Skip to main content
Submitted by on 21 July 2017

ဒေါက်တာစံရွှေဝင်း(ရေကြည်မဲဆန္ဒနယ်)မှ အဆိုတင်သွင်းခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တင်သွင်းမည့် အဆိုကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းမထောင့်တွင် တည်ရှိတဲ့ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေကို ပုဂ္ဂလိကဆေးရုံဆောက်လုပ်ရန်အတွက် ငှားရမ်းခဲ့ခြင်းကိစ္စကို ရပ်ဆိုင်းသင့်ကြောင်း ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆို ဖြစ်ပါတယ်။ ယခုအဆိုကို ပွင့်လင်း မြင်သာမှုရှိရေး၊ အများပြည်သူ အကျိုးစီးပွားဖော်ဆောင်ရေးတို့နှင့် ဆက်စပ်နေ၍ တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဒီအဆိုအား တင်သွင်း ခွင့်ပြုတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးအား အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်တစ်ခု ဖြစ်ပြီး လူဦးရေအထူထပ်ဆုံးမြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်နေထိုင်ကြတဲ့ ပြည်သူများရဲ့ ကျန်းမာရေးကိစ္စများအတွက် ထိထိရောက်ရောက်နဲ့ အကောင်းဆုံးကုသမှုပေးနိုင်တဲ့ ဆေးရုံကြီးများ တည်ရှိရာမြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ ရန်ကုန် မြို့သူမြို့သားများသာမက နိုင်ငံအဝန်းမှာရှိတဲ့ ပြည်သူများ ကျန်းမာရေးစိစစ်ရေးကုသမှုများ ပြုလုပ်ရန်အတွက် ခေတ်မီစက်ကိရိယာများ၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများနှင့် အထူးကုဆရာ ဝန်ကြီးများရှိနေတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာလည်း တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုရဲ့ အားကိုးရာဆေးရုံကြီးတစ်ခု ဖြစ်ပါတယ်။ ယင်းဆေးရုံကြီးသို့ လာရောက်ကုသမှု များပြားလှတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်နေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုတင်နေရာမလုံ လောက်တဲ့အတွက် ၁၇၇၆ ဦးရှိတဲ့ ခုတင် ၁၅၀၀ ဆေးရုံကြီးအဖြစ်ကနေပြီးတော့ ဝန်ထမ်း ၃၀၅၇ ဦးရှိတဲ့ ခုတင် ၂၀၀၀ ဆေးရုံကြီးအဖြစ်ကိုလည်း တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယင်းကဲ့သို့ တိုးမြှင့်ပေးခဲ့ သည့်တိုင် ခုတင်နေရာလုံလောက်ခြင်းမရှိတဲ့ အတွက် ရန်ကုန်ဆေးရုံကြီးမှာ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ယခင်ပြည်ထောင်စုဝန်ကြီးကလည်း လွှတ်တော်သို့ ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးအတွက် လိုအပ်သောဆေးကုသ ဆောင်များ တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက် ရာမှာ နောင်တိုးတက်လာမည့် ရန်ကုန်မြို့ရဲ့ လူဦး ရေနှင့်လျော်ညီစွာ တိုးချဲ့နိုင်ရန်အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးအနီးဝန်းကျင်မှာ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေများကို အစိုးရအဆက်ဆက်တို့က လျာထားပေးခဲ့တာဖြစ်ပါတယ်။ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မြေဈေးများ အဆများစွာမြင့်တက်လာတဲ့အတွက် ရင်းနှီး မြှုပ်နှံမှုပြုလုပ်လိုသော ပြည်တွင်းပြည်ပ စီးပွားရေးသမားများဟာ ၎င်းမြေနေရာများကို အသုံးပြုခွင့် ရရှိစေရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးကြပေမယ့် ပြည်သူ့ဆေးရုံကြီးကို တိုးချဲ့ရန်အတွက် လျာထားမြေများဖြစ်တဲ့အတွက် မည်သည့်ပုဂ္ဂလိက လုပ်ငန်းရှင်ကိုမှ ခွင့်ပြုချက်မပေးဘဲခွင့်ပြုပေး၍ မရသော မြေနေရာလည်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်မှာတည်ရှိတဲ့ ဧရိယာအကျယ် အဝန်း ၄.၃ ဧက ရှိတဲ့မြေနေရာဟာ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေဖြစ်ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး အနီးမှာ တည်ရှိပါတယ်။ နောင် ရန်ကုန်ဆေးရုံကြီးကို တိုးချဲ့လျှင်လည်း အသုံးပြု ရန်အတွက် လျာထားမြေနေရာလည်း ဖြစ်ပါတယ်။ ၎င်းမြေနေရာနှင့် တစ်ဆက်တစ်စပ်တည်းမှာ ရန်ကုန်သူနာပြုတက္ကသိုလ်၊ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့ လည်းရှိနေပါတယ်။ ၎င်းမြေနေရာမှာ ၂၀၁၃ ခုနှစ်ကတည်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အသစ်တည်ဆောက်ရန်အတွက် စီမံကိန်းရေးဆွဲမှုများလည်း ရှိခဲ့ကြောင်းသိရှိရ ပါတယ်။ ဒါ့အပြင် ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် ရန်ကုန်သူနာပြုတက္ကသိုလ်တို့မှ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားများအတွက် အထက်ပါဆေးရုံများသို့ သွားရောက်သင်ကြားပြီး ဆေးလက်တွေ့ သင်တန်းများ ကို သင်ယူလေ့လာနိုင်တဲ့ ကျန်းမာရေးနယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအား ခွင့်ပြုပေးခဲ့သည့် ပုဂ္ဂလိကဆေးရုံဟာ ပြည်ပသို့သွားရောက်ဆေးကုသရသော နိုင်ငံသားများအတွက် ပြည်တွင်းတွင်ကုသနိုင်ရန် ရည်ရွယ်သည်ဟုဆိုသော်လည်းပဲ မြန်မာနိုင်ငံရဲ့လက်ရှိ စီးပွားရေးအခြေအနေမှာ ပြည်သူအများစုဟာ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံများကိုပင် တက်ရောက်ကုသနိုင်ခြင်း မရှိသေးပါဘူး။ ယင်းအတွက် ပြည်သူအများစုဟာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ဆေးရုံများတွင်သာ ဆေးဝါးကုသမှုများ ကို ခံယူလျက်ရှိပါတယ်။ ဒီများပြားလှတဲ့လူနာများကို ဆေးကုသမှုပေးနေရတဲ့ ပြည်သူ့ဆေးရုံများမှာ နေရာမလုံလောက်မှုများ ရှိနေသည်မှာလည်း ကျွန်တော်တို့မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုရဲ့ ပကတိအခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ ပြည်သူလူထုအများစုအတွက် လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တာဝန်မှာလည်းပဲ ပြည်ထောင်စုအစိုးရရဲ့ တာဝန်ဖြစ်သလို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်ပါတယ်။

ယင်းအတွက် လိုအပ်သော ဆေးရုံသစ်များနှင့် ဆေးကုသဆောင်အသစ်များကို တည်ဆောက် ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနဟာ ပြည်ထောင်စုအစိုးရမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်ရသုံးမှန်းခြေ ငွေစာရင်းမှာ တင်ပြတောင်းခံမှုများ ပြုလုပ်ဆောင်ရွက်နေပြီး ပြည်ထောင်စု လွှတ်တော်မှာလည်း စိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ လိုအပ်သောတိုးချဲ့ မှုများကိုဆောင်ရွက်ရန် အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ တင်ပြလာသည်များကို ပြည်ထောင်စု လွှတ်တော်က စိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်။ ယင်းသို့ တိုးချဲ့ဆောက်လုပ်မှုများပြုလုပ်ရန်အတွက် ယခုမြေဧကဖြစ်တဲ့ ၄.၃ ဧကဟာ ပြည်သူလူထုအကျိုးစီးပွားအတွက် မဖြစ်မနေအသုံးပြုရမည့်နေရာ လည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ပြည်လမ်းမထောင့်တွင် တည်ရှိသော ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ၄.၃ ဧက သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အနာဂတ်တိုးချဲ့လုပ်ငန်းများအတွက် မလွဲမသွေအသုံးပြုရမည့် မြေနေရာဖြစ်ပါလျက် ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ခွင့်ပြုငှားရမ်းခဲ့ခြင်းနှင့် ၎င်းငှားရမ်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့သော ပြည်ထောင်စုအစိုးရနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ၏ ဆောင်ရွက်မှုများဟာ ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊  ကျိုးကြောင်း ဆီလျော်မှုမရှိတဲ့အပြင် အများပြည်သူတို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိတဲ့အတွက် ရပ်ဆိုင်းသင့်ပါကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒေါက်တာဒေါ်သန်းငွေ(တောင်ကြီးမဲဆန္ဒနယ်)မှ ထောက်ခံဆွေးနွေးခြင်း            လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် လွှတ်တော်လေ့လာသူ ဧည့်သည်များအားလုံး မင်္ဂလာပါရှင်။ ကျွန်မကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ ဖြစ်ပါ တယ်။ အဆိုရှင် ဒေါက်တာစံရွှေဝင်းရဲ့အဆိုမှာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေရာအား ပွင့်လင်း မြင်သာမှုမရှိဘဲ ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ငှားရမ်းပေးခြင်းဟာ မြန်မာနိုင်ငံတော်ရဲ့ ဆေးပညာ ရပ်ဝန်းတစ်ခုလုံး၏ အကျိုးစီးပွားနှင့် အခြေခံလူတန်းစားမှအစ နိုင်ငံသူ နိုင်ငံသားများရဲ့ ကျန်းမာရေး အလို့ငှာသာ အသုံးပြုသင့်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထောက်ပြသွားတာကို တွေ့ရ ပါတယ်။ ကျွန်မအနေနဲ့ ဒီအဆိုအပေါ်ကို အလေးအနက်ထောက်ခံလိုတဲ့ အကြောင်းကတော့ မြေနေရာဟူသည်မှာ တိုးပွားလာသည့်ပစ္စည်းအမျိုးအစား မဟုတ်တဲ့အတွက် နောင်အနာဂတ်မှာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားအများစုတို့အတွက် ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များတွင် မရှိမဖြစ်လိုအပ်မည့် မြေနေရာကို ပုဂ္ဂလိကပြည်တွင်းပြည်ပ လုပ်ငန်းရှင်များသို့ အနည်းဆုံးနှစ် ၅၀ မှ နှစ် ၇၀ အထိ ငှားရမ်းပေးလိုက်မယ်ဆိုပါက မြန်မာပြည်သူများရဲ့ ပျမ်းမျှ သက်တမ်း၂၀၁၄ ခုနှစ် စစ်တမ်းအရ ၆၄ နှစ်၊ ၆၈ နှစ် ရှိပါတယ်။ အခု ၂၀၁၆ ခုနှစ် စစ်တမ်းအရက တော့ ၆၆ နှစ်၊ ၆၉ နှစ်ရှိပါတယ်။ အဲဒီတော့ မြန်မာပြည်သူတွေရဲ့ သက်တမ်းထက်တောင်မှ ပိုမို ရှည်လျားနေတဲ့ ငှားရမ်းမှုဖြစ်နေပါတယ်။ ဒီသက်တမ်းတစ်ခုစာအထိ လွှဲအပ်ပေးလိုက်ရမည့် အခြေ အနေမျိုးကို ဆောင်ရွက်ဖို့ဆိုတာ အသာထားလိုက်ပါဦး။ စိတ်ကူးစဉ်းစားဖို့ပင်လျှင် မသင့်လျော်လို့ ခိုင်ခိုင်မာမာ ယုံကြည်တဲ့အတွက် ဒီအဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးသင့်ပါကြောင်း ထောက်ခံ တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ စံရွှေဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆို နှင့်စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈ နည်းဥပဒေခွဲ(ခ) နည်း ဥပဒေခွဲငယ်(၃)အရ လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဒေါက်တာ စံရွှေဝင်း တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ         သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လွှတ်တော်ကသဘောတူတဲ့အတွက် ဒေါက်တာစံရွှေဝင်းတင်သွင်းတဲ့ ရန်ကုန်မြို့၊ လမ်းမ တော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်း မြင်သာမှု မရှိဘဲ အများပြည်သူတို့၏အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းပေးရန်အဆိုကို လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဒေါက်တာစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်က တင်သွင်းသည့် အဆိုနှင့်‌စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း               လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အားလုံးမင်္ဂလာပါရှင်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက မေလ ၄ ရက်နေ့မှာတင်သွင်းခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ၄.၃ ဧက အား ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန် ခွင့်ပြုငှားရမ်းခဲ့ခြင်း၊ ၎င်းငှားရမ်းမှုနှင့်‌ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြု ပေးခြင်းတို့အား ရပ်ဆိုင်းပေးပါရန်အဆိုကို ကျွန်မအနေနဲ့ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ် ရှင်။ အဆိုရှင်ရဲ့ မူလရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်မှာရှိတဲ့ အဆိုပါမြေ ၄.၃ ဧကဟာ ကျန်းမာရေးဝန်ကြီးဌာနက ပိုင်ဆိုင်ခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီးတွင် တည်ရှိခြင်း၊ ပြည်သူအများစုသည် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသည့် ပြည်သူ့ဆေးရုံ ကြီးများတွင်သာ ဆေးဝါးကုသမှုခံယူနေကြရခြင်း၊ နောင်အခါမှာ ဆေးရုံကြီးကိုတိုးချဲ့လျှင် အသုံးပြုရန် လျာထားတဲ့ မြေနေရာဖြစ်ခြင်းနှင့် ရန်ကုန်မြို့ဆေးရုံကြီးရဲ့ အနာဂတ်တိုးချဲ့လုပ်ငန်းများအတွက် မလွဲမသွေ အသုံးပြုရမည့်မြေနေရာဖြစ်တဲ့အတွက် ပုဂ္ဂလိကဆေးရုံတည် ဆောက်ရန် ခွင့်ပြုငှားရမ်း ခွင့်ပြုခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခဲ့ခြင်းများသည် အများပြည်သူအကျိုးစီးပွားကို ဖော်ဆောင်မှု မရှိခြင်း၊ ပွင့်‌လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် ရပ်ဆိုင်းသင့်‌ပါကြောင်းဖြင့် ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းတွေနဲ့ နိုင်ငံတော်ရဲ့ရေရှည်အကျိုးစီးပွားအတွက် မျှော်ကိုးပြီးတော့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးရှင်။ ကျွန်မအနေနဲ့လည်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၃)ရက် မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းတွင် ဆောင်ရွက်နေသော နိုင်ငံပိုင်မြေစက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအား အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာ တကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကိုအတင်းအဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ၊ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန်စီမံခန့်ခွဲနေမှုစသည်တို့ကို အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်း ကြပ်မတ်ပေးပါရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်းအရေးကြီးအဆိုတစ်ရပ်ကို ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုထဲမှာ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ၂၀၁၀ ခုနှစ် အစိုးရရဲ့ ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး တိုးချဲ့ပြင်ဆင်ရန် စီစဉ်လျက်ရှိတဲ့ ရန်ကုန် ဆေးရုံကြီးအနီး နိုင်ငံပိုင်အချက်အချာမြေနေရာ ၄.၃ ဧကကို ပြည်တွင်းလုပ်ငန်းရှင်အချို့နဲ့ ဖက်စပ်လုပ်ဆောင်မယ့် စင်္ကာပူ Parkway Hospital Group အား ဆေးရုံအဖြစ်အသုံးပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအဆိုကိုလည်း ပြည်သူ့လွှတ်တော်ကြီးကနေ တစ်ဆင့်‌ မှတ်တမ်းတင်ပြီးလည်း ဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ရဲ့အနာဂတ်မျိုးဆက်တွေအတွက် ဘယ်လိုမှပြန်ပြီးတော့ အစားထိုးလို့ မရနိုင်တဲ့ အမွေအနှစ်လည်းဖြစ်တဲ့၊ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့နေရာလည်းဖြစ်တဲ့ နိုင်ငံပိုင်မြေ ၄.၃ ဧကကို မူလငှားရမ်းမှု နှစ် ၅၀၊ Extension ၁၀ နှစ် နှစ်ကြိမ်တိုးခွင့်‌နဲ့ 1 Square feet တစ်ပေ ပတ်လည်ကို တစ်လမှာ အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာနဲ့ ငှားရမ်းခြင်းဖြစ်တယ်လို့ ကျွန်မတို့ ကြားသိထားရပါတယ်။ တင်ဒါခေါ်ယူတဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှုတွေမရှိကြောင်း ဝေဖန် သုံးသပ်မှုတွေအမျိုးမျိုး ကျွန်မတို့ ကြားသိနေရပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ အဆိုရှင်အနေနဲ့ ဒီအဆိုကို တင်သွင်းခဲ့တာ၊ ကျွန်မတို့ကလည်း အခုလို လွှတ်တော်ထဲမှာ ဆွေးနွေးထောက်ခံနေရတာဟာ အစိုးရ တစ်ရပ်အနေနဲ့ တာဝန်ယူ၊ တာဝန်ခံထားတဲ့အတိုင်း နိုင်ငံရဲ့အကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်ဖို့ ဥပဒေ၊ နည်းဥပဒေ၊ မှန်ကန်တဲ့လုပ်ထုံးလုပ်နည်း၊ စည်းကမ်း၊ နည်းလမ်းများအရ ဆောင်ရွက်ဖို့ ရေရှည် အတွက် တည်ဆောက်ထားတဲ့အပြင် Vision  ရှိရှိသင့်‌လျော်စွာ သတ်မှတ်ထားတဲ့ မူဝါဒ၊ မဟာဗျူဟာ၊ အစီအစဉ်များဖြင့် အကောင်အထည်ဖော်နိုင်ဖို့၊ လုံလောက်တဲ့ပွင့်လင်းမြင်သာမှုရှိဖို့၊ နိုင်ငံရဲ့ သယံဇာတအရင်းအမြစ်တွေကို နောင်လာမည့် မျိုးဆက်သစ်များအတွက်ပါ အမြော်အမြင်ရှိရှိ ထည့်သွင်းစဉ်းစားပြီး အကျိုးအရှိဆုံးအသုံးချနိုင်ဖို့၊ အဂတိတရားကင်းစင်ပပျောက်စေဖို့၊ လူတစ်စု၊ လူတစ်ဖွဲ့ရဲ့အကျိုးစီးပွားကိုသာ ရှေးရှုတဲ့ အာဏာရှိသူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ မမှန်ကန်တဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ခဲ့တာမျိုး၊ ဥပဒေချိုးဖောက်ပြစ်မှုကျူးလွန်တာမျိုး ရှိခဲ့လို့ရှိရင်လည်း ဟန့်တားနိုင်ဖို့၊ နိုင်ငံတော်ရဲ့လုံခြုံရေး (National Security) ကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းတွေနဲ့ တင်သွင်းထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ နိဂုံးချုပ်အားဖြင့် ရန်ကုန်ဆေးရုံကြီး ပိုင်မြေနေရာနှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ နေရာဒေသအသီးသီးက စိုးရိမ် ပူပန်စွာနဲ့ ဆရာဝန်များအနေနဲ့ လက်မှတ်ရေးထိုးကောက်ခံ ကန့်ကွက်နေမှု၊ မင်းရဲကျော်စွာကားရောင်း ဝယ်ရေးစခန်းက ကားဝယ်/ရောင်းများအနေနဲ့ကလည်း လက်မှတ်ရေးထိုးကန့်ကွက်နေမှုတွေ ရှိခဲ့ပါ တယ်။ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ကလည်း ဒီကိစ္စရပ်ပေါ်မှာ အစိုးရသစ်ကို ယုံကြည်အားကိုး မျှော်လင့်နေပါတယ်။ ကျွန်မတို့ရဲ့အစိုးရသစ်ဟာ ပြည်သူလူထုကိုမျက်နှာမူပြီး ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် နိဂုံးချုပ်အားဖြင့် အဆိုရှင်ရဲ့ အဆိုမှာ ပါဝင်တဲ့ ငှားရမ်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပေးရန် ဆိုတာတောင်မကဘဲနဲ့ ကျွန်မအထက်မှာ တင်ပြခဲ့တဲ့အချက်များနဲ့ ငြိစွန်းပတ်သက်တဲ့သူတွေ၊ ပတ်သက်မှုတွေရှိ/မရှိဆိုတာကို၊ ဘယ်လိုပါဝင် ပတ်သက်လုပ်‌ဆောင်ခဲ့ကြတယ်ဆိုတာတွေကိုလည်း သေသေချာချာ စုံစမ်းစစ်ဆေးဖော်ထုတ် ဆောင်ရွက်ပေးသင့်‌ပါကြောင်း တင်ပြရင်း အဆိုရှင်ရဲ့အဆိုကို လေးလေးနက်နက်ထောက်ခံကြောင်း တင်ပြအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါက်တာလင်းလင်းကျော်(မြစ်သားမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ စံရွှေဝင်းရဲ့အဆိုကို ကျွန်တော် ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point နဲ့တင်ပြခွင့်ပြုပါရန် တောင်းခံအပ်ပါ တယ်ခင်ဗျား။ ကျွန်တော် ပထမဦးဆုံးတင်ပြလိုတဲ့အချက်ကတော့ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူ့ ဆေးရုံကြီးတွေဟာ ရန်ကုန်မြို့မှာရှိတဲ့ ငါးသန်းကျော်တဲ့ ပြည်သူအများစု အားကိုးရာဖြစ်တဲ့အပြင် ရန်ကုန် တိုင်းတစ်တိုင်း လုံးမှာရှိတဲ့ ခုနစ်သန်းကျော်သော ပြည်သူအများစုရဲ့အားကိုးရာပဲဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ ဒါတင်မကပါဘူး။ မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြားက ပြည်သူအများစု ကလည်း ကျန်းမာရေးနှင့် ပတ်သက်လာရင် ဒီရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကျွန်တော်တို့ အထူးကု ဆရာကြီးတွေ စုံလင်တာ တစ်ကြောင်း၊ နောက်ဆုံးပေါ်စက်ကိရိယာတွေရှိတာကတစ်ကြောင်း လာရောက်ကုသမှုခံယူလျက်ရှိကြပါတယ်။ ဒီဇယားကိုကြည့် မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီ ရန်ကုန် ဆေးရုံကြီးမှာတက်တဲ့ Admission နဲ့ ရန်ကုန်ဆေးရုံကြီးမှာရနိုင်တဲ့ ခုတင်ပမာဏဟာ ဘယ်လိုမှ မမျှမတဖြစ်နေပြီးတော့ ကျွန်တော်တို့ ရန်ကုန်မှာ ပြည်သူ့ဆေးရုံကြီးတွေထပ်မံ ဆောက်လုပ်ဖို့ လိုအပ် နေတယ်ဆိုတဲ့အကြောင်း ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာ ဖြစ်ပါ တယ်။

          ကျွန်တော် ဒုတိယဆွေးနွေးလိုတဲ့အချက်ကတော့ ကျွန်တော်တို့ ဒီဆေးရုံမှာ ခုတင်တအားကြပ် တဲ့အခြေအနေ လူနာအလာများတဲ့ရာသီမှာ ကျွန်တော်တို့ ခုတင်တွေဟာ ပူးကပ်ပြွတ်သိပ်ပြီးတော့ အိမ်သာတို့၊ နောက်ဖေးတို့၊ ရေချိုးခန်းတို့သွားတဲ့ လမ်းဘေးတွေ၊ ကော်ရစ်တာဘေးတွေ နောက် ခုတင် တစ်ခုနဲ့တစ်ခုကြားထဲမှာ ကျွန်တော်တို့ လူနာတွေဟာ Privacy မရှိ၊ လေဝင်လေထွက်မကောင်း၊ အလင်းရောင်ကောင်းကောင်းမရ၊ လိုအပ်တဲ့ခုတင်အကွာအဝေးမရှိဘဲနဲ့ ကျွန်တော်တို့ ညှပ်သိပ်ပြီး နေထိုင်နေရတာ၊ တက်ရောက်နေရတာကို တွေ့ရမှာဖြစ်ပါတယ်။ တကယ့်လူနာကြပ်တဲ့ကာလတွေမှာ ဆိုရင် ကျွန်တော်တို့ လူနာစောင့်တွေထိုင်တဲ့ တစ်ပေခွဲလေးပေလောက်သာရှိတဲ့ ခုံလေးနှစ်ခုံပေါ်မှာ စောင်ခင်းပြီးတော့ ကျွန်တော်တို့ ကြားခုတင်တွေနဲ့ အသုံးပြုပြီးနေထိုင်ရတာဖြစ်ပါတယ်။ ရောဂါ ဝေဒနာကို မချိမဆန့်ခံစားနေရတဲ့ကြားထဲကနေ ဒီလိုခုံလေးပေါ်မှာ ကွေးကွေးနေထိုင်နေရတာ တကယ့်လူနာကြပ်တဲ့ကာလတွေမှာ စိတ်မကောင်းစရာတွေ့မြင်နေရဆဲပဲဖြစ်ပါတယ်။

          ကျွန်တော် တတိယအနေနဲ့ တင်ပြချင်တဲ့အချက်က ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတုန်းကဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းလေးရယ်၊ နောက် အဲဒီနောက်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက်လေးကို ကျွန်တော်အပြုသဘောနဲ့ဝေဖန်သွားမှာဖြစ်ပါတယ်။ ၇-၁-၂၀၁၆ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့မှာ ရန်ကုန်ဆေးရုံကြီး ဝင်းအတွင်းမှာ အထပ်မြင့်အဆောက်အဦဆောက်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့မညီလို့ ရပ်ဆိုင်း ပေးပါရန် အရေးကြီးအဆိုကို ဒေါက်တာဒေါ်မေဝင်းမြင့် တင်သွင်းခဲ့ပါတယ်။ အဲဒီတင်သွင်းတဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်က ပြန်လည်ဖြေကြားရာမှာ ရန်ကုန်ဆေးရုံ ကြီးမှာ ဒီ Admission နဲ့ လူနာတက်တာနဲ့ ရှိတဲ့ခုတင်နဲ့ မမျှမတဖြစ်နေတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်မှာ တစ်လျှောက်လုံး လူနာတက်တဲ့နှုန်းက အဆမတန်များလာလို့ ဒီလိုအထပ်မြင့် အဆောက်အဦဆောက်ရတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြေကြားပြီး နှစ်ပတ်အကွာ ကာလအတွင်းမှာပဲ ကျွန်တော်အခုပြောနေတဲ့ ၄.၃ ဧကရှိတဲ့ မြေနေရာကို ပုဂ္ဂလိက ဆေးရုံတည် ဆောက်ဖို့ ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဒီလိုလူနာတွေအတွက် တကယ် လိုအပ်ချက်တွေများနေတယ်။ ဆေးရုံတွေမှာ လူနာတွေပြွတ်သိပ်စွာနေနေရတယ်ဆိုတာကို သိရှိပြီးဖြစ် တဲ့အတွက်ကြောင့်မို့လို့ အဲဒီကာလမှာ ဒီ ၄.၃ ဧကလောက်ရှိတဲ့နေရာကို ပြည်သူအများအကျိုးရှိမယ့် ပြည်သူ့ဆေးရုံကြီးတွေဆောက်ဖို့ စဉ်းစားကြည့်မယ်၊ အဲဒီအချိန်မှာ တာဝန်ရှိတဲ့ သူတွေစဉ်းစားခဲ့မယ် ဆိုလို့ရှိရင် ဒီနေ့ဒီအဆိုဟာ ပေါ်ပေါက်လာစရာရှိမယ်လို့တောင် ကျွန်တော်မထင်ပါဘူး။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်များသိရှိတော်မူတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ လူအများစုဟာ၊ ပြည်သူ အများစုဟာ ဆင်းရဲလျက်ရှိနေကြပါတယ်။ အများစုဟာ ပုဂ္ဂလိကပြင်ပဆေးရုံကြီးတွေမှာ ကုသမှု မခံယူနိုင်ဘဲနဲ့ ပြည်သူ့ဆေးရုံကြီးတွေကိုသာ အားကိုးလျက်နေရပါတယ်။

 ကျွန်တော် အခုနောက်ဆုံးတင်ပြမယ့်အချက်ပါ။ ကျွန်တော်တို့ ဒီနေရာအဝန်းအဝိုင်းလေးဟာ ရန်ကုန်မြို့အတွက်သာမက မြန်မာတစ်နိုင်ငံလုံးပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အားကိုးအားထား ပြုစရာနေရာအဝန်းအဝိုင်းလေးပါ။ ဒီနေရာလေးမှာ ကျွန်တော်တို့ သူနာပြုတက္ကသိုလ်ရှိတယ်။ ဆေးတက္ကသိုလ်ရှိတယ်။ နောက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရှိတယ်။ ဆေးရုံတွေရှိတယ်။ ရန်ကုန် ဆေးရုံကြီးလမ်းတစ်ဖက်စီမှာ JICA လို့ခေါ်တဲ့ဆေးရုံသစ်ကြီးရှိတယ်။ စွမ်းအင်ဆေးရုံလို့ခေါ်တဲ့ ခုတင် ၅၀၀ ဆံ့ဆေးရုံသစ်ကြီးရှိပါတယ်။ အဲဒီတော့ ဒီနေရာအဝန်းအဝိုင်းလေးဟာ ကျွန်တော်တို့ ပြည်သူ တွေရဲ့ ကျန်းမာရေးအတွက်သာမကဘဲနဲ့ ဒီသူနာပြုတွေ၊ ဆေးကျောင်းသားတွေ၊ ဆရာဝန် တွေ၊ အခြားကျန်းမာရေးဝန်ထမ်းတွေရဲ့ ပညာသင်ယူရာအဝန်းအဝိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ ၄.၃ ဧကရှိတဲ့နေရာကို ကျွန်တော်တို့ လူတစ်စု Creamy Layer တစ်ခုအတွက်သာ အကျိုးရှိမယ့် ဒီပုဂ္ဂလိကဆေးရုံကြီးဆောက်ဖို့ ငှားရမ်းမယ့်အစား ပြည်သူအများစု အကျိုးပြုမယ့် ပြည်သူ့သင်ကြား ရေးဆေးရုံကြီးတွေကို တည်ဆောက်သွားမယ်ဆိုလို့ရှိရင် ဒီအဝန်းအဝိုင်းလေးဟာ ပိုမိုပြည့်စုံလှပ အကျိုးရှိမယ်လို့ ကျွန်တော်ယူဆတဲ့အတွက်ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းရဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ အများပြည်သူတို့၏ အကျိုးစီးပွားဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းပေးပါရန်အဆိုကို လေးလေးနက်နက် ‌ထောက်ခံအကြံပြု ဆွေးနွေးအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးစိုင်းအိုက်လှ(တပ်မတော်သားကိုယ်စားလှယ်)မှ ဆွေးနွေးခြင်း      လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာ ပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းအိုက်လှဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ၄-၅-၂၀၁၆ ရက်နေ့မှာ ရေကြည်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း တင်သွင်းတဲ့ အဆိုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်းဆိုတဲ့အပိုင်းကို ဆွေးနွေးခြင်းမပြုဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံဆိုတဲ့အပိုင်းကိုသာ အပြုသဘောဆောင်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဆွေးနွေးချက်များကို Power Point ဖြင့်ရှင်းလင်းခွင့်ပြု ပါရန် တင်ပြအပ်ပါတယ်။

ပည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ Myanmar Health Vision 2030 အရ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍဟာ အရေးပါသောကဏ္ဍတစ်ခုဖြစ်ပါတယ်။ ခေတ်စနစ် နှင့်အညီဖြစ်အောင် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေကို ၂၀၀၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန် ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေအမှတ်(၁၄)အရ ပုဒ်မအချို့ကို ပြင်ဆင်ပြီး အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီဥပဒေရဲ့ရည်ရွယ်ချက်များကတော့ (က) နိုင်ငံတော်၏ကျန်းမာရေးမူဝါဒ နှင့်အညီ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများတိုးတက်ဖြစ်ထွန်းစေရန်၊ (ခ) အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများက အစိတ်အပိုင်းတစ်ရပ်အဖြစ် စနစ်တကျ ပါဝင်ဆောင်ရွက်နိုင်စေရန်၊ (ဂ) ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်စေရန်၊ (ဃ) ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ် ခွင့်ရရှိနိုင်စေရန်၊ (င) ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေး မြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေ ရန်နှင့် တာဝန်ခံမှုရှိစေရန်တို့ဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍနှင့်ဆိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဟာ နိုင်ငံတော်အပိုင်းမှဆောင်ရွက်ပေးတဲ့ နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု ကွာခြားခြင်း (Development Gap)ကို အဓိကပေါင်းကူးဖြစ်စေမှာဖြစ်ကြောင်း Oxford Business Group အစီရင်ခံစာမှာဖော်ပြပါရှိပါတယ်။ အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍမှာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိပါကြောင်း ဖော်ပြ ထားပါတယ်။ အစီရင်ခံစာကို လေ့လာမှုအရ အင်ဒိုနီရှားနိုင်ငံက Lippo Group ဟာ အမေရိကန် ဒေါ်လာ သန်း ၄၂၀ အား ရင်းနှီးမြှုပ်နှံပြီး လာမယ့်သုံးနှစ်မှငါးနှစ်အတွင်း မြန်မာနိုင်ငံထဲမှာ နိုင်ငံတကာအဆင့်မီ ဆေးရုံ ၁၂ ရုံတည်ဆောက်ခြင်း၊ နောက်ထပ်ဆေးရုံ ရှစ်ရုံကို ၂၀၂၅ ခုနှစ်အတွင်း တည်ဆောက်ခြင်းတို့ ဆောင်ရွက်ရန်စီစဉ်ထားရှိကြောင်း သိရှိရပါတယ်။

 အလားတူ ထိုင်းနိုင်ငံအခြေစိုက် Thailand Tempory Hospital Group ကလည်း ရန်ကုန် အခြေစိုက် ဂမုန်းပွင့်ကုမ္ပဏီအုပ်စုနှင့်ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံကာ ခုတင် ၄၀၀ ဆံ့နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးနှစ်ရုံကို ရန်ကုန်နှင့်မန္တလေးမြို့တို့မှာ တည်ဆောက်သွား ရန်စီမံထားကြောင်း သိရှိရပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ကြိုတင်တားဆီး ကာကွယ်မှုတို့နှင့်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ စီမံကိန်းရေးဆွှဲသူတွေ စသည်တို့ပါဝင်ကြပါတယ်။ မိမိတို့ နိုင်ငံမှာ ဒီလူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံတော်က အဓိကမွေးထုတ်ပေးလျက်ရှိပြီး အခြား ပုဂ္ဂလိကကဏ္ဍများကလည်း မွေးထုတ်ပေးလျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ဆေးတက္ကသိုလ်များမှ ဆရာဝန်ပေါင်း ၃၇၁၅၄ ဦး၊ ဆေးဝါးတက္ကသိုလ်များမှ ဆေးဝါးကျွမ်းကျင် ၃၁၆၆ ဦး၊ သူနာပြုတက္ကသိုလ်များမှ သူနာပြုပေါင်း ၅၇၇၁ ဦး မွေးထုတ်ပေးပြီးဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတော်အတွင်း၌ ဆရာဝန်နှင့် လူဦးရေအချိုးဟာ ၁း၁၇၂၂ နှင့် ဆရာဝန်နှင့် သူနာပြုအချိုးကတော့ ၀.၄း၁ အချိုးရှိနေကြောင်း လေ့လာတွေ့ရှိရပါတယ်။  ထို့ကြောင့် စံပြုအချိုးနှင့်နှိုင်းယှဉ်ရာမှာ အိမ်နီးချင်းနိုင်ငံများနှင့် ကွာခြားနေကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကျန်းမာရေး ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေရဲ့ ပြည်သူ့အကျိုးဖော်နိုင်မှု လက်ရှိအနေအထားကို သုံးသပ်နိုင် မှာဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်တွေကို ပုဂ္ဂလိကကျန်းမာရေးကဏ္ဍက တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပြီး ပြည်သူများရဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာ စောင့်ရှောက်ဝန်ဆောင်မှုအပိုင်းမှာ တစ်စိတ်တစ်ပိုင်းမြင့်မားလာမှာ ဖြစ်တဲ့အတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆွေးနွေးလိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ၂၀၁၆ ခုနှစ် စာရင်းအရ အစိုးရဆေးရုံ ၁၀၀၇ ရုံရှိပြီး ပုဂ္ဂလိက ဆေးရုံ ၃၄၁ ရုံရှိပါတယ်။ စင်ကာပူနိုင်ငံမှာဆိုရင် ၂၀၁၅ ခုနှစ်စာရင်းအရ စုစုပေါင်း ဆေးရုံအထူးကု စင်တာ ၂၆ ခုမှာ အစိုးရဆေးရုံ ၁၆ ခုဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ ၁၀ ရုံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၄ ခုနှစ် စာရင်းအရ အစိုးရဆေးရုံပေါင်း ၁၀၅၆ ရုံ ရှိပါတယ်။ ဆေးရုံ ခုတင်အရေအတွက် စုစုပေါင်း ၅၆၇၄၈ ရှိကြောင်း သိရှိရပါတယ်။ ၂၀၁၃ ခုနှစ်စာရင်းအရ  ပုဂ္ဂလိကဆေးရုံ ၁၆၅ ရုံ ရှိသော်လည်း နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကဆေးရုံ အရေအတွက်မှာ နည်းပါးနေသေးကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဆေးရုံများဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အရေးပါ တဲ့နေရာမှာရှိနေကြောင်း သိသာနိုင်မှာဖြစ်ပါတယ်။ နှစ်စဉ်ကျန်းမာရေးအသုံးစရိတ်များ တိုးမြှင့်လာ တာနှင့်အမျှ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊   ကျန်းမာရေးဝန်ထမ်းနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်တင်းပေးခြင်းအပါအဝင် အဖက်ဖက်မှ ဆောင်ရွက်ပေးခြင်းရှိသော်လည်း ပြည့်စုံလုံလောက်မှုလိုနေ သေးကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၇ အရ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် အတွက် ဘဏ္ဍာငွေတိုးတက်သုံးစွဲနေသည်မှန်သော်လည်း Public Sector အပိုင်းဖြင့် ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ရန်မှာ အခက်အခဲများရှိနေဆဲဖြစ်ပါတယ်။ Private Sector က ကျန်းမာရေး ဝန်ဆောင်မှုအပိုင်းမှာ ပါဝင်ရင်းနှီးမြှုပ်နှံလာခြင်းဟာ ပြည်သူလူထုအတွက် တစ်စုံတစ်ခုသော အတိုင်း အတာအထိ အကျိုးရှိစေနိုင်တာဖြစ်တဲ့အတွက် အလေးထားစဉ်းစားပေးသင့်ပါတယ်။ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများခံစားရမယ့် ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကဆေးရုံများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးခင်မောင်ဝင်း(လမ်းမတော်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း            လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်      ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းရဲ့အဆိုကို ထောက်ခံသွားမှာဖြစ်ပါတယ်။ ဒေါက်တာစံရွှေဝင်းရဲ့ အဆိုဟာ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာန ပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိတဲ့ ပုဂ္ဂလိကဆေးရုံ တစ်ရုံ တည်ဆောက်ရန်ငှားရမ်းခြင်းကို ရပ်ဆိုင်းပေးဖို့ တင်ပြတဲ့အဆိုဖြစ်ပါတယ်။ ဤအဆိုကို တင်သွင်းရာမှာ အဆိုရှင်ဟာ ကျိုးကြောင်းခိုင်လုံစွာနဲ့ တင်ပြခဲ့တာတွေ့ရပြီး အဆိုကိုထောက်ခံတဲ့ ဒေါက်တာဒေါ်သန်းငွေကလည်း သဘာဝကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ အဆိုကိုထောက်ခံသွားတာ တွေ့ရ ပါတယ်။ တကယ်တော့ ဒီအဆိုကို တင်သွင်းဖို့ ကနဦးကတည်းက ကျွန်‌တော့်မှာ အစီအစဉ်ရှိပြီး ဖြစ်ပါ တယ်။ ကျွန်တော်က လမ်းမတော်မြို့နယ် ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကျွန်တော့် မြို့နယ်က ပြည်သူတွေရဲ့ဆန္ဒကို မဖြစ်မနေတင်သွင်းရန် တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး စစချင်းဆိုသလို အဆိုတွေကိုစိစစ်ရာမှာ ဒီအဆိုကို ဒေါက်တာ စံရွှေဝင်းက တက်ကြွစွာနဲ့ပြင်ဆင်လာတာတွေ့ရတဲ့အပြင် သူ့အနေနဲ့လည်း ပြည်သူ့လွှတ်တော်ထဲမှာ ရောက်ရှိလာတဲ့ ဆေးပညာရှင် ဆရာဝန်အားလုံးရဲ့ဆန္ဒနဲ့ ဆုံးဖြတ်တင်သွင်းလာတာဖြစ်လို့ ကျွန်တော်က ယခုလို ထောက်ခံဆွေးနွေးသူအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ 

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လမ်းမတော်မြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန်ဆေးတက္ကသိုလ်(၁)ဟာ သမိုင်းဝင်တဲ့ဆေးတက္ကသိုလ်ဖြစ်ပါတယ်။ အလားတူပဲ ရန်ကုန်ဆေးရုံ ကြီးဟာလည်း တစ်ချိန်က အရှေ့တောင်အာရှရဲ့ Centre of Excellent လို့ ပြောလို့ရလောက်တဲ့ ဒုက္ခသည်တွေ ခိုလှုံရာအကောင်းဆုံးနေရာဖြစ်ပါတယ်။ ဟိုတုန်းက ဒီဆေးကျောင်း၊ ဆေးရုံတွေက အောင်တဲ့ဆရာဝန်တွေဟာ ကမ္ဘာက အသိအမှတ်ပြုခဲ့ရတာဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာသာမက ဓနသဟာယ နိုင်ငံတွေမှာပါ အလုပ်လုပ်လို့ရပါတယ်။ ကျွန်တော်တို့ ဒါတွေကို ရွှေထီးဆောင်းတာကို လွမ်းနေရုံနဲ့ မပြီးဘဲ ဒါတွေ ပြန်လည်သက်ဝင်လာအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ယခုအခါ လမ်းမတော် မြို့နယ်ထဲမှာ ရန်ကုန်ဆေးရုံကြီးနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေတဲ့ ဆေးတက္ကသိုလ်(၁)၊ သူနာပြု တက္ကသိုလ်၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ခုတင်-၅၀၀ အထူးကုဆေးရုံ၊ ဗဟိုအမျိုးသမီး ဆေးရုံတို့ကို ခန့်ညားထည်ဝါစွာတွေ့မြင်ရသလို ပြည်သူတို့ရဲ့ကျန်းမာရေးကိုလည်း အချိန်ပြည့် ကုသ ပေးနေတဲ့နေရာများဖြစ်ပါတယ်။ ဒီထက်မက ဆေးတက္ကသိုလ်(၁)၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့ဟာ ဘွဲ့ကြို၊ ဘွဲ့လွန်တွေလည်း အလွယ်တကူ ဆေးလက်တွေ့ ဆည်းပူးသင်ကြား သင်ယူနိုင်တဲ့ မြန်မာပြည်ရဲ့တစ်ခုတည်းသောနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို ပုဂ္ဂလိကဆေးရုံဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းခြင်းအပေါ်မှာ လမ်းမတော်မြို့နယ် ပြည်သူအားလုံးက မခံမရပ်နိုင် ကန့်ကွက်နေကြောင်း ကျွန်တော့်ကို တင်ပြလာပါတယ်။ ဒါ့အပြင် ပါမောက္ခဆရာဝန်ကြီး များ၊ ဆရာဝန်များ၊ GP ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ ကျန်းမာရေးမှူးများ၊ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများအပါအဝင် ကျန်းမာရေးမိသားစုဝင် ၉၀၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူတွေ ကို ကန့်ကွက်ထားပြီးဖြစ်ပါတယ်။

အလားတူပဲ တစ်နိုင်တစ်ပိုင် မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၆၀၀ ကျော် ကလည်း ဒီ Parkway ရန်ကုန်ဆေးရုံစီမံကိန်းကို အပြီးတိုင် ပယ်ဖျက်ပေးဖို့ တင်ပြကန့်ကွက်ထားပြီး ဖြစ်ပါတယ်။ ဒီစီမံကိန်းဖြစ်ပေါ်လာတာကိုကြည့်ရင် စင်ကာပူနိုင်ငံမှာရှိတဲ့ Parkway ဆေးရုံအုပ်စုနဲ့ မြန်မာနိုင်ငံကနေပေါင်းပြီး ဆောင်ရွက်တဲ့လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံခြားသား က ၆၇.၅ ရာခိုင်နှုန်းနဲ့ မြန်မာက ၃၁.၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒါကို ကန့်ကွက်စရာမရှိပါဘူး။ ဆေးရုံဆောက်တာ၊ ဆေးရုံလုပ်ငန်းလုပ်တာ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ စဉ်းစားစရာ Issue က ‌နေရာပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုပြောတဲ့ နေရာက မြန်မာနိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့ ပြည်သူပိုင်မြေဖြစ်ပါတယ်။ လမ်းမတော်မြို့နယ်၏ အဓိကနေရာသာမကဘဲ မြန်မာနိုင်ငံရဲ့ ဆေးကုသရေးနဲ့စပ်လျဉ်းတဲ့ အသည်းနှလုံးတည်ရှိတဲ့နေရာ လည်းဖြစ်ပါတယ်။ အခု ဒီလိုနေရာမျိုးမှာ ပေ ၅၀ ပတ်လည်တောင် ငှားရမ်းချင်ရင် ရှာလို့မတွေ့နိုင် ပါဘူး။

လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက သူနာပြုတက္ကသိုလ် ရှေ့က မြေနေရာမှာ ပြည်သူ့ဆေးရုံသစ်တစ်ခု ဗြိတိန်နိုင်ငံအကူအညီနဲ့ဆောက်ဖို့ စီစဉ်ပါတယ်။ အဲဒီ အစီအစဉ်တုန်းက ပြည်သူ့ဆေးရုံအများအပြားရှိနေခြင်းကြောင့် ယခင်ကတည်းက ဆေးတက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ အဆောက်အအုံဆောက်ရန် ရည်ရွယ်ထားကြောင်းနဲ့ သင်ကြားရေး ပြည်သူ့ဆေးရုံသာ လိုအပ်ကြောင်း အကြောင်းပြပြီး ငြင်းပယ်ခဲ့ပါတယ်။ အခုတော့ အဲဒီအကြောင်းပြချက်ကို ကျွန်တော်တို့ မေးခွန်းထုတ်ရပါတော့မယ်။

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့ မြန်မာနိုင်ငံမြေပုံကိုကြည့်ရင် ဘနဖူး သိုက်တူးသူတွေရဲ့လက်ချက် ဗရပွနဲ့ ကြည့်ရက်စရာမရှိအောင် ပျက်စီးနေပါပြီ။ မြေပေါ် သယံဇာတ၊ မြေအောက်သယံဇာတဆိုတာ ရှိမှရှိပါသေးလားဆိုတာ ဆန်းစစ်ရမှာဖြစ်ပါတယ်။ မတော်မတရား စီမံကိန်းအမည်ခံတဲ့လုပ်ငန်းတွေကို စိစစ်သင့်ပါတယ်။ နောက်ကွယ်က အဂတိတရား တွေဘယ်လောက်လဲဆိုတာလည်း ဆန်းစစ်ရမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲတယ်၊ ပြင်ဆင်တယ် ဆိုတာ မကောင်းတဲ့အဟောင်းတွေကို ရှင်းလင်းသုတ်သင်ပြီးမှသာ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုရှင်ရဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေပေါ်မှာ ပုဂ္ဂလိက ဆေးရုံဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းခြင်း စီမံကိန်းကို ပြည်သူ့မျက်နှာကိုမူပြီး အပြီးအပိုင်ဖျက်သိမ်း ရပ်ဆိုင်းပေးဖို့ အလေးအနက်ထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ဒေါက်တာမြင့်သိန်း(ညောင်လေးပင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော် များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မဲဆန္ဒနယ်က ဒေါက်တာမြင့်သိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း တင်သွင်းခဲ့တဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေနေရာကို ပွင့်လင်းမြင်သာမှု မရှိဘဲ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ငှားရမ်း ပေးခြင်းအား ရပ်ဆိုင်းပေးပါရန်ဆိုတဲ့အဆိုကို ထောက်ခံဆွေးနွေးသွား မှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဆွေးနွေးချက်အချို့ဟာ ကျွန်တော့်ရဲ့ရှေ့က ဆွေးနွေးသွားတဲ့ ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာချင်း ထပ်နေတာ တချို့လည်းပါပါတယ်။ သို့သော်လည်း ကျွန်တော့်အနေနဲ့ ဆက်လက်ပြီးတင်ပြပါရစေ။ ဒီနေရာဟာဆိုလို့ရှိရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ မလှမ်းမကမ်းနေရာမှာ တည်ရှိပြီးတော့ ပတ်ဝန်းကျင်မှာဆိုလည်းပဲ အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ခုတင်-၅၀၀ ဆံ့ အထူးကုဆေးရုံ၊ ဆေးတက္ကသိုလ်(၁)၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နဲ့ သူနာပြုတက္ကသိုလ်တို့ တည်ရှိနေတဲ့အတွက် ဒီနေရာတစ်ဝိုက်ကို ကျွန်တော်တို့အနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရပ်ဝန်းလို့တောင် ခေါ်ဆိုလို့ရနိုင်ပါတယ်။ ဒီလိုနေရာမျိုးမှာ ဆေးရုံကြီးတစ်ရုံဆောက်လုပ်ခြင်းဟာလည်း သင့်တော် ကောင်းမွန်ပါတယ်။ သို့သော်လည်း ဆောက်လုပ်ဖြစ်ပေါ်လာမယ့်ဆေးရုံကြီးဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတစ်ရပ်ဖြစ်တဲ့ ပြည်သူအများစု လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးလွှမ်းခြုံ စောင့်ရှောက်မှုပေးစွမ်းနိုင်တဲ့ ဌာနကြီးတစ်ခုတော့ ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီလိုအချက်ကို ဖြည့်စွမ်း နိုင်ဖို့ဆိုတာဟာ နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကဖွင့်လှစ်တဲ့ နိုင်ငံပိုင်ပြည်သူ့ဆေးရုံ ကြီးမျိုးမှသာလျှင် တတ်စွမ်းနိုင်မှာဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတစ်ရုံအနေနဲ့ ဒီနေရာမှာ ဒီဆေးရုံမှာ တက်ရောက် ကုသနိုင်လောက်အောင် ပြည့်စုံကြွယ်ဝသူများအတွက်သာလျှင် ကျန်းမာရေးစောင့်‌ရှောက် မှုများကို လုပ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်မှာ ဆရာဝန်တွေကို မွေးထုတ်သင်ကြားပေးနေတဲ့ ဆေးတက္ကသိုလ် တွေရှိပါတယ်။ ဒီဆေးတက္ကသိုလ်တွေက ဘွဲ့ကြို၊ ဘွဲ့လွန်ဆေးကျောင်းသားတွေဟာလည်းပဲ ရန်ကုန် မြို့အနှံ့မှာရှိတဲ့ ပြည်သူ့ဆေးရုံတွေကို သွားရောက်ပြီးတော့ သင်ကြားရေးဆေးရုံများအဖြစ် ဆေးပညာ သင်ကြားလေ့လာမှုတွေကို လုပ်ရပါတယ်။ ရန်ကုန်မြို့အနှံ့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကြီး/ငယ်တွေမှာ ဒီလိုလုပ်ခွင့်မရှိပါဘူး။ အကယ်၍ ဒီဖော်ပြတဲ့နေရာမှာ ခေတ်မီဆေးရုံကြီးတစ်ရုံပေါ်ပေါက်လာမယ် ဆိုလို့ရှိရင် မြန်မာ့ဆေးပညာလောကအတွက် သင်ကြားရေးဆိုင်ရာနှင့် သုတေသနလုပ်ငန်းတွေမှာ များစွာပဲ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံကြီးတစ်ရုံ မည်သို့ပင် ခေတ်မီနေပါစေ။ နိုင်ငံတကာအဆင့်‌မီနေပါစေ။ ဒီလိုနိုင်ငံတော်အတွက်တော့ အကျိုးကျေးဇူးမျိုးကို ရရှိနိုင်မှာမဟုတ်ပါ ဘူး။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၈၈၉ ခုနှစ်မှ ပန္နက်ရိုက်ပြီးတော့ ၁၉၀၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးရဲ့ သက်တမ်းဟာဆိုရင် နှစ်ပေါင်းရာကျော်နေပြီဖြစ်တဲ့အတွက် အိုမင်းနေပါပြီ။ သက်တမ်းလွန်နေပြီလို့တောင် ပြောလို့ရပါတယ်။ ဒီဆေးရုံကြီးကို ပြည်သူများက အားကိုးပြုနေရပါ တယ်။ ဒီဆေးရုံကြီးလို ဆေးရုံမျိုးတစ်ရုံကို ကျွန်တော်တို့ ဆောက်လုပ်မယ်ဆိုရင် သူနဲ့မလှမ်းမကမ်းမှာ ရှိတဲ့ အခုလိုနေရာမှာတည်ဆောက်ခြင်းဟာ အဆင်ပြေပါတယ်။ သင့်တော်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြေနေရာဆိုတာ တိုးပွားလာတတ်တဲ့နေရာမဟုတ်ပါဘူး။ မြေတစ်နေရာကို အငှားချပြီးရင် သတ်မှတ်ကာလမကုန်ဆုံးမချင်း မိမိတို့ပြန်လည်အသုံးပြုလို့လည်းမရပါဘူး။ ရန်ကုန် မြို့ရဲ့ လူဦးရေကတော့ တစ်နေ့တခြား တိုးပွားနေပါတယ်။ တိုးပွားနေတဲ့လူဦးရေအတွက် ဆေးရုံ ဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာအဆောက်အအုံများ ထပ်မံတည်ဆောက်ရမှာဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးဌာနပိုင်မြေနေရာများစွာ လိုအပ်ပါတယ်။ လိုအပ်တဲ့အခါမှာ လိုအပ်သလို အသုံးပြုနိုင်ဖို့အတွက်လည်း အရန်မြေနေရာများ ထားရှိသင့်‌ပါတယ်။ မြေကွက်လပ်ဖြစ်နေတာနဲ့ပဲ ပိုနေတယ်ဆိုပြီး ပုဂ္ဂလိကကို အငှားချထားခြင်းမှာ မသင့်တော်ပါဘူးခင်ဗျား။ အခု ဒီနေရာမှာ နိုင်ငံ ပိုင်ဆေးရုံကြီးဆောက်လုပ်ရန် အချိန်မကျရောက်သေးပါလျှင်လည်း နေစရာအဆောင်မရှိလို့      ရန်ကုန်မြို့ နေရာအနှံ့အပြားမှာနေထိုင်ရပြီး ကျောင်းတက်၊ ဆေးရုံဆင်းလုပ်နေရတဲ့ ဆေး        ကျောင်းသားကျောင်းသူတွေ၊ အလုပ်သင်ဆရာဝန်တွေ၊ လက်ထောက်ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်း တွေအတွက် လုပ်ငန်းခွင်နဲ့နီးတဲ့ အခုလိုနေရာမျိုးမှာ ယာယီဖြစ်စေ အဆောင်များဆောက်လုပ် ပေးထားသင့်ကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒဟာ ပြည်သူအများစု လက်လှမ်းမီ နိုင်သော ကျန်းမာရေးလွှမ်းခြုံစောင့်ရှောက်မှုစနစ်တစ်ခု ပေါ်ပေါက်ဖို့ဖြစ်ပါတယ်။ ပြည်သူတို့ လက်လှမ်းမီနိုင်ဖို့ဆိုရာမှာ အထူးအားဖြင့်တော့ ပြည်သူအများစုဖြစ်တဲ့ ဆင်းရဲနွမ်းပါးသူများအတွက် ငွေကြေးအရသော်လည်းကောင်း၊ သွားလာဆက်သွယ်ရေးအရသော်လည်းကောင်း လွယ်ကူအဆင်ပြေ နိုင်ခြင်းဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတစ်ရုံအနေနဲ့တော့ ဒီလိုအပ်ချက်မျိုးကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူးခင်ဗျား။

အဲဒီတော့ ဥက္ကဋ္ဌကြီးခင်ဗျား။ အခုလိုတင်ပြရခြင်းဟာ ပုဂ္ဂလိကဆေးရုံတစ်ရုံဆောက်လုပ်မှာကို မလိုလားလို့ တင်ပြနေခြင်းလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတစ်ချက် ဖြစ်တဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ပြည်သူ့ကျန်းမာရေးပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရန် အတွက် ဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်ပြုမည်ဆိုတဲ့အချက်နှင့်အညီ သင့်တော်တဲ့မြေနေရာမှာ လိုအပ် သလို ဆောက်လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခု ဖော်ပြတဲ့နေရာမှာတော့ နိုင်ငံပိုင်ခေတ်မီ ပြည်သူ့ ဆေးရုံကြီးမျိုးမှတစ်ပါး ပုဂ္ဂလိကဆေးရုံဆောက်လုပ်ခြင်းက မသင့်တော်ပါသောကြောင့် ဆရာ ဦးစံရွှေဝင်း တင်သွင်းတဲ့အဆိုကို ကျွန်တော့်အနေနဲ့ လေးနက်စွာထောက်ခံအပ်ပါတယ်ခင်ဗျား။ ကျေးဇူးအများကြီးတင်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးဒေါ်စိုးစိုးမြင့်(တပ်မတော်သားကိုယ်စားလှယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်ရှင့်။ ကျွန်မကတော့ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဒေါ်စိုးစိုးမြင့် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ၄-၅-၂၀၁၆ ရက်နေ့က ဒေါက်တာစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်ကတင်သွင်းသော အဆိုနှင့်ပတ်သက်၍ အပြုသဘောနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်မရဲ့တင်ပြချက်အား Power Point အသုံးပြုခွင့်ပြုပါရန် ခွင့်တောင်းခံအပ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင့်။ Myanmar Health Vision(2030) တွင် Sector ကိုးခုပါရှိရာ Private Sector သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု အခန်းကဏ္ဍတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၇ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ် ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရရှိရေး အတွက် အစိုးရပိုင် Public Sector နှင့် ပုဂ္ဂလိကပိုင် Private Sector တို့ အပြိုင်တိုးတက်လာ စေရန်လိုအပ်ပါတယ်။ သို့သော် လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မှု အခန်းကဏ္ဍ၌ ခွဲဝေရရှိသော ဘတ်ဂျက်အနေအထားအရသာ ဆောင်ရွက်ပေးနိုင်တာဖြစ်တဲ့ အတွက် လိုအပ်ချက်များရှိနေတာကြောင့် လူမှုအသင်းအဖွဲ့များ၊ အရပ်ဘက်နှင့် တပ်မတော်နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များဖြင့် အားဖြည့်ဆောင်ရွက်လျက် ရှိနေပါတယ်။ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုအခန်းကဏ္ဍကိုကြည့်မယ်ဆိုရင် ISO အဆင့်ရှိ ဆေးရုံတစ်ရုံသာရှိသေး ကြောင်း တွေ့ရပါတယ်။ နိုင်ငံတော်မှ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုအသုံးစရိတ် ကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်အထွေထွေအသုံးစရိတ် ၁.၃ ရာခိုင်နှုန်းမှ ၂၀၁၄-၂၀၁၅ ခုနှစ် မှာ ၃.၃၈ ရာခိုင်နှုန်းသို့ တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်သုံးစွဲလျက်ရှိသော်လည်း ကုန်ကျစရိတ်မြင့်‌မားသော ခွဲစိတ်ကုသမှုများဖြစ်တဲ့ နှလုံးခွဲစိတ်မှုများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုများကို လူနာတိုင်းအတွက် အချိန်တိုအတွင်း အပြည့်အဝကုသမှု မပေးနိုင်သေးကြောင်း လေ့လာတွေ့ရှိ ရပါတယ်။ နှလုံး ခွဲစိတ်ကုသမှုများတွင် Type of Operation ပေါ်မူတည်၍ ကျပ် သိန်း ၄၀ မှ၈၀ အကြား ပြည်တွင်းတွင်ကုန်ကျစရိတ်ရှိပြီး ပြည်ပသို့သွားရောက်ကုသမည်ဆိုပါက သွားရောက် ကုသသောနိုင်ငံပေါ်မူတည်၍ ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြား ကုန်ကျမှုရှိကြောင်း ကြားသိရပါတယ်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ Free of Charge ပြုလုပ် ပေးနေသည်ဆိုသော်လည်း အစားထိုးကုသမည့်ကျောက်ကပ်ကို လူနာမှလက်ခံနိုင်ခြင်းရှိ/မရှိ Tissue HLA  Typing ကြိုတင်စစ်ဆေးခြင်းအတွက် နိုင်ငံခြားသို့ပို့၍စစ်ဆေးရသည့် ကုန်ကျစရိတ် ကျပ်သိန်း ၃၀ မှ ၄၀ ကို လူနာမှကျခံရပါတယ်။ သို့သော် Waiting Period ကြာရှည်မှု၊ လူနာ၏မိသားစုဝင်မှသာ လှူဒါန်းခွင့်ရှိသောဥပဒေ စသည်တို့ကြောင့် ခွဲစိတ်ကုသခံယူမည့် လူနာစုစုပေါင်းဦးရေနှင့် မြန်မာနိုင်ငံ တွင်ခွဲစိတ်ကုသခွင့်ရနိုင်မည့် လူနာဦးရေကွာခြားမှုရှိကြောင်း လေ့လာသိရှိရပါတယ်။ အချိန်ကြာမြင့် စွာမစောင့်ဆိုင်းလိုသူများနှင့် မိသားစုဝင်မဟုတ်သောသူများထံမှကျောက်ကပ်ရယူမည့်လူနာများ အတွက်သွားရောက်ကုသမည့်နိုင်ငံပေါ် မူတည်ပြီးကျပ်သိန်း ၂၅၀ မှ ၃၅၀ အကြား ကုန်ကျမှုရှိကြောင်း ကြားသိရပါတယ်။ ဆိုလိုသည်မှာ ပြည်သူလူထု၏ ကျန်းမာရေးလိုအပ်ချက်များကို Public Sector  မှ ရာနှုန်းပြည့်အချိန်မီမဖြည့်ဆည်းနိုင်သေးကြောင်း တွေ့ရှိရပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေနှင့် ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ၊ ဗြိတိန်စတဲ့ နိုင်ငံများကို သွားရောက်၍ဆေးကုသခြင်း၊ Outbound Medical Tourism များ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ အထိ ပြည်တွင်းမှ စီးထွက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ နိုင်ငံ တကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် Private Sector များကို တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်မိမိနိုင်ငံမှ ကျန်းမာရေးအတွက် စီးထွက်လျက်ရှိသော နိုင်ငံခြားသုံးငွေကို ပြည်တွင်းတွင်လိုအပ် သောအခြားကိစ္စများအတွက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ရန်ကုန်မြို့မှာ ISO အဆင့်မီ ဆေးရုံတစ်ရုံပေါ်ပေါက်လာခြင်းကြောင့် တက်ရောက်သောလူနာများအတွက်လည်း မိမိတို့နိုင်ငံရှိ တည်ဆဲဥပဒေများအရ ဥပဒေ၏ အကာအကွယ်ရရှိစေမှာဖြစ်ပါတယ်။ ပြည်တွင်းရှိ အတတ်ပညာရှင် များသာမက အလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ နိုင်ငံခြားသား ပါရဂူများနှင့် အတွေ့အကြုံဖလှယ်ခွင့်၊ နည်းပညာများလေ့လာခွင့်ရရှိပြီး ပြည်တွင်းမှ ဆေးဘက် ဆိုင်ရာဝန်ထမ်းများရဲ့ အရည်အသွေးဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးကိုအခြေပြုပြီး အခြားပုဂ္ဂလိကဆေးရုံများကလည်း အဘက်ဘက်က အဆင့်အတန်းမြင့်မား အောင်လိုက်ပါလုပ်ဆောင်မယ်ဆိုရင် နိုင်ငံတော်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်းဟာ အချိန်တိုအတွင်းမြင့်မားလာပြီး လူနာနှင့်လူနာရှင်များဆန္ဒရှိနေသော တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန် ယူမှုရှိသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ နယ်မြေဒေသအသီးသီးရှိ အရေးပေါ်၊ အရေးကြီးလူနာများအနေဖြင့် နောက်ဆုံးတွင် ရန်ကုန်မြို့မှာလာရောက်ပြီး ဆေးကုသမှုခံယူနေကြရပါ တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အခြားထင်ရှားတဲ့ ပုဂ္ဂလိကဆေးရုံအများစုမှာ ရန်ကုန်အတွင်းပိုင်း မှာသာ တည်ရှိနေပါတယ်။ ရန်ကုန်မှာလည်း ယာဉ်ကြောကြပ်တည်းမှုပြဿနာဟာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တွင်း/မြို့ပြင်၊ ဝေးလံသောဒေသများမှ အရေးကြီးလူနာ များအနေဖြင့် ၎င်းတို့သွားရောက်ကုသလိုသော ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီရောက်ရှိကာ ကုသနိုင်ရေးဟာများစွာ အခက်အခဲရှိနေတာကို တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း     မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာအပါအဝင် ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိမြို့နယ်များ၊ အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများကိုလည်း သတ်မှတ်ချက်များ နှင့်အညီတိုးချဲ့ခြင်း၊ ဘက်စုံဖွံ့ဖြိုးအောင် အဆင့်မြှင့်တင်ခြင်းများ၊ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကဆေးရုံ များကိုလည်း ရန်ကုန်မြို့တွင်သာမက ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိမြို့များ၊ အခြားသောတိုင်းဒေသကြီး များနှင့် ပြည်နယ်များရှိ လူနေထူထပ်သောမြို့များတွင် ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးအပ်ပါတယ်ရှင်။ သို့ဖြစ်ပါ၍ အဆိုရှင် ဒေါက်တာစံရွှေဝင်းတင်သွင်းသော အဆို အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၇ အရ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့် ရရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိပြီး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိပါက စဉ်းစားသင့်ပါကြောင်း အကြံပြုဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

ဒေါက်တာဒေါ်ခင်စိုးစိုးကြည်(ပြည်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ အားလုံး မင်္ဂလာပါ။ ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ဖြစ်ပါတယ်။ ရေကြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းကနေပြီးတော့ ၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်နေ့မှာ တင်သွင်းခဲ့တဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာန ပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းပေး ပါရန်အဆိုကို ကျွန်မကနေ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ တင်ပြချင်တာကတော့ ကျွန်မတို့ရဲ့နိုင်ငံဟာ အခုအချိန်မှာ ပြည်သူဗဟိုပြုကျန်းမာရေးစနစ်ကို တည်ထောင်နေတာဖြစ်ပါတယ်။ ပြည်သူကိုဗဟိုပြုတဲ့ ကျန်းမာရေးစနစ်ကို ဆောင်ရွက်သွားကြမယ် ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေပေါ်မှာ တည်ဆောက်လိုက်တဲ့ဆေးရုံတစ်ရုံဟာ ကျွန်မတို့ ပြည်သူပြည်သားအားလုံး လက်လှမ်းမီနိုင်တဲ့ဆေးရုံ၊ ဆင်းရဲချမ်းသာမရွေးလာပြီးတော့ ဆေးကုသ နိုင်တဲ့ဆေးရုံဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ပုဂ္ဂလိကဆေးရုံသာ တည်ဆောက်လိုက်မယ် ဆိုလို့ရှိရင် ငွေကြေးတတ်နိုင်သူများသာ ကုသနိုင်တဲ့ဆေးရုံ ဖြစ်သွားပါလိမ့်မယ်။ ဒီအချက်ကို မူတည်ပြီးတော့လည်း ကျွန်မတို့က ထည့်သွင်းစဉ်းစားရပါမယ်။ ဒါ့အပြင် ရှေ့ကထောက်ခံဆွေးနွေး သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးသလိုပဲ ဒီနေရာဟာ ကျွန်မတို့ ကျန်းမာရေးဝန်ကြီး ဌာနပိုင် ဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးရုံများ၊ အဆောက်အဦ များတည်ရှိတဲ့ အဝန်းအဝိုင်းဖြစ်တဲ့အတွက် ကျွန်မတို့ ကျန်းမာရေးဝန်ကြီးဌာနပိုင် အဆောက်အဦများ ရဲ့ကြားထဲမှာ ပုဂ္ဂလိကဆေးရုံလာရောက်ပြီးတော့ တည်ဆောက်ခြင်းဟာ ဘယ်လိုမှတင့်တယ်မှုမရှိဘူး ဆိုတာလည်း စဉ်းစားသင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ကြည့်မယ်ဆိုရင် ရန်ကုန်ဆေးရုံကြီးဟာ ကျွန်မတို့ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေတင်မဟုတ်ပါဘူး။ ကျွန်မတို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ ပြည်သားအားလုံးရဲ့ အားထားရာဆေးရုံကြီး ဖြစ်ပါတယ်။

  လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ရန်ကုန်ဆေးရုံကြီးဟာ ရန်ကုန် မြို့ရဲ့အချက်အချာကျတဲ့နေရာမှာ ရှိနေတဲ့အပြင် သွားဖို့လာဖို့ ဘာပဲပြောပြော လွယ်ကူအဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်ဆေးရုံကြီးအတွင်းမှာဆိုလို့ရှိရင် အထူးကုဌာနကြီး ၂၇ ခုရှိပါ တယ်။ ဌာနတိုင်းမှာလည်း ကျွမ်းကျင်လှတဲ့ ပါရဂူဆရာဝန်ကြီးများ၊ ကျွမ်းကျင်လှတဲ့ ဆရာမများအပြင် ရောဂါရှာဖွေရေးအတွက် ခေတ်မီစက်ကိရိယာများ၊ ဓာတ်ခွဲခန်းများလည်း ပြည့်စုံလှပါတယ်။ ဒါကြောင့်မို့လို့ နှစ်စဉ် လာရောက်ကုသတဲ့လူနာဦးရေဟာ တိုးတက်လျက်ရှိကြောင်းကို တွေ့နိုင်ပါ တယ်။ ဥပမာအနေနဲ့ ကျွန်မတို့ဟာ ပြင်ပလူနာပြသမှုကို ကြည့်မယ်ဆိုလို့ရှိရင် ၂၀၀၈ ခုနှစ်မှာ လူနာပေါင်း ၂၀၀၀၀၀ ကျော်ပြသခဲ့ရာမှာ ၂၀၁၅ ခုနှစ်မှာ ၃၇၀၀၀၀ ကျော်ထိ တိုးတက်လာတာကို တွေ့နိုင်ပါတယ်။ အတွင်းလူနာအားဖြင့် ဆေးရုံတက်လူနာဦးရေဟာ ၂၀၀၈ ခုနှစ်မှာ ၂၅၇၄၀ ဦးရှိ ရာမှာ ၂၀၁၅ ခုနှစ်မှာဆိုရင် ၇၆၉၀၇ ဦးထိ တိုးတက်တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီခုနစ် နှစ်တာကာလကိုကြည့်မယ်ဆိုရင် ကျွန်မတို့က နှစ်ဆကျော်လောက်တိုးတက်တာကို တွေ့ရပါတယ်။ သမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင် လူနာအရေအတွက် နှစ်စဉ်တိုးတက်နေတာဖြစ်တဲ့အတွက် စတင်တည် ဆောက်ခဲ့တဲ့ ၁၉၁၁ ခုနှစ်မှာ ကျွန်မတို့က ခုတင် ၃၄၂ ခုတင်ဆံ့ဆေးရုံအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့ ကျွန်မတို့ဟာ ၅၄၆ ခုတင် အထိ တိုးမြှင့်ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ကျွန်မတို့က ခုတင် ၁၅၀၀ ဆံ့ ဆေးရုံကြီးအဖြစ် မကြာခင်အထိ ကျွန်မတို့ဟာ ဆေးရုံကြီးကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအချိန်မှာဆိုလို့ရှိရင် ကျွန်မတို့က လူနာအရေအတွက်များပြားလွန်းတဲ့အတွက် ကော်ရစ်တာများ၊ စင်တာများမှာပါ စောစောက ဆရာဒေါက်တာလင်းလင်းကျော်တင်ပြသလို လူနာတွေဟာ ကြပ်တည်းစွာနဲ့ ကုသကြ ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၁-၁-၂၀၁၆ ရက်နေ့မှာ ကျွန်မတို့တစ်တွေက ခုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ကို ခွင့်ပြုခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ ဒီအချက်တွေကို ကြည့်မယ် ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ သိပ်မကြာခင်ကာလမှာ ရန်ကုန်ဆေးရုံကြီးဟာ အထပ်မြင့်အဆောက်အဦကို မလိုတော့ပေမယ့် ထပ်မံပြီးတော့ တိုးချဲ့ဖို့အဆောက်အဦများ လိုအပ်လာမှာဖြစ်ပါတယ်။ ဒီအချိန်ကျမှ ကျွန်မတို့က ဒီနေရာမှာ ပုဂ္ဂလိကဆေးရုံတည်ဆောက်ပြီးဖြစ်လို့ မြို့စွန်နေရာတွေမှာသာ ကျွန်မတို့ရဲ့ ရန်ကုန်ဆေးရုံကြီးကို တိုးချဲ့ဖွင့်လှစ်ရမယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူပြည်သားများအတွက် အလွန်ပင် အကျိုးမဲ့နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်မတို့က ပုဂ္ဂလိကဆေးရုံတွေ တည်ဆောက်တာကို ကြိုဆိုလက်ခံပါတယ်။ ဝမ်းမြောက်ဝမ်းသာလည်း ကျွန်မတို့ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာ နိမ့်ကျနေတယ်။ ဒါကိုမြှင့်တင်ဖို့အတွက် ပုဂ္ဂလိက ကဏ္ဍကလည်း Public Sector နည်းတူ ကျွန်မတို့ဟာ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ တကယ်ပုဂ္ဂလိကဆေးရုံတွေဟာ မြို့စွန်မှာသွားရောက်တည်ဆောက်ပေမယ့်လည်း သူတို့ကတော့ ပြဿနာမရှိနိုင်ဘူး။ ရန်ကုန်ဆေးရုံကြီးသာ မြို့စွန်မှာတည်ဆောက်ခဲ့ရတယ်ဆိုလို့ရှိရင် ကျွန်မတို့တွေအနေနဲ့ လူနာတွေဟာ လာပြီးတော့ အထူးကုများကို ထပ်မံညွှန်းပို့ရတဲ့အခါတွေမှာ၊ ရောဂါတွေစစ်ဆေးရတဲ့အခါတွေမှာ ကျွန်မတို့ရဲ့ သွားရေးလာရေးကအစ ဆင်းရဲလှတဲ့လူနာတွေဟာ အခက်အခဲ ကြုံတွေ့နိုင်ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေကတော့ ကိုယ်ပိုင်ရပ်တည်နိုင်တယ်။ ကုသမယ့် လူနာတွေကလည်း ချမ်းသာကြွယ်ဝသူတွေအများစုဖြစ်ကြတဲ့အတွက် အစစအဆင်ပြေကြမှာ ဖြစ်ပါ တယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့်လည်း ကျွန်မတို့က ဒီနေရာမှာ ပုဂ္ဂလိကဆေးရုံအစား ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင်ဆေးရုံသာ တည်ဆောက်သင့်ကြောင်းကို ကျွန်မတို့က ဒီနေရာ ကနေ တင်ပြဆွေးနွေးချင်ပါတယ်။ တစ်ခါ ကျွန်မတို့ရဲ့ အရည်အသွေးပြည့်ဝတဲ့ဆရာဝန်၊ ဆရာမများ ဖြစ်လာဖို့အတွက် ပုဂ္ဂလိကဆေးရုံကတော့ ဘယ်လိုမှ ကျွန်မတို့ကို ခွင့်ပြုသင်ကြားခွင့်ပေးမှာ မဟုတ် ပါဘူး။ ဒါကြောင့်မို့လို့ ဒီနေရာမှာ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ကြီးဌာနပိုင် ဆေးရုံကြီးဖြစ်မှ သာလျှင် ကျွန်မတို့ရဲ့ ဆေးကျောင်းသူဆေးကျောင်းသား၊ သူနာပြုတက္ကသိုလ် ကျောင်းသူ ကျောင်းသားများအနေနဲ့ လေ့လာသင်ယူခွင့်ရမှာဖြစ်တဲ့အတွက် နိုင်ငံပိုင်ဆေးရုံကြီးသာတည်ရှိသင့် ကြောင်းတင်ပြပြီးတော့ ဆွေးနွေးပါတယ်။

 သို့ဖြစ်ပါ၍ အခုမြေနေရာအား လူတစ်စုအတွက် စီးပွားရေးလုပ်ငန်းအလို့ငှာ ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန်အတွက် နှစ်ရှည်ငှားရမ်းဆောင်ရွက်ခြင်းသည် ကျွန်မတို့ မြန်မာပြည်သူလူထုနှင့် ကျန်းမာရေးလောကကြီးအတွက် ကြီးစွာသောနစ်နာဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ထင်ရှားလာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ ဒီအချက်တွေကို ထောက်ရှုပြီးတော့ ဆရာဒေါက်တာစံရွှေဝင်းတင်ပြတဲ့ အဆိုကို လေးလေးနက်နက်ထောက်ခံဆွေးနွေးကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ         ကျန်းမာရေးဝန်ကြီးဌာနရဲ့သဘောထားပြောပါ။

ဒေါက်တာမြင့်ထွေး(ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)မှ ဆွေးနွေးခြင်း လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါက်တာစံရွှေဝင်းတင်သွင်းတဲ့ အဆိုနဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းတင်ပြပါမယ် ခင်ဗျား။ ကျွန်တော် သည် ပြည်ထောင်စုဝန်ကြီးတာဝန်အား ဧပြီ ၁ ရက်နေ့မှ စတင်ထမ်းဆောင်ခဲ့တာမို့ ယခင်ဆောင်ရွက် ထားမှုအား အကျဉ်းချုပ်ကို ကျွန်တော် ပထမအပိုင်းအနေနဲ့ပြောပါမယ်။ ကျွန်တော့်ရဲ့ အဓိက တွေ့ရှိချက်များကတော့ (၁) ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် AMK Construction နှင့် Parkway Pantai Ltd မှ ပူးပေါင်းဖက်စပ်လုပ်ငန်းအနေဖြင့် နိုင်ငံတကာဆေးရုံ တစ်ရုံကို ခုတင် ၂၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်လိုက်ဆောက်သွားရန် ပထမအဆင့်တွင် ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် စတင်လည်ပတ်ပြီး နောက်အဆင့်‌တွင် တစ်ပြိုင်တည်း ဆက်လက်ဆောက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနသို့ ကမ်းလှမ်းလာပါသည်။ ယင်းမတိုင်မီ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဂျပန် နိုင်ငံမှ ကူညီပံ့ပိုးမည့် ဂျပန်-မြန်မာချစ်ကြည်ရေး ဆေးရုံ ဆောက်ရန်အတွက် မြေအကျယ် ၁၁.၁၁၅ ဧကအား ကျန်းမာရေးဝန်ကြီးဌာနပိုင်အမည်ပေါက် ရရှိရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသို့ ညှိနှိုင်းခဲ့တာတွေ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၌ မြေကွက် တည်နေရာပြမြေပုံ ရရှိရေးအတွက် ရန်ကုန်စည်ပင် သာယာကို ထပ်မံညှိနှိုင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်  ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၁၅၃၇/၂၀၁၅)ဖြင့် မြန်မာ-ဂျပန်ချစ်ကြည်ရေးဆေးရုံ ဆောက်ရန် ၁၀.၄၄၆ ဧကကို ကျန်းမာရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ ယင်းအထဲမှ ၄.၃ ဧကအား Parkway Yangon Hospital ဆောက်ရန် အတွက် ကမ်းလှမ်းရန်ကိစ္စကို ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ တွင် ဆုံးဖြတ်ခဲ့ပါတယ်။ တင်ဒါခေါ်ယူခြင်းတော့မရှိပါ။

သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဆင့်ဆင့်တင်ပြသဘောတူညီ ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၌ ပြည်ထောင်စု အစိုးရအဖွဲ့မှစတင်ကာ နောက်ဆုံး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၂၆/၂၀၁၅)မှာ ဝန်ကြီးဌာနပိုင်ွမေအား ငှားရမ်းသုံးစွဲခွင့်ပြုရန် ကျန်းမာရေးဝန်ကြီးဌာန၏အမှာစာကို သဘောတူကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ကိစ္စရပ်များအားလုံးကို နှစ်လခွဲအချိန်ကာလအတွင်း အပြီးတိုင်ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် သဘောတူစာချုပ်ချုပ်ဆိုပြီး စုစုပေါင်းကြမ်းခင်းဧရိယာ၏ ၇၅ ရာခိုင်နှုန်းဖြစ် သော ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၄.၅ နှင့် အမေရိကန်ဒေါ်လာ ၁၃၃၁၃ ကို ကမ္ဘောဇ ဘဏ်သို့သွင်းခဲ့ပါတယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စင်္ကာပူအခြေစိုက် OCBC ရန်ကုန်ဘဏ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ငွေစာရင်းသို့ မြေအသုံးချမှုပရီမီယံ၏ ၃၀ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၂.၅၈ သန်းကို ပေးသွင်းကြောင်း တွေ့ရှိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၆)ဖြင့် ကနဦးငှားရမ်းကာလ နှစ် ၅၀ မှစ၍ နောက်ထပ် ၁၀ နှစ် ပထမတိုးမြှင့်ကာလ၊ နောက်ထပ် ၁၀ နှစ် ဒုတိယတိုးမြှင့်ကာလ မြေငှားရမ်းသုံးစွဲမှုအား မှတ်တမ်းတင်ပါသည်။ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော မူရင်းစာအုပ်သည် ကျန်းမာရေးဝန်ကြီးဌာန၌ ရှိပါတယ်ခင်ဗျား။ ချုပ်ဆိုသည့် ကုမ္ပဏီမှာ Andaman Alliance Health Limited နှင့် ချုပ်ဆိုထားပါသည်။ ကျွန်တော် ဒါ ပထမအပိုင်းအနေနဲ့ ကျွန်တော်တွေ့ရှိချက်များကို သုံးသပ်ပြီး တင်ပြတာပါ။

 ဒုတိယအပိုင်းကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးချက်များအားလုံးကို ကျွန်တော့်အနေနဲ့ ခြုံငုံပြီးတော့ ကျွမ်းကျင်မှုရှုထောင့်မှ တင်ပြမယ်ဆိုလို့ရှိရင် ဒေါက်တာ လင်းလင်းကျော် တင်ပြတဲ့အချက်များက အလွန်မှန်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီးမှာ Admission နဲ့ ခုတင်အချို့က Disproportionate ဖြစ်ပြီးတော့ မနိုင်မနင်းဖြစ်နေပါတယ်။ ခုတင် များပူးကပ်တာက ကျွန်တော်တို့အတွက်က တော်တော်အရေးကြီးပါတယ်။ ဒီ Cross Infection လူနာ တစ်ဦးနှင့်တစ်ဦးကူးမှု၊ Privacy မရှိမှု အများကြီးပြဿနာရှိနိုင်ပါတယ်။ ကျွမ်းကျင်မှုရှုထောင့်မှ ကျွန်တော် ဒါကို လုံးဝထောက်ခံပါတယ်ခင်ဗျား။ တင်ပြတဲ့အတိုင်းပဲ သင်ကြားရေးဆေးရုံကြီးတစ်ခု ကတော့ အနီးအနားမှာ လိုနေတာကတော့ အမှန်ပါခင်ဗျား။ နောက် ဗိုလ်မှူးစိုင်းအိုက်လှ တင်ပြတဲ့ အချက်များကိုလည်း ကျွန်တော် ထောက်ခံပါတယ်။ ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်မယ်။ သို့သော် ကျွန်တော်တို့က ဘာရှင်းရမလဲဆိုတော့ ဒီဟာမျိုးကိစ္စတွေမှာဆိုရင် Case to Case Basis နဲ့ စဉ်းစား ရပါမယ်။ Pros and Cons အကျိုးအမြတ်ဘယ်လောက်ရှိမလဲ။ အကျိုးဆုတ်ယုတ်မှု ဘယ်လောက် ရှိမလဲ။ အကျိုးအမြတ်များတယ်ဆိုလို့ရှိရင်တော့ အကျိုးအမြတ်များတယ်ဆိုတာ အများကြီး Factor တွေရှိပါတယ်။ ကျွန်တော်တို့ လက်ခံသင့်ပါတယ်။ ပုဂ္ဂလိကကဏ္ဍ။ အလားတူစွာပဲ ဦးခင်မောင်ဝင်း တင်ပြတဲ့နေရာမှာ ကျွန်တော်လည်း ကျွမ်းကျင်မှုရှုထောင့်ကတော့ ဒီနေရာကိုပဲစဉ်းစားရမယ်ဆိုတာ ကျွန်တော့် ကျွမ်းကျင်မှုရှုထောင့်က ထောက်ခံတယ်ဆိုတာက ဆေးကျောင်းသားတွေ၊ သူနာပြုဆရာမ တွေ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်က ဆရာဝန်တွေ၊ Third M.B.B.S ကနေ Final Part-2 အထိ အနီးအနားမှာရှိတဲ့ ဆေးရုံမှာသွားပြီးတော့ သင်ကြားရမယ်ဆိုလို့ရှိရင်တော့ အလွန်လွယ်ပါတယ်။ လမ်းလျှောက်ပြီးပဲ သွားနိုင်ပါတယ်။ ဥပမာ- ရန်ကုန်ဆေးရုံက သင်တန်းသားဆရာဝန် အလုပ်သင် တစ်ယောက်သည် အလုပ်သမားဆေးရုံ(မြောက်ဥက္ကလာပဆေးရုံ)အထိ သွားမယ်ဆိုလို့ရှိရင် နှစ်နာရီ ကြာနိုင်တယ်။ တစ်ခါတလေ သုံးနာရီလည်းကြာနိုင်တဲ့အတွက် အနီးအနားမှာတော့ သင်ကြားရေး ဆေးရုံတစ်ရုံ လိုတာကတော့ ကျွမ်းကျင်မှုရှုထောင့်မှ ကျွန်တော် လုံးဝထောက်ခံပါတယ်။ ဒေါက်တာ မြင့်သိန်းရဲ့ပြောကြားချက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့မူဝါဒအရ ပြည်သူအများစုလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးရုံကြီးဖြစ်ရန် လိုအပ်ပါတယ်ဆိုတာလည်း အလွန်မှန်ပါတယ်။ ပုဂ္ဂလိကဆေးရုံတိုင်း သင်ကြားမှုများလုပ်ကိုင်ခွင့်ကတော့ နည်းနည်းလေးတော့ Limited ရှိပါတယ် ခင်ဗျား။ မည်သည့်ပုဂ္ဂလိက ဆေးရုံမဆို ဒီလို ကျွန်တော်တို့ဆရာဝန်တွေသွားပြီးတော့ သင်ကြားမှုကို သူတို့အနေနဲ့ နည်းနည်းတော့ Limitation တော့ရှိမယ်လို့ထင်ပါတယ်။ ဒါကတော့ ဆေးရုံတစ်ရုံ နဲ့တစ်ရုံတော့ ကွာမှာပါ။ ဒေါက်တာမြင့်သိန်းပြောတဲ့အတိုင်း ရန်ကုန်ဆေးရုံကြီးသည် သက်တမ်း အိုမင်းရင့်ရော်လာပြီ ကျွန်တော်တို့က ဒါဘယ်လောက်ခံမယ်ဆိုတာ အတိအကျတော့ မှန်းလို့မရပါဘူး။ Natural Disaster လိုဟာမျိုးဖြစ်ရင် ဥပမာ- Earthquake ဘယ်လောက်ခံနိုင်မလဲဆိုတာကို ကျွန်တော်တို့ ကြိုတင်စဉ်းစားဖို့လိုပါတယ်။

နောက်တစ်ချက်ကတော့ ရန်ကုန် Population အနေနဲ့ကလည်း အတိုးကမြန်ပါတယ်။ မူလ Population ကများနေတဲ့အတွက် Same အတိုးနှုန်းကို Growth Rate နဲ့ပဲတက်ရင် အရမ်းမြန် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့ရဲ့ Population အတိုးနှုန်းသည် Absolute Value နဲ့ ဆိုလို့ရှိရင် တော်တော်များနေတဲ့အတွက် ကျွန်တော်တို့ ဆေးရုံတွေမှာ ယခုထက်ပိုပြီးတော့ပဲ ကြပ်ဖို့ အလားအလာရှိနေပါတယ်။ အဲဒီတော့ ဒေါက်တာမြင့်သိန်းပြောသလို သင့်တော်သည့်မြေနေရာမှာ တည်ဆောက်မယ်ဆိုလို့ရှိရင်တော့ ဒါဟာ ကျွမ်းကျင်မှုရှုထောင့်က ကျွန်တော်ထောက်ခံပါတယ်။ ဒုတိယဗိုလ်မှူးကြီးဒေါ်စိုးစိုးမြင့် ပြောတာကလည်း အလွန်စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးကုသတဲ့နေရာမှာ နိုင်ငံခြားသွားကုလို့ရှိရင်တော့ ဒါအများကြီးကုန်ပါတယ်။ ပြည်တွင်းမှာကုလို့ရှိရင်တော့ အလွန်သက်သာပါတယ်။ ဒီအချက်ကိုလည်း ကျွန်တော်ထောက်ခံ ပါတယ်။ နောက်ဆုံး ဒေါ်ခင်စိုးစိုးကြည်လည်း တင်ပြပါတယ်။ ပြည်သူပြည်သားအားလုံး လက်လှမ်းမီ သည့်ဆေးရုံ ဖြစ်ရမည်ဆိုတာကတော့၊ ကျွန်တော်တို့အနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနက Free Of Charge ပေးနေပါတယ်။ ဒါကလည်း ကျွန်တော်တို့ အတတ်နိုင်ဆုံးကိုပေးဖို့ ရည်ရွယ်ထား ပါတယ်။ ပေးနိုင်မယ်လို့လည်းထင်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို Analysis  လုပ်ကြည့်တဲ့အခါမှာ ပေးနိုင်ဖို့ အလားအလာရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့က ရေရှည်စဉ်းစားပြီးတော့ လုပ်ရမယ်။ ဆက်လက်ပြီး ကျွန်တော်တို့ ဒါကို Free Of Charge ကို ပေးနိုင်/မပေးနိုင်ကို ကျွန်တော်တို့ ကြည့်ရမှာပါ။ နောက်ပြီးတော့ ရန်ကုန်ဆေးရုံကြီးမှာလည်း ဒီဌာနကြီးက ၂၇ ခုရှိတဲ့အခါကျတော့ နည်းနည်းတော့ ကျွမ်းကျင်မှုရှုထောင့်အရဆိုလို့ရှိရင်တော့ နည်းနည်းတော့ ကြပ်နေပါတယ်ခင်ဗျား။ ၂၇ ခုကို ဒီရန်ကုန်ဆေးရုံကြီးဝန်းထဲမှာဆိုလို့ရှိရင် အဲဒါကြောင့် ဒီ ၂၇ ခုသောကျွမ်းကျင်မှုဆရာဝန်ကြီးများဟာ နေရာလည်းလိုနေပါပြီ။ နောက်တစ် နေရာမှာ ပြည်သူ့ဆေးရုံကြီးတစ်နေရာမှာ လိုနေပါပြီ။ နောက်ဆုံး ဒေါ်ခင်စိုးစိုးကြည်တင်ပြတဲ့အတိုင်း ပုဂ္ဂလိကကိုလည်း ကျွန်တော် ကြိုဆိုပါတယ်။ သို့သော် မြို့အစွန်နည်းနည်း ဝေးတဲ့နေရာမှာဆောက်လို့ ရှိရင်တော့ ပြဿနာမရှိဘူးလို့ ထင်တာကတော့ သူတို့ပိုက်ဆံရှိ တဲ့သူတွေက အကုန်သွားလို့ရတယ်။ ယိုးဒယား၊ အမေရိကန်တောင်သွားနိုင်တယ်ဆိုတော့ ကျွန်တော်တို့ ဒီပုဂ္ဂလိကဆေးရုံဟာ နည်းနည်း ဝေးတဲ့နေရာမှာဆောက်လည်း သူတို့သွားနိုင်မယ်လို့ လည်းမြင်ပါတယ်။ ဆင်းရဲသားလူထုကတော့ သွားဖို့ဆိုရင် ကားစရိတ်တောင်သိပ်မရှိတဲ့အခါ  ဒါတွေကို စဉ်းစားဖို့ ကျွန်တော့်အနေနဲ့ကတော့ ဒါ Sincerely ပါ။ ဘာမှလည်းဘက်မလိုက်ဘူး။ အမှန်တရား ကျွမ်းကျင်မှုရှုထောင့်က တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ လေးစားပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးချက်ကို ခြုံငုံသုံးသပ်လို့ရှိရင် ကျွန်တော်နားလည်တာ က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင် ခြင်းမရှိတဲ့ ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းပေးဖို့အဆိုကို ထောက်ခံ ဆွေးနွေးသွားတယ်လို့ ကျွန်တော် ဒီလိုနားလည်ပါတယ်။ အဲဒါ ဟုတ်/မဟုတ် သိချင်ပါ တယ်။  ကျန်းမာရေးဝန်ကြီးဌာနက။

ဒေါက်တာမြင့်ထွေး(ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)မှ ဆွေးနွေးခြင်း ကျွန်တော့်အနေနဲ့ ကျွမ်းကျင်မှုရှုထောင့်ကကြည့်မယ်ဆိုရင် အဖက်ဖက်ကို ကျွန်တော်စဉ်းစားတယ်။ Positive Factor၊ Negative Factor၊ Pros and Cons တွေရော အားလုံးကို စဉ်းစားလို့ရှိရင်တော့ ကျွန်တော့် အနေနဲ့တော့ ထောက်ခံပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒေါက်တာစံရွှေဝင်း တင်သွင်း သွားတဲ့ အဆိုကို ကိုယ်စားလှယ်ခုနစ်ဦးက ဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ရှင်းလင်း ပြောကြား သွားပါတယ်။ ဒီလို ရှင်းလင်းပြောကြားတဲ့အခါမှာ အဆိုနှင့်စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးသွားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီအဆိုနှင့်စပ်လျဉ်းပြီး အတည်ပြုရန် လွှတ်တော်က သဘောတူပါသလား ခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ဒေါက်တာစံရွှေဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။

နေ့စွဲ
၎.၅.၂၀၁၆