Skip to main content

မေးခွန်း အကြောင်းအရာ 

u tin ko ko uမိမိတို့ လမ်း၊ တံတားများအကောင်အထည်ဖော်ရာတွင် ဌာနဆိုင်ရာကဆောင်ရွက်ခြင်း၊ တင်ဒါများမှ ဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ဆေးသည့် အခါ အရည်အသွေးမပြည့်မီသည်တို့ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ရေးက လုပ်ဆောင် သော လုပ်ငန်းများတွင်လည်း အရည်အသွေးမပြည့်မီခြင်းများ တွေ့ရှိရပါကြောင်း၊ တည်ဆောက်ရေးကို ကြည့်သည့်အခါ SAE တို့က အဓိကတည်ဆောက်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့က မြို့နယ် အင်ဂျင်နီယာများ ဖြစ်သော AE များနှင့် လိုက်ကြည့်‌သည့်အခါ အဆင်မပြေ၍ မိမိတို့ပြောသည့်အခါ AE တို့ကလည်း CE ကို ပြည်နယ်အင်ဂျင်နီယာမှူးကို ဖြေရန်ပြောပါကြောင်း၊ မိမိတို့က ၎င်းအခြေအနေ အားလုံးပြည့်စုံစေရန် ကြည့်သည့်အခါ လုပ်ငန်းခွင်နှင့်အင်ဂျင်နီယာရွေးချယ်မှုက အဓိကဖြစ်နေပါ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်နှင့်အင်ဂျင်နီယာကို တင်ဒါကဲ့သို့မဟုတ်ဘဲ ဝန်ကြီးဌာန အတွင်း မည်ကဲ့သို့စီမံခန့်ခွဲသည်ဆိုပါက ပြည်နယ်က အင်ဂျင်နီယာ CE များက အဓိကလုပ်ငန်းကို အင်ဂျင်နီယာနှင့် တွဲဖက်ပြီးချပေးပါကြောင်း၊ ထို့ကြောင့် ချပေးသည့်သူက CE (ပြည်နယ်အင်ဂျင်နီယာ) တည်ဆောက်သည့်သူက SAE ဖြစ်သည့်အတွက် အရည်အသွေးမပြည့်မီသည်ကို မြို့နယ်အင်ဂျင်နီယာ၊ ခရိုင်အင်ဂျင်နီယာဖြစ်သော AE နှင့် EE တို့ကပြော၍ အဆင်ပြေပါ့မလားဆိုသည်က မိမိတို့ စဉ်းစားစရာ ဖြစ်လာပါကြောင်း၊ ထို့အပြင် ဝန်ထမ်းအချင်းချင်း ကြားထဲတွင် ပါဝါအလွန်ကြီးသည့် ပုံစံဖြစ်နေသည့် အတွက် မိမိကအဆိုပါကိစ္စကို လေ့လာဆန်းစစ်နိုင်ရန်အတွက် ထပ်မံစုံစမ်းပြီး မေးခွန်းမေးမြန်းရန် လုပ်ဆောင်သည့်အချိန်တွင် သမ္မတရုံးက (၁/၂၀၁၇) ဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက် ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်တင်ဒါ လုပ်ထုံးလုပ်နည်းဟူ၍ ထွက်ရှိလာပါကြောင်း၊ ရည်ရွယ်ချက်များက နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေတို့ကို လေလွင့်ဆုံးရှုံးမှုမရရှိရန်၊ အဂတိလိုက်စားမှုမရှိစေရန်၊ တင်ဒါကို မှန်ကန်မျှတသည့်ယှဉ်ပြိုင်မှုဖြစ်ရန်၊ ပွင့်လင်းမြင်သာရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်ဟူ၍ ရည်ရွယ်သည်ကို တွေ့ရှိရသည့်အပြင် ပြည်သူတို့၏ အမြင်တွင်လည်း သံသယကင်းရှင်းရန်အတွက် တင်ဒါအောင်မြင်သော လုပ်ငန်းရှင်ကုမ္ပဏီများက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး အကြီးအကဲများ၊ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တို့၏မိသားစုများနှင့် လူမှုရေးအရ၊ စီးပွားရေးအရ၊ လုပ်ငန်းအရ ပတ်သက်ခြင်းတို့ရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်ဟူ၍ ပါရှိပါကြောင်း၊ တင်ဒါရွေးချယ်ရာတွင် မလျော်သြဇာသုံး၊ တစ်နည်းနည်းဖြင့် လွှမ်းမိုးဆောင်ရွက်ခြင်းများကိုလည်း လက်မခံဘဲ တရားမျှတစွာဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်ဟူ၍ တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအချက်တွင် ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတင်ဒါများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါသည်ဟူ၍ လမ်းညွှန်ထားသည်ကို တွေ့ရှိရပါသော်လည်း  မိမိတင်ပြခဲ့ သကဲ့သို့ အရည်အသွေးမပြည့်မီခြင်းတို့က (၁/၂၀၁၇) ထွက်ရှိလာ၍ မိမိတို့၏ဘဏ္ဍာငွေသုံးစွဲသည့်အခါ လက်ရှိအခြေအနေထိ မည်မျှလိုက်နာပြီး အကောင်အထည်ဖော်နေသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာ ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယခု (၁/၂၀၁၇) အတိုင်း မလုပ်ဆောင်သည့်လုပ်ငန်းများ တွေ့ရှိလာ သည့်အတွက် အဓိကမေးမြန်းလိုသည်မှာ ယခု (၁/၂၀၁၇) ညွှန်ကြားချက်၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်း များတည်ဆောက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်တို့အပေါ်  လိုက်နာမှုမရှိသည့် ဝန်ထမ်း၊ ကုမ္ပဏီများကို ထိထိရောက်ရောက်အရေးယူရန် အစီအစဉ်ရှိ/မရှိ၊ လမ်း၊ တံတားများကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းခွင်နှင့် အင်ဂျင်နီယာ၊ စက်ယန္တရားပြည့်စုံမှု၊ ကျွမ်းကျင်အလုပ် သမားကိစ္စ၊ အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးအတိုင်းပြည့်‌မီရေးတို့အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

u kyaw linဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ်စဉ်လမ်း၊ တံတား တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းများကို လျာထားရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်/ခရိုင်/ တိုင်းဒေသကြီး/ ပြည်နယ်လမ်းဦးစီးဌာနများမှ အဆင့်ဆင့်ကွင်းဆင်းစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ လူထု၏ လိုအပ်ချက်အရဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများ၊ ငါးနှစ်စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများ၊ လွှတ်တော်ကတိကဝတ်တွင်ပါဝင်သောလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးအရ မဖြစ်မနေ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများအပေါ် အခြေခံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ တို့၏ သဘောတူညီချက်တို့ဖြင့် ဘဏ္ဍာနှစ်အသစ်အတွက် ရန်ပုံငွေများကိုလျာထားရေးဆွဲပါကြောင်း၊

လမ်း၊တံတားလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းခွင်နှင့်အင်ဂျင်နီယာအင်အား မျှတ ပြည့်စုံစေရန်အတွက် ဖွဲ့စည်းပုံအရခန့်ထားရမည့် အင်ဂျင်နီယာများကို ဝန်ထမ်းအင်အားစာရင်းအရ ပြည်စုံမှုရှိရန် ဆောင်ရွက်ထားရှိပါကြောင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် လမ်း၊ တံတားအထူးအဖွဲ့များကို တာဝန်ပေးအပ်ဆောင်ရွက်စေခြင်းဖြင့်လည်းကောင်း၊ ခရိုင်များကဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး (မြို့ပြ)များ၏ အစီအစဉ်ဖြင့် လုပ်ငန်းပမာဏများပြားသော မြို့နယ်များသို့ အခြားမြို့နယ်မှ အင်ဂျင်နီယာ များကို တွဲဖက်တာဝန်ချထားပေးခြင်းတို့ဖြင့်လည်းကောင်း၊ လုပ်ငန်းပမာဏနှင့်ကြီးကြပ်ဆောင်ရွက်ရ သည့် အင်ဂျင်နီယာအင်အားမျှတစေရန် စီမံဆောင်ရွက်ထားရှိပါကြောင်း၊

စက်ယန္တရားပြည့်စုံမှုနှင့်ပတ်သက်၍ ဌာနမှပိုင်ဆိုင်သည့် စက်ယန္တရားများကို ရုံးချုပ်မှ တိုက်ရိုက်စီမံခန့်ခွဲပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးအတွက် ဌာနပိုင်စက်ယန္တရား များနှင့်လုံလောက်မှုမရှိပါက ပြင်ပမှစက်ယန္တရားများကို တင်ဒါခေါ်ယူငှားရမ်းသုံးစွဲလျက် ရှိပါကြောင်း၊ ကျွမ်းကျင်အလုပ်သမားပြည့်‌စုံမှုနှင့်ပတ်သက်၍ လမ်းလုပ်ငန်းများအတွက် လိုအပ်သည့် အလုပ်သမား များနှင့် ကျွမ်းကျင်အလုပ်သမားများကိုလည်း လုပ်ငန်းဆောင်ရွက်သည့်အချိန်တွင် အသင့်ရှိနေစေရန် မြို့နယ်အလိုက်စုစည်းထားရှိပြီး ထပ်မံလိုအပ်ပါက အချိန်မီခေါ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားရှိ ပါကြောင်း၊ တံတားလုပ်ငန်းများအတွက်လည်း ကျွမ်းကျင်တံတားအဖွဲ့များကိုခန့်ထားပြီး လိုအပ်ပါက ကျွမ်းကျင်အဖွဲ့များအား ပုတ်ပြတ်စနစ်ဖြင့် ငှားရမ်းသုံးစွဲပါကြောင်း၊

လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးစေရေးအတွက် ဆောင်ရွက်မည့် ပစ္စည်းစုဆောင်းမှုအစီအစဉ်များ၊ လုပ်ငန်းစတင်သည့်ရက်နှင့်ပြီးစီးမည့်ရက်များကို Work Programme များရေးဆွဲပြီး အချိန်မီပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့်ပတ်သက်၍ လုပ်ငန်းခွင်အင်ဂျင်နီယာများအား ဗဟိုသင်တန်း ကျောင်း(သုဝဏ္ဏ) တွင် အရည်အသွေး စမ်းသပ်တိုင်းတာကွပ်ကဲခြင်းသင်တန်းများကို အဆင့်အလိုက် သင်ကြားပို့ချကာ အင်ဂျင်နီယာများ၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်ဝစေရန်တာဝန်ယူဆောင်ရွက်စေခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးများတွင် Mini Lab များထားရှိ၍ စမ်းသပ်ဆောင်ရွက်စေခြင်းတို့ဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ခရိုင်အဆင့် Mini Lab များပါထားရှိနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် သက်ဆိုင်ရာခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်‌ က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရုံးချုပ်မှတာဝန်ရှိသူများက အခါအားလျော်စွာ ကြီးကြပ် ဆောင်ရွက်ခြင်းအပြင် နောက်ဆုံးအဆင့်အနေဖြင့် ရုံးချုပ်ရှိလမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ အရည်အသွေးထိန်းသိမ်းရေး(Quality Control)အဖွဲ့များက ထပ်မံစစ်ဆေးစေခြင်းတို့ဖြင့် လမ်း၊ တံတား လုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေး အထူးကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်‌ လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရာတွင် အကောင်အထည် ဖော်ဆောင်ရွက်သောအဖွဲ့များနှင့် လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီစေရန် အရည်အသွေး စစ်ဆေးရေးဌာနခွဲ(Quality Control) အဖွဲ့များကို သီးသန့်ဖွဲ့စည်းထားရှိပြီး စစ်ဆေးဆောင်ရွက်ပါကြောင်း၊ ထိုသို့ ဌာနမှသီးခြားစစ်ဆေးခြင်းအပြင် စာရင်းစစ်ချုပ်ရုံးမှလည်း စာရင်းစစ်ဆေးခြင်း၊ မြေပြင်မျက်မြင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး Third Party စနစ်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် များထံ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် Third Party စနစ်ဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာသည့် Institution များ မရှိသေး၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES)လက်အောက်ရှိ Chapter ခွဲများရှိ MICEG အဖွဲ့များအား တာဝန်ပေးအပ်နိုင်ကြောင်းကို ဝန်ကြီးချုပ် များအား အကြောင်းကြားထားပြီး ဖြစ်သည့်အပြင် ပစ္စည်းများအချိန်မီရရှိစေရေး၊ အရည်အသွေး မှန်ကန်ရေးနှင့် လုပ်ငန်းခွင်အပြည့်အဝအသုံးပြုရေးတို့ကိုလည်း ကော်မတီများဖွဲ့စည်းလျက် တာဝန်ရှိသူ အဆင့်ဆင့်မှ စိစစ်ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

မိမိတို့ CE များမှ SAE များ တိုက်ရိုက်ကြီးကြပ်တာဝန်ပေးသည့်အတွက် AE များ၊ EE များက Control လုပ်ဆောင်ရသည်ဆိုရာတွင် အမှန်မှာ တစ်နိုင်ငံလုံးတွင် သက်ဆိုင်ရာ CE ပြီးပါက TSE ၊ EE ၊ EE အောက်တွင် AE စသည်ဖြင့် အဆင့်အလိုက်စီမံအုပ်ချုပ်ဆောင်ရွက်သွားသည်သာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကယ်၍ ၎င်းစနစ်သည် မွန်ပြည်နယ်တွင်အားနည်းနေပါက မိမိအနေဖြင့် မွန်ပြည်နယ်ကို သွားရောက်ပြီး စီမံကွပ်ကဲဆောင်ရွက်သွားရန်အတွက် သီးခြားစီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် (၁/၂၀၁၇)ကို လိုက်နာဆောင်ရွက်ရန် တစ်နိုင်ငံလုံးကို မှာကြားပြီးဖြစ်ပါကြောင်း၊ မိမိတို့သည် ပြင်ပကုမ္ပဏီများကို တင်ဒါပေးမည်ဆိုပါက (၁/၂၀၁၇)အတိုင်း လိုက်နာဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ခေါ်ယူသည့် သဲ၊ ကျောက်စသည့် လုပ်ငန်းခွင်သုံးပစ္စည်းများကိုလည်း (၁/၂၀၁၇)အတိုင်း တင်ဒါခေါ်ယူဆောင်ရွက်သွားရန်အတွက် လမ်းညွှန်ချက်များကို တိကျစွာမှာကြားထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများသည် မလိုလားအပ်သည့် မသမာမှုများတွေ့ရှိပါက မိမိတို့ထံလာရောက်ပြီး သတင်းပို့ တိုင်ကြားနိုင်ပါကြောင်း၊ တိကျစွာဖော်ထုတ်အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်း/တံတား လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်း ဆောင်ရွက်ခြင်းမပြုမီ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ဒီဇိုင်းအဖွဲ့များက ကွင်းဆင်းတိုင်းတာ ပုံထုတ်လျက်ရှိသော ဒီဇိုင်းများအရသာ လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာ များအနေဖြင့် မိမိတို့ဆောင်ရွက်သည့်လုပ်ငန်း၏ ရန်ပုံငွေစာရင်း၊ ခန့်မှန်းခြေစာရင်း၊ ဒီဇိုင်းများကို စစ်ဆေးခံပြသနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန် ညွှန်ကြားထားပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။


 

ဒုတိယဝန်ကြီး ဦးကျော်လင်း