Skip to main content

(ဆ)-ရသေ့တောင်မြို့နယ်၊ ကျီးကျွန်းတာတမံအား တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းများအောင်မြင်နိုင်ရေး အတွက် စက်ယန္တရားများဖြင့် စနစ်တကျ ပုံဖော် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

Submitted by on 18 July 2017

ဒေါ်ခင်စောဝေရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စုရှိ ကျီးကျွန်းတာတမံသည် ၁၉၇၇ ခုနှစ်ကပင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းလျက်ရှိသည့် စီမံကိန်းတာတမံ တစ်ခု ဖြစ်ပါကြောင်း၊ အရှည် ၃ မိုင် ၆ ဖာလုံရှိပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် တာတမံကို ပြုပြင်ထိန်းသိမ်းမှု အားနည်းလာသည့်အတွက် ရေငန်များစီးဝင်လာပြီး ရေတံခါးများမလုံခြင်း၊ မကြာခဏကျိုးပေါက်လာခြင်း တို့ကြောင့် နှစ်စဉ်လိုလို စပါးများပျက်စီးကြပါကြောင်း၊ တာတမံဆည်ဖို့်ထားမှုကို လေ့လာကြည့်သည့်အခါ အမှတ် (၁) ကွန်ကရစ်ရေတံခါးကို ၂၀၀၃ ခုနှစ်နှင့် အမှတ်(၂) ကွန်ကရစ်ရေတံခါးကို ၂၀၁၃ ခုနှစ်တွင် အသီးသီးတည်ဆောက်ပေးခဲ့ပြီး ရေတံခါး၏ တံခါးရွက်ကို သစ်သားအညံ့စားများဖြင့် တပ်ဆင်ထားသည့် အတွက် ကျိုးပျက်သွားသည်ကို တွေ့ရှိပါကြောင်း၊ ၎င်းတာတမံကို ၂၀၁၄-၁၅ ခုနှစ်တွင် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၆၀ ဖြင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာတွင်လည်း စက်အားမပါဘဲ လူလုပ်အားဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် မြေသားခိုင်မာမှုမရှိဘဲ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရာ ယင်းအက်ကွဲကြောင်းများကို ပပျောက်အောင်မပြုလုပ်နိုင်သေးပါကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးရာတွင်လည်း အဆင်မပြေမှုများ ကြုံတွေ့နေကြရပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျီးကျွန်းတာတမံ ဆည်ဖို့ခြင်း လုပ်ငန်းကို ၄၅ သန်းဖြင့် ဆည်ဖို့ခဲ့ရာတွင်လည်း ပေ ၁၅၀၀ ခန့်ကို လူလုပ်အားဖြင့် ဆည်ဖို့ခဲ့ခြင်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက်သာ မျှော်မှန်းပြီး အပေါ်ယံလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိုးရာသီတွင် အကြိမ်ကြိမ်ကျိုးပေါက်ကျနေရာဖြစ်သည့် လပေါ်စားချောင်းမှ အမှတ်(၁) ရေတံခါးအထိ ပေ ၄၀၀၀ခန့်မှ အတွင်း/အပြင်မှာ ရေစီးချောင်းကြီး ဖြစ်ပေါ်နေပြီး မြေတူးစရာနေရာမရှိသည့်အတွက် တာရိုးကိုပုံစံတကျ ဆည်ဖို့ရန် အခက်အခဲရှိနေပါကြောင်း၊ ၎င်းတာရိုးကို သင့်တော်သည့် နေရာသို့ ရွှေ့ပြောင်းဆည်ဖို့ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျီးကျွန်းတာတမံ ရေရှည်တည်တံ့ပြီး လယ်သမားများမှ မိမိပိုင်လယ်များကို စိတ်ချမ်းသာစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် ပြည်သူ့ဘဏ္ဍာငွေများကို အကျိုးရှိရှိစနစ်တကျ အသုံးပြုနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စုရှိ ကျီးကျွန်းတာတမံကို တာပုံစံကျကျပြုပြင်ခြင်းလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် စက်ယန္တရားများဖြင့် စနစ်တကျပုံဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 


ဦးလှကျော်ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာအနီး မေယုမြစ် ဘေးတွင် တည်ရှိသော ကျီးကျွန်း ရေငန်တားတာသည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားသည့် ရေငန်တားတာ ဖြစ်ပါကြောင်း၊ အလျားလေးမိုင်ခန့်ရှည်လျားပြီး လယ်ယာမြေဧက ၁၇၀၀ ကျော်ကို ရေဘေးကာကွယ်ပေးထားပါကြောင်း၊ ၂၀၁၅ ခုနှစ် မိုးရာသီတွင် ကိုမန် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သည့်အတွက်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ပြီး ကျီးကျွန်းရေငန်တားတာတွင် ၂၂ နေရာကျိုးပေါက်မှု ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် လယ်မြေများ ဆားငန်ရေမဝင်ရောက်စေရန်အတွက် တာကျိုးပေါက်မှုများကို မြေဖို့ပြုပြင်ရန် စီမံဆောင်ရွက်ခဲ့ရာတွင် အဆိုပါတာအစိတ်အပိုင်းများအတွင်း/အပြင် အပြင်များတွင် ရေတိုက် စားပြီး ချောင်းများဖြစ်ပေါ်နေသည့်အတွက် မြေယူရန်ခက်ခဲပြီး စက်ယန္တရားများ ဝင်ရောက်ရန် မလွယ် ကူခြင်းကြောင့် လူအားဖြင့်သာ ဆောင်ရွက်ရသည့် အခြေအနေဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျခံဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ကျီးကျွန်ရေငန်တားတာ အနေဖြင့် မေယုမြစ်ဘေးတွင် တည်ရှိသည့်အတွက် မိုးရာသီတွင် ဒီရေတိုက်စားမှုကို ပြင်းထန်စွာ ခံစားရသည့် အလျောက် ရေရှည်တောင့်တင်းခိုင်မာစေရန် တာအလျားလေးမိုင်ကို စက်ယန္တရားဖြင့် ပုံစံကျမြေဖို့ပြုပြင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဤကဲ့သို့ မြေဖို့ပြုပြင်ရာတွင် တာ၏ပေတိုင် ၄၀၀၀ ပေမှ ၁၀၀၀၀ ပေအထိ အလျား ၆၀၀၀ ပေခန့်တွင် တာအတွင်းဘက်နှင့် အပြင်ဘက် ရေတိုက်စား၍ ချောင်းများ ဖြစ်ပေါ်နေသည့်အတွက်ကြောင့် ဖို့မြေရယူရန်နှင့် စက်ယန္တရားများ ဝင်ရောက်ဆောင်ရွက်ရန် ခက်ခဲသည့် အတွက် အနောက်ဘက်ကို အူကြောင်းပြောင်းရွှေ့ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါအပိုင်း၏ ပေတိုင် ၆၅၀၀ ခန့်တွင် (၅ ပေ x ၆ ပေ) နှစ်ပေါက်ရေတံခါး တစ်ခုကိုလည်း အသစ်ထည့်သွင်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊

တာအူကြောင်း ပြောင်းရွှေ့ဆောင်ရွက်ရမည့် အပိုင်းအတွက် တာဖို့မည့်ဧရိယာ၊ မြေဖို့ယူရန် ဧရိယာနှင့် မလွတ် ကင်းသည့် မြေယာနှင့်သီးနှံများအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ သက်ဆိုင်သည့်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပြီး ဒေသခံပြည်သူများနှင့် ကြိုတင်ကွင်းဆင်းညှိနှိုင်း သဘောတူညီမှုများ ရယူပြီးသည့်နောက် မြေယာနှင့်သီးနှံလျော်ကြေးငွေများကို လျာထားသတ်မှတ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျီးကျွန်ရေငန်တားတာကို ပုံစံကျပြုပြင်ခြင်း လုပ်ငန်းအတွက် တာ၏ပေတိုင် ၄၀၀၀ ပေမှ ၁၀၀၀၀ ပေအထိအပိုင်းကို တာအူကြောင်း ပြောင်းရွှေ့တည်ဆောက်ခြင်းနှင့် (၅ ပေ x ၆ ပေ) နှစ်ပေါက်ရေတံခါးတစ်ခု တည်ဆောက်ခြင်း၊ ပေတိုင် ၀ မှ ၄၀၀၀ အပိုင်းနှင့် ပေတိုင် ၁၀၀၀၀ မှ ၂၁၁၂၀ အပိုင်းများကို ပုံစံကျမြေဖို့ပြုပြင်ခြင်း၊ ပေတိုင် ၁၀၀၀၀ နှင့် ပေတိုင် ၁၃၀၀၀ ပေရှိ မူလရှိပြီးသည့် ရေတံခါးနှစ်ခုကို ရေတံခါးရွက်များ ပြုပြင်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ရသေ့တောင်မြို့နယ်ရှိ ကျီးကျွန်းရေငန်တားတာကို စက်ယန္တရားများနှင့် ပုံစံကျပြုပြင် တည်ဆောက်ခြင်းနှင့် ရေတံခါးတစ်ခု ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံလယ်သမားများနှင့် သဘောတူညီမှုရရှိလျှင် တည်ဆောက်မှု ကုန်ကျစရိတ်၊ မြေယာသီးနှံ လျော်ကြေးများ စုပေါင်းတွက်ချက်ပြီး လိုအပ်သည့်ရန်ပုံငွေကို တင်ပြတောင်းခံမှုနှင့်အတူ ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားနိုင်မည့်အကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၎င်းတာတမံကို တာပုံစံကျကျလုပ်ပြုလုပ်နိုင်ရန် လယ်သမားများက ဆန္ဒရှိနေကြပါကြောင်း၊ သို့သော်လည်း မိမိတို့က ပြည်နယ်ဘတ်ဂျက်ဆိုတာက အမြဲတမ်းကတိကဝတ်များ ဖြစ်ပါကြောင်း၊ ယခင်က အိုးခေါက် ဆိပ်ခံ တံတားက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပေးမည်ဟု ကတိရှိခဲ့သော်လည်း ရခိုင်ပြည်နယ် ဘတ်ဂျက် နည်းသည့်အတွက် ထည့်သွင်းပေးခြင်း မရှိသေးပါကြောင်း၊ ယခုလည်း ရခိုင်ပြည်နယ်ဘတ်ဂျက်ကနေ တိုင်းတာဆောင်ရွက်ပေးမည်ဟုဖြေကြားခဲ့သည့်အတွက် အကယ်၍များ ပြည်နယ်ဘတ်ဂျက်ကများ မပါခဲ့လျှင် ပြည်ထောင်စုဘတ်ဂျက်ကများ ထည့်ပေးနိုင်ခွင့်ရှိ/မရှိနှင့် ၎င်း တာတမံကို တာပုံစံကျကျရအောင်အတွက် လယ်သမားများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဆိုသည့် အကြောင်းကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါ သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

တောင်သူများကို မြေယာအတွက် လျော်ကြေးနှင့် မြေယာလျော်ကြေးအပါအဝင် လိုအပ်သည့် ပုံစံတကျ တည် ဆောက်မည့် လုပ်ငန်းများအတွက် နိုင်ငံတော်ဘတ်ဂျက်ကနေပြီး ကျခံဆောင်ရွက်သွားရမည့် အခြေအနေတွင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် ဦးစွာမိမိတို့ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေအကန့်အသတ်ရှိမည်ဆိုလျှင်လည်း လာမည့် ၂၀၁၈-၁၉ ပြည်ထောင်စု၏ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေ ရရှိလာသည့်အလျောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

(ဇ)-မြင်းခြံမြို့နယ်၊ ဘိုးဘွားပိုင်မြေကွက် အမှတ် (၇)ရပ်ကွက်၊ ဦးပိုင် အမှတ်(၂၀)၊ ဧရိယာ(၀.၆၂) ဧက ပေါ်ရှိ နှစ်ထပ်တိုက်နှင့် ဂိုဒေါင်အဆောက်အ အုံကို မူလပိုင်ရှင်များထံသို့ ပြန်လွှဲပြောင်းပေးမည့် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 18 July 2017

ဦးပေါခင်မြေနှင့်အဆောက်အအုံကို ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခံရပြီး ရေချို၊ ရေငန်ထွက် ပစ္စည်း အရောင်းဆိုင်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနက အသုံးပြုခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ်တွင် ကုန်သွယ်ရေး ဦးစီးဌာန ပြည်သူ့ဆိုင်များဖျက်သိမ်းပြီး သမဝါယမအသင်းက ရေချို၊ ရေငန်ထွက်ပစ္စည်း အရောင်းဆိုင်နှင့် ဝန်ထမ်းသက်သာဆိုင်အဖြစ် အသုံးပြုခဲ့ပြန်ပါကြောင်း၊ ၁-၉-၁၉၇၃ ခုနှစ်မှစ၍ လစဉ် ၂၀၀ ကျပ်နှုန်းဖြင့် မြို့နယ်သမဝါယမအသင်းက ငှားရမ်းအသုံးပြုခဲ့ပါကြောင်း၊ ၂၇-၅-၁၉၇၇ ရက်နေ့ တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကိုယ်စား မန္တလေးတိုင်းကုန်သွယ်ရေး မန်နေဂျာက မူလပိုင်ရှင်ဖြစ်သည့် ဒေါ်မိမိအား ပုံစံ(၃)ဖြင့် အသိသက်သေများရှေ့မှောက်တွင် တရားဝင် စာရွက်စာတမ်းများဖြင့် နိုင်ငံတော်က အသုံးပြုခြင်း မရှိသည့်အတွက် ပြန်လည် ပေးအပ်ခဲ့ ပါကြောင်း၊ သို့သော် လက်ရောက်ပေးအပ်ခဲ့ခြင်း မဟုတ်ဘဲ စာရွက်ပေါ်တွင်သာ ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သမဝါယမအသင်းက ဆက်လက်အသုံးပြုပြီးနောက် ဆုမွန်ရတနာအထွေထွေ ရောင်းဝယ် ရေးက ဆွမ်းထွက်ပစ္စည်းအရောင်းဆိုင်အား တစ်လလျှင် ကျပ် ၆၀၀၀၀ ဖြင့် တစ်ဆင့်အငှားချထားပြီး မူလ ပိုင်ရှင်ကို ၂၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် ယင်းမြေကွက်နှင့် အဆောက်အဦမှာ အငှားချထားခြင်းမရှိဘဲ ပိတ်သိမ်းထားသည်မှာ သုံး၊ လေးနှစ်ခန့်ရှိပြီဟု သိရပါကြောင်း၊

မြင်းခြံမြို့နယ်၊ သမဝါယမအသင်း ဥက္ကဋ္ဌကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ယင်းမြေကွက်နှင့် အဆောက်အအုံအား ငှားရမ်းခြင်း၊ သုံးစွဲခြင်းမပြုရန် အထက်မှညွှန်ကြားထားပါကြောင်းနှင့် သမဝါယမအသင်းစုက ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ယခုအခါ အဆောက်အအုံတွင်လည်း ပျက်စီးယိုယွင်းစပြုနေပါပြီဖြစ်ပါကြောင်း၊ အချုပ်အားဖြင့်ဆိုသော် ပုံစံ(၃) ဖြင့် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည် ဆိုသော်လည်း လက်ရောက်ပေးအပ်ခဲ့ခြင်း မဟုတ်သည့် အတွက် အစိုးရအဆက်ဆက်အိမ်ရှင်၊ အိမ်ငှားပုံစံမျိုး သက်ရောက်နေပါကြောင်း၊

ပိုင်ရှင်ဘိုးဘွားပိုင်မြေနှင့် အဆောက်အအုံ၊ နေအိမ်၊ ဆိုင်ခန်းကို လက်လွတ်ဆုံးရှုံး စွန့်ခွာလာခဲ့ရ သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး ချမ်းသာကုန်းတွင် (၁၀) စုနှစ်များစွာ အိမ်ငှားအဖြစ် နေထိုင်ဆဲ ဖြစ်နေသည့်အပြင် ငွေကြေးကလည်း မတတ်နိုင်သည့်အတွက် မိမိတို့ ဆုံးရှုံးနေသည့် ဝိုင်းမြေနှင့် အဆောက်အအုံကို ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်း မရှိပါကြောင်း၊ နိုင်ငံတော်က နှစ်ပေါင်း ၅၀ ကျော်အသုံးပြုခဲ့ပြီး ယနေ့အသုံးပြုခြင်းမရှိသည့်အတွက် နှစ်ရှည်လများ လူမှုရေး၊ စီးပွားရေးအဘက်ဘက်က နစ်နာနေသည့်မိသားစုဘဝကို ထောက်ထားငဲ့ညှာသောအားဖြင့် အရှုပ်အရှင်း မရှိဘဲ ပိုင်ရှင်ဒေါ်မိအမည်ပေါက် ဘိုးဘွားပိုင်ဝိုင်းမြေနှင့် အဆောက်အအုံကို မူလပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည် လွှဲပြောင်းပေးအပ် သင့်ပါကြောင်း၊


ဦးလှကျော်မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၇/၁၅၄)၊ အမှတ်(၇)ရပ်ကွက်၊ မြို့မဈေးကြီး အရှေ့ဘက် ၃၂ ပေ x ၄၉ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းနှစ်ထပ်အဆောက်အဦးနှင့် မြေဧရိယာ ၀.၀၆၂ ဧကကို ၁၉၆၄ ခုနှစ်မှာ ပဆ-၉၉၅၉ နှင့် ပြည်သူပိုင်သိမ်းယူခဲ့ပြီး ကုန်သွယ်ရေးမှ အသုံးပြုခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၁၉၇၇ ခုနှစ်တွင် ကုန်သွယ်ရေးက မူလပိုင်ရှင်ဦးမြင့်‌သန်း၊ ဒေါ်မိမိအမည်နှင့် ပုံစံ (၃) ထုတ်ပေးခဲ့ကြောင်းသည်ကို တွေ့ရှိရပါကြောင်း၊

အဆိုပါ ပြည်သူပိုင်သိမ်းအဆောက်အဦကို ၁-၉-၁၉၇၃ ရက်နေ့တွင် ကုန်သွယ်ရေးထံမှ မြင်းခြံမြို့နယ်သမဝါယမ အသင်းက လွှဲပြောင်းရရှိခဲ့ပြီး အရောင်းဆိုင်အဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ မြင်းခြံမြို့နယ် သမဝါယမအသင်းကို ဆုမွန်ရတနာ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်အဖြစ် ပြန်လည်ဖွဲ့စည်းပြီးနောက် ၎င်းအဆောက်အဦကို ပွဲရုံလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်အဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် တစ်လငှားရမ်းခ ၆၆၀၀၀ နှင့် နိုင်ငံတော်ဝင်ငွေပေးသွင်းခဲ့ပြီး ၂၀၁၁ ခုနှစ် မေလအထိ အသုံးပြုခဲ့ပါကြောင်း၊ အဆိုပါ ပြည်သူပိုင်သိမ်းအဆောက်အဦသည် သမဝါယမဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ပြည်သူ့ပိုင်သိမ်းအခန်း/အဆောက်အဦများစာရင်းတွင် ပါဝင်ပြီးလက်ရှိတွင် သော့ခတ်ပိတ်သိမ်းထားသည်ကို တွေ့ရှိရပါကြောင်း၊

မူလပိုင်ရှင်အနေဖြင့် ပြန်လည်တောင်းခံလျက်ရှိသည့် ပြည်သူပိုင်အခန်းအဆောက်အဦများနှင့် စပ်လျဉ်းပြီး ၁၃-၄-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ရက်စွဲပါစာအမှတ်တွင် ပြည်သူပိုင်သိမ်းဆည်းခဲ့သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို မူလသက်ဆိုင်သူနှင့် ဆက်ခံသူ များကို ပေးအပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေအရ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်းနှင့် နိုင်ငံပိုင်သိမ်းဆည်းထားသည့် ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦ များနှင့် မြေယာကွက်များ၊ စီမံခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြိုခွဲရောင်းချရာတွင် မူလသက်ဆိုင်သူ သို့မဟုတ် ပိုင်ဆိုင်သူကိုယ်တိုင် ဦးစားပေးဝယ်ယူခွင့်ရရှိရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မူချမှတ်ထားချက်အရ ၎င်းမူအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမ စီမံ ခန့်ခွဲခွင့်အရ ပြည်သူပိုင်သိမ်းအခန်းအဆောက်အအုံများကို မူလပိုင်ရှင်များ၊ မူလပိုင်ရှင်၏ ဆက်ခံသူ များက တင်ပြတောင်းခံခြင်းနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် မြင်းခြံမြို့နယ်၊ အမှတ်(၇/၁၅၄)၊ အမှတ်(၇)ရပ်ကွက်၊ မြို့မဈေးကြီးအရှေ့ဘက်ရှိ ပြည်သူပိုင်သိမ်း အဆောက်အဦ (ပဆ-၉၉၅၉) အပါအဝင် ပြည်သူပိုင်သိမ်းအခန်း/ အဆောက်အဦ ၇၁ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏မူများနှင့်အညီ စိစစ်ဆောင်ရွက်၍ တင်ပြရန်ဆုံးဖြတ်ခဲ့သည့် အလျောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်သို့ အသေးစိတ်အချက်အလက်များနှင့် တင်ပြထားပြီးဖြစ်ပါကြောင်း၊

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

(ဃ)-မင်းဘူးမြို့၊ စကိန္တဲဘုရားအနီးမှ ရွာသာကျေး ရွာဆိပ်အထိ ကမ်းပတ်တာနှင့် ရေထိန်းတံခါးများ တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

Submitted by on 13 July 2017

photoမကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည် ရပ်ကွက်ကြီးလေးရပ်ကွက်နှင့် ဖွဲ့စည်းတည်ဆောက်ပြီး အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်ဆိုပြီး တည်ရှိပါကြောင်း၊ ၎င်း လေးရပ်ကွက်ထဲမှ အမှတ်(၁) ရပ်ကွက်က လွဲ၍ ကျန်ရပ်ကွက်များသည် နှစ်စဉ် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုဒဏ်ကို ခံစားနေကြရ ပါကြောင်း၊ ယခုကဲ့သို့ နှစ်စဉ် ဧရာဝတီမြစ်ရေ နစ်မြုပ်မှုဒဏ်ကြောင့် စားဝတ်နေရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကို ဒေသခံပြည်သူများ ကြုံတွေ့နေရပါကြောင်း၊ ရေဘေးဒဏ် ပြည်သူများကို ထောက်ပံ့ကြေးပေးရသဖြင့် ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လမ်းများ၊ တံတားများ၊ အဆောက်အဦများကို နှစ်စဉ်ပြုပြင်ပေးနေရသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြည်သူ့ဘဏ္ဍာငွေများ နှစ်စဉ်ကုန်ကျနေရပါကြောင်း၊

သို့ဖြစ်ပါ၍ နှစ်စဉ်ကြုံတွေ့နေရသည့် ဒေသခံပြည်သူများ၏ အခက်အခဲများ အဆင်ပြေစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ နှစ်စဉ်ကုန်ကျမှုသက်သာစေရေးတို့အတွက် လိုအပ်လျက်ရှိနေသည့် မင်းဘူးမြို့ ဧရာဝတီမြစ်ကမ်းနဘေး စက္ကိန်းတဲဘုရားအနီးမှ ရွာသာကျေးရွာဆိပ်ကမ်းအထိ ကမ်းပတ်တာနှင့် ရေထိန်းတံခါးများ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ်သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေအဖြစ်သော်လည်းကောင်း လျာထားတောင်းခံ ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်နှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


photoမကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များသည် မိုးရာသီအတွင်း ဧရာဝတီမြစ်ရေတက်ချိန် မြစ်ရေဝင်ရောက်ပြီး ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရခြင်းကြောင့် ကာကွယ်ပေး နိုင်ရန်အတွက် မင်းဘူးမြို့ကမ်းနားလမ်း အပြင်ဘက် မြစ်ဘက်အခြမ်းတွင် ကမ်းနားလမ်းနှင့် ထိစပ်ပြီး စကိန္တဲဘုရားမှ ရွာသာကျေးရွာထိပ်အထိ ကမ်းပတ်တာ အလျား ပေ ၈၀၀၀ ခန့် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီး  ရေတံခါး ၅ ခု ထည့်သွင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများသည် မင်းဘူးမြို့နယ်၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ရှိ နေသော လုပ်ငန်းများဖြစ်ပါကြောင်း၊ မင်းဘူးမြို့ကမ်းပတ်တာ တည်ဆောက်ခြင်းနှင့် ရေတံခါးများ ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး ကွင်းဆင်းတိုင်းတာ ညှိနှိုင်းဆောင်ရွက် ခဲ့ပါကြောင်း၊ ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်ပြီး လိုအပ်သော ဒီဇိုင်းပုံစံများ ရေးဆွဲမှုခန့်မှန်းကုန်ကျငွေ တွက်ချက်ခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ပုံငွေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း အတွက် ကွင်းဆင်းတိုင်းတာ တွက်ချက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် အချိန်ကာလ ၆ လခန့် ကြာမြင့်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် မင်းဘူးမြို့ကမ်းပတ်တာ တည်ဆောက်ခြင်းနှင့် ရေတံခါးထည့်သွင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ကွင်းဆင်းတိုင်းတာတွက်ချက်မှုများ ဆောင်ရွက်ပြီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တင်ပြ တောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

(င)-သမဝါယမ ချေးငွေများကို မည်သို့ ချေးထားပါ သနည်း၊ အသင်းသား၊ အသင်းသူသစ်များ ထပ်မံ တိုးချဲ့၍ ပွင့်လင်းမြင်သာစွာချေးပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 13 July 2017

photoတရုတ်ပြည် Excel ဘဏ်မှ ချေးယူထားသောငွေများကို သမဝါယမဦးစီးဌာနက တာဝန်ယူ၍ ပြည်သူများထံ ချေးငှားထားပါကြောင်း၊ ချေးငှားသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိပါကြောင်း၊ ချေးငှားရသည့် ရည်ရွယ်ချက်က ဆင်းရဲ မွဲတေမှုများ လျော့ကျရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာရန် ချေးငှားခြင်းဖြစ်သော်လည်း အမှန်တကယ်ချေးငှားသည့်အခါ လက်သင့်ရာကိုသာ အဓိကထား ချေးငှားသည်ကို တွေ့ရှိရပါကြောင်း၊

ပြည်သူရွေးချယ်ထားသည့် အရပ်သားအစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရရှိလာသည့် တိုးနှုန်းများကို တိုင်းပြည်အတွက် မည်ကဲ့သို့သုံးစွဲမည်ကိုလည်း ပြည်သူအများသိရှိအောင် ချပြရန်လည်း လိုအပ်ပါ ကြောင်း၊ နိုင်ငံတကာချေးငွေများထဲတွင် ယခုချေးထားသည့် တရုတ်ချေးငွေသည် အတိုးနှုန်း အမြင့်ဆုံးဖြစ်သည့်အတွက် အကျိုးရှိရှိအသုံးချရန် လိုအပ်ပါကြောင်း၊ သမဝါယမချေးငွေများကို ပြန်လည်စိစစ်သုံးသပ်ပြီး ကျေးရွာရပ်ကွက်ရှိ အဖွဲ့အစည်းများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ အခြေခံလူတန်းစားများဖြစ်သည့် ကျေးလက်နေပြည်သူလူထု ဆင်းရဲ မွဲတေမှုလျှော့ချရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရန်နှင့် ပြည်သူလူထုမှ ယုံကြည်သော ကော်မတီများ ဖွဲ့စည်း၍ပွင့်လင်းမြင်သာစွာ ချေးငှားပေးရန်အတွက် သမဝါယမ ချေးငွေများကို မည်သို့ချေးထားပါသနည်းနှင့် အသင်းသား/သူများကို ထပ်မံတိုးချဲ့၍ ပွင့်လင်းမြင်သာစွာ ချေးပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


photoစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍတွင် လက်ရှိဆောင်ရွက် လျက်ရှိသော အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာနှင့် သွင်းအားစုများ အရစ်ကျ ရောင်းချရေး လုပ်ငန်းအပါအဝင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရေးအတွက် မူဝါဒချမှတ်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊  သမဝါယမအသေးစား အရင်းအနှီးချေးငွေ လုပ်ငန်း၏ ရည်ရွယ်ချက်က ပြည်သူများပြင်ပမှ အတိုးကြီးပေးပြီး ငွေချေးနေမှုမှ သက်သာစေရန် နောင်လာမည့်နှစ်များတွင် ပြင်ပမှငွေချေးစရာမလိုဘဲ မိမိပိုင်ငွေကြေးဖြင့် ရပ်တည်လာနိုင်စေရန် မျှော်မှန်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သမဝါယမအသင်းသားများကို ချေးငွေထုတ်ချေးနေခြင်းဖြစ်ပြီး ငွေကျပ်တစ်သိန်းချေးမယ်ဆိုလျှင် ချေးငွေ၏ ၁၀ ရာခိုင်နှုန်းကို စုဆောင်းစေပြီး ခြောက်လတစ်ကြိမ် ပြန်ဆပ်သည့်စနစ်ကို ကျင့်သုံးစေလျက် ရှိပါကြောင်း၊ အသင်းသားများကို ချေးငွေထုတ်ပေးသည့် အတိုးနှုန်းကတစ်လတွင် တစ်ကျပ်ခွဲနှုန်း၊  တစ်နှစ်တွင် ၁၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အသင်းသား၏စုဆောင်းငွေကို တစ်နှစ်တွင် ၁၂ ရာခိုင်နှုန်း အတိုးခံစားခွင့်ပြု လျက်ရှိပါကြောင်း၊ သမဝါယမဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း ဆောင်ရွက်သည့်အခါ အသင်းသားတောင်သူ လယ်သမားများသည် ရာသီအလိုက်သီးနှံပေါ်ချိန်တွင် ခြောက်လတစ်ကြိမ် အရင်း/အတိုး ပြန်ဆပ်ရပါကြောင်း၊ ချေးငွေကျေသည်နှင့် တစ်ပြိုင်နက် နောက်ရာသီိအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ပြန်လည်ထုတ်ချေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

သမဝါယမအသင်းသားအသစ်များ ထပ်မံတိုးချဲ့ဝင် ရောက်လိုပါက နီးစပ်ရာကျေးရွာ သမဝါယမ အသင်းများတွင် အဆိုပြုတင်ပြပြီး သတ်မှတ်ထားသည့် အစုငွေထည့်ဝင်၍ အသင်းသားအဖြစ် ဝင်ရောက်ဆောင်ရွက်နိုင်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် ဖွံ့ဖြိုးရေးကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း ချေးငွေများ မဆုံးရှုံးစေရေးအတွက် သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ သမဝါယမအသင်းအဆင့်ဆင့်သည် စဉ်ဆက် မပြတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းသားအသစ်များ ထပ်မံတိုးချဲ့ပြီး ဝင်ရောက်လိုပါက ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေနှင့် ၂၀၁၃ ခုနှစ် သမဝါယမအသင်း နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ချေးငွေများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ထုတ်ချေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသူ
တရုတ်ပြည် Excel ဘဏ်မှ ချေးယူထားသောငွေများကို သမဝါယမဦးစီးဌာနက တာဝန်ယူ၍ ပြည်သူများထံ ချေးငှားထားပါကြောင်း၊ ချေးငှားသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိပါကြောင်း၊ ချေးငှားရသည့် ရည်ရွယ်ချက်က ဆင်းရဲ မွဲတေမှုများ လျော့ကျရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ

(စ)-၂၀၁၀ ခုနှစ်က ဖောက်လုပ်သည့် ခပေါင်းရေ လွှတ်တမံကြောင့်ဆုံးရှုံးခဲ့ရသောလယ်ယာမြေများ အတွက် နစ်နာမှုဖြေလျော့ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 13 July 2017

photoအုတ်တွင်းမြို့နယ်တွင် ၂၀၀၁-၂၀၀၂ ခုနှစ်က ခပေါင်းရေလှောင်တမံဘက်စုံစီမံကိန်းကို စတင် အကောင်အထည်ဖော်ကာ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ပင်မတမံကြီးနှင့် အဝေရာရေထိန်းတမံများကို တည်ဆောက်စဉ်ကလည်း ရေဝပ်ဧရိယာအတွင်းသို့ ရောက်ရှိခဲ့သည့် ရွာပေါင်း ၁၄ ရွာသည် ပြောင်းရွှေ့ခဲ့ရပြီး လယ်ဧက ၂၀၀ ကျော်သည်လည်း ရေများနစ်မြုပ်ခဲ့ရပါကြောင်း၊

ပြောင်းရွှေ့စဉ်က ဒေသခံပြည်သူများကို ပြောင်းရွှေ့ခအဖြစ် တစ်အိမ်ထောင်ကို ၇၀၀၀ နှုန်းသာ လျော်ကြေးပေးသည့်အတွက် ဒေသခံပြည်သူအများစုအနေဖြင့် ထုတ်ယူခြင်းမရှိကြပါကြောင်း၊ ရွာများပြောင်း‌ရွှေ့ရခြင်းကြောင့် အခက်အခဲများ များစွာဖြစ်ကာ ယခုထိတိုင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း တွေ ပြည့်စုံစွာမရှိသေးပါကြောင်း၊

အဝေရာရေထိန်းတမံမှ ရေများကို ရေပေးဝေစနစ်အသုံး ပြုရန်အတွက် အုတ်တွင်းမြို့နယ်အတွင်း ခပေါင်းလက်ယာတူးမြောင်းမကြီးတည်ဆောက်ရာ အရှည် ၃၀.၆၃ မိုင်၊ အကျယ်ပျမ်းမျှပေ ၂၀၀ ခန့်နှင့် လက်ယာလက်တံမြောင်းကို အရှည် ၂၉.၃ မိုင်နှင့် အကျယ်ပျမ်းမျှပေ ၁၄၀ ခန့်ဖြင့် ၂၀၁၀ ခုနှစ်ခန့်မှာ တည်ဆောက်ခဲ့ပါကြောင်း၊ ထိုတည်ဆောက်မှုကြောင့် ဒေသခံတောင်သူများ၏ လယ်ယာမြေဧက ၁၂၀၀ ကျော်ခန့် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊

လယ်ယာမြေများကို ရေပေးဝေစနစ်သုံးဖို့အတွက်ုရေလှောင်တမံကြီးများ၊ တူးမြောင်းမကြီးများနှင့် လက်တံမြောင်းများ တည်ဆောက်ခြင်းသည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နေသည်မှာ မှန်သော်လည်း ယခုလိုတည်ဆောက်ခြင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများကို ဖြေလျှော့မှုများအဖြစ် နစ်နာကြေးများ ပေးသင့်ပါကြောင်း၊ ခပေါင်းရေလွှတ်တမံ တည်ဆောက်ရေးအတွက် နစ်နာကြေးတစ်စုံတရာမရရှိခဲ့ဘဲ ဆင်းရဲချို့တဲ့ ကြပ်တည်းစွာဖြင့် ဘဝကို ကြိုးစားရုန်းကန်နေကြရပါကြောင်း၊  

ယခုကဲ့သို့ လယ်ယာမြေများကို သိမ်းဆည်းခဲ့ရာတွင်လည်း ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ အများပြည်သူသိရှိရန် ကြေညာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ လျော်ကြေးငွေ တွက်ချက်ခြင်း၊ လျော်ကြေးထုတ်ပေးခြင်းစသည့် ဥပဒေနှင့်အညီ သိမ်းဆည်းခြင်းမဟုတ်ဘဲ စနစ်တကျ အမှုတွဲမတည်ဆောက်ဘဲ သိမ်းဆည်းခဲ့သည့်အတွက် လယ်ယာမြေ သိမ်းဆည်းခံရခြင်းသည် မတရားသိမ်းဆည်းခံရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၀ ခုနှစ်က ဖောက်လုပ်သည့် ခပေါင်းရေလွှတ်တမံကြောင့် ဆုံးရှုံးခဲ့ရသော လယ်ယာမြေများ အတွက် နစ်နာမှုဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

photo

ခပေါင်းရေလှောင်တမံတွင် ပါဝင်သည့် လက်ယာတူးမြောင်းကို အုတ်တွင်းမြို့နယ်အတွင်းရှိ လယ်မြေဧက ၄၀၀၀၀ ကို ရေပေးဝေရန်နှင့် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ပြီး ၁၉၉၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော် ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၉၃) သဘောတူခွင့်ပြုချက်အရ ခပေါင်းရေလှောင်တမံ တည်ဆောက်မှုနှင့် ဆက်စပ်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်းပဲ ထိုအချိန်ကာလက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားများ၏ နစ်နာမှုအတွက် ဆောင်ရွက်ပေးနိုင်ခဲ့မှုများတွင် အားနည်းချက်များ ရှိသည်မှ မှန်ကန်ပါကြောင်း၊ လက်ယာ တူးမြောင်းဖောက်လုပ်ခဲ့ရာမှာ စီမံကိန်းဧရိယာနှင့်မလွတ်ကင်းတဲ့ လယ်ယာအချို့တွေပါဝင်သွားရပြီး နစ်နာခဲ့သည့် တောင်သူများကို နစ်နာကြေးပေးရန်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီးနောက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများကြောင့် ဖြစ်ပေါ် လာသည့် နစ်နာဆုံးရှုံးမှုများကို  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  ယခုအချိန်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်‌ရေးဗဟိုကော်မတီဖွဲ့စည်းထား ရှိပြီးဖြစ်ခြင်းကြောင့် နစ်နာမှုရှိသည့် ဒေသခံတောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ယင်းညှိနှိုင်းဆောင်ရွက် ရရှိသည့် တင်ပြချက်ကို ကော်မတီသို့ ဆက်လက်တင်ပြအဆုံးအဖြတ် ရယူသွားနိုင်ရန် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်း)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော၏ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှုတွင် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကလည်း ထိခိုက်နစ်နာမှုတွေကို လျော်ကြေး ပေးရန် လမ်းညွှန်ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည့်အတွက် မိမိတို့မြို့နယ်တွင်ရှိသော တောင်သူ များ၏ လယ်ယာမြေဆုံးရှုံးမှုအတွက် နစ်နာမှုကို ဖြေလျှော့ပေးဖို့ရန် မည်သည့်အချိန်ကာလတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးလှကျော်

သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်ပြီးနှစ်ပိုင်း ပိုင်းခြားထားမှုရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ မတိုင်ခင်ကိစ္စရပ်များကို အမှန်တကယ်နစ်နာဆုံးရှုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒုတိယသမ္မတ(၂)ဦးဆောင်သည့် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြား မြေများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ က စိစစ်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ နစ်နာမှုရှိသည့် တောင်သူများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အဆိုပါကော်မတီကို တင်ပြပေးရန်နှင့် သက်ဆိုင်သည် ဝန်ကြီးဌာနအနေဖြင့်လည်း အမှန်တကယ်ဖြစ်ပေါ်ခဲ့သည့် အခြေအနေအပေါ် ပြန်လည်စိစစ်ပြီး ထောက်ခံမှုနှင့် အဆုံးအဖြတ်ရယူဆောင်ရွက်ပေးသွားနိုင်မည့်အခြေအနေဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

(ဂ)-သက်ဆိုင်ရာကျေးရွာလယ်စီအဖွဲ့၏ထောက် ခံချက်ဖြင့်လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ဝယ် ထားသူ၏ နာမည်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ် ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Submitted by on 3 July 2017

ဒေါ်ချိုချို၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ လယ်ယာမြေ ဥပဒေအခန်း (၄)၊ ပုဒ်မ ၁၂ အပိုဒ်ခွဲ (ဂ) အရ လည်းကောင်း၊ လယ်ယာမြေဥပဒေအခန်း(၆) ပုဒ်မ ၁၈ အရလည်းကောင်း၊ လယ်ယာမြေနည်းဥပဒေ ၂၄ နည်းဥပဒေခွဲ(က)အရ လည်းကောင်း၊ လယ်သမားများသည် လယ်ယာမြေလုပ်ပိုင်ခွင့်‌ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ပြုလုပ်နိုင်သည်ကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေတို့တွင် ပြဋ္ဌာန်းပြီးဖြစ်သော်လည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချသည့်အခါတွင် ဖြစ်စေ၊ လဲလှယ်ပေးကမ်းသည့်အခါတွင်ဖြစ်စေ တစ်ပါတည်း ပေးလိုက်သော မူလလယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပြီး လုပ်ဆောင်ခွင့်‌မရရှိခြင်းများ ဖြစ်နေသည့်အတွက် တောင်သူလယ်သမား များသည် ပုံစံ-၇ သာလက်ဝယ်ရှိနေပြီး မူလလယ်ယာမြေ လုပ်ပိုင်ခွင့်‌ရှိသူ၏ အမည်သာ ဖြစ်နေသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူခွင့်‌မရရှိဘဲ မူလအမည်ပေါက်သူ ထုတ်ယူပြီးမှသာ ရရှိနေသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ သို့သော် ချေးငွေထုတ်ချေးသည့်အခါ မူလအမည်ပေါက်သူ ခရီးလွန် နေခြင်း၊ အခြားဒေသသို့ပြောင်းရွှေ့သွားခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ချေးငွေလိုက် ထုတ်ပေးနိုင်ခြင်း မရှိသည့်အခါ မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို ကိုင်ထားပြီး ချေးငွေ ထုတ်ယူခွင့်‌မရသော အခက်အခဲများ တွေ့ကြုံနေရသည့်အတွက် ဝယ်ယူထားသူများနှင့်‌ လဲလှယ် ပေးကမ်းခြင်း ခံရသူများသည် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူအမည် ပြောင်းလဲလို ကြပါကြောင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်‌ရရှိသူ အမည်ပြောင်းလဲပေးရေးအတွက် လယ်ယာမြေကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်းအတွက် စာချုပ်ချုပ်ဆိုပြီး သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ပြီးမှ ပုံစံ-၇ ထုတ်ပေးမည်ဟု သိရပါကြောင်း၊ ထိုသို့ မှတ်ပုံတင်ရန် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဒေသန္တရ အခြေအနေအရ ဆီလျော်သောဈေးနှုန်းသတ်မှတ်ပေးသည့် တန်ဖိုးအပေါ် ထိုက်သင့်‌သည့် အခွန် တံဆိပ်ခေါင်းအား ထမ်းဆောင်မှသာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲနိုင်မည်ဖြစ် သည်ဟု ပြောကြားပါကြောင်း၊

ယခုအချိန်အထိ လယ်ယာမြေလုပ်ပိုင်ခွင့်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်းတို့အတွက် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်တန်ဖိုးများကို သတ်မှတ်နိုင်ရေး ညှိနှိုင်းမှုသည် မပြီးပြတ် သေးဘဲ လယ်သမားများ အခက်ကြုံနေရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက် ရက်စွဲပါ ဗဟို လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တွင် အမွေဆက်ခံခြင်း၊ မြေယာပြုပြင ပြောင်းလဲခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိပြီးသော ဦးပိုင်များအား ခွဲစိတ်ခွင့်‌၊ ပေါင်းစပ်ခွင့်‌တို့အား ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းဆိုင်ရာ နည်းလမ်းညွှန်ကြားချက် များသာ ပါရှိပါ ကြောင်း၊ မြေပြင်တွင် ဝယ်ယူထားမှုများနှင့် လဲလှယ်ခြင်း၊ ပေးကမ်းခြင်းခံရသူများ လယ်ယာမြေ လုပ်ပိုင်ခွင့်‌ ရရှိသူ အမည်ပြောင်းလဲပေးရန်အတွက် တစ်ဧကကို ၇၀၀၀၀ မှ ၁၅၀၀၀၀ နှုန်းအထိ ပေးဆောင်ရခြင်းများ ရှိကြသကဲ့သို့ လယ်မရှိဘဲ စိုက်ပျိုးစရိတ်ချေးရန်နှင့် လယ်ယာမြေပြဿနာများ မဖြေရှင်းနိုင်သေးခင် ပုံစံ-၇ တွင် ထွက်ရှိနေခြင်းများ များစွာ ရှိနေသည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် အရောင်းအဝယ်စာချုပ် ချုပ်ရာတွင်လိုအပ်သော သက်ဆိုင်ရာ ဒေသန္တရပေါက်ဈေးအပေါ် မူတည်ပြီး အခွန်သတ်မှတ်ခြင်းကို ယခုတိုင်မလုပ် ဆောင်ပေးခြင်းကလည်း အချို့သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် မြေစာရင်းဦးစီးဌာနကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရေးအတွက် တောင်သူ လယ်သမားများထံမှ တစ်ဧကကို မည်သည့်ဈေးနှုန်း သတ်မှတ်ပေးဆောင်စေရန် အခွင့်အရေးပေးနေသကဲ့သို့ ဖြစ်နေပါ ကြောင်း၊

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို အရပ်ကတိဖြင့် ရောင်းဝယ်ထားသည့်အတွက် သက်ဆိုင်ရာ ကျေးရွာရှိ လယ်စီအဖွဲ့ကလည်း လယ်ယာမြေလုပ်ပိုင်ခွင့် အပြောင်းအလဲကို သိရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများအတွက် မလိုလားအပ်သော ငွေကုန်ကြေးကျမှု မဖြစ်ပေါ် စေရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူ များက ကြုံတွေ့နေရသော အခက် အခဲများကို ပြေလည်စေရန်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူများ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ရန်အတွက် လိုအပ်သော ငွေရေးကြေးရေးအဆင်ပြေစေရန် သက်ဆိုင်ရာကျေးရွာရှိ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၏ ထောက်ခံချက်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ဝယ်ယူထားသူ၏ အမည် ဖြင့်စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဦးလှကျော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူများ စိုက်ပျိုးလုပ်ကိုင်မှု အဆင်ပြေချောမွေ့စေရေး အတွက် လိုအပ်သောအရင်းအနှီးဖြစ်သော စိုက်ပျိုးစရိတ်ကို ချေးငွေတစ်ရပ်အနေဖြင့် ထုတ်ချေးပါ ကြောင်း၊ ချေးငွေညွှန်ကြားစာပါ ငွေချေးစည်းကမ်းချက်များကို သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေလုပ်ပိုင်ခွင့်‌ပြုလက်မှတ်   ပုံစံ-၇ ရရှိပြီးသူကို ထုတ်ချေးရန် သတ်မှတ်ထားပါကြောင်း၊

သို့သော်လည်း အချို့ဒေသများတွင် ပုံစံ-၇ ထုတ်ပေးမှုလုပ်ငန်း ပြီးပြတ်မှုမရှိသေးသောကိစ္စ၊  လယ်ယာမြေကို ရောင်းဝယ်မှုများပြုလုပ်သည့်အခါ ဝယ်ယူထား‌သော တောင်သူများအနေဖြင့် ၎င်းတို့၏ အမည်ပြောင်းလျှောက်ထားမှု ဆောင်ရွက်ဆဲနှင့် မဆောင်ရွက်ရသေးသော အခြေအနေ တို့ကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေကို ချေးပေးနိုင်ရန်အတွက် စည်းကမ်းချက်အရ အကန့်အသတ်ရှိသော်လည်း တောင်သူများ  စိုက်ပျိုးစရိတ်ချေးငွေရရှိရေးအတွက် လယ်သမားများအခက်အခဲ ကြုံတွေ့နေရသည်ကို လတ်တလော ဖြေလျှော့ပေးသည့်အနေဖြင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော  တောင်သူလယ်သမားများ ချေးငွေရရှိနိုင်မှု အခွင့်အလမ်းမဆုံးရှုံးစေရန် လယ်ယာမြေပိုင်ဆိုင်မှုနှင့်‌ ဧရိယာအတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်‌ စာရင်းအင်းဦးစီးဌာန၊ သီးနှံစိုက်ပျိုးမှုအတွက် စိုက်ပျိုးရေး ဦးစီးဌာနကစိစစ်ပြီး၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အဖွဲ့နှင့်‌ စိစစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ ထုတ်ချေး ပေးခဲ့ပါကြောင်း၊

လက်ရှိပြဋ္ဌာန်းထားသော ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်ပတ်သက်ပြီး အခန်း ၄ လယ်ယာမြေလုပ်ပိုင်ခွင့်‌ရရှိသူ လိုက်နာရမည့်စည်းကမ်းများအပါအဝင် ပြဋ္ဌာန်းချက်ပါ လယ်ယာမြေ လုပ်ပိုင်ခွင့်‌ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များနှင့် အခြားလိုအပ်သည်များအား ခေတ်နှင့်လျော်ညီစွာ၊ လွယ်ကူစွာလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ကို ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါ မူကြမ်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စု လွှတ်တော်သို့ ဆွေးနွေးအတည်ပြုပေးနိုင်ရန်အတွက် ပေးပို့ထားရှိပြီးဖြစ်ပါကြောင်း၊

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း ပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့်‌ရရှိသူများ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်သွားနိုင်ပြီး လယ်ယာမြေအတွက် အခွန်တံဆိပ်ခေါင်းပါ ကိစ္စရပ်များအပါအဝင် လိုအပ်သောပြဋ္ဌာန်းချက်များကို စီမံဆောင်ရွက်သွားနိုင်သည့်အပြင် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများသည် ချေးငွေထုတ်ချေးရန်အတွက် သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ချေးငွေထုတ်ချေးခွင့် ရှိသည်ဟု ဝန်ကြီးကဖြေကြားထားသော်လည်း လက်တွေ့ မြေပြင် အခြေအနေတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ၏ အမည်ပြောင်းပြီးမှသာ ချေးငွေ ထုတ်ချေးခွင့်ရရှိသည့်အတွက် တစ်ဧကကို ၇၀၀၀၀ မှ ၁၅၀၀၀၀ နှုန်း အထိ ပေးပြီး မိမိ၏ အမည်ပေါက်ရေးအတွက် လုပ်ဆောင်နေရသည့်အတွက် လယ်သမားများ လက်တွေ့ကြုံနေရသော ပြဿနာများ ပြေလည်စေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားပါသနည်း၊ လယ်ယာမြေ လွှဲပြောင်း ခြင်းနှင့်ပတ်သက်ပြီး အခွန်ဥပဒေအမြန်ဆုံးပေါ်ပေါက်ရန် ဝန်ကြီးဌာနအနေဖြင့် မည်သည့်အချိန်တွင် အမြန်ဆုံးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်ကိစ္စရပ်သည် အောက်ခြေတွင် ဖွဲ့စည်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ တာဝန်ရှိမှုဖြစ်ပါကြောင်း၊ အောက်ခြေတွင် မလိုလား အပ်သောကိစ္စရပ်များ မဖြစ်စေရန် မိမိတို့ဝန်ကြီးဌာနအောက်ရှိ လယ်ယာ မြေစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့ကို သေချာစွာ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ရှင်းလင်း‌ဖြေကြား ပါသည်။

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးလှကျော်
Subscribe to စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း