ဒီရေတောတွေကို တိုက်ရိုက်မှီခိုနေရတာတွေ ရှိပါတယ်။ ဒီရေတောတွေမှာ သိုက်၊ ဓနိ အိမ်သုံးပစ္စည်းတွေကို ထုတ်ယူရတာတွေလည်းရှိပါတယ်။ ငါး၊ ထင်း၊ သစ်သီးဝလံတွေ ထုတ်ယူရတာလည်းရှိပါတယ်။ ကမ်းရိုးတန်းဒေသက ကျွဲ၊ နွားတွေရဲ့ စားကျက်ဟာ ဒီရေတောတွေပဲဖြစ်ပါတယ်။ ဒါဟာ ရခိုင်ဒေသရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ နိဂုံးချုပ် အနေဖြင့် ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာ့ရာသီဥတုဟာ အဆိုးဖက်ကို အကြီးအကျယ်ပြောင်းလဲလာနေ ပါတယ်။ အပူချိန်တိုးတက်မြင့်‌မားလာနေပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကျရောက်ဖို့ အလားအလာအရှိဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ ထို့အတူ ဘေးအန္တရာယ်ကာကွယ်ဖို့ ပြင်ဆင်မှုအနည်းဆုံး ၁၀ နိုင်ငံထဲမှာလည်း ပါဝင်နေပါသေးတယ်။ ဒီအနေအထားကို ချေဖျက်ဖို့ အကောင်းဆုံးက သစ်ပင်တွေစိုက်ပျိုး၊ ဒီရေတောတွေ ပျိုးထောင်ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။ ဥတုရာသီ တောကိုမှီဆိုတဲ့စကားအတိုင်း မြန်မာနိုင်ငံမှာ သစ်တောတစ်မျိုးဖြစ်တဲ့ ဒီရေတောတွေကို စိုက်ပျိုး ထိန်းသိမ်းဖို့ အထူးလိုအပ်နေတဲ့အတွက်ကြောင့် ဒေါက်တာဒေါ်ခင်ညိုရဲ့အဆိုကို လေးလေးနက်နက် ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒေါ်တင်တင်ရီ(ကျွန်းစုမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း အားလုံးပဲမင်္ဂလာပါရှင့်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမဲဆန္ဒနယ်မှ  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကမ်းရိုးတန်းများတွင် လူသားများရဲ့ အကျိုးစီးပွားများအတွက် သဘာဝအလျောက ပေးအပ်ထားသော လက်ဆောင်ဟုဆိုအပ်သည့် ဒီရေတောများကို ရခိုင်၊ တနင်္သာရီမြစ်ဝကျွန်းပေါ်၊ မွန်ပြည်နယ်အပါအဝင် ဒေသအချို့မှာ တွေ့နိုင်ပါတယ်။ ကျွန်မအနေဖြင့် ဒေါက်တာဒေါ်ခင်ညို တင်သွင်းသည့် ဧရာဝတီ တိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်း ပင်လယ်ကမ်းခြေမှဒီရေတောများကို ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အပြုသဘောဖြင့် ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။ ဒီရေတောများရှိခြင်းရဲ့ အကျိုး‌ကျေးဇူးများမှာ သဘာဝဘေး အန္တရာယ်မှ ကာကွယ်ပေးခြင်း။ ဥပမာ- ရေကြီးခြင်း၊ ကမ်းပြိုခြင်း၊ မြေဆီလွှာခမ်းခြောက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစုံပြုန်းတီးခြင်း၊ ဂေဟစနစ်ပျက်စီးခြင်း၊ ရေချိုအရင်းအမြစ်ရှားပါး လာခြင်း၊ သောက်ရေ၊ သုံးရေရှားပါးလာခြင်း၊ သား၊ ငါး၊ ပုစွန်လုပ်ငန်းများအတွက် အခက်အခဲများ ကင်းဝေးစေနိုင်ပါတယ်။ စီးပွားရေးအားဖြင့် ဒီရေတောများအတွင်း သား၊ ငါး၊ ပုစွန်များ အလွယ် တကူပေါက်ဖွားကြီးပြင်းနိုင်ခြင်းကြောင့် ဒေသအတွင်း စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း ဖြစ်မှု လွယ်ကူခြင်း၊ ဒီ‌ရေတောအတွင်း အလေ့ကျပေါက်ရောက်နေကြသည့်‌ ဓနိပင်များသည်လည်း ဒေသခံ များအတွက် အမိုးအကာမှစ၍ အပွင့်၊ အရွက်၊ အသီး၊ အရည်မှစ၍ ဘာတစ်ခုမှမပစ်ရဘဲ ဓနိ တစ်ပင်လုံး အသုံးချမည်ဟုခေါ်ရလောက်အောင်ပင် လူသားများအတွက် အကျိုးကျေးဇူးများပြား လှသည့်‌အပြင် ဓနိပင်၏အကိုင်းအခက်များမှာ စက္ကူများပြုလုပ်နိုင်သည်သာမက အင်ဒိုနီးရှား နိုင်ငံတွင် အမျိုးအစား ကောင်းမွန်သည့် ရိုးရာဓလေ့အရက်တစ်မျိုးကိုပင် ဓနိပင်စည်အကိုင်း အခက်တို့မှ ထုတ်လုပ်နိုင်ကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ဒီရေတောအတွင်းတွင် သစ်အမျိုး အစားများမှာလည်း အဖိုးတန် အသုံးတည့်‌လှပေရာ ယင်းသို့အကျိုးကျေးဇူးများလှသည့် ဒီရေတောများ တဖြည်းဖြည်းပြုန်းတီး လာနေသည်မှာ ကြာမြင့်‌လာသည်ဖြစ်ပါ၍ မြစ်ဝကျွန်းပေါ် အပါအဝင် ကမ်းရိုးတန်းဒေသများရဲ့ ဒီရေတောများကို ဖွဲ့စည်းထိန်းသိမ်းပေးရန်မှာ အမှန်တကယ် လိုအပ်နေပြီဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်။ ဒီရေတောများပြုန်းတီးရခြင်း၏ အဓိကအချက်မှာ ထင်းမီးသွေးများကို အဆ မတန်ခုတ်ယူခြင်း၊ ငါးမုန့်ကြိတ်စက်ရုံ၊ ကင်းမွန်၊ ပုစွန်ွခောက်လုပ်ငန်းများအတွက် အစားထိုး လောင်စာအဖြစ် ထုတ်လုပ်ခြင်း၊ ဒေသခံများ အိမ်ဆောက်ရန်အတွက် မျောတိုင်နှင့် အိမ်တိုင်များအဖြစ် အသုံးပြုခြင်း အခြားရေလုပ်ငန်းအတွင်း လိုအပ်သည့်‌သစ်များကို ဒီရေတောမှ အဆမတန်ခုတ်ယူ နေခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ မြိတ်ကျွန်းစုဒေသတွေ ဒီရေတောများကို ၂၀၀၀ ပြည့်နှစ်မှစ၍ ဒေသခံမဟုတ်သည့်‌ လုပ်ငန်းရှင်များသည် စီးပွာွးဖစ်မီးသွေးလုပ်ငန်းကို လုပ်ကိုင်ရန် အတွက် ဒေသအခေါ် ပရုန်းခေါ် ဗြူးပင်များကို အဓိကထားခုတ်ယူပြီး စံချိန်မီမီးသွေးများကို ထိုင်း နိုင်ငံသို့ တင်ပို့၍ စံချိန်မမီသည့်‌မီးသွေးများကို ဒေသခံရန်ကုန် ကဲ့သို့ ပြည်တွင်းကို တင်ပို့ ရောင်းချ နေခဲ့ပါတယ်။ ဒေသခံများမှ အခကြေးငွေအနည်းငယ်မျှဖြင့် သစ်ခုတ်သမားများ အဖြစ် အသက် မွေးဝမ်းကျောင်း ပြုခဲ့ရပါတယ်။ ဒီရေတောအတွင်း သစ်ခုတ်ရာတွင် မီးသွေးထင်းနဲ့ဘွိုင်လာ ထင်းဟူ၍ နှစ်မျိုးနှစ်စားအနက် ဘွိုင်လာထင်းမှာ လွယ်ကူလျင်မြန်ပြီး ငွေကြေးပိုမိုရရှိကြပါတယ်။ မီးသွေးထင်းမှာ အရွယ်အစားကိုက်အောင်ဆောင်ရွက်ရပြီး ခက်ခဲသော်လည်း ဘွိုင်လာထင်းမှာ အရွယ်အစားမရွေး အမြစ်ပါမကျန် ခုတ်ယူနိုင်ခြင်း၊ ငါးမုန့်ကြိတ်စက်ရုံ၊ ကင်းမွန်အခြောက်လှန်းစက်ရုံများသို့ အလွန်အကျွံခုတ်ယူ ရောင်းချလာပါ တော့တယ်။ မြိတ်မြို့နယ်နှင့်‌ ကျွန်းစုမြို့နယ်တွင် ငါးမုန့်ကြိတ်စက်ရုံ တစ်မျိုးတည်းပင် ငါးရုံခန့်ရှိ၍ တစ်နေ့လျှင် တန်ချိန် ၂၀ ခန့်အသုံးပြုခြင်းအားဖြင့် တစ်နေ့လျှင် ထင်းတန်ချိန် ၁၀၀ ခန့် အသုံးပြုနိုင်ကြပါတယ်။ ဒီရေတောများ ပြုန်းတီးပျောက်ကွယ် လုနီးပါးဖြစ်နေပါတယ်။ ဒီရေတောများပြုန်းတီးခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လူမှုရေး၊ ပတ်ဝန်းကျင် ဆိုင်ရာသက်ရောက်မှုများ၊ စီးပွားရေးခက်ခဲလာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းနှင့် ဝင်ငွေပုံမှန် မရှိခြင်း၊ လုပ်ငန်းရှင်များထံ အတိုးဖြင့်ချေးငှားရခြင်း၊ ဝင်ငွေနည်းပါးခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုကို ပြည့်ဝစွာမခံယူနိုင်ခြင်း၊ ကလေးများပညာသင်ကြားခွင့်မရရှိနိုင်ခြင်း နှင့် အမျိုးသမီးငယ်လေးများ စောစီးစွာ အိမ်ထောင်ပြုရခြင်းအပြင် အခြားလူမှုရေးပြဿနာများ၊ ဒေသခံများ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင် ရခြင်းကြောင့် လူသားအရင်းအမြစ်များ ရှားပါးလာခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲလာမှု များပြားလာ ခြင်းတို့ဖြစ်ပါတယ်။ ကျွန်းစုမြို့နယ်အချို့ရွာများတွင် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဒေသသုံးထင်းမီးသွေး တန်ချိန် ၃၀၀၀ ခွင့်ပြုရာမှ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တန်ချိန် ၅၀၀၀ အထိ ခွင့်ပြုခဲ့ပြီး မြို့နယ် သစ်တောဦးစီး၏ ခွင့်ပြုချက်တွင် ဒီရေတောနေရာအား တိကျစွာဖော်ပြထားခြင်းမရှိသလို ထုတ်ယူခွင့်‌ တန်ချိန်မှာလည်း လိုင်စင်အလိုက်ဖော်ပြထားခြင်းမရှိသဖြင့် ဒီရေတောမီးသွေးများကို ၁၅ ရက် တစ်ကြိမ်လျှင် တန်ချိန် ၄၀၀၀၀ မှ ၅၀၀၀၀ အထိကို ကော့သောင်းမြို့မှတစ်ဆင့်‌ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်းကို Lean Network မြိတ်မြို့၏ အစီရင်ခံစာတွင် တွေ့ရှိရပါတယ်။ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မတီနဲ့ ငါးမုန့်စက်ရုံများသည် လုပ်ငန်းဆောင်ရွက်ရန် MOU ရေးထိုးစဉ်က လောင်စာထင်းကိုမသုံးဘဲ ဒီဇယ် သို့မဟုတ် F O များသုံး၍ အနံ့ဆိုးကင်းအောင်ဆန်ခါ များသုံးပြီး ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် မည်ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း စက်ရုံဖွင့်ပြီး တစ်နှစ်ခန့်မှစ၍ ဒီရေတောထင်းကို အသုံးပြုလာခဲ့ပါ သည်။ သို့ပါ၍ မြိတ်မြို့တွင် ကလေးသူငယ်မှစ၍ သက်ကြီးရွယ်အိုများအထိ ငါးမုန့်စက်ရုံ၏ အနံ့ဆိုး များကြောင့်ကင်ဆာရောဂါ၊ ပန်းနာရင်ကြပ်နှင့် ချောင်းဆိုးသွေးပါရောဂါဆိုးများကို ဆိုးဝါးစွာခံစားနေ ရပြီဖြစ်ပါသည်။ သို့ပါ၍ ဒီရေတောများ ပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပျက်စီးရခြင်း၏ဆိုးကျိုးများကို ပြန်လည်အစားထိုးပြုပြင်ဖာထေးနိုင်ရန်အတွက် ဒေါက်တာဒေါ်ခင်ညို၏ အဆိုကို ထောက်ခံခြင်းဖြင့် ဒေးဒရဲမြို့နယ်သာမက မြန်မာနိုင်ငံတစ်ဝန်း ဒီရေတောများကို ဖွဲ့စည်းထိန်းသိမ်းသင့်ပါကြောင်း အကြံပြုဆွေးနွေးအပ်ပါသည်။ အားလုံးကိုကျေးဇူး တင်ပါတယ်ရှင်။

ဦးမင်းသိုင်း(ဘိုကလေးမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း            လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကြွရောက်လာကြသော ဧည့်သည် တော်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဘိုကလေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းဖြစ်ပါတယ်။ ကျွန်တော် တင်ပြမယ့် အကြောင်းအရာကတော့ ဒေးဒရဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ညိုရဲ့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ဒေးဒရဲမြို့နယ်အတွင်း ပင်လယ်ကမ်းခြေရှိ ဒီရေတောများ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါ တယ်။ ဒီရေတောဆိုတာဟာ ကမ်းရိုးတန်းဒေသမှာရှိတဲ့၊ ဒီရေအတက်အကျရှိတဲ့ နယ်မြေဒေသ  အတွင်းမှာ ပေါက်ရောက်တဲ့၊ ဆားအငန်ဓာတ်ခံနိုင်တဲ့၊ သစ်တောဂေဟစနစ်နဲ့ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ဆက်စပ်ပေးတဲ့နေရာဒေသတွေမှာ ပေါက်ရောက်တဲ့၊ ကုန်းတွင်းပိုင်းဂေဟ စနစ်နဲ့ အဏ္ဏဝါဂေဟစနစ်တွေကို ဆက်စပ်ဖွဲ့စည်းပေးထားတဲ့ နေရာဒေသပဲဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဒီနေရာမှာ ဇီဝမျိုးစုံမျိုးကွဲတှေ ပေါများကြွယ်ဝတာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ ဒီရေတောရှိခြင်းကြောင့် ကျွန်တော်တို့ သစ်တောနှင့် သစ်တောထွက်ကုန်ပစ္စည်းတွေကို ရရှိနိုင် ပါတယ်။ ငါး၊ ပုစွန်တွေ ပေါက်ရောက်ရှင်သန်စေတဲ့အတွက်ကြောင့် ဒီနေရာမှာ လူတွေအတွက် စားနပ် ရိက္ခာဖြစ်တဲ့ ငါး၊ ပုစွန်တွေ ရိက္ခာရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ အဲဒီ ဒီရေတောတွေကနေပြီးတော့ ဆေးဘက်ဝင်တဲ့ အပင်ငယ်တွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခါ လူတွေရဲ့ စိုက်ပျိုးထားတဲ့ လယ်ကွင်း   တွေကို ရေငန်ဝင်ရောက်ခြင်းကိုလည်းပဲ တားဆီးပေးပါတယ်။ ဒါ့အပြင် ဆားငန်ရေမှာ အသက်ရှင် နေထိုင်တဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို သူတို့က ထောက်ပံ့အကူအညီပေးပါတယ်။ ဒါ့အပြင် ဒီရေတောရှိခြင်းဟာ ပင်လယ်ကမ်းရိုးတန်း ကမ်းပြိုတိုက်စားခြင်းတွေကိုလည်း ကာကွယ်ပေးတဲ့ အပြင် ဆူနာမီစတဲ့မုန်တိုင်းအပါအဝင် လှိုင်းဒဏ်၊ လေဒဏ်၊ ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကိုလည်းပဲ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒီရေတောရှိခြင်းအတွက်ကြောင့် ရေလွှမ်းမိုးမှုတွေကိုမဖြစ်စေဘဲနဲ့ ထိန်းညှိပေးပါတယ်။ ထို့အပြင် ဒီရေတောရှိတဲ့အတွက်ကြောင့် အညစ်အကြေးတွေကို စစ်ထုတ်ပြီး တော့မှ သန့်စင်ပေးပါတယ်။ ဒါ့အပြင် ဒီရေတောဟာ ကာဗွန်တွေကိုလည်း သိုလှောင်သိမ်းဆည်း ထားပါတယ်။ ဒါ့အပြင် ဒီရေတောရှိခြင်းကြောင့် သဘာဝရှုခင်းကို ကြည်နူးခံစားလိုတဲ့သူတွေများ အတွက် သူဟာ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူပေးပါတယ်။ ဒါကြောင့်မို့လို့ ဒေးဒရဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုရဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဒေးဒရဲမြို့နယ်အတွင်း ပင်လယ်ကမ်းခြေမှာရှိတဲ့ ဒီရေတောများဖွဲ့စည်းပေးရန်ဆိုတဲ့အဆိုကို ကျွန်တော် ထောက်ခံအပ်ပါတယ်။

ဒီရေတောများ ပျက်စီးယိုယွင်းရတဲ့ အကြောင်းများကိုလည်း ဆက်လက်ဆွေးနွေးပါ့မယ်။ ဒီရေတောများပျက်စီးရတဲ့ အဓိကအကြောင်းကတော့ လူတွေဟာ လောင်စာအတွက် ထင်း၊ မီးသွေး အလွန်အကျွံထုတ်ယူသုံးစွဲကြပါတယ်။ ဘာကြောင့် ထင်းမီးသွေးသုံးစွဲသလဲဆိုတော့ ဒီရေတောမှာ ပေါက်ရောက်တဲ့ ဒီကနစိုတို့၊ မဒမတို့၊ သမဲ့တို့၊ လမု တို့ဆိုတာဟာ အငန်ဓာတ်ကိုခံပြီးတော့မှ ပေါက်ရောက်တဲ့အတွက်ကြောင့်မို့လို့ သစ်မာအမျိုးအစား ဖြစ်ပါတယ်။ ဒါ့ကြောင့်‌မို့လို့ ထင်းမီးသွေး အတွက် အလွန်အကျွံ သုံးစွဲပါတယ်။ အဓိကက ကျွန်တော်တို့ စိုက်ပျိုးမြေတွေ၊ ငါးကန်တွေ၊ ပုစွန် ကန်တွေ၊ ဆားကွင်းတွေ တိုးချဲ့ပြီးတော့ လုပ်ကိုင်လာတဲ့အတွက်ကြောင့် ဒီရေတောတွေပျက်စီး ရပါတယ်။ လမ်းဖောက်လုပ်ခြင်းကြောင့် ဒီရေတောတွေ ပျက်စီးရပါတယ်။ ဒါကြောင့်မို့လို့ ဒီရေတော တွေပျက်စီးတာတွေကို ကျွန်တော်တို့ ဥပမာတစ်ခု တင်ပြရမယ်ဆိုရင် ဘိုကလေးမြို့နယ်ရဲ့ ဒီရေတော ပျက်စီးမှုဆိုရင် ၂၀၀၉ ခုနှစ်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနရဲ့ စာရင်းအရဆိုရင် မူလရှိတာက ၃၇၀၀၀၀ ကျော် ရှိနေတာကနေပြီးတော့ ၉၇၀၀၀ ပဲကျန်ပါတော့တယ်။ ပျက်စီးသွားတဲ့ ဒီရေတောဟာဆိုရင် ဧက ၂၄၀၀၀၀ ကျော်ပျက်စီးသွားပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီရေတောကို ဒီဘိုကလေး မြို့ရဲ့ အခုနတုန်းက စီမံကိန်းနှင့်စာရင်းအင်းအရဆိုရင် ဒါဟာ မြန်မာပြည်တစ်ပြည်လုံးကို ရခိုင်ကမ်းရိုး တန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသမှာရှိတဲ့ ဒီရေတောတွေကို ထိန်းသိမ်းဖို့ လိုအပ်နေပြီဆိုတာကို ဒါဟာထောက်ပြတာဖြစ်ပါတယ်။ သို့အတွက်ကြောင့် ဒေးဒရဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ ဒီရေတောများ ဖွဲ့စည်းပေးရန်ဆိုတဲ့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ထောက်ခံတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးသန်းလှိုင်ဝင်း(တပ်မတော်သားကိုယ်စားလှယ်) မှ ဆွေးနွေးခြင်း   လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ၃၀-၅-၂၀၁၆ ရက်နေ့တွင် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၏ အဆိုနှင့်စပ်လျဉ်းပြီးတော့ အကြံပြု ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ Power Point ဖြင့် တင်ပြခွင့်ပြုပါခင်ဗျား။ ကမ္ဘာကြီးပူနွေးလာခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေခဲတောင်များ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ နိုင်ငံအဆင့် သစ်တော ပြုန်းတီးခြင်း၊ မြေဆီလွှာပြုန်းတီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ ကမ်းရိုးတန်းဒေသပတ်ဝန်းကျင် မထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပြုန်းတီးလာခြင်းနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ စွန့်ပစ် ပစ္စည်းများ၊ မြို့ပြစက်ရုံများ ညစ်ညမ်းလာခြင်းတို့ကြောင့် ဂေဟစနစ်ကို အလေးထား ထိန်းသိမ်း စောင့်‌ရှောက်ရန် လိုအပ်လာပါတယ်။ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ၂၁ ရာစုအကုန်မှာ ဇီဝမျိုးစိတ် ထက်ဝက်ခန့် ပျက်သုဉ်းသွားနိုင်ကြောင်း ပညာရှင်များရဲ့ ရေးသားချက်အရ တွေ့ရှိရပါတယ်။ ဒီရေတော နောက်ခံသမိုင်းကြောင်းများအနေနဲ့ ကမ္ဘာ့ဒီရေတောများတည်ရှိမှုကို ပထဝီဝင်ဒေသကြီး နှစ်ခု ခွဲခြားဖော်ပြ ထားပါတယ်။ Indo Pacific Region နှင့်  West African-America Region တို့ပဲဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့ဒီရေတောဧရိယာ စုစုပေါင်းဟာ ၂၀၁၀ ပြည့်နှစ်မှာ ၁၅ သန်းခန့် ရှိပြီးတော့ ၁၉၉၂ ခုနှစ် မှာဆိုလို့ရှိရင် ၁၉ သန်းကျော် တည်ရှိကြောင်းကို ဖော်ပြထားပါတယ်။ အာရှ နိုင်ငံများဟာ ဒီရေတော ပေါက်ရောက်မှုအများဆုံး ဖြစ်ပြီးတော့ ကမ္ဘာ့ဒီရေတောဧရိယာရဲ့ ၄၀.၄ ရာခိုင်နှုန်း ထက်ဝက် နီးပါးတည်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့ပဲဖြစ်ပါတယ်။ ဒီရေတောပေါက်ရောက်မှုအများဆုံး ၁၀ နိုင်ငံအနက် ငါးနိုင်ငံဟာ အာရှဒေသတွင်း နိုင်ငံများဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် World Mangrove Atlas ၏ ၂၀၁၀ ပြည့်နှစ် ခန့်မှန်းစာရင်းများအရ ဒီရေတောဧရိယာ ဟက်တာပေါင်း ငါးသိန်းကျော်ရှိပြီးတော့ ကမ္ဘာ့ဒီရေတော ဧရိယာ စုစုပေါင်း၏ ၃.၃ ရာခိုင်နှုန်း သတ္တမမြောက် ဒီရေတောအကျယ်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းအရှည် ၁၈၃၂ ကီလိုမီတာမှာ အဓိကတွေ့ရှိရတဲ့ ဒေသကြီးများအနေနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများဖြစ်ပါတယ်။ နာဆာအဖွဲ့ရဲ့ ကြိုတင်ခန့်မှန်းလေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ ဒေသကြီးသုံးခုအတွင်း ဒီရေတော ဖုံးလွှမ်းမှုဟာ တင်ပြပါအတိုင်း ၂၀၁၀ ပြည့်နှစ်တွင် ဧကပေါင်း ၁၁ သိန်းကျော်ရှိရာမှ ၂၀၃၀ ပြည့်နှစ်မှာ ခြောက်သိန်းကျော်ခန့်သာ ကျန်ရှိတော့မည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒီရေတောမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအနေနဲ့ သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ထုတ်ယူနိုင်ခြင်း၊ ငါး၊ ပုစွန်များ ပေါက်ဖွားရှင်သန်ကြီးထွားရန် နေရင်းဒေသဖြစ်ခြင်း၊ ငါး၊ ပုစွန်စားနပ်ရိက္ခာများ ရရှိစေခြင်း၊ ဆေးဘက်ဝင်အပင်များရရှိစေခြင်း၊ ဆိုးဆေးထုတ်လုပ်နိုင်ခြင်း၊ ကမ်းရိုးတန်းမြေပြို တိုက်စားမှုမှ ကာကွယ်နိုင်ခြင်း၊ ဆားငန်ရေတွင် အသက်ရှင်နေထိုင်သော ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန် ရန်ပံ့ပိုးပေးခြင်း၊ စပါးကွင်းအတွင်းသို့ ဆားငန်ရေဝင်ရောက်ခြင်းအား ကာကွယ်တားဆီးပေးခြင်းစတဲ့ ဒီရေတောဂေဟစနစ်မှ ရရှိနိုင်တဲ့‌အကျိုးကျေးဇူးများဖြစ်ပြီးတော့၊ ဒီရေတော ပျက်စီးပြုန်းတီးခြင်းနှင့် ပတ်သက်ပြီးတော့ အဓိကအကြောင်းရင်းများအနေနဲ့ လူဦးရေ တိုးပွားလာခြင်း၊ ထင်းမီးသွေး အလွန် အကျွံထုတ်ယူသုံးစွဲခြင်း၊ လူနေကျေးရွာများ တိုးချဲ့လာခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ဆားထုတ်လုပ်ခြင်း၊ သဘာဝအန္တရာယ်များကျရောက်ခြင်းနှင့် အခြားမြေ အသုံးချမှု ပြောင်းလဲခြင်းတို့ပဲ ဖြစ်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန‌အနေဖြင့် သဘာဝတောများ၊ ဒီရေတောများပြန်လည်ထူထောင်ခြင်းလုပ်ငန်းမှာ ရည်ရွယ် ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ တင်ပြပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒီရေတော၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောဖွဲ့စည်းခြင်းအနေဖြင့် တင်ပြပါအတိုင်း တွေ့ရှိရပါတယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်းအနေဖြင့် စုစုပေါင်း ၁၆၃၆၉ ဧက စိုက်ပျိုးထားကြောင်း ၂၀၁၄ ခုနှစ် မေလမှာထုတ်ပြန်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ တွေ့ရှိရပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသောမူဝါဒကိုပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်ရာမှာဆိုရင် ဒီရေတောများ ပြန်လည်စိုက်ပျိုးပြုစုခြင်းအား သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များ၊ သစ်တောဦးစီးဌာန၊ ပြည်သူလူထုတို့နှင့်ပူးပေါင်းပြီးတော့ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ မှာ တနင်္သာရီတိုင်းဒေသကြီးမှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ဒီရေတောအပင်ပေါင်း ၈၅၀၅ ပင်၊ ဧရာဝတီတိုင်းဒေသကြီးမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဒီရေတောအပင်ပေါင်း ၉၂၈၄၆ ပင်၊ ရခိုင် ကမ်းရိုးတန်းဒေသမှာဆိုရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဒီရေတောအပင်ပေါင်း ၂၁၃၄၅ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး စုစုပေါင်း ၁၂၂၆၉၆ ပင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ တင်ပြပါ ဓာတ်ပုံတွေ ကတော့ တပ်မတော်အနေနဲ့ ဒီရေတောပြန်လည်စိုက်ပျိုးပြုစုခြင်း မှတ်တမ်း ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီရေတောထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရာတွင် စိုက်ပျိုးခြင်း၊ ပြုစု ပျိုးထောင်ခြင်းလုပ်ငန်းများအပြင် ပြည်သူလူထုရဲ့ နေ့စဉ်သုံးအခြေခံလောင်စာဖြစ်သော ထင်း၊ မီးသွေးသုံးစွဲနေမှုကို အခြားလောင်စာသုံးစွဲနည်း အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်ပေးနိုင်ရန် လိုအပ် ကြောင်းအကြံပြုတင်ပြအပ်ပါတယ်။

ဒေသခံပြည်သူများအနေနဲ့ လူမှုဘဝနေ့စဉ်သုံးလောင်စာကို သဘာဝဓာတ်ငွေ့၊ ရေနံ၊ ထင်း အစားထိုးလောင်စာ ဒါမှမဟုတ် လျှပ်စစ်ဓာတ်အားစသည် တစ်ခုခုဖြင့် အစားထိုးပေးနိုင်ရန် စီစဉ် မပေးနိုင်ပါက ငါ့ဝမ်းပူဆာမနေသာသကဲ့သို့ ထင်း ဒါမှမဟုတ် မီးသွေးကိုသုံးစွဲနေကြဦးမည့် အခြေ အနေဖြစ်ခြင်းကြောင့်  စိုက်ပျိုးသူ၊ ထိန်းသိမ်းသူ၊ ကာကွယ်သူနှင့် ခုတ်ယူသုံးစွဲသူများအကြားမှာ ပွတ်တိုက်မှုများရှိနေပြီးတော့ စီမံကိန်းများအပြည့်အဝအကောင်အထည်ဖော်နိုင်ရန် စိန်ခေါ်မှုတစ်ရပ် ရှိနေဦးမည်ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ဒီရေတောများဟာ နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများမှာ အရေးပါတဲ့သဘာဝသယံဇာတများဖြစ်တဲ့အပြင် နိုင်ငံရဲ့ ထူးခြားတဲ့ အမျိုးသားရေးအမွေအနှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ကမ်းရိုးတန်းဒေသများ၌ စီမံ အုပ်ချုပ်လုပ်ကိုင်မှု၊ စီမံကိန်းများရေးဆွဲ၍ ဒီရေတောများပိုမိုစိုက်ပျိုး အကောင်အထည်ဖော်သွားရ မည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြရင်းနှင့် ဒေးဒရဲမဲဆန္ဒနယ်က ဒေါက်တာဒေါ်ခင်ညိုရဲ့ ဧရာဝတီ တိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဦးဝင်းထွဋ်(ဖျာပုံမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာ ပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့  ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ် ဖြစ်ပါတယ်။ ကျွန်တော့်‌အနေနဲ့ ဒေးဒရဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို တင်သွင်းတဲ့အဆိုကို ဖြည့်စွက်ထောက်ခံဆွေးနွေးသွားမှာဖြစ် ပါတယ်။ လေးစားရပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းဟာ မြန်မာနိုင်ငံအောက်ပိုင်းဒေသ မြို့နယ်ပေါင်း ၃၇ မြို့နယ်၊ လူဦးရေ ၂.၄ သန်း ထိခိုက်ခံစားခဲ့ရပြီးတော့ လူဦးရေတစ်သိန်းကျော် သေကျေပျက်စီးခဲ့ရပါတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဟိုင်းကြီး၊ ပြင်စလူ၊ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲမြို့နယ်များ အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပြင်းထန်စွာထိခိုက်ပျက်စီးခြင်းရဲ့ အဓိကအချက်တစ်ခု ကတော့ သဘာဝအရံအတားဖြစ်တဲ့ ဒီရေတောများ လျော့နည်းပျက်စီးသွားခြင်းပဲ ဖြစ်ပါတယ်။ နဂို မူလ ဒီရေတောများ ဖုံးလွှမ်းခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ လယ်မြေများ၊ ပုစွန်ကန်များ၊ ဆားကွင်းများနဲ့ လူနေကျေးရွာများ တိုးချဲ့ခြင်းနှင့်အတူ ဒေသအတွင်းလောင်စာ ထင်း၊ မီးသွေး အလွန် အကျွံထုတ်ယူခြင်းများကြောင့် တောများပြုန်းတီးပြီး ပျက်စီးနေတဲ့ ခုတ်လွန်တောပျက်အနည်းငယ်သာ ကျန်ရှိနေပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ နုန်းတင်မြေနု မြေပြန့်ဒေသဖြစ်ပြီးတော့ ပင်လယ်နှင့်ထိစပ်နေတဲ့ ဒေသများဖြစ်ပါတယ်။ တောင်တန်း၊ ကုန်းမြင့်များမရှိခြင်း၊ ဆန်စပါးနှင့် ရေထွက်ကုန် ရေချို၊ ရေငန်ငါးဖမ်းလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်ကြတဲ့အတွက် အများစုမှာ မြစ်ချောင်းဘေး၊ ပင်လယ်ဝကျေးရွာများမှာ အခြေချနေထိုင်ကြခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြစ်‌ချောင်းများကိုသာ အဓိကအားပြုသွားလာရခြင်း၊ ဆင်းရဲနွမ်းပါးမှုကြောင့် အသက်မွေး ဝမ်းကျောင်း လွယ်ကူရာအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်ကြတဲ့အတွက် သတင်းအချက်အလက် သတိပေး ချက်များ လွယ်ကူစွာမရရှိခြင်းတို့ကြောင့် ဆိုင်ကလုံးမုန်တိုင်း၊ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ် များ ကြုံတွေ့ခဲ့ရတဲ့အခါမှာ ပြေးစရာမြေမရှိဘဲနဲ့ အသက်၊ အိုးအိမ်စည်းစိမ်များ များစွာဆုံးရှုံးခဲ့ရပါ တယ်။ သို့ပါ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် ဒီရေတောများဟာ အလွန်လိုအပ်တဲ့ သဘာဝ အကာအရံတံတိုင်းများဖြစ်တယ်ဆိုတာ ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်။

လေးစားရပါတဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ နာဂစ်မုန်တိုင်းအပြီး ၂၀၀၉ ခုနှစ်ကနေစပြီးတော့ နိုင်ငံတော် အစိုးရမှ နိုင်ငံတကာအဖွဲ့အစည်းများ JICA ၊ UNDP တို့ရဲ့အကူအညီနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ သစ်တောဦးစီးဌာနရဲ့ စာရင်းဇယားများအရဆိုလို့ရှိရင် ဖျာပုံမြို့နယ်၊ ပျဉ်ဒရယ် ကြိုးဝိုင်းဧရိယာ ၁၂၉၆၂ ဧကရှိပြီးတော့ လူနေကျေးရွာများ၊ စိုက်ပျိုးမြေများကို တရားဝင်ပယ်ဖျက်ပြီး လက်ရှိမှာ စာရင်းအရ ၉၉၀၁၆ ဧကကျန်ရှိပါတယ်။ ၂၀၀၉ ခုနှစ်ကနေပြီးတော့ ၂၀၁၅ ခုနှစ်အထိ တည်ထောင်ပြီးတဲ့စိုက်ခင်းတွေမှာ သစ်တောဦးစီးဌာန၊ JICA ၊ ပုဂ္ဂလိကစိုက်ခင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်စိုက်ခင်း စုစုပေါင်း ၇၈၁၃.၅ ဧကရှိပြီးတော့ ကြိုးဝိုင်းဧရိယာရဲ့ ၇.၉ ရာခိုင်နှုန်း စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာဆောင်ရွက်ဆဲလုပ်ငန်းတွေအနေနဲ့ သစ်တောဦးစီးဌာန ၃၀၀ ဧက၊ WIF အဖွဲ့ ၂၀၀ ဧက၊ သစ်တောဦးစီးဌာနနဲ့ Reecorp အဖွဲ့တို့ပူးပေါင်းပြီးတော့ ဒေသတွင်း ပြည်သူအစုအဖွဲ့ပိုင်သစ်တော ၁၀၃၉၅ ဧကတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေ‌ ကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ လက်ရှိမြေပြင်အခြေအနေအရ သစ်တောကြိုးဝိုင်းအတွင်း လယ်မြေများ၊ ပုစွန်ကန်များ၊ ကျေးရွာများ အမြောက်အမြားတည်ရှိနေဆဲဖြစ်တာကို တွေ့ရမှာဖြစ်ပါ တယ်။ လက်ကျန်တောအနည်းငယ်မှာလည်း သစ်တောဝန်ထမ်းအင်အားနဲ့ ထိန်းသိမ်းစောင့်ရှောက် နိုင်မှုအားနည်းခြင်း၊ အဂတိတရားလိုက်စားခြင်းတို့ကြောင့် ဒေသတွင်းလိုအပ်ချက် လောင်စာ၊ ထင်း အဖြစ် ခုတ်ယူနေကြပြီးတော့ တောပျက်များသာ ကျန်ရှိနေပါတယ်။ ပြန်လည်ထူထောင်ထားသော စိုက်ခင်းအများစုမှာ အောင်မြင်မှုနည်းပါးပြီးတော့ ခုတ်ယူသုံးစွဲမှုများကို မတားဆီးနိုင်ကြောင်း တွေ့ရ ပါတယ်။ ပုဂ္ဂလိကစိုက်ခင်းများ၊ ဒေသခံအစုအဖွဲ့စိုက်ခင်းများဟာ နှစ် ၃၀ မြေငှားချထားပေးပြီးတော့ သဘာဝ တစ်နိုင်တစ်ပိုင် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူခြင်းနှင့် တွဲဖက်ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ အချို့မှာ စီးပွားဖြစ် အကြီးအကျယ် ပုစွန်မွေးမြူရေးကိုသာ အဓိကထားပြီးတော့ သဘာဝတောများကို ခုတ်ယူခြင်း၊ သတ်မှတ်စိုက်ခင်းများကို မစိုက်ပျိုးဘဲနဲ့ ဟန်ပြသာ စိုက်ပြနေကြတဲ့အတွက် ထိထိရောက်ရောက်စစ်ဆေးအရေးယူဆောင်ရွက်ရန် လိုအပ်နေတာကိုလည်း တွေ့ရပါတယ်။ ဒီရေတောပြန်လည်ထူထောင်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းမှာ သစ်တောဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများဟာ အဓိကအရေးပါဆုံးဖြစ်ပြီးတော့ ပညာပေးဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်သောအထောက်အပံ့များပေးအပ်ခြင်းဖြင့်သာ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီရေတောထိန်းသိမ်းရေး၊ စိုက်ပျိုး‌ရေးနှင့်ပတ်သက်ပြီးတော့ အောက်ပါ အချက်များကို ဆွေးနွေးတင်ပြလိုပါတယ်။ (၁) ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည် ပြင်ဆင်ပြီးတော့ ပညာပေးခြင်း၊ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း၊ (၂) ပုဂ္ဂလိက လုပ်ငန်းရှင်စိုက်ခင်းများအစား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးတော့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်စိုက်ခင်းများကို သတ်မှတ်စည်းကမ်းနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ရန် တွန်းအားပေးခြင်း၊ (၃) စိုက်ခင်းအတွင်း တစ်နိုင်တစ်ပိုင် သဘာဝပုစွန်၊ ကဏန်းမွေးမြူခြင်းများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်စေပြီးတော့ သတ်မှတ်စိုက်ခင်းများကို သတ်မှတ်ချိန်အတွင်း အကောင်အထည်ပေါ်စေရန် စနစ်တကျစိစစ်ကြပ်မတ် အရေးယူဆောင်ရွက်ခြင်း၊ (၄) သစ်တော ကြိုးဝိုင်းပြင်ပ သောင်တိုးမြေများပေါ်မှာ ပုစွန်ကန်နှင့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများလုပ် ဆောင်ရန် မြေလွတ်၊ မြေရိုင်းအသုံးပြုခွင့် လျှောက်ထားမှုများအား ခွင့်မပြုသင့်ဘဲ ဒီရေတောများ ပြန်လည် ထူထောင်ရန်အတွက် ထိန်းသိမ်းထားရှိသင့်ခြင်း၊ (၅) အဆင့်မြင့် ရေထွက်ကုန်ဖြစ်တဲ့ ကမာ၊ ခရုမွေးမြူရေးနည်းပညာများကို ဒေသခံပြည်သူအစုအဖွဲ့များအား ဖြန့်ဝေပေးခြင်းဖြင့် ဒီရေတော စိုက်ခင်းများကို မထိခိုက်စေဘဲနဲ့ ဝင်ငွေတိုးတက်စေနိုင်ခြင်းတို့ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ ရဲ့ အသက်မွေးဝမ်းကျောင်းဘဝများ ပိုမိုကောင်းမွန်လာပြီးတော့ ဒေသလိုအပ်သော လောင်စာ၊ ထင်းအတွက်လည်း စိုက်ခင်းတိုးပွားမှ ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဓိကကတော့ သဘာဝအကာအရံ ဒီရေတောများကို ထူထောင်နိုင်ခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း မုန်တိုင်းရာသီချိန်တွေမှာ စိုးရိမ်နေရတဲ့ ဒေသခံပြည်သူများ လုံခြုံစိတ်ချမှုရှိနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ လိုအပ်သော အစီအမံ များကို အလျင်အမြန်ဆောင်ရွက်နိုင်မှသာ ဒီရေတောများနှင့်အတူ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ဒေးဒရဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို တင်သွင်းသွားတဲ့အဆိုကို လေးလေးနက်နက်ထောက်ခံအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

‌ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မိတ္ထီလာမဲဆန္ဒနယ်က ဒေါက်တာမောင်သင်းဖြစ်ပြီး ဒေါက်တာဒေါ်ခင်ညိုရဲ့အဆိုကို အချက်သုံးချက် ဖြင့် ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ Power Point ဖြင့် အသုံးပြု ခွင့်ပြုပါခင်ဗျာ။ ကျွန်တော် ဆွေး‌နွေးမယ့်အချက်သုံးချက်ကတော့ မြန်မာ့ပညာရှင်များဟာ ဒီရေတော ပျက်စီးမှုကို သတိပြုထိန်းသိမ်းခဲ့တယ်ဆိုတဲ့အချက်ရယ်၊ နာဂစ်မုန်တိုင်းဟာ လူပယောဂရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်ဆိုတဲ့အကြောင်းရယ်၊ နောက်တတိယအချက်အနေနဲ့ကတော့ သားစဉ်မြေးဆက် ကောင်းကျိုးဆက်စေမည့် ဒီရေတောထိန်းသိမ်းရေးအစီအစဉ် ဆိုတာတို့ပဲ ဖြစ်ပါ တယ်ခင်ဗျာ။ ၁၉၈၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနတို့ ပူးပေါင်းပြီး မြစ်ဝကျွန်းပေါ်‌ဒေသအချို့နဲ့ သံတွဲဒေသအချို့မှာ ဒီရေတောထိန်းသိမ်းရေးကို ဆောင်ရွက် ခဲ့ပါတယ်။ ယနေ့မှာလည်းပဲ မော်လမြိုင်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်တို့ ဆက်လက်ဆောင်ရွက်လျက်ရှိတယ် ဆိုတာကို သိရှိရပါတယ်။ အဲဒီအချိန်တုန်းက ဒီရေတောကိုဖျက်ပြီး စပါးစိုက်ခင်းထူထောင်ရန် ကြိုးပမ်းနေတဲ့အချိန်ဖြစ်ပါတယ်။ ထို့အတူ ပုဂ္ဂလိကမီးသွေးထုတ်လုပ်မှု အရှိန်မြှင့်တဲ့ကာလလည်း ဖြစ်ပါတယ်။ တွေ့ရှိချက်အနေနဲ့ကတော့ ဒီရေတောပျက်စီးရင် ကုန်းတွင်းကို ရေငန်ဝင်ရောက်မှု များပြားလာခြင်း၊ မုန်တိုင်းဝင်ရောက်မှုကို ဟန့်တားနိုင်မှုမရှိခြင်း၊ ရေချို၊ ရေငန် ငါး၊ ပုစွန်စားကျက် ပျောက်ဆုံးခြင်းတို့ကို တွေ့ရှိရတဲ့အတွက်ကြောင့် အဓိကအကြံပြုချက်နှစ်ချက်ကို တင်ပြခဲ့ပါတယ်။ ဒီရေတောဖျက်၍ စပါးစိုက်ပျိုးမှုကို ရပ်ဆိုင်းရန်နှင့် မီးသွေးထုတ်လုပ်မှုကို ထိန်းသိမ်းရန်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က အစိုးရအနေနဲ့ အပိုဒ်(က)ဖြစ်တဲ့ ဒီရေတော ဖျက်ပြီးတော့ စပါးစိုက်ပျိုးမှုကို ရပ်ဆိုင်းရန်ဆိုတဲ့အချက်ကို လိုက်လျောခဲ့ပါတယ်။ သို့သော်လည်းပဲ ရန်ကုန်မြို့ရဲ့ မီးဖိုချောင်လောင်စာ မလုံလောက်မှုဖြစ်တဲ့ မီးသွေးထုတ်လုပ်မှုကိုတော့ ခေတ် အဆက်ဆက် မဟန့်တားနိုင်ခဲ့ပါဘူး။ နောင်မှာ မီးသွေးထုတ်လုပ်မှုဟာ နိုင်ငံခြားကိုပါ တင်ပို့တဲ့ အတွက် တပ်မတော်က ဖမ်းဆီးခဲ့ရတာကို တွေ့ရပါ တယ်။

ဒါကတော့ ဒီရေတောရှိတဲ့ဥစ္စာပါ။ ၁၉၈၀ ခုနှစ်မှာ ခုနစ်သိန်းကျော်ရှိပြီးတော့ ၂၀၀၇ ခုနှစ်မှာ ခုနစ်ဆ ကျဆုံးခဲ့တာကို တွေ့ရပါမယ်။ ကျွန်တော်တို့ ဒီရေတောပျက်စီးခြင်းဟာ အဲဒီတုန်းက စပါး စိုက်ခင်းမရှိခဲ့ပေမယ့် နောက်ပိုင်းမှာ စပါးရေနက်စိုက်ခင်းတွေကို ပြန်လည်ထူထောင်လာတာကို တွေ့ရပါမယ်။ ဒါ့အပြင် လူနေအိမ်ခြေတိုးချဲ့လာတာတို့၊ အခုနက ပြောခဲ့တဲ့ ဆွေးနွေးသွားသူများ ပြောခဲ့တဲ့ ငါး၊ ပုစွန်စိုက်ခင်းတွေရှိပါတယ်။ ဒါကတော့ မီးသွေးထုတ်လုပ်တာပါ။ ဒီအတိုင်းဆက်သွား ခဲ့မယ်ဆိုလို့ရှိရင် ဧရာဝတီဒေသမှာ နောက်ဆုံးဒီရေတောဟာ နည်းနည်းလေးပဲကျန်တော့မယ်ဆိုတဲ့ အကြောင်းကို ၂၀၀၈ ခုနှစ်က ပြထားတာပါ။ နာဆာ၏ ခန့်မှန်းချက်အရ ၂၀၀၀ ပြည့်‌နှစ်အထက်ကို ၂၀၃၀ ခုနှစ်မှာ အခုထက် နှစ်ဆလျော့နည်းသွားမယ်ဆိုတဲ့အကြောင်း ခန့်မှန်းတွက်ချက်ထားချက်ပါ။ အဲဒါဟာ ဘယ်လောက်လျော့မလဲဆိုလို့ရှိရင် ခြောက်ဆတိတိလြော့သွားပါလိမ့်မယ်။ ဒုတိယအချက် အနေနဲ့ တင်ပြလိုတာကတော့ အားလုံးကမြင်ပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဟာ ဘာဖြစ်တာလဲ ဆိုလို့ရှိရင် သူ့ဟာသူ သဘာဝအလျောက်ဖြစ်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒါဟာဘာဖြစ်လဲဆိုရင် လူလုပ်ခဲ့တဲ့ နောက်ဆက်တွဲပါပဲ။ ဆိုင်ကလုံးရဲ့သဘောဟာ မျက်နှာပြင်ညီလို့ရှိရင် လည်ပြီးတော့ မျက်နှာပြင်မညီလို့ရှိရင် အားနည်းသွားပါတယ်။ Cyclone Shelter တွေဟာ မုန်တိုင်းဒဏ်ကို ခံနိုင်ပေမယ့် တကယ်တမ်းကျတော့ မုန်တိုင်းကို အားပျော့အောင်တော့ မလုပ်နိုင်ပါဘူး။ ဒါက တက္ကသိုလ်တွေကဆောင်ရွက်တဲ့ ပုသိမ်တက္ကသိုလ်ရဲ့ စိုက်ခင်းလေးပါ။ ခုနကဒီရေတောတွေရဲ့ သစ်ပင် မျက်နှာပြင်ဟာ  မညီမညာဖြစ်တဲ့အတွက်ကြောင့် ဆိုင်ကလုံးမလည်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီရေတောဟာ ဆိုင်ကလုံးကို အားနည်းသွားအောင် လုပ်နိုင်ပါတယ်။ ဒီ့အတွက် ဒီရေတောဟာ ခုနက Cyclone Shelter ထက်စာလို့ရှိရင် အန္တရာယ်ကိုကာကွယ်နိုင်တယ်။ အန္တရာယ်ကိုတားဆီးတယ်။ ဒါ့အပြင် မုန်တိုင်းကိုပါ ပျက်ပြယ်စေပါတယ်။

 တတိယအချက်အနေနဲ့ကတော့ ပညာရေးဝန်ကြီးဌာနက UNESCO နဲ့ပေါင်းပြီးတော့ ကျွန်တော်တို့ နှစ်ရှည်လများ ပညာရေးမြှင့်တင်မှုတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ UNESCO က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်၊ အခြေခံကျောင်းတွေအတွက် အတွဲ ပေါင်း ၄၈ တွဲလုပ်ခဲ့ပေမယ့် ကနေ့အထိ မြန်မာ့သင်ရိုးညွှန်းတမ်းတွေမှာ ဘာဖြစ်လဲဆိုလို့ရှိရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း ဂဃနဏသင်ကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ လူတွေက ခုနကတင်ပြခဲ့သလိုပဲ နာဂစ်မုန်တိုင်းဟာ ဘာဖြစ်လဲဆိုရင် သဘာဝဘေးအန္တရာယ်သက်သက်လို့ ထင် ပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့တစ်တွေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာကိုယ်ခံ အားနည်းမှုကြောင့် နောက်ဆက်တွဲပေါ်ပေါက်လာတဲ့ပြဿနာဆိုပြီးတော့ ကျွန်တော်တို့ ထည့်တွက်ရပါ မယ်။ တစ်နည်းအားဖြင့် ကျောင်းတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာကို ကနေ့အထိ မသင်ပေး ခဲ့တဲ့အကျိုးတွေပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံးအနေနဲ့ Cyclone Shelter လည်း တည်ပါ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီ့ထက်ကောင်းတာက ဒီရေတောကိုထိန်းသိမ်းပါ။ သားစဉ်မြေးဆက်ကောင်းကျိုး ဆက်စေချင်တယ်ဆိုလို့ကတော့ ကျွန်တော်တို့ အခြေခံပညာကျောင်းတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာကို သင်ပေးပြီးတော့ ဒေးဒရဲမြို့နယ်သာမက မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်ပါ ဒီရေတောထိန်းသိမ်းမှုကို မဖြစ်မနေဆောင်ရွက်သင့်ကြောင်း ဒေါက်တာဒေါ်ခင်ညို၏အဆိုကို အလေးအနက်ထောက်ခံ အဆိုပြု ရင်းနိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်ခင်ဗျား။

ဦးနေထက်ဝင်း(ဆင်ပေါင်ဝဲမဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း လေးစားရပါတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြတဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းဖြစ်ပါတယ်။ ကျွန်တော့်‌အနေနဲ့ မေလ ၃၀ ရက်နေ့ကတင်သွင်းခဲ့တဲ့ ဒေးဒရဲမဲဆန္ဒနယ်က ဒေါက်တာဒေါ်ခင်ညိုရဲ့အဆိုကို အလေးအနက် ထောက်ခံအကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဖြစ်ပြီးမှ ဒီရေတောတွေရဲ့အရေးပါ အကျိုးပြုမှုတွေကို လူတွေပိုမိုသတိထားမိလာတာဖြစ်ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစရာကောင်းတာက လူတွေရဲ့ကိုယ်ကျိုးအတ္တတွေကြောင့် ဒီရေတောတွေဟာ မြန်မာနိုင်ငံသာမက ကမ္ဘာ့ဒီရေတောပေါက်ရောက်ရာ နိုင်ငံအသီးသီးမှာပါ ဒီရေတောပြုန်းတီးမှု အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကမ္ဘာ့ဒီရေတောတွေဟာ အပူပိုင်းနှင့် သမပိုင်းဒေသရှိ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ ပေါက်ရောက်ပြီး ဒီရေတောသစ်မျိုးပေါင်း ၇၃ မျိုးခန့်ရှိပါတယ်။ မူလက ကမ္ဘာ့ဒီရေတောဧရိယာဟာ စတုရန်းကီလိုမီတာ ၂၀၀၀၀၀ နီးပါးရှိခဲ့ရာမှ စတုရန်းကီလိုမီတာ ၅၀၀၀၀ ခန့်ဆုံးရှုံးသွားခဲ့ပြီး လက်ရှိအခြေအနေမှာတော့ စတုရန်းကီလိုမီတာ ၁၅၀၀၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိပါတော့တယ်။ ၁၉၈၁ ခုနှစ်မှစလို့ နှစ်စဉ် ၁.၀၄ နှုန်းပျက်စီးရာမှ ၂၀၀၅ ခုနှစ်တွင် ၀.၆၆ နှုန်း ပျက်စီးလျက်ရှိရာ ကမ္ဘာ့သစ်တောပြုန်းတီးမှုရာခိုင်နှုန်းထက် ၃ ဆမှ ၅ ဆအထိရှိနေပြီး ယနေ့အချိန် အထိလည်း ဆက်လက်ပျက်စီးနေဆဲပင်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် တိုင်းတာချက်များအရ မြန်မာ နိုင်ငံမှာ ဒီရေတောဧက ၁၂ သိန်း ကမ္ဘာ့ဒီရေတောဧရိယာရဲ့ ၃.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ နှစ်စဉ် ဒီရေတော ပျက်စီးမှုနှုန်းဟာ တိုးတက်မြင့်မားလျက်ရှိနေပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီရေတောများပျက်စီးပြုန်းတီးရတဲ့ အကြောင်းအရင်း တွေကို လေ့လာကြည့်မယ်ဆိုရင် နေရာအသုံးချမှုပုံစံပြောင်းလဲလာခြင်း၊ ဒီရေတောနေရာများအား ချဲ့ထွင်၍ လယ်ကွင်း၊ လူနေအိမ်များလုပ်ဆောင်လာခြင်း၊ ဒီရေတောအနီး သတ္တုတူးဖော်ခြင်း၊ ဆားချက် ခြင်း၊ ငါး၊ ပုစွန်များမွေးမြူခြင်း၊ စပါးစိုက်ခြင်း၊ မီးသွေးဖုတ်ခြင်း စတဲ့အချက်တွေကို တွေ့ရမှာဖြစ်ပါ တယ်။ တစ်ဖန် ဒီရေတောစိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ကမ္ဘာကြီးပူနွေးလာမှုဟာ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုပမာဏ မြင့်မားလာခြင်း ကြောင့်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါတယ်။ ဒီရေတောတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူပေးပြီး ဒီရေတောများမှ နှစ်စဉ်စုပ်ယူနိုင်တဲ့ပမာဏဟာ တောင်ပေါ်ဒေသတောခြောက် (Dry Deciduous Forest) ထက်နှစ်ဆမျှ စုပ်ယူနိုင်တယ်လို့ သိရပါတယ်။ ဒီရေတောဂေဟစနစ်ဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် စုပ်ယူပေးနိုင်ရုံသာမက ကမ်းရိုးတန်းဒေသများမှာဖြစ်လေ့ရှိတဲ့ မုန်တိုင်းဒဏ်များမှ အကာအကွယ် ပေးခြင်း၊ မြေပြိုတိုက်စားခြင်း၊ ရေလွှမ်းမိုးခြင်း၊ မြစ်ချောင်းများမှသယ်ဆောင်လာသော နုန်းမြေများကို ဖမ်းယူ၍ မြေသားများထိန်းညှိပေးခြင်း၊ ဒေသခံပြည်သူများအတွက် ငါးဖမ်းအသက် မွေးမှုကိုပေးခြင်း၊ ရေအရင်းအမြစ်အရည်အသွေးကို ထိန်းသိမ်းပေးခြင်း၊ မြစ်ချောင်းများမှ သယ်ဆောင်လာတဲ့ အညစ်အကြေးများကိုသန့်စင်ပေးခြင်း၊ ဘယဆေးများရရှိခြင်း၊ ခရီးသွားလုပ်ငန်း ကို အထောက်အကူပေးခြင်းစတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသာမက လူမှုအကျိုးစီးပွား အတွက်ပါ အကျိုးကျေးဇူးပြုနိုင်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီရေတောတွေရဲ့တန်ဖိုးဟာ ဒီလို သဘာဝကပေးတဲ့ အကျိုးတရားတွေ ကြောင့်တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။

သို့ဖြစ်ပါ၍ ကျွန်တော့်အနေဖြင့် အောက်ပါအချက်များကို အကြံပြုတင်ပြလိုပါတယ်။ (၁) ဒေးဒရဲမြို့နယ်တွင်သာမက ဒီရေတောများပြန်လည်ထူထောင်ရန် လိုအပ်လျက်ရှိသည့် မည်သည့် နေရာဒေသတွင်မဆို ဒီရေတောများ ထူထောင်သွားရန်၊ (၂) ယခင်အစိုးရလက်ထက် သစ်တောဦးစီး ဌာနအောက်တွင်ရှိခဲ့သော ဒီရေတောဌာနခွဲကို အဆင့်မြှင့်တင်ပြီး ဒီရေတောပြုစုပျိုးထောင်ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများအား စနစ်တကျလုပ်ဆောင်သွားရန်၊ (၃) ဒီရေတောနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြဋ္ဌာန်းသတ်မှတ် အကောင်အထည်ဖော်သွားရန်၊ (၄) ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အထူးလိုအပ်သဖြင့် ဒီရေတောနှင့်ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေနိုင်ဖို့ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန်၊ (၅) နိုင်ငံတစ်ဝန်းလုံးတွင် လက်ရှိကျန်ရှိနေသော ဒီရေတော ဧရိယာများနှင့် ထပ်မံတိုးချဲ့လုပ်ဆောင်မည့် ဒီရေတောဧရိယာများကို စနစ်တကျစာရင်းဇယား ကောက်ယူသတ်မှတ်ထား၍ ဒီရေတောပြုန်းတီးမှုကို ဖြစ်စေသည့် အကြောင်းတရားများကို ကာကွယ် သွားရန် စတဲ့အချက်တွေကို ကျွန်တော့်အနေနဲ့ အကြံပြုဆွေးနွေးတင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်ခြင်းဆိုတဲ့ အန္တရာယ်ဆိုးကြီးကို ကြုံတွေ့နေရပါတယ်။ သစ်တောပြုန်းတီးမှုများထဲမှာ ဒီရေတောပြုန်းတီးမှု ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့၊ ရာသီဥတုကောင်းမွန် မျှတဖို့ နိုင်ငံတစ်ဝန်း သစ်တောသစ်ပင်တွေ ပြန်လည်ထူထောင်တဲ့နေရာမှာ ဒီရေတောစိုက်ခင်းတွေ ထူထောင်ဖို့ဟာလည်း အလွန်အရေးကြီးလှပါတယ်။

သို့ပါ၍ နိဂုံးချုပ်အားဖြင့် ဆိုရလျှင် မိမိအနေဖြင့် ဒီရေတောတွေရဲ့ တန်ဖိုး၊ ဒီရေတောတွေရဲ့ အကျိုးကို သိမြင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုရဲ့အဆိုကို ကျွန်တော့်အနေဖြင့် လေးလေးနက်နက် ထောက်ခံအကြံပြုဆွေးနွေးအပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်ခင်ဗျား။

ဗိုလ်မှူးမျိုးကိုကို(တပ်မတော်သားကိုယ်စားလှယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါ တယ်။ ကျွန်တော်ကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမျိုးကိုကို ဖြစ်ပါတယ်။ ကျွန်တော့်    အနေဖြင့် ဒေးဒရဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို၏ အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်ျ့‌ဆွေးနွေးမှုအား Power point ဖြင့် တင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ဒီရေတောဆိုသည်မှာ ကမ်းရိုးတန်းဒေသများတွင် အတက်အကျ ရှိသော ဧရိယာများတွင် ပေါက်ရောက်သည့် ဆားအငန်ဓာတ်ကိုခံနိုင်သည့် သစ်တောဂေဟ စနစ်များအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဒီရေတောများကို မြောက်လတ္တီကျူ့ ၃၀ ဒီဂရီ၊ တောင်လတ္တီကျူ့ ၃၀ ဒီဂရီကြား အပူပိုင်းနှင့် အပူပိုင်းသမပိုင်းဒေသများရှိ ကမ်းရိုးတန်း ဧရိယာ များတွင် တွေ့ရှိရပြီး ထုတ်လုပ်မှုစွမ်းအား အကောင်းဆုံးဂေဟစနစ်များ ဖြစ်ပါသည်။ ဒီရေတော များဟာ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ဆက်စပ်လျက်ရှိတဲ့နေရာဒေသတွင် ပေါက်ရောက်သဖြင့် ကုန်းတွင်းဂေဟစနစ်နဲ့ အဏ္ဏဝါ ဂေဟစနစ်နှစ်မျိုးလုံး ပါဝင်ဖွဲ့စည်းလျက်ရှိသဖြင့် ဇီဝမျိုးစုံမျိုးကွဲ ပေါများကြွယ်ဝစွာပါဝင်နေတာကို တွေ့ရှိရပါတယ်။ ရေနေသတ္တဝါများသည် ဒီရေတောဂေဟစနစ်ကို မှီခို၍ ရှင်သန်ပေါက်ဖွားကြသောကြောင့် ဒီရေတောမရှိပါက ငါး၊ ပုစွန်များပင်ပျောက်ကွယ် သွားမည်ဆိုသည့် There is no Mangrove၊ There is no Fish  ဒေသဆိုရိုးစကားသည် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၌ပင် ကျန်ရှိခဲ့ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၂၈၃၂ ကီလိုမီတာရှည်လျား သော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး တနင်္သာရီကမ်းရိုးတန်းဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝ ကျွန်းပေါ်ဒေသတို့တွင် ဒီရေတောများကို အများအပြားတွေ့ရှိရပါတယ်။ ၂၀၁၀ ခုနှစ်၊ World Mangrove Atlas မှတ်တမ်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒီရေတော စုစုပေါင်းဧရိယာ ၃.၃ ရာခိုင်နှုန်း ရှိပြီး ဒီရေတောဧရိယာ ၅၀၂၉ စတုရန်းကီလိုမီတာ ပေါက်ရောက်လျက်ရှိပြီး အာရှဒေသမှာ တတိယ အများဆုံးနှင့် ကမ္ဘာပေါ်မှာ သတ္တမမြောက်အများဆုံး ဒီရေတောပေါက်ရောက်တဲ့နိုင်ငံဖြစ်ပါတယ်။ွမန်မာ့ဒီရေတောများဟာ ထင်း၊ မီးသွေး အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် ခုတ်လွန် ဒီရေတော ပျက်များအဖြစ် ပြောင်းလဲခဲ့ပြီး လူဦးရေတိုးပွားလာခြင်း၊ လယ်မြေ၊ ဆားကွင်းမြေ၊ ပုစွန်ကန်နှင့် လူနေကျေးရွာများ ဝင်ရောက် ကျူးကျော်ခဲ့ခြင်းတို့ကြောင့်‌ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ွမန်မာနိုင်ငံတွင် ဒီရေတောများ ဆုံးရှုံးရခြင်းကို ကြုံတွေ့နေရသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း အလားတူပြဿနာ များကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံတွင် ဒီရေတောများလျော့နည်းသွားရခြင်းရဲ့ အဓိက အကြောင်းအရင်းမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် လယ်ယာမြေများတိုးချဲ့ခြင်း၊ ပုစွန်ကန်တူးဖော်ခြင်း၊ ဆားကွင်းများတည်ထောင်ခြင်းနှင့် ရခိုင်ပြည်နယ်မှာ ပုစွန်ကန်များ တိုးချဲ့ခြင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် လုပ်ငန်းသုံးမျောတိုင်၊ မဒမတိုင်များခုတ်ယူခြင်း၊ မီးသွေးထုတ်ယူခြင်းများကြောင့် မြန်မာ့ ဒီရေတောများ ပျက်စီးဆုံးရှုံးနေရာ တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ၁၉၂၄ ခုနှစ်မှစ၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒီရေတော ကြိုးဝိုင်းကိုးဝိုင်းအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒီရေတောကြိုးဝိုင်းကိုးဝိုင်း၏ နှစ်အလိုက် ဒီရေတော ပျက်စီးမှုအခြေပြဇယားမှာ ဆိုရင် ညီနောင်၊ ကလရိုက်၊ လပွတ်ကွဲကြိုးဝိုင်းသုံးဝိုင်းမှာ ဒီရေတောများ ပျောက်ကွယ်လုနီးပါွးဖစ်နေခြင်း၊ မိန်းမလှကျွန်းကြိုးဝိုင်းတွင်သာ ၈၂ ရာခိုင်နှုန်း ကျန်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒီရေတောမှ ထုတ်ယူနိုင်တဲ့ သတ်မှတ်သည်ထက်များစွာ ထုတ်ယူခြင်း၊ လူတို့၏ တရားဝင်၊ တရားမဝင်နည်းလမ်းများတွင် ပိုမိုထုတ်ယူခဲ့ခြင်းကြောင့် ဒီရေတော အတန်းအစားများ လျော့ကျ သွားခဲ့ရပြီး ခုတ်လွန်ဒီရေတောပျက်များအဖြစ်ရောက်ရှိခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကျရောက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်ခဲ့ရာ မြစ်ဝကျွန်းပေါ်နေ ပြည်သူလူထုများမှာ အသက်ပေါင်းများစွာ စတေးခဲ့ရပြီး အိမ်ခြေ၊ လယ်ယာ၊ စိုက်ခင်းမြောက်မြားစွာ ပျက်စီးဆုံးရှုံး ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းကာလအတွင်း မုန်တိုင်းလမ်းကြောင်းပေါ်မှာရှိတဲ့ မိန်းမလှ ကျွန်း ဘေးမဲ့တောတွင် မုန်တိုင်းအမြင့်ဆုံးဒီရေ ၂၂ ပေမှ ခြောက်ပေခန့် တက်ရောက်ခဲ့သော်လည်း ဒီရေတောများ တည်ရှိသဖြင့် မိန်းမလှကျွန်းဘေးမဲ့တောတွင် တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းများ အားလုံးဟာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရပါတယ်။

ဒီရေတောများ မရှိတော့သော မြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာများတွင် အသက်ပေါင်း မြောက်မြားစွာ စတေးခဲ့ရသည့်ဖြစ်စဉ်များမှာ ဒီရေတောများ၏ အရေးပါမှုကို ဖော်ပြလျက်ရှိပါတယ်။ ထို့ကြောင့် ဒီရေတောများဟာ ဒေသခံပြည်သူလူထုကို မုန်တိုင်းများ၊ ကြီးမားသော ဒီရေလှိုင်းများဒဏ်မှ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်းအလွန်ကာလအတွင်း ပြည်သူလူထုအတွင်း ဒီရေ တောများ၏အရေးပါမှုကို လေ့လာကာ ထိန်းသိမ်းရေးလုပ်ငန်းများကို နိုးကြားတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လာခဲ့ကြပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မုန်တိုင်းဒဏ်ခံရသော ဘိုကလေး မြို့နယ်၊ ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်တို့တွင် သစ်တောဦးစီးဌာန၊ NGO  အဖွဲ့အစည်းများနှင့် ပြည်သူ လူထုများပူးပေါင်း၍ ဒီရေတောစိုက်ခင်း ၆၂၇၆ ဧက၊ အစုအဖွဲ့ပိုင်စိုက်ခင်း ၄၀၀ ဧက၊ ကျေးရွာနေ ပြည်သူလူထုအား လမု၊ သမဲ့ကြီးမျိုးစေ့ဖြန့်ဝေခြင်း ၇၀၂၆၈၄ ပင်အား ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသော တိုင်းစစ်ဌာန ချုပ်များအလိုက် မုန်တိုင်းကာကွယ်ရေးအတွက် ဒီရေတောစိုက်ခင်းများအား စီမံချက်ရေးဆွဲပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မျိုးစေ့အပင်ပေါင်း ၁၂၂၆၉၆ ပင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်း INGO အဖွဲ့အစည်းများဖြစ်သော UNDP, FAO, JICA အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၃-၂၀၁၇ ခုနှစ် ကဒုံကနိသစ်တောကြိုးဝိုင်းအတွင်း ဒီရေတော စိုက်ခင်းဧက ၂၈၅၂ ဧက တည်ထောင်ရေးစီမံကိန်းအား JICA နှင့် သစ်တောဦးစီးဌာန ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ သို့ရာတွင် ဒီရေတောများ စိုက်ပျိုးမှုတစ်ခုတည်း ဖြင့် ရည်မှန်းချက်အောင်မြင်နိုင်မည် မဟုတ်ပါ။ ဒေသခံပြည်သူလူထုများအနေဖြင့် စားသောက် နေထိုင်မှုကိစ္စရပ်များအတွက် လိုအပ်သောစွမ်းအင်ကို ထင်းလောင်စာသုံးစွဲနေခြင်းကြောင့် အစားထိုး အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ သို့မဟုတ်ပါက လူဦးရေတိုးပွားလာခြင်း ကြောင့် လောင်စာလိုအပ်ချက် ပိုမိုမြင့်မားလာမည့်ကိစ္စအတွက် အလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်ရာ ဆုံးရှုံးမှုများတိုးတက်လာမည်ဖြစ်၍ ပြည်သူလူထု၏ လိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ ဝန်ထမ်းအင်အားဖြည့်ဆည်းခြင်း၊ လူထုလှုပ်ရှားမှုအသွင် ဆောင်ရွက်ခြင်း၊ ဒေသခံ များသိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးစီမံဆောင်ရွက်ခြင်းများကို ဆောင်ရွက်သင့်ပါ တယ်။ ထို့အပြင် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ဒီရေတောထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ မူဝါဒများ ပြဋ္ဌာန်းနိုင်ရေးမှာလည်း အဆောတလျင်လိုအပ် လျက်ရှိနေကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်ထိခိုက်နိုင်ခြေများသည့်နိုင်ငံဖြစ်ကြောင်း ပညာရှင်များရဲ့ ခန့်မှန်းချက်များအရ နိုင်ငံတော်၏ရှည်လျားသော ကမ်းရိုးတန်းဒေသများ၏ သဘာဝတံတိုင်းသဖွယ် ဖန်တီးပေးထားသော ဒီရေတောများကို လူသားတို့၏ ပယောဂကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါက တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးခြင်းမှ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုံခြုံမှု ပျက်ပြား စေကာ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားထိခိုက်စေမည်ဖြစ်၍ ဒီရေတောများကို ကြိုတင် ကာကွယ်ရေးစီမံချက်အား စနစ်တကျချမှတ်ရေး ဦးစားပေးဆောင်ရွက်ရန်အဆိုကို ထောက်ခံတင်ပြ အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးအေးနိုင်[ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်]မှ ဆွေးနွေးခြင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီကိုယ်စား ဒေါက်တာဒေါ်ခင်ညိုရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ သမိုင်းတစ်လျှောက် ဒီရေတောတွေအများဆုံးရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ လွတ်လပ်ရေးရခဲ့တဲ့အချိန်ကစပြီး နိုင်ငံမှာ ဒီရေတောနေရာခုနစ်ခုကို သတ်မှတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာ တွေ့ရပါတယ်။ အဲဒါတွေကတော့ လင်းပျောက်၊ ကြာကန်ကွင်းပေါက်၊ ပြည်နှစ်လံ၊ ကက္ကလံ၊ မိန်းမလှကျွန်း၊ ကဒုံကနိနဲ့ ပြင်းသရေတို့ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ကုမ္ပဏီကြီးတွေဝင်ရောက်လာပြီး ဆန်စပါးစီမံကိန်းတွေလုပ်ခဲ့တာကြောင့် ဒီရေတောတွေပျက်စီးရတာ ဟာ ၁၉၅၀ ခုနှစ်ကနေပြီးတော့ ၁၉၈၀ ခုနှစ်အတွင်း ပျက်စီးရတာထက် ပိုမြန်ဆန်လာခဲ့ပါတယ်။ ပုံမှန်ဆိုရင် ဒီရေတောတွေ လျော့ကျခဲ့ရတာနဲ့ နောင် ၁၀ နှစ်အတွက် ဖြစ်နိုင်ခြေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

  ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ မြန်မာပြည်ရဲ့ ဒီရေတောတွေဟာ ကီလိုမီတာ ၇၄၀ ရှိတဲ့ ရခိုင်ကမ်းရိုးတန်း၊ ၄၆၀ ကီလိုမီတာရှိတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့်  ၁၂၀၀ ကီလိုမီတာရှည်တဲ့ မွန်၊ တနင်္သာရီကမ်းရိုးတန်းတွေမှာ ရှိနေကြပါတယ်။ အခုတွေ့မြင်ရတဲ့ ဇယားမှာကလည်း သစ်တော ဌာနရဲ့ ၂၀၁၄ စာရင်းအရ ဒီရေတောလျော့ပါးမှု၊ ၁၉၈၀ တုန်းက ဧက ၁ သန်း ၆ သိန်းကနေပြီးတော့ ၂၀၁၀ မှာ ရှစ်သိန်းအထိဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ နှစ် ၃၀ အတွင်းမှာ တစ်ဝက်လျော့သွားတာ ဖြစ်ပါတယ်။ ဒီထဲမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာက ၈၆ ရာခိုင်နှုန်းထိဖြစ်ပြီးတော့ ရခိုင်မှာ ၄၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါတွေကတော့ လူဦးရေတိုးပွားလာမှု၊ စိုက်ပျိုးမြေတိုးချဲ့မှုနှင့် နေ့စဉ် အသုံးလို တဲ့ ထင်းနဲ့ မီးသွေးတို့ကြောင့် ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကာလမှာဆိုရင် ရာနဲ့ချီတဲ့ ပြည်သူတွေဟာ မိန်းမလှကျွန်းဒီရေတောတွေကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ပင်လယ်ကမ်းခြေဂေဟစနစ်ကို ထိန်းသိမ်းခြင်းဟာ သဘာဝဘေးလျော့ပါးသက်သာစေဖို့ အရေးကြီး တယ်ဆိုတာကို မီးမောင်းထိုးပြနေသလို၊ ဒေသခံပြည်သူတွေကို ပတ်ဝန်းကျင်အသိပညာပေးဖို့ လိုအပ်နေတာပေါ်လွင်နေပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးတိုးတက်ဖို့ ကြိုးစားလာတာနှင့်အမျှ စက်မှုလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေ၊ ဆိပ်ကမ်းတွေ၊ အပန်းဖြေစခန်းတွေ၊ အခြေခံအဆောက် အဦတိုးချဲ့တည်ဆောက်လာတာနှင့်အမျှ ဒီရေတောတွေရဲ့ပျက်သုဉ်းမှုဟာ တိုးလို့နေပါတယ်။ ရန်ကုန် နားက ဒီရေတောတွေ၊ ကျောက်ဖြူနားက ဒီရေတောတွေ၊ မော်လမြိုင်-ထားဝယ်ကမ်းခြေက ဒီရေတော တွေအားလုံးဟာ ခြိမ်းခြောက်ခံနေရပါတယ်။ ခန့်မှန်းချက်တွေအရ ဒီတိုင်းသာသွားရင် အရှေ့တောင် အာရှရဲ့ ဒုတိယအကြီးဆုံးဒီရေတောတွေဟာ လာမယ့် ၁၀ စုနှစ်အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ် လို့တောင် ဆိုကြပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ ဒီရေတောများထိန်းသိမ်းခြင်းနှင့် ပြုစုပျိုးထောင် ခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်တချို့ကို တင်ပြချင်ပါတယ်။ (၁) ဒီရေတောတွေကို အစုအဖွဲ့ပိုင် သစ်တောအနေနဲ့ အသက်မွေးမှုပုံစံတည်ထောင်ခြင်း၊ ဒီနည်းလမ်းကတော့ ဒီရေတောစိုက်ပျိုးတဲ့ လုပ်ငန်းမှာ ဒေသခံတွေလည်း ဝင်ငွေရအောင် ပါဝင်စိုက်ပျိုးစေတဲ့နည်းလမ်းဖြစ်ပါတယ်။ သူတို့ကို သစ်တောဌာနကနေ ပညာဗဟုသုတနှင့် အရည်အချင်းမြှင့်တင်ပေးနိုင်ပါတယ်။ (၂) ဝန်ကြီးဌာနတွေ ပေါင်းစပ်ညှိနှိုင်းမှုကို မြေအသုံးချမှုမူဝါဒသစ်အောက်မှာ တိုးမြှင့်ပေးခြင်း၊ ရေရှည်လုပ်ငန်းအနေနဲ့ မြေအသုံးချမှုမူဝါဒအသစ်ကို ထိထိမိမိအသုံးချခြင်းအားဖြင့် ဘယ်မြေအမျိုးအစားကို ဘယ်လောက်ထိ အသုံးချသလဲဆိုတာ သိရှိပြီး စီမံခန့်ခွဲနိုင်ပါတယ်။ ဒီလုပ်ငန်းကတော့ ဂြိုဟ်တုပုံရိပ်တွေ၊ ကောင်းကင် ဓာတ်ပုံတွေတင်မက လက်တွေ့တိုင်းတာမှုတွေပါဝင်ပြီး အချိန်ယူရမယ့် အလုပ်ဖြစ်ပါတယ်။ ဒါတွေကို တိုးနိုင်ဖို့အတွက် အခု မြေတိုင်းဦးစီးဌာန၊ မြေစာရင်းဌာန စတဲ့ ဝန်ကြီးဌာနအမျိုးမျိုးအောက်မှာ ကွဲပြားနေတဲ့ဌာနတွေစုပေါင်းတဲ့ အဖွဲ့အစည်းလိုအပ်ပါတယ်။ ဒါမှပဲ ထိန်းသိမ်းရ မယ့်မြေဟာ ဘယ်လောက်ရှိပြီ၊ ဖွံ့ဖြိုးမှုအတွက်မြေဘယ်လောက်ရှိလို့ ဘယ်အဆင့်ထိအသုံးပြုသင့်တယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ အချုပ်အားဖြင့်ဆိုရရင် ဒီရေတောတွေပြန်လည် စိုက်ပျိုးဖို့ဆိုတာ နိုင်ငံအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ တစ်ဖက်ကလည်း နည်းလမ်း တကျစီမံခန့်ခွဲမှုပါဝင်မှသာ စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်နဲ့ အကျိုးရလဒ်မှန်ကန်လိုက်ဖက်ညီမှာ ဖြစ်ပါတယ်။ ဒေသခံကျေးလက်ပြည်သူတွေ ကိုယ်တိုင်က စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်မှုနှင့်အတူ မှန်ကန်တဲ့မြေအသုံးချမှုဟာ အခုလိုဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး သဘာဝဘေး တွေကို ကာကွယ်နိုင်ဖို့ အတွက် အရေးတကြီးလိုအပ်နေပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်လုပ်ကြရင်း၊ဆင်းရဲမွဲတေမှုလျှော့ချဖို့ ကြိုးစားကြရင်း သဘာဝပတ်ဝန်းကျင်ကောင်းမွန်ဖို့၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနိုင်ဖို့၊ သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာစေဖို့နဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ အတွက် ဒီရေတောတွေကို ထိန်းသိမ်းဖို့၊ ပျိုးထောင်ဖို့လိုနေတာ အင်မတန်မှန်ကန်တဲ့အတွက် ဒေါက်တာဒေါ်ခင်ညိုရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။

ဒေါက်တာဒေါ်ခင်ညို၊ ဒေးဒရဲမဲဆန္ဒနယ်က တင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ         သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သဘောထားပြောပါ။

ဦးအုန်းဝင်း(ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန) မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ် တော်များ၊ လေ့လာသူများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဖြစ်ပါတယ်။ အခု ဆွေးနွေးကြတဲ့အဆိုတွေအားလုံးကို ကျွန်တော် ကြည့်တဲ့အခါမှာဆိုလို့ရှိရင် အင်မတန် ပြည့်စုံပါ တယ်ခင်ဗျား။ အင်မတန်ကို ကောင်းမွန်ပါတယ်။ အချက်အလက်တွေကလည်း ခိုင်လုံပါတယ်။ Power Point များဖြင့် ရှင်းပြသွားတာ အင်မတန်ကောင်းပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ အခုတင်ပြတဲ့ အကြောင်းအရာတွေကို လွှတ်တော်မှာ ကျွန်တော့်အနေနဲ့ မှတ်တမ်း တင်ပေးပါလို့ ပန်ကြားလိုပါတယ် ခင်ဗျား။ အကယ်၍ အချက်အလက်တွေကို ထပ်မံပြီးရှင်းဖို့ လိုမယ်ဆိုရင် ကျွန်တော် ၁၀ မိနစ်ခန့်မျှ ရှင်းခွင့်ပြုလို့ရရင် ကျွန်တော်ရှင်းပြချင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ         ဝန်ကြီးဌာနက ရှင်းလင်းစရာရှိရင် ရှင်းလင်းနိုင်ပါတယ်။

ဦးအုန်းဝင်း(ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး            ဌာန)မှ ဆွေးနွေးခြင်း ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမဲဆန္ဒယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ညိုရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေမှာ ဒီရေတောများဖွဲ့စည်း ပေးရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအောက် သစ်တောဦးစီးဌာနကနေပြီးတော့ ဒီရေတော များကို ထိန်းသိမ်းကာကွယ်ထားရှိမှုနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ကျုံဒတ်ကျေးရွာ အုပ်စုမှာရှိတဲ့ စားကျက်မြေဧရိယာများမှာ ဆက်စပ်ဌာနတွေ ဒေသခံလူထုနှင့် ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်မယ့်အခြေအနေ တွေကိုရှင်းလင်း ဖြေကြားမှာဖြစ်ပါတယ်ခင်ဗျား။  ဒီရေတောဂေဟ စနစ်ဟာ ခုနက ကိုယ်စားလှယ်တော်ကြီးများ တင်ပြတဲ့အတိုင်းပါပဲ။ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ကမ်းရိုးတန်း အကြား ထူးခြားစွာပေါက်ရောက်နေတဲ့ ဂေဟစနစ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရေတော ဂေဟစနစ်ဟာ ကမ်းရိုးတန်းဒေသတိုင်းမှာ ပေါက်ရောက်ရှင်သန် နိုင်ခြင်းမရှိဘဲနဲ့ (၁) နေရောင်ခြည် စွမ်းအင်အပြည့်အဝရရှိတဲ့ အပူပိုင်းဒေသ၊ (၂) နုန်းတင်မြေနုရှိတဲ့ဒေသ၊ (၃) ဒီရေလှိုင်းအတက်အကျ ပြင်းထန်မှုမရှိတဲ့ ကမ်းရိုးတန်းဒေသ၊ (၄) ဆားငန်ရေပေါက်ရောက်တဲ့ ဒေသနှင့် (၅) ဒီရေအတက်အကျ ရှိတဲ့ ကျယ်ပြန့်တဲ့ နေရာမျိုးမှာသာ ပေါက်ရောက်နိုင်ပါတယ်ခင်ဗျား။

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးကနေ အဆိုပြုခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ မြို့နယ်ဟာ ကောင်းကင်မြေတိုင်းကနေပြီးတော့ တိုင်းထွာတွက်ချက်မှုအရ ကမ်းရိုးတန်းအရှည် ၂၅ မိုင် မှာ တည်ရှိပါတယ်။ ကျွန်တော့်ကို Power Point ဖြင့် တင်ပြခြင်းကို ခွင့်ပြုပေးပါခင်ဗျား။ အထူးသဖြင့် သံဒိတ်မြစ်ဝနှင့် ဒုံရမ်းမြစ်ဝကြား ကမ်းရိုးတန်းတစ်လျှောက်မှာ ကမ်းတက်မြေတွေဟာ ဒီရေတော၊ ဓနိတော ၃၁၃ ဧက ပေါက်ရောက်နေတာကို တွေ့ရပါတယ်။ နေရာအလိုက် ဓနိဥယျာဉ်ခြံပိုင်ရှင်များ လည်းပဲ ရှိပါတယ်ခင်ဗျား။ ကမ်းတက်မြေမှာရှိတဲ့ ဒီရေတော အနည်းငယ်ဟာ သစ်တောနယ်မြေ အတွင်းမှာမဟုတ်ဘဲနဲ့ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိ တဲ့နယ်မြေအတွင်းမှာ ကျရောက်နေပါတယ်ခင်ဗျား။ အဲဒီနယ်မြေများမှာ ထိန်းသိမ်းကာကွယ်ရန် အတွက်ကတော့ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပြီး ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းပြီးတော့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအဖြစ် တည်ထောင်ပေးခြင်းအားဖြင့်တော့ ကျွန်တော်တို့ ဒီရေတောများကို ထိန်းသိမ်းနိုင်ခြင်းဖြစ် ပါကြောင်း အကြံပြုအပ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ကျုံဒတ်ကျေးရွာအတွင်းမှာရှိတဲ့ စားကျက်မြေဧရိယာ ၂၀၈၄ ဧကကို ဒေသခံပြည်သူများရဲ့ တင်ပြတောင်းဆိုချက်အရ ဒီရေတော၊ ကာကွယ်တောများအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်ပေးရန်အတွက် သစ်တောဦးစီးဌာနအနေနဲ့ ဆက်စပ်ဌာနမှ တာဝန် ရှိသူများနှင့် ပူးပေါင်းပြီးတော့ ၂၀၁၂ ခုနှစ်ကစပြီး ကွင်းဆင်းစစ်ဆေးပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ ကျုံဒတ်ကျေးရွာပတ်ဝန်းကျင်မှာ ယခင်က စားကျက်မြေဧရိယာ ၂၀၈၄ ဧက ရှိသော်လည်းပဲ ရေမြေတိုက်စားမှု၊ စိုက်ပျိုးမြေနှင့် အခြားမြေအသုံးချမှုများကို ပြောင်းလဲ သွားတဲ့အတွက်ကြောင့်မို့လို့ ဒီရေတောတည်ထောင်နိုင်တဲ့ ဧရိယာဟာ တကယ်တမ်းတော့ ၃၆.၈ ဧကသာကျန်ကြောင်း တွေ့ရှိရပါတယ်။ အဲဒီ မြေနေရာပေါ်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနကနေပြီးတော့ ဒီရေတောစီမံချက်များရေးဆွဲပြီး စိုက်ခင်းများ တည်ထောင်လျက်ရှိပါတယ်။ ယခုနှစ် ၂၀၁၆-၂၀၁၇ မိုးရာသီမှာ ဒီရေတော ၁၂.၈ ဧကကို စိုက်ပျိုးသွားရန်အတွက် ပြင်ဆင်ထားရှိလျက်ရှိပါတယ်ခင်ဗျား။

 ဒါကြောင့်မို့လို့ ဒေးဒရဲမြို့နယ်အတွင်းမှာရှိတဲ့ ဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည် ထူထောင်ခြင်းများနှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ တင်ပြထားတဲ့နယ်မြေမှာလည်းပဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိစီမံချက်နဲ့ စိုက်ပျိုးနေတဲ့မြေယာများ အပြင် အခြားစိုက်ပျိုးရန် မြေနေရာများရှိပါက ဒီရေတောပင်များကိုလည်းကောင်း၊ ဒီရေတောပင် ပေါက်ရောက်လို့ မရတဲ့နေရာတွေမှာဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ အခြားအဖိုးတန်သစ်ပင်များကို လည်းကောင်း မုန်တိုင်းဒဏ်ကာကွယ်နိုင်တဲ့ လေကာ တန်းများအဖြစ် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီးတော့ စိုက်ပျိုးတည်ထောင်ပေးမှာ ဖြစ်ပါတယ်ခင်ဗျား။ ဒေးဒရဲမြို့နယ်အတွင်းမှာ အသစ် ပေါ်ထွန်းလျက်ရှိတဲ့ ကမ်းတက်မြေတွေမှာရှိတဲ့ ဒီရေတောအနည်းငယ်ကိုတော့ သက်ဆိုင်ရာဌာနတွေ၊ ဒေသခံပြည်သူအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကြိုးပြင်ကာကွယ်တောများ အဖြစ်လည်းကောင်း၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်တောများအဖြစ်လည်းကောင်း ဖွဲ့စည်းတည်ထောင်သွားရန် ကြိုးစားမည်ဖြစ် ပါကြောင်း ရှင်းလင်းတင်ပြရင်းနဲ့ ကျွန်တော့်ရဲ့ တင်ပြချက်ကို မှတ်တမ်းတင်ခွင့်ပြုပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဆိုရှင်ရဲ့ သဘောထားပြောပါ။

ဒေါက်တာဒေါ်ခင်ညို(ဒေးဒရဲမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း အားလုံးပဲမင်္ဂလာပါ။ ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တော်ကြီးများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ လာရောက်ရှင်းလင်းတဲ့ ဝန်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ဝန်ကြီးပြောပြသွားတာ ကျုံဒတ်ပဲပါတယ်။ ကျွန်မ လိုချင်တာကတော့ ဒေးဒရဲ ကမ်းရိုးတန်းတစ်ခုလုံးဖြစ်ပါတယ်။ ဝန်ကြီးအခုလောက်လုပ်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ အခု နောက်ထပ်လည်း ကြိုးစားနိုင်ရင် ကြိုးစားပေးပါလို့ တိုက်တွန်းလိုပါတယ်။ ဒီကိစ္စကို ကျွန်မ လွှတ်တော်ကနေပြီးတော့ မှတ်တမ်းတင်ပေးဖို့ တောင်းဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒေါက်တာဒေါ်ခင်ညို တင်သွင်း သွားတဲ့ အဆိုကို ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ရှင်းလင်း ပြောကြားသွားပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်က မှတ်တမ်းတင် ထားရန် ဆွေးနွေးတင်ပြခဲ့သလို အဆိုရှင်ရဲ့သဘောထားကလည်း လွှတ်တော်က မှတ်တမ်းတင်ရန် ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ဒီအဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူ ပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်၊ လွှတ်တော်က သဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သဘောမတူသူရှိသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ဒေါက်တာ ဒေါ်ခင်ညို တင်သွင်းတဲ့အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။

နေ့စွဲ
၃၀.၅.၂၀၁၆