Skip to main content

ငွေကြေးဖောင်းပွမှု

အကျဥ်းချုပ် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၅.၆၇ ရာခိုင်နှုန်းဖြစ် ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း(မူကြမ်း)တွင် ဖော်ပြထားပါသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃-၆-၂၀၁၄ ရက်နေ့တွင် ဒေါက်တာမြင့်ကြည် (ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၈) က ငွေကြေးဖောင်းပွမှု တည်ငြိမ် ေရးအတွက် မူဝါဒချမှတ်ပေးရန် အဆိုတင်သွင်းခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်း များကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်း၊ ငွေကြေးဖောင်းပွမှုသည် နှစ်စဥ်မြင့်တက်နေသောကြောင့် ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယင်းအဆိုအား တင်သွင်းခဲ့ပါသည်။ ဤစာတမ်းတိုတွင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများနှင့် ငွေကြေးဖောင်းပွမှု အားထိန်းချုပ်ခြင်းစသည့် အချက်အလက်များအား ရှာဖွေပြုစုထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများ၏ ငွေကြေး ဖောင်းပွမှုနှုန်းများအား ဖော်ပြထားပါသည်။ ၁။ ငွေကြေးဖောင်းပွမှု (Inflation) ဆိုသည်မှာအဘယ်နည်း။ တစ်နှစ်တာကာလအတွင်း ကုန်စည်ပစ္စည်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းတို့အတွက် ကြီးမြင့်လာ သည့် ကုန်ကျစရိတ်ပမာဏအတိုင်းအတာတစ်ရပ်ကို ငွေကြေးဖောင်းပွမှုဟုခေါ်ပါသည်။ ၎င်းကို ကုန်ကျစရိတ် တိုးမြင့်မှုရာခိုင်နှုန်းအားဖြင့် ဖေါ်ပြပါသည်။ ကုန်ကျစရိတ်များ ကျဆင်းခြင်းကို ငွေကြေးကျုံ့ခြင်း(Deflation) ဟုခေါ်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု ၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုပါမူ နှစ်တစ်နှစ်၏ အစတွင် ငွေကျပ်တစ်သိန်းဖြင့် ၀ယ်ယူရရှိသော ကုန်ပစ္စည်းတစ်ခြင်းစာကို နှစ်ကုန်ပိုင်းတွင် ၀ယ်ယူ ပါက ငွေကျပ်တစ်သိန်းငါးထောင်ကျပ် ကုန်ကျလိမ့်မည်ဟု ဆိုလိုပါသည်။ ၂။ မည်သည့်အရာကငွေဖောင်းပွမှုကိုဖြစ်စေသနည်း။ ‌ေငွကြေးဖောင်းပွမှုကို ဖြစ်စေသည့်အကြောင်းအရင်းများစွာ ရှိပါသည်။ • လည်ပတ်ငွေကြေးပမာဏ(Money Supply) ကြီးထွားလာခြင်း။ စီးပွားရေးတစ်ရပ် အတွင်းရှိ ငွေပမာဏကြီးထွားလာသည့်အလျောက် ၎င်းငွေ၏တန်ဖိုး ကျဆင်းလာပါသည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်းများ၀ယ်ယူရန်အတွက် ငွေပမာဏပိုမိုများပြားစွာ လိုအပ်လာ သည်ဟူ၍ ဖြစ်ပါသည်။ • ရောင်းလိုအား (Supply) အကန့်အသတ်ရှိခြင်း။ ကုန်စည်နှင့်၀န်ဆောင်မှုလုပ်ငန်းတို့တွင် ပြတ်လပ်မှုများဖြစ်ပါက ၎င်းတို့၏စျေးနှုန်းများ တက်လာနိုင်ပါသည်။ ထိုသို့ ပြတ်လပ်မှုများ သည် ဥပမာအားဖြင့် သဘာ၀ကပ်ဘေးများ ကျရောက်ခြင်း၊ ရေနံစျေးနှုန်းများ မြင့်တက် ခြင်းစသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်လာတတ်ပါသည်။ • ၀ယ်လိုအား(Demand) တိုးမြင့်လာခြင်း။ ကုန်စည်ပစ္စည်းများအပေါ် ၀ယ်လိုအား မြင့်လာ ခြင်းကြောင့် ၎င်းတို့၏စျေးနှုန်းများကို တက်လာစေပါသည်။ စီးပွားရေးအခိုင်အမာ ကြီးထွား လာခြင်း ကဲ့သို့သော အကြောင်းရင်းများစွာတို့ကြောင့် ၀ယ်လိုအား အပြင်းအထန်မြင့်တက် လာစေခြင်း ဖြစ်ပေါ်စေတတ်ပါသည်။ • မျှော်မှန်းချက်များ (Expectations)။ အနာဂတ်၌ရှိနေနိုင်သည့် ငွေကြေးဖောင်းပွမှုအဆင့် အပေါ်မျှော်မှန်းချက်များသည် ရှေ့ရေးအတွက် လုပ်အားခညှိနှိုင်းမှုများနှင့် အခြား သဘောတူစာချုပ် (Contract) များအပေါ်၌ သက်ရောက်မှုများ ဖြစ်လာစေပါသည်။ ဤသို့ ခန့်မှန်းမှုများသည် အနာဂတ် ငွေကြေးဖောင်းပွမှုအပြောင်းအလဲများ ဖြစ်စေရန် တစ်စိတ်တစ်ပိုင်း အားဖြင့် ပံ့ပိုးမှု ဖြစ်စေပါသည်။ ၃။ ငွေကြေးဖောင်းပွမှု၏ကောင်းကျိုးနှင့်ဆိုးကျိုးများ အခြေအနေအမျိိုးမျိုးတွင် ငွေကြေးဖောင်းပွမှုသည် အကောင်းနှင့်အဆိုး သက်ရောက်မှုများရှိပါ သည်။ ထိုသို့ သက်ရောက်မှုများသည် ငွေကြေးဖောင်းပွမှုနှုန်း (Rate of Inflation) အပေါ်မူတည် နေပါသည်။ ကောင်းကျိုးများ (Positive Effects) • နောင်တချိန်ကျမှသာ၀ယ်မည်ဟု စောင့်ဆိုင်းနေခြင်းအားဖြင့် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုတို့သည် စျေးပိုကြီးမြင့်လာမည်ဟု တွေးဆကြသောကြောင့် လူတို့အား ငွေကိုလတ်တလော သုံးစွဲလိုစိတ်မြင့်စေသည်။ ဤနည်းအားဖြင့် စီးပွားရေး တိုးမြင့် ကြီးထွားလာစေရန် နှိုးဆွပေးသည်။ • ငွေကြေးဖောင်းပွမှုသည် ငွေချေးယူသူတို့အား အကျိုးအမြတ် ဖြစ်ထွန်းစေသည်။ ငွေဖောင်းပွမှုနှုန်းထက်နိမ့်သော ငွေတိုးနှုန်းဖြင့် ချေးငွေရရှိပါက ငွေချေးယူသူတစ်ဦး သည် ငွေတိုးနှုန်းမပေးရသလောက် ဖြစ်စေသည်။ ဆိုးကျိုးများ (Negative Effects) • ငွေဖောင်းပွမှုနှုန်းထက် နည်းပါးစွာ၀င်ငွေတိုး၍ရရှိသော လူတစ်ဦးအတွက် ချောင်လည်မှု လျော့ပါးလာစေသည်။ ၎င်းတို့ ၀င်ငွေလျော့ပါးသွားခြင်းဖြစ်သည်။ • ငွေတိုးနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းထက်နည်းပါက စုဆောင်းငွေများ၏ တန်ဖိုး သည်လည်း ကျဆင်းသွားသည်။ • ငွေထုတ်ချေးသူများသည်လည်း ငွေတို့၏ ချေးငွေများအတွက် ငွေဖောင်းပွမှုနှုန်းထက် လျော့နည်းသော ငွေတိုးနှုန်းကြောင့် ဆိုးကျိုးအားခံစားရပါသည်။ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေသည်။ နိုင်ငံရေးနှင့်လူမှုရေး မငြိမ်သက်မှုကို ဖြစ်ပေါ်စေသည်။ ၎င်းအပြင် အလွန်နည်းပါးသော ငွေကြေးဖောင်းပွမှုနှင့်ငွေကျုံ့ ခြင်းတို့သည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေပါသည်။ ၄။ ငွေဖောင်းပွမှုကိုခန့်မှန်းခြင်း (Inflation Predictability) အရေးကြီးပုံ ငွေကြေးဖောင်းပွမှုသည် ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိပါက စီးပွားရေးတစ်ရပ်အပေါ် ဆိုး၀ါးသော ထိခိုက်မှုများ ဖြစ်စေနိုင်ပါသည်။ • အနာဂတ်ငွေဖောင်းပွမှုကို တိကျစွာခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံလိုစိတ်လျော့ပါးသွားစေနိုင်ပါသည်။ • ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပိုမို၍ခန့်မှန်းတွက်ချက်၍ရသော နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ကြခြင်းကြောင့် နိုင်ငံ၏ပြင်ပသို့ ငွေကြေးများ ထွက်သွားစေသည်။ ၅။ ငွေကြေးဖောင်းပွမှု၏ကောင်းကျိုးနှင့်ဆိုးကျိုးတို့ကိုဘက်ညှိခြင်း ငွေကြေးဖောင်းပွမှုကို နိမ့်ပါးသောနှုန်း၌ တည်ငြိမ်အောင် ထိန်းထားခြင်းနှင့် (အရေးကြီးဆုံးမှာ) ကြိုတင်ခန့်မှန်းနိုင်ခြင်းတို့သည် ငွေကြေးဖောင်းပွမှုကို အကောင်းဆုံးချဥ်းကပ် ကိုင်တွယ်နည်းဖြစ် ကြောင်း စီးပွားရေးပညာရှင်အများစုတို့က သဘောတူညီကြသည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေး ရံပုံငွေအဖွဲ့ IMF မှ ပြောကြားပါသည်။ အဆိုပါနည်း၏ ရည်ရွယ်ချက်မှာ အနည်းငယ်သော ငွေကြေးဖောင်းပွမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကိုရရှိစေရန်၊ မြင့်မားသော ငွေကြေးဖောင်းပွမှု၏ ဆိုးကျိုး များကို အကန့်အသတ် ပြုလုပ်ထားရန် တို့ဖြစ်ပါသည်။ ၆။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်း နိုင်ငံအများစုတို့တွင် ငွေကြေးဖောင်းပွမှုဆိုင်ရာကိန်းဂဏန်းများကို ကျယ်ပြန့်စွာ မှတ်တမ်းတင်ခြင်း၊ ပုံနှိပ်ထုတ်ပြန်ခြင်းတို့ ပြုလုပ်ကြပါသည်။ ထိုသို့ ထုတ်ပြန်ရာတွင် စားသုံးသူကုန်စျေးနှုန်းများ (Consumer Prices) နှင့် ကုန်ထုတ်လုပ်သူစျေးနှုန်း (Producer Prices) တို့ပါဝင်လေ့ရှိပါသည်။ ဤကိန်းဂဏန်းများအားဖြင့် ကုန်စည်စျေးနှုန်းပြောင်းလဲဖြစ်ပေါ်မှုများကို အနီးကပ် စောင့်ကြည့်နိုင် ပါသည်။ နိုင်ငံအများအပြားတွင် ငွေကြေးဖောင်းပွမှုဆိုင်ရာ ကိန်းဂဏန်းများကို အောက်ဖော်ပြပါ လက္ခဏာရပ်များဖြင့် ဖော်ပြလေ့ရှိသည်။ (က) စားသုံးကုန်စျေးဆနှုန်းကိန်း (Consumer Prices Index (CPI)) (ခ) စားသုံးသူစျေးနှုန်းညီမျှဆနှုန်းကိန်း (Harmonized Index of Consumer Prices) (HICP))တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးကုန်စျေးဆနှုန်းကိန်း (Consumer Prices Index (CPI)) ဖြင့်တိုင်းတာပါသည်။ ၇။ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ရန် အစိုးရအဖွဲ့များကမည်သို့ ဆောင်ရွက်နိုင်သနည်း။ ငွေကြေးဖောင်းပွမှုဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းများပေါ်မူတည်၍ မူ၀ါဒ အမျိုးမျိုးချမှတ် နိုင်ပါသည်။ အများအားဖြင့် တွေ့ရှိရသော မူ၀ါဒများတွင် အောက်ဖေါ်ပြပါ အချက်များပါ၀င်ကြ ပါသည်။ (က) ငွေကြေးဖောင်းပွမှု ရည်မှန်းချက်သတ်မှတ်ခြင်း (Inflation targeting) ဗဟိုဘဏ်မြောက်များစွာတို့သည် နည်းပါး၍ တည်ငြိမ်သော ငွေကြေးဖောင်းပွမှု၌ ထိန်းထားနိုင်ခြင်းကို အဓိကမူ၀ါဒ ဦးတည်ချက်အဖြစ်ထားရှိသည့် ငွေကြေးဖောင်းပွမှု ရည်မှန်းသတ်မှတ်ခြင်း (Inflation Targeting) ဟုခေါ်တွင်သော မူ၀ါဒကို ကျင့်သုံးကြကြောင်း IMF မှ ပြောကြားပါသည်။ ဤမူ၀ါဒတွင် အနာဂတ် ငွေကြေး ဖောင်းပွမှုကို ဗဟိုဘဏ်ကကြိုတင်ခန့်မှန်းခြင်းနှင့် ၎င်းခန့်မှန်းချက်ကို အစိုးရက နိုင်ငံစီးပွားရေးအတွက် သင့်တော်သည်ဟုယုံကြည်သော ရည်မှန်း ငွေဖောင်းပွမှုနှုန်း (Target Inflation Rate)နှင့် နှိုင်းယှဥ်ခြင်းစသော ဆောင်ရွက်ချက်များ ပါ၀င် ပါသည်။ ထို့နောက် ဗဟိုဘဏ်သည် ငွေတိုးနှုန်းကို အတိုးအလျှော့ လုပ်ခြင်းဖြင့် ငွေကြေးမူ၀ါဒ (Monetary Policy) ကိုထိန်းညှိမှု ပြုလုပ်ပါသည်။ ဤနည်းဖြင့် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဆောင်ရွက်ပါသည်။ ဤမူ၀ါဒအရ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ငွေကြေးဖောင်းပွမှုရည်မှန်း ချက်များနှင့် ကိုက်ညီအောင် ငွေကြေးမူ၀ါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် လွတ်လပ်သော ဗဟိုဘဏ်ဖြစ်ရန် လိုအပ်ကြောင်း အများက ယူဆကြပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေးတစ်ရပ်လုံးအပေါ် ကောင်းသောအကျိုး စီးပွားမဖြစ်နိုင်သည့် ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ သြဇာသက်ရောက်မှု ရေတိုနိုင်ငံရေးဆိုင်ရာ အကြောင်းတရားများ ရှိနိုင်သောကြောင့် ဖြစ်ပါသည်။ (ခ) ငွေတိုးနှုန်းအပြောင်းအလဲပြုလုပ်ခြင်း (Interest rate changes) IMF ၏ အဆိုအရ ငွေတိုးနှုန်းမြင့်လာသောအခါ ငွေကြေးဖောင်းပွမှုကျဆင်းပါသည်။ အပြန်အလှန်အားဖြင့် ငွေတိုးနှုန်းနည်းသောအခါ ငွေကြေးဖောင်းပွမှုမြင်‌့တက်လာပါ သည်။ ထို့ကြောင့် ငွေတိုးနှုန်းအပြောင်းအလဲလုပ်ခြင်းသည် ငွေကြေးဖောင်းပွမှုကို တိုက်ရိုက်အထိန်းအညှိပြုလုပ်နိုင်သည့် အဓိက ကိရိယာတစ်ခုဖြစ်ပါသည်။ (ဂ) မျှော်မှန်းချက်များအား ကိုင်တွယ်ခြင်း (Managing expectations) မူဝါဒရေးဆွဲသူများသည် ကန်ထရိုက်စာချုပ်ချုပ်ဆိုသူများ၏ မျှော်မှန်းချက်များ အပေါ် သြဇာသက်ရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးမူဝါဒဆိုင်ရာ အနာဂတ် ရည်ရွယ်ချက်များကို ထုတ်ပြန်ကြေညာနိုင်သည်။ အဆိုပါထုတ်ပြန်ကြေညာချက် အပေါ်ယုံကြည်စိတ်ချရမှုရှိပါက ချုပ်ဆိုကြသော ကန်ထရိုက်စာချုပ်များအပေါ် အကျိုးသက်ရောက်စေခြင်းဖြင့် ငွေကြေးဖောင်းပွမှုအား ကိုင်တွယ်နိုင်ပါသည်။ (ဃ) နိုင်ငံခြားငွေလဲလှယ်နှုန်းသတ်မှတ်ခြင်း (Exchange rate fixing) အချို့ဗဟိုဘဏ်များသည် နည်းပါးသော ငွေကြေးဖောင်းပွမှုနှုန်းအားဖြင့် ၎င်းတို့၏ ငွေကြေးတန်ဖိုးအား အခြားနိုင်ငံတစ်ခု၏ ငွေကြေးတန်ဖိုးဖြင့် ချိတ်ဆက်ထားကြ သည်။ IMF မှ ဤနည်းလမ်းသည် အခြေအနေအတိုင်းတာတစ်ခုထိသာ အလုပ်ဖြစ် ကြောင်းမှတ်ချက်ပြုပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရင်းများကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပွားရပါက ဤမူဝါဒသည် အလုပ်မဖြစ်နိုင်ကြောင်းပြောကြား ပါသည်။ (င) ကုန်စျေးနှုန်းများတိုက်ရိုက်သတ်မှတ်ခြင်း (Directly setting prices) အစိုးရသည် စားသောက်ကုန်နှင့်စက်သုံးဆီကဲ့သို့သော အချို့သော ထုတ်ကုန်များ ကို တိုက်ရိုက်စျေးနှုန်း သတ်မှတ်နိုင်ပါသည်။ သို့သော်လည်း ဤသို့ ဆောင်ရွက်ခြင်း သည် အစိုးရအနေဖြင့် ပံ့ပိုးငွေပေးရန် ငွေပမာဏမြောက်များစွာ တင်ရှိစေနိုင်ပြီး အခြားသော ပြဿနာများအား ဖြစ်ပေါ်စေနိုင်ပါသည်။ (စ) အခွန်နှင်‌့ အသုံးစရိတ် (Tax and spending) အစိုးရတို့သည် ၎င်းတို့၏အသုံးစရိတ်ကိုဖြတ်တောက်ခြင်း၊ အခွန်ငေွတိုးမြှင့်ခြင်း စသော ဆောင်ရွက်ချက်များဖြင့် ငွေကြေးဖောင်းပွမှုကို လျှော့ကျနိုင်သည်။ မကြာ သေးမီက ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းကာလ အတွင်း ဤမူဝါဒများကို အသုံးပြုခဲ့ကြသည်။ အခွန်နှင့် အစိုးရအသုံးစရိတ်များကို အပြောင်းအလဲပြုလုပ်ရန် ဥပဒေရေးဆွဲခြင်းကိစ္စသည် ပုံမှန်အားဖြင့် အချိန်ကြာမြင့် လေ့ရှိပါသည်။ ဤဥပဒေပြဋ္ဌာန်းပြီးပါက အပြောင်းအလဲပြန်လုပ်ရန် နိုင်ငံရေးအရ ခက်ခဲတတ်ပါသည် ဟူ၍ IMF မှ မှတ်ချက်ပြုပါသည်။ ဤအပေြာင်းအလဲများ၏ အကျိုးသက်ရောက်မှုများမှာလည်း ကြိုတင်ခန့်မှန်း၍ မရကြောင်းလည်း IMF မှ မှတ်ချက်ပြုခဲ့ပါသည်။ ၈။ ငွေကြေးဖောင်းပွမှုအားတည်ငြိမ်စေရန် မူဝါဒချမှတ်ရေးအဆိုအား လွှတ်တော်သို့တင်သွင်းခြင်း ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃-၆-၂၀၁၄ ရက်နေ့တွင် ဒေါက်တာမြင့်ကြည် (ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၈) မှ ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းများကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်းနှင့် ငွေကြေးဖောင်းပွမှုသည် နှစ်စဥ်မြင့်တက် နေသောကြောင့် ထိန်းချုပ်နိုင်ရန် ငွေကြေးဖောင်းပွမှုအားတည်ငြိမ်‌ေရးအတွက်မူဝါဒချမှတ်ပေးရန် အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပါသည်။ ၁၉-၆-၂၀၁၄ ရက်နေ့တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးမှ ငွေကြေးဖောင်းပွမှု ပုံစံအမျိုးမျိုးနှင့် လက်ရှိအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ ထိန်းချုပ်နေသည့် အစီအစဥ်များရှိကြောင်း ရှင်းပြခဲ့သော်လည်း အဆိုရှင်မှ လက်မခံသည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ ၇ မဲနှင့် ကြားနေမဲ ၄၃ မဲတို့ဖြင့် အနိုင်ရရှိခဲ့ရာ အဆိုအတည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ၉။ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှု မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂.၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂.၈၅ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ၅.၆၇ ရာခိုင်နှုန်းအထိဖြစ်ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း(မူကြမ်း)မှကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် စပ်လျဥ်း၍ အာရှဖွံ့ဖြိုးရေးဘဏ်မှ အောက်ပါအတိုင်း ပြောကြားထားပါသည်- မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၆.၆ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၆.၉ ရာခိုင်နှုန်းထိမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါ သည်။ ငွေကြေးဖောင်းပွရမှုကိုဖြစ်စေသော အကြောင်းရင်းအချို့မှာ ပုဂ္ဂလိကဏ္ဍတွင် လုပ်အားခများမြင့်တက်လာခြင်း၊ လျှပ်စစ်မီးခွန်များမြင့်တက်လာခြင်းနှင့် မြို့ကြီးများရှိ အိမ်ခြံမြေစျေးနှုန်းများမြင့်တက်ခြင်းတို့ ပါဝင်ပါသည်။ ဗဟိုဘဏ်မှ အစိုးရသို့ ချေးငှား ပေးသည့် ငွေပမဏာအား လျှော့ချပေးခြင်းအားဖြင့် နှစ်လတ်ကာလတွင် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းအား လျော့နည်းစေပါသည်။ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှု ၁၀။ မြန်မာနိုင်ငံဗဟိုဘဏ်၏ဆောင်ရွက်မည့်အစီအစဥ်များ ELEVEN News Journal တွင် ဒေါ်ခင်စောဦး (ဒုတိယဥက္ကဋ္ဌ၊ ဗဟိုဘဏ်)၏ ပြောကြားချက်များမှာ- ြမန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနနှစ်ခုပူးပေါင်း၍ ငွေ‌ေကြးဖောင်းပွမှုအစီရင် ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ တစ်လလျှင်တစ်ကြိမ် တင်ပြမည်ဖြစ်ကြောင်းနှင့် စောင့် ကြည့်ထိန်းသိမ်းခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်် ငွေ‌ေကြးဖောင်းပွ မှုအားတည်ငြိမ်စေရန်အတွက် ဗဟိုဘဏ်မှ အစိုးရ၏ အသုံးစရိတ်များအား ပိုမိုထိရောက် စွာစီမံခန့်ခွဲခြင်းကို ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်၏ ကျွမ်းကျင်မှု အကူအညီများရယူကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ ငွေတိုက်လက်မှတ်များကို ဗဟိုဘဏ်မှဝယ်ယူခြင်းအစား လေလံစျေးကွက်တည်ထောင်ကာ ဘဏ်များမှဝယ်ယူခြင်း ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင် ‌ေငွကြေးစျေးကွက်ဖွံ့ဖြိုးလာပါက အပ်ငွေ/ ချေးငွေ လေလံနည်းအပြင် သွယ်ဝိုက်ငွေကြေးမူဝါဒ နည်းလမ်းများဖြစ်သည့် အစိုးရငွေချေး သက်သေခံ လက်မှတ်များအား စျေးကွက်တွင် ဝယ်ခြင်း၊ ရောင်းခြင်း၊ အစိုးရငွေချေးသက် သေခံလက်မှတ်အသုံးပြပြီး ငွေကြေးစျေးကွက်မှ ကာလတိုငွေချေးငှားခြင်းနှင့် အပ်ငွေလက် ခံခြင်း၊ ဗဟိုဘဏ်မှ ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေခြင်းများဖြင့် စျေးနှုန်းတည် ငြိမ်မှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားထားပါသည်။ ထို့ပြင် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲရာတွင် နိုင်ငံတော်၏ ရငွေနှင့်အသုံးစရိတ် အား ချိန်ညှိရေးဆွဲခြင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးပွင့်လင်းမြင်သာစွာ အတည် ပြုချက်ရယူခြင်း၊ ငွေတိုက်လက်မှတ်များထုတ်ဝေ၍ ဗဟိုဘဏ်၏ ချေးငွေဖြင့် ဘတ်ဂျတ်လို ငွေဖြည့်ဆည်းခြင်းအား လျော့ချပြီး ပြည်သူများသို့ ငွေတိုက်စာချုပ်များ ရောင်းချမည့် နည်းလမ်းဖြင့် ဘတ်ဂျတ်လိုငွေဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ ဘဏ်များသီးသန့်ငွေလို အပ်ချက်အချိုးအား အတိုးအလျော့ ပြုလုပ်မှုအပါအဝင် သွယ်ဝိုက်ငွေကြေးမူဝါဒနည်း လမ်းများဖြင့် ငွေကြေးပမာဏကို ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြော ကြားခဲ့ပါသည်။ ၁၁။ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဥ်း၍ ထင်မြင်ချက်များ ငွေကြေးဖောင်းပွမှုနှင့် စပ်လျဥ်း၍ ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ) က ELEVEN News Journal တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်- “မြန်မာနိုင်ငံကဲ့သို့သော စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်း ကောင်း၊ ထိလွယ်ရှလွယ်သောနိုင်ငံအများစုတွင် လုပ်ခ (Wage)၊ လစာ (Salary)၊ ဝင်ငွေ (Income) များ နိမ့်ကျသောနိုင်ငံများအနေဖြင့် အထွေထွေကုန်စျေးနှုန်း ြမင့်မားမှုနှုန်း သို့မဟုတ် ငွေကြေးဖောင်းပွမှုနှုန်းသည် အဓိကပူပန်မှုတစ်ခုအဖြစ် ရှိနေပါ‌ေကြာင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာတွက်ချက်ရန်အတွက် မြန်မာနိုင်ငံတွင် အိမ်ထောင်စု အများသုံးစွဲသော စားသောက်ကုန် ပစ္စည်းပေါင်း ၈၃ မျိုးနှင့်အစားအစာ မဟုတ်သော အခြားကုန်ပစ္စည်းပေါင်း ၇၅ မျိုး၊ စုစုပေါင်း ၁၅၈ မျိုးအား ရွေးချယ်ပြီး စားသုံးသူစျေးနှုန်း (Price Index) မှတစ်ဆင့် တိုင်းတာတွက်ချက်ခြင်းဖြစ်ကြောင်းကို သိရှိရပါကြောင်းနှင့် ယင်းစားသောက်ကုန်ပစ္စည်း ၈၃ မျိုးနှင့်အစားအစာမဟုတ်သော အခြားကုန်ပစ္စည်းပေါင်း ၇၅ မျိုး၊ စုစုပေါင်း ၁၅၈ မျိုး၏ အမျိုးအမည်များကို သိရှိပါက ယင်း ကုန်ပစ္စည်းများအကြား ဆက်စပ်သော ကုန်စျေးနှုန်းပုံသဏ္ဍာန်နှင့်တကွ ယင်းကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်းအပေါ် အဓိက သက်ရောက်မှုပေးနိုင်သော တစ်နည်းအားဖြင့် ပြည်သူလူထု၏ နေ့စဥ်စားဝတ်နေ ရေးအခြေအနေကိုခြိမ်း‌ြေခာက်သော ကုန်ပစ္စည်းအမျိုးအမည်များကို သရုပ်ခွဲ၍ သိရှိနိုင် မည်ဖြစ်ပါကြောင်း၊ သို့မှသာလျှင် ငွေကြေးဖောင်းပွမှုနှုန်းကို အဓိက ပြောင်းလဲစေနိုင်သော ကုန်ပစ္စည်းများ၏ စျေးနှုန်းပြောင်းလဲမှု သဘောသဘာဝကို သိရှိနိုင်မည်ဖြစ်သကဲ့သို အခြား တစ်ဖက်တွင်လည်း လည်ပတ်ငွေကြေးပမာဏ အနိမ်‌့အမြင့် အတက်အကျနှုန်းကိုလည်း လေ့လာသိရှိရန်လိုအပ်လေ့ရှိပါကြောင်းနှင့် ယနေ့ တရုတ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ၊ အောင်မြင်ရခြင်း၏ အဓိကအကြောင်း အရင်းများထဲတွင် တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းကို နှစ်စဥ် ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းခန့်တွင် ထိန်းသိမ်းနိုင်ခြင်းသည်လည်း ပါဝင်သည်ကို တွေ့ရှိရသည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးကဏ္ဍများအကြား ချိတ်ဆက်ရာ တွင်လည်းကောင်း၊ အသွင်ပြောင်းရာတွင်လည်းကောင်း နိုင်ငံ၏ လိုအပ်သောဘဏ္ဍာရေး အရင်းအမြစ်ကုန်ကျစရိတ်များကို ကောင်းမွန်စွာ သုံးသပ်နိုင်ခြင်းပင်ဖြစ်ပေလိမ့်မည်” သုံးသပ် ထားပါသည်။ ဦးမောင်တိုး (အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းကော်မတီ) ၏ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဥ်း သောထင်မြင်ချက်မှာ ကုမုဒြာဂျာနယ်တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်- “ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ရသောအကြောင်းအရင်း (Factor) များစွာရှိကြောင်း၊ ကမ္ဘာမှာ အစိုးရက Budget deficit (ဘတ်ဂျတ်လိုငေွပြခြင်း) ကို ဗဟိုဘဏ်မှ ထုတ်ချေး၍ မရကြောင်း၊ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်မှ အတိုင်းအတာတစ်ခုအထိ ချေးနေသေးကြောင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေအပေါ်နိုင်ငံတကာတွင် ဗဟိုဘဏ်မှ ထုတ်ချေးသည့်စနစ်ကို မကျင့်သုံး‌ေသးကြောင်း၊ မြန်မာနိုင်ငံတွင် ဘတ်ဂျတ်လိုငွေ၏ ၆၀ ရာခိုင်နှုန်းလောက် အား ဗဟိုဘဏ်မှ ငွေတိုက်လက်မှတ် (Treasure bill) ကို အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ထုတ်ပေးခဲ့ရသောကြောင့် ပိုက်ဆံများရိုက်ထုတ်သလိုဖြစ်နေကြောင်း” သုံးသပ်ပြောကြား ခဲ့ပါသည်။ Mr. Matt Davies ( မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ IMF)က ၂၁-၁-၂၀၁၄ ရက်နေ့တွင် ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပသော IMF ၏ သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်- “ငွေကြေးဖောင်းပွမှုသည် မြင့်တက်ဆဲဖြစ်ပြီး ငွေကြေးနှင့် ချေးငွေများတိုးတက်လာခြင်း၊ ကျပ်ငွေတန်ဖိုးလျော့ကျလာခြင်း၊ ဓာတ်အားခနှုန်းထားများ မြင့်တက်လာရန်ရှိခြင်း စသည့် ဖိအားပေးမှုများလည်းရှိနေကြောင်း၊ နိုင်ငံခြားအရံငွေပမာဏသည်လည်း နည်းပါးနေသေး သည့်အတွက် ရိုက်ခတ်မှုတစ်စုံတစ်ရာရှိလာသောအခါ ထိခိုက်လွယ်မည့်အနေအထား များရှိကြောင်း နှင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ချရန်ဘတ်ဂျတ်လိုငွေများကို ငွေစက္ကူ ရိုက်ထုတ်ဖြည့်ဆည်းသည့် အလေ့အထအား လျှင်မြန်စွာ လျော့ချပေးရန် လိုအပ်ကြောင်း” ကို အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ၁၂။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဥ်းသော နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများ Myanmar World Journal တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ၂၁-၁-၂၀၁၄ ရက်နေ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၌ ပြုလုပ်သော IMF ၏ SMP (Staff-Monitored Program) ဒုတိယအကြိမ်ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ၂၀၁၃-၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ တို့တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွ မှုနှုန်းမြင့်မားနိုင်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါထုတ်ပြန်ချက်အရ ငွေကြေး‌ေဖာင်းပွ မှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်တွင် ၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ် ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိေနမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၂ ခုနှစ် မေလတွင် စံချိန်တင်ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း သည် ၁ . ၈ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ အမျိုးသားဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှစ်ရှည် ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အ‌ေခြခံမူဘောင် တွင် ဖော်ပြထားချက်အရ သိရပါကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ၁ ဒသမ ၉၅ ရာခိုင်နှုန်း သာရှိခဲ့ပြီး လက်ရှိကာလတွင် အဆပေါင်းများစွာမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ မြန်မာ့သားကောင်း ဂျာနယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ပြောကြားချက်များမှာ- အစိုးရကဏ္ဍလစာငွေ တိုးမြှင့်မှု၊ မီတာခတိုးမြှင့်မှုနှင့် မြို့ကြီးများတွင် အိမ်ခြံမြေစျေးနှုန်းများ မြင့်တက်လာမှုများရှိနေခြင်းသည် ငွေကြေးဖောင်းပွမှုအတွက် စိုးရိမ်ဖွယ်ြဖစ်သော်လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုပမာဏသည် ၂၀၁၄ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၆.၉ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ပြီးခဲ့သောနှစ်များတွင် နိုင်ငံတကာကြွေးမြီများကို လျော့ချနိုင်ခဲ့ခြင်းသည် ငွေကြေးဖောင်းပွမှုဖြစ်စေသည့် ဖိအား များကို တည်ငြိမ်လာစေရန် အထောက်အကူဖြစ်စေသည့်အပြင် ပို့ကုန်ကန့်သတ်ချက်များ အား ဖြေလျှော့ပေးခဲ့ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းကို အရှင်ဖြစ်စေရန် ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို သက်ရောက်မှုရှိကြောင်း အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) မှ ပြောကြားချက်များအား ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ၁၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ငွေကြေးဖောင်းပွမှုနှုန်းများ ဇယား (၂) - ၂၀၁၄ ခုနှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ငွေကြေးဖောင်းပွမှုနှုန်းများ နိုင်ငံအမည် ငွေကြေးဖောင်းပွမှုနှုန်း မြန်မာနိုင်ငံ ၅.၆၇ ရာခိုင်နှုန်း မလေးရှားနိုင်ငံ ၃.၂၀ ရာခိုင်နှုန်း အင်ဒိုနီးရှားနိုင်ငံ ၄.၅၃ ရာခိုင်နှုန်း စင်ကာပူနိုင်ငံ ၁.၈၀ ရာခိုင်နှုန်း ဗီယက်နမ်နိုင်ငံ ၄.၉၄ ရာခိုင်နှုန်း ကမ္ဘောဒီးယားနိုင်ငံ ၄.၅၅ ရာခိုင်နှုန်း ထိုင်းနိုင်ငံ ၂.၁၆ ရာခိုင်နှုန်း ဘရူနိုင်းနိုင်ငံ ၀.၂၀ ရာခိုင်နှုန်း လာအိုနိုင် ၃.၇၀ ရာခိုင်နှုန်း ဖိလစ်ပိုင်နိုင်ငံ ၄.၉၀ ရာခိုင်နှုန်း ဇယား (၃) - အခြားသောနိုင်ငံများ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းနှင်‌့ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း နိုင်ငံအမည် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း လက်ရှိငွေကြေးဖောင်းပွမှုနှုန်း ခုနှစ် ရာခိုင်နှုန်း ခုနှစ် ရာခိုင်နှုန်း ဂျပန်နိုင်ငံ ၁၉၅၈-၂၀၁၄ ၃.၁၆ ၂၀၁၄ ဇွန်လ ၃.၆၀ တရုတ်နိုင်ငံ ၁၉၈၆-၂၀၁၄ ၅.၇၁ ၂၀၁၄ ဇူလိုင်လ ၂.၃၀ အိန္ဒိယနိုင်ငံ ၂၀၁၂-၂၀၁၄ ၉.၄၉ ၂၀၁၄ ဇူလိုင်လ ၇.၉၆ သြစတေးလျနိုင်ငံ ၁၉၅၁-၂၀၁၄ ၅.၂၃ ၂၀၁၄ ဒုတိယ ၃ လပတ် ၃.၀၀ ဂျာမနီနိုင်ငံ ၁၉၅၀-၂၀၁၄ ၂.၄၇ ၂၀၁၄ ဇူလိုင်လ ၀.၈၅ သတိပြုရန် ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
ရက္စြဲ
၁၂.၉.၂၀၁၄