Skip to main content

(ခ)-ရှမ်းပြည်နယ် မြောက်ပိုင်း၊ မယ်ဟန်-မိုင်းရယ် ပျက်စီးကားလမ်းအဆင့်မြှင့်တင် ပြုပြင်ခြင်း ၂၀၁၇ -၁၈ ဘဏ္ဍာရေးနှစ် လျာထားချက်တွင် ပါဝင်မှု မရှိ ခြင်နှင့်လမ်း၊တံတားလုပ်ငန်းများအတွက်မည်သည့် မူဝါဒဖြင့် ရန်ပုံငွေ ခွဲဝေ လျာထားသည် တို့နှင့်စပ် လျဉ်းသည့် မေးခွန်း

Submitted by on 12 July 2017

photoဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လားရှိုး-မယ်ဟန်-မိုင်းရယ်-ကျေးသီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၉၀.၆၂၅  သန်းဖြင့် ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်းခြင်း ၇ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပျက်စီးနေသောလမ်းအပိုင်းကို အထူးပြင်ဆင်ထိန်သိမ်းခြင်း ရန်ပုံငွေနှင့် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသော ၇၁ မိုင် ၁ ဖာလုံကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးသွားမည်ဟု ‌ဖြေကြားခဲ့ပါကြောင်း၊

မယ်ဟန်-မိုင်းရယ်ကားလမ်းအပိုင်းသည် လူစီးယာဉ်၊ ကုန်တင်ယာဉ်များနှင့် နေ့စဉ် အစီး ၃၅၀ ခန့် အများအပြား ဖြတ်သန်းသွားလာအသုံးပြုနေရသည့်အတွက် ၁၈ ပေအကျယ် ကားလမ်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ အချို့လမ်းအပိုင်းများတွင် ကျဉ်းမြောင်းပြီး‌ ယာဉ်တစ်စီးနှင့်တစ်စီး တိမ်းရှောင်ရန်ခက်ခဲ၍ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်းများရှိသည့်အတွက် အမြန်ပြုပြင်ဆောင်ရွက်ပေးရန် တောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ ယခုတင်ပြသောလမ်းအပိုင်းကို တိုးချဲ့ ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ရန်ပုံငွေ အနည်းငယ်သာ ချထားပေးသည့်အတွက် ကောင်းမွန်သော လမ်းတစ်ခုရရှိရန် နှစ်ချီစောင့်ဆိုင်းနေရပါကြောင်း၊ ထို့ကြောင့် မယ်ဟန်-မိုင်းရယ်လမ်းအပိုင်း ပြုပြင်ခြင်းလုပ်ငန်းများကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းပြီး နှစ်အလိုက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်၍ လာမည့် ဘဏ္ဍာရေးနှစ်အတွင်း အပြီး ဆောင်ရွက်ပေးနိုင်ရန်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးပြီး ဘဏ္ဍာရန်ပုံငွေများကို လုံလောက် စွာ ခွဲဝေချထားပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်ကတစ်ဆင့် တင်ပြခဲ့သော်လည်း ရန်ပုံငွေများ ခွဲဝေလျာထားခြင်းကို မတွေ့ရှိရသည့်အတွက် ယခု လွှတ်တော်တွင်ထပ်မံတင်ပြ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မယ်ဟန်-မိုင်းရယ်ကားလမ်းအပိုင်းရှိ ပျက်စီးနေသော ကားလမ်းအပိုင်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲတင်ပြပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းလျာထားချက်တွင်း မရှိသည်ကိုလည်း သိရှိလိုပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသော လမ်း၊ တံတား လုပ်ငန်းများအတွက် ရန်ပုံငွေခွဲဝေလျာထားရာတွင် ဒေသအလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး မျှတစွာရန်ပုံငွေခွဲဝေ လျာထား သည်ကို မတွေ့ရသည့်အတွက် မည်သို့သောမူဝါဒများနှင့်  မည်ကဲ့သို့ရန်ပုံငွေခွဲဝေချထားသည်ကို သိရှိလိုပါကြောင်းနှင့် မယ်ဟန်-မိုင်းရယ် ကားလမ်းအပိုင်းတွင် အမှန်တကယ် လမ်းအဆင့်မြှင့်တင် တိုးချဲ့ပေးရန် ကျန်ရှိနေသောလမ်းအပိုင်း အချို့အား မည်သည့်ကာလတွင် အပြီးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။



photoရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းသည် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲလျက်ရှိသော လမ်းဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် (တောင်ပိုင်း) ကို ဆက်သွယ်ထားသော အရေးကြီးသောလမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ လားရှိုးမြို့အဝင် မိုင်တိုင်(၀/၀) မယ်ဟန်ကျေးရွာမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် (တောင်ပိုင်း)နယ်စပ် နမ့်လောင်းကျေးရွာအထိ လမ်းအရှည် ၇၁ မိုင်  ရှိသည့်အနက် ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၉ မိုင် ၇ ဖာလုံရှိပြီး ကျန် ၅၁ မိုင် ၁ ဖာလုံသည် ၁၂ ပေ အကျယ် ကတ္တရာလမ်းများ ဖြစ်ပါကြောင်း၊

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် မေးမြန်းခဲ့သော ကြယ်ပွင့်မပြမေးခွန်းအား မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းသည် ပြည်နယ်အစိုးရက စီမံခန့်ခွဲသော လမ်းဖြစ်သည့်အလျောက် ငါးနှစ်စီမံကိန်းတွင် ထည့်သွင်း လျာထားပြီး ပြည်နယ်ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊

ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်း ကတိပေးထားသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင်မပါရှိရခြင်းမှာ အဆိုပါလမ်းသည် ပြည်နယ်အစိုးရမှစီမံခန့်ခွဲသောလမ်းဖြစ်သည့်အတွက် ပြည်ထောင်စုရန်ပုံငွေတွင် မပါရှိခြင်းသာ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအတွက် ရန်ပုံငွေ ၁၄၇၆.၆၆ သန်း ရရှိပြီးဖြစ်ပါကြောင်း၊ အဓိကရှင်းလင်းတင်ပြလိုသည်မှာ ပြည်ထောင်စုဝန်ကြီးမှ ကတိပေးဖြေကြားခဲ့သည့် အတွက် ပြည်နယ်မှစီမံခန့်ခွဲသောလမ်းဖြစ်၍ ပြည်နယ်ရန်ပုံငွေအဖြစ်ထည့်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊

အဆိုပါ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအား ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အောက်ပါ အတိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းသည် နေ့စဉ်ယာဉ် ဖြတ်သန်းမှု ၃၅၀ စီးရှိပြီး မယ်ဟန်-မိုင်းရယ်အထိ လက်ရှိ ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရက စီမံခန့်ခွဲသောလမ်းဖြစ်သဖြင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၄၇၆.၆၆ သန်း ဖြင့် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ခြောက်မိုင်၊ မြေသားတာဘောင်ချဲ့ခြင်း တစ်မိုင် လေးဖာလုံနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း နှစ်မိုင် ငါးဖာလုံတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသော ၁၂ ပေအကျယ် ကတ္တရာလမ်းကိုလည်း ပြုပြင်ထိန်းသိမ်းရင်း ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် နှစ်စဉ်တိုးတက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရသော လမ်း၊ တံတားလုပ်ငန်းများအတွက် ရန်ပုံငွေခွဲဝေလျာထားရာတွင် မူဝါဒများချမှတ်၍ ဒေသအလိုက်လိုအပ်ချက်ပေါ်မူတည်ပြီး ခွဲဝေချထားလျက် ရှိပါကြောင်း၊ ဒေသအားလုံးတစ်ပြေးညီ တိုးတက်စေရန်နှင့်‌ ဒေသခံပြည်သူတို့၏ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် မိုးရာသီကာလသွားလာခြင်းမပြုနိုင်သော မြေသားလမ်းများအား ရာသီမရွေး သွားလာ နိုင်သော အမာခံလမ်း၊ ကျောက်လမ်းအဖြစ်သို့လည်းကောင်း၊ ဒေသထွက်ကုန်များ  လျင်မြန် ချော့မွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် အမာခံလမ်းကျောက်လမ်းများအား နှစ်အလိုက်ကတ္တရာလမ်း အဆင့်သို့ လည်းကောင်း၊ ဦးစားပေးအစီအစဉ်များဖြင့် အောက်ပါအတိုင်း ရန်ပုံငွေများကို ခွဲဝေချထားလျက် ရှိပါကြောင်း၊ (၁) လွှတ်တော်အသီးသီးရဲ့ ကတိကဝတ်များ၊ (၂)  နိုင်ငံတော်၏ လိုအပ်ချက်အရ ဆောင်ရွက်ရန်လမ်း/တံတားများနှင့် (၃)     ပုံမှန်ဆောင်ရွက်ရန်ရှိသော လမ်းလုပ်ငန်းများ အစရှိ သည်ဖြင့် ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မယ်ဟန်-မိုင်းရယ်လမ်းအပိုင်းတွင် ကျန်ရှိသော ၁၂ ပေ အကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၂၈ မိုင် ၁ ဖာလုံကျန်ရှိနေပါသဖြင့် ၎င်းကျန်ရှိလမ်းပိုင်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် ၉ မိုင် ၁ ဖာလုံ၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၉ မိုင်၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၀ မိုင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်ရန်ပုံငွေဖြင့် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး အထက်လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း‌ဖြေကြားပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန

(ဂ)-ရတနာပုံ စီလီကွန် စီမံကိန်းမြေအဖြစ် သိမ်း ဆည်းထားသော ဧကတစ်သောင်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အသုံး ပြုရန်မလိုသောကျန်မြေဧကများကိုဒေသခံတောင် သူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 12 July 2017

photoနိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေလွတ် မြေရိုင်း၊ မြေလပ်များထဲမှ လိုအပ်သော အနည်းဆုံးမြေဧကကို ပြန်လည် ရယူပိုင်ခွင့်ရှိသည်ဟု လည်းကောင်း၊ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများဖြစ်သည့် သစ်တော နယ်မြေများကို ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် သဘာဝနယ်မြေ ရေဝေရေလဲဒေသများမှ သဘာဝ အင်းအိုင်များကို ထိန်းသိမ်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ၃၀-၃-၂၀၁၂ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀)တွင်မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေတွင် တွေ့ရှိရပါကြောင်း၊ ၂၀၁၀၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၁)၌ လယ်ယာမြေ ဥပဒေတွင် လည်း နိုင်ငံတော်အကျိုးဖြစ်ထွန်းသည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းဆည်း ယူရာတွင် အနည်းဆုံးလိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလ အတွင်း အမြန်ဆုံးပြီးစီးရေးအတွက် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ခြင်း မပြုလုပ်ပါက မူလလယ်ယာလုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂလိကအဖွဲ့အစည်းများထံ ပြန်လည်ပေးအပ် ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

 ပြင်ဦးလွင်မြို့နယ်တွင် ရတနာပုံစီလီကွန် စီမံကိန်းမြေအဖြစ် ဧက တစ်သောင်း သိမ်းဆည်းထား သော်လည်း စီမံကိန်းအကောင်အထည်ဖော်မှုမှာ ၂၀ ရာခိုင်နှုန်းပင် မရှိသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ ထိုကဲ့သို့ သိမ်းဆည်းထားသော်လည်း စီမံကိန်းနှင့် ကာလကြာရှည် အသုံးမပြုဘဲ တာဝန်ရှိသူမှ ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့် သဘာဝသစ်တော၊ ထင်းရှူးတောများ ပြုန်းတီး နေပြီဖြစ်ပါကြောင်း၊

၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအတွက် အမိန့်ကြော်ငြာစာအမှတ်(၅/၂၀၁၃)အရ စိုက်ပျိုးမြေပါဝင်နေပါက တရားမဝင်လုပ်ပိုင်ခွင့်ရရှိခြင်း မရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဆိုထားပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၇ အရ  နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မြေအား သင့်တင့်မျှတရေးဖြစ်သည်ဟု ဆိုထားပါကြောင်း၊ နိုင်ငံတော်စီမံကိန်းများ ခန့်ခွဲဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မရှိမဖြစ်လိုအပ်သကဲ့သို့ တောင်သူလယ်သမားများအတွက် မြေယာသည်လည်း အဓိကကျပါကြောင်း၊

ထို့ကြောင့် ရတနာပုံမြေဧကတစ်သောင်းကို အမြန်ဆုံး အကျိုးရှိရှိ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။



photoမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့သစ်စီမံကိန်းကို မြန်မာ နိုင်ငံ၏နည်းပညာဗဟိုအချက်အခြာတစ်ခုဖြစ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာအဆင့်မီ IT နည်းပညာဗဟို တစ်ခုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့ရုံး၏ ၂-၈-၂၀၀၆ ညွှန်ကြားချက်အရ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရတနာပုံ မြို့သစ်ဧရိယာအတွင်းရှိ မြေနေရာများအား လ/န(၃၉)လျှောက်ထားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ မြေသိမ်းအမိန့်ထုတ်ပြန်၍ ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေသိမ်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ မြေသိမ်း ဆောင်ရွက်ခဲ့သည်ဧက ၁၀၀၀၀တွင်  ရတနာပုံမြို့သစ် လ/န(၃၉)ကျပြီး ၆၆၂ ဧက၊ သစ်တောကြိုးဝိုင်းမြေ ၆၈၃၄ ဧက၊ တောရိုင်းမြေ ၂၂၀၇ ဧက၊ စိုက်ပျိုးမြေ ၂၉၇ ဧက ပါဝင်ပါကြောင်း၊ မြေသိမ်းလျော်ကြေး ကျသင့်ငွေများကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှကျခံ၍ ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် လျော်ကြေးငွေများ ထုတ်ပေးခဲ့ပါကြောင်း၊ စိုက်ပျိုးမြေ ၂၉၇ ဧကအတွက် လျော်ကြေးကျပ် ၁၅၂.၂ သိန်းနှင့် သီးနှံနှင့် အဆောက်အဦလျော်ကြေးငွေ ၁၇၁၉.၈၆၆ သိန်းဖြစ်၍ စုစုပေါင်း လျော်ကြေးငွေသည် ကျပ် ၁၈၇၂.၀၆၆ သိန်းလျော်ကြေးဖြစ်ပါကြောင်း၊

 ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် ရတနာပုံမြို့သစ်စီမံကိန်း မြေဧရိယာဧက ၁၀၀၀၀ ကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မြေသိမ်းမိန့် (၃)စောင်ထုတ်ပြန်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ အမည်ပေါက်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဧက ၁၀၀၀၀ အနက် ဧရိယာ ၁၀၇ ဧကအား အကျဉ်း ဦးစီးဌာန ၂၄ မိုင် ကျောက်ထုတ်စခန်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသဖြင့် ဧရိယာ ၉၈၉၃ ဧက ကျန်ရှိပြီး ၎င်းကျန်ရှိဧရိယာမှ ၆၆၂ ဧကအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ ရတနာပုံမြို့သစ်အိမ်ရာစီမံကိန်းဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်က ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာများဖြင့် ရတနာပုံမြို့သစ်တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ကာ ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာ ၉၈၉၃ ဧကကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပိုင်ဆိုင်စီမံခန့်ခွဲသောမြေအဖြစ် သတ်မှတ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ် မတ်လမှစတင်ပြီး အဆိုပြုစီမံကိန်း(Master Plan)ပုံစံကို ရေးဆွဲကာ စီမံကိန်းကို အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်သွားရန် စီမံခဲ့ပါကြောင်း၊

စီမံကိန်း အဆင့်(၁)သည် ဧရိယာ ၂၂၀၀ ဧကရှိပြီး Software ရေးဆွဲထုတ်လုပ်သည့်စက်ရုံများ၊ Factory Complex စိမ်းလန်းမြေနှင့် ဝန်ဆောင်မှုဧရိယာများ၊ ICT  နည်းပညာများ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးစေရန်အတွက် နည်းပညာသင်တန်းကျောင်းများပါဝင်သည့် ICT Main Complex အိမ်ရာစီမံကိန်းနှင့် ဝန်ထမ်းအိမ်ရာများ၊ နေ့ကလေးထိန်းကျောင်း၊ အားကစားကွင်းနှင့် စားသောက် ဆိုင်များ အများဆုံးဝန်ဆောင်မှုများပါဝင်သည့် တောင်ပိုင်းအိမ်ရာစီမံကိန်းစသည့် မြေအသုံးပြုမှုများ ဖြင့် ဖွဲ့စည်းပါဝင်ပါကြောင်း၊

စီမံကိန်းအဆင့်(၂)သည် ဧရိယာ ၂၉၁၉ ဧကရှိပြီး အဆိုပြုပုံစံမှာ လူနေဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဝန်ဆောင်မှုဇုန်၊ စီးပွားရေးဇုန်၊ အသေးစားအလတ်စားစက်မှုလက်မှုဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးဇုန်များပါဝင်ပါကြောင်း၊

 စီမံကိန်းအဆင့်(၃)သည်  ဧရိယာ ၄၇၇၄ ဧကရှိပြီး တန်ဖိုး နည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးမြင့်အိမ်ရာ၊ ဟိုတယ်ဇုန်၊ နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ သီးနှံစိုက်ပျိုးရေးဇုန်၊ ဝန်ဆောင်မှုဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဌာနဆိုင်ရာရုံးများနှင့် ဂေါက်ကွင်းဧရိယာများပါဝင်ပါကြောင်း၊

စီမံကိန်းကို ဆောင်ရွက်မည်ဆိုပါက မြို့ပြဖွံ့ဖြိုးမှုပုံစံ Urban Development လုပ်နိုင်သော နေရာနှင့် မလုပ်နိုင်သောနေရာများကို ပြန်လည်ဆန်းစစ်ရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဒေသလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါကြောင်း၊ အနာဂတ်အတွက် အဆိုပြုမြို့ပြဖွံ့ဖြိုးမှုသာမက စိုက်ပျိုးရေးကိုအခြေပြုသည့် အထူးဇုန်အဖြစ် ဖွံ့ဖြိုးမှု စီမံကိန်း ပုံစံ(Proposal Future Development Plan)ကို ပြည်တွင်းရင်းနှီးမြှုပ်နှံသူ များသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်၍ ပွင့်လင်းမြင်သာစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Development Plan ရေးဆွဲခြင်းကို သုံးလမှ ခြောက်လ အတွင်း၊ အတည်ပြုခြင်းကို ခြောက်လမှ တစ်နှစ်နှင့် အကောင်အထည်ဖော်ခြင်းကို ငါးနှစ်၊ ၁၀ နှစ်မှ ၁၅ နှစ်စီမံကိန်းများဖြင့် ဆောင်ရွက်ခြင်းတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ပုဂ္ဂလိကမှပါဝင်မှု၊ ပြည်ပရင်းနှီး မြှုပ်နှံမှု များဖြင့် ရည်ရွယ်ဆောင်ရွက်သွားဖြစ်ပါကြောင်းနှင့် စီမံကိန်းဧရိယာ၊ ဧကများပြားသည့်အတွက် တစ်ပြိုင်နက် ဆောင်ရွက်ရန် အခက်အခဲရှိပါသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

၆-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၇)၏ သဘောတူညီချက်အရ ရတနာပုံ မြို့သစ် တည်ဆောက်ရေးဦးစီးကော်မတီနှင့် ရတနာပုံမြို့သစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီများ ဖွဲ့စည်းပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အဆိုပါမြေများကို ယာမြေ/ လယ်မြေ/စိုက်ပျိုးမြေများအဖြစ် ပြန်လည်ပြောင်းလဲရန် အစီအစဉ်မရှိပါကြောင်းနှင့် Master Plan အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာအောင်ခင်(ပြင်ဦးလွင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရတနာပုံ စီလီကွန်စီမံကိန်းကို ၂-၈-၂၀၁၆ ခုနှစ်ကတည်းက သိမ်းယူခဲ့သည်မှ ယခုဆိုလျှင် ၁၁ နှစ်ကြာမြင့်ပြီဖြစ်ပြီဖြစ်ပြီး ယခုအချိန်ထိလည်း အကောင်အထည်ဖော်မှုဟာ မတွေ့ရပါကြောင်း၊ အဆိုပါစီမံကိန်းတွင် နေရာတွင်ရှိနေသော ပေပင်ကျေးရွာသည်လည်း အကြိမ်ကြိမ်ပြောင်း ရွှေ့ခဲ့ရပြီး ယခုရှိနေသော ရွာမြေအရ မြေဧရိယာကျဉ်းမြောင်း၍ ရတနာပုံ စီလီကွန်စီမံကိန်း ဧရိယာအတွင်းသို့ ငါးဧကခန့်ချဲ့ထားရပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များအပေါ် ဝန်ကြီးအနေဖြင့် ထည့်သွင်း စဉ်းစားပေးမည့်အစီအစဉ်ရှိ/မရှိ သိရှိုလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ယခုအစိုးရသစ်လက်ထက်တွင် ရတနာပုံ စီလီကွန်စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ကိုးဦးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ပါဝင်သော ဦးစီးကော်မတီဖွဲ့စည်းရန် မူအားဖြင့် သဘောတသည့်အတွက် Cabinet ကိုတင်ပြထားပါကြောင်း၊ ထို့နောက် အဆိုပါ ဦးစီးကော်မတီက Master Plan သုံးခု၊ကို ဆက်လက်စိစစ်ပြီး နိုင်ငံတော်အတွက်အကျိုးရှိ/မရှိ၊ ပိုမိုကောင်းမွန်သည့် စီမံကိန်းအဖြစ် ပြင်ဆင်ရန်ရှိ/မရှိ  စသည့်အချက်များကို ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

စီမံကိန်းဧရိယာတွင် လာရောက်နေထိုင်သော အိမ်စုများနှင့် ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော်ပါက Master Plan အတိုင်းဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သို့သော်လည်း စီမံကိန်းသည် ကြီးမားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများ၊ နေအိမ်များ တည်ဆောက်ရန်လည်း ပါရှိသည့်အတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ရရှိရေးကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန

(ဃ)-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ မိုင်တိုင်(၄၆/၃ နှင့်၄၆/၄ကြား)မြင်းမူမြို့တွင် လမ်း/တံတား အသုံး ပြုခ ကောက်ခံလျက်ရှိသော ရွှေတောင် ဖွံ့ဖြိုးတိုး တက်မှုကုမ္ပဏီ၏လမ်း/တံတား အသုံးပြုခကောက် ခံရေးဂိတ်အား ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Submitted by on 12 July 2017

photoမြင်းမူမြို့နယ်သည် တရုတ်၊ အိန္ဒိယနိုင်ငံများကို ကားလမ်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည့် ပြည်ထောင်စု လမ်းမကြီးများပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါလမ်းမကြီး၏ စစ်ကိုင်း-မုံရွာလမ်းပိုင်းကို ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်မူရင်းအရ ၇၁ မိုင် ၆ ဖာလုံ၊ ပြင်ဆင်သည့်စာချုပ် အရ ၇၄ မိုင် ၇ ဖာလုံရှိပြီး အဆိုပါမိုင်အတွင်း၌ တိုးလ်ဂိတ် သုံးဂိတ်ထားရှိကောက်ခံလျက်ရှိပါကြောင်း၊ နေ့စဉ်ယာဉ်သွားလာမှု စီးရေ AATD ၆၀၀၀ ကျော်ရှိနေသည့်အတွက် မိုင် ၃၀ ကို တစ်ဂိတ်နှုန်းဖြင့် ကောက်ခံနေခြင်းသည် ကုန်စည် စီးဆင်းမှုနှင့် ခရီးသွားများအတွက် နှောင့်နှေးမှုကို မကြာခဏဖြစ်စေသည်သာမက အမှားယွင်းတစ်ခုဖြစ်ပေါ်လျှင် ကားအစီးရေ ရာနှင့်ချီပြီး ပိတ်ဆို့တတ်ပါကြောင်း၊

ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ချုပ်ထားသည့် စာချုပ်အရ ဂိတ်တည်ဆောက်ရာနေရာပြသည့် နောက်ဆက်တွဲ(ခ)တွင် မြင်းမူမြို့က တိုးလ်ဂိတ်ပါရှိခြင်းမရှိပါကြောင်း၊ မြို့၏အဝင်ဝ  စည်ပင်သာယာ နယ်နိမိတ်ထဲမှာ တည်ဆောက်ထားခြင်းကြောင့် မြို့တွင်းသွားလာရေးနှင့် မြို့နယ် အတွင်း သွားလာ ရေးများတွင် များစွာအခက်အခဲဖြစ်စေပါကြောင်း၊ မြင်းမူမြို့ကို အရှေ့ဘက်တစ်ခြမ်း၊ အနောက်ဘက် တစ်ခြမ်း ပိုင်းခြားထားသကဲ့သို့ဖြစ်နေသည့်အပြင် အရောင်းအဝယ်များကျဆင်းသည့် အတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအနှောင့်အယှက်အဟန့်အတား ဖြစ်ရပါကြောင်း၊ ထို့ကြောင့် မြင်းမူမြို့က ပြည်သူများအနေဖြင့် မြို့နယ်အတွင်း သွားလာရေးတွင် အတားအဆီးမရှိ အဆင်ပြေစွာ သွားလာရန် အတွက် (၁) စစ်ကိုင်း-မုံရွာ ကားလမ်းမပေါ်ရှိ မိုင်တိုင် ၄၆/၃ နှင့် ၄၆/၄ ကြား မြင်းမူမြို့က ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ၏ လမ်းတံတားအသုံးပြုခကောက်ခံရေးဂိတ်အား ဖျက်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိ၊ (၂) မဖျက်သိမ်းနိုင်ပါက အဘယ်ကြောင့်ဆိုသည်နှင့် မြင်းမူမြို့နယ်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေး ဟာ အဟန့်အတားဖြစ်နေခြင်းအပေါ် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။



photoစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်း၏ စစ်ကိုင်း-မုံရွာလမ်းအပိုင်း၊ မြင်းမူမြို့ရှောင်လမ်းနှင့် စစ်ကိုင်းအဝိုင်းမှ ရတနာပုံတံတားအထိ ၇၄ မိုင် ၇ ဖာလုံအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရွှေတောင်ဟိုင်းဝေးကုမ္ပဏိလီမိတက်သို့ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်‌ပြုထားပါကြောင်း၊ ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီအား မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်း (စစ်ကိုင်း-မုံရွာအပိုင်း) (မြင်းမူမြို့ ရှောင်လမ်း အပါအဝင်) ၇၃ မိုင် ၃ ဖာလုံအား B.O.T စနစ်ဖြင့် စတင်လုပ်ကိုင်ရန် ၁-၄-၂၀၁၈ တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၅-၇-၂၀၁၀ ရက်နေ့တွင် MIC Permit ခွင့်‌ပြုချက်အရ B.O.T နှုန်းထားဖြင့် ကောက်ခံရန်ခွင့်ပြုခဲ့ပါကြောင်း၊ B.O.T စာချုပ်၏ နောက်ဆက်တွဲ (ခ)တွင် မြင်းမူကောက်ခံရေး  ဂိတ်မပါဝင်သော်လည်း တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၂၆-၂-၂၀၀၉ ရက်စွဲပါ စာအမှတ်၊(၉၁၂) အရ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ရထားသည့် လမ်းအပိုင်းတွင် ခေတ်မီ Computerize ဖြင့် Toll Gate အသစ်ဆောက်လုပ်ရန်ခွင့်‌ပြုခဲ့သည့်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှလည်း ၂၆-၅-၂၀၁၁ ရက်စွဲပါစာအမှတ်၊(၇၁၈၇)အရ ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်အား စစ်ကိုင်း-မုံရွာလမ်းအပိုင်းရှိ စစ်ကိုင်း(မုံရွာဂိတ်)နှင့်‌ မြင်းမူ ဂိတ်တို့အား B.O.T နှုန်းထားဖြင့်‌ ကောက်ခံရန်ခွင့်‌ပြုခဲ့ပါကြောင်း၊

အဆိုပါလမ်းပိုင်း ၇၄ မိုင် ၇ ဖာလုံတွင် စစ်ကိုင်းမှ မြင်းမူအထိ ၃၆ မိုင် ၄ ဖာလုံအပိုင်းနှင့်‌ မြင်းမူမှ မုံရွာအထိ ၃၈ မိုင် ၃ ဖာလုံအပိုင်းအတွက်သာ လမ်းအသုံးပြုခကောက်ခံခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်း-မုံရွာအသွား လမ်းကြောင်းအတိုင်း အသုံးပြုပါက ကံတလူဂိတ်တွင် ၃၆ မိုင် ၄ ဖာလုံအတွက် လမ်းအသုံးပြုခ ကောက်ခံပြီး မြင်းမူဂိတ်သို့ရောက်ရှိပါက ကံတလူဂိတ်မှ ပြေစာကိုစစ်ဆေးပြီး မြင်းမူ-မုံရွာအပိုင်း ၃၈ မိုင် ၃ ဖာလုံအတွက်သာ ထပ်မံကောက်ခံပါနှင့် မုံရွာဂိတ်သို့ရောက်ရှိပါကမြင်းမူဂိတ်မှ ပြေစာကိုစစ်ဆေးပြီး ပါရှိပါက ထပ်မံကောက်ခံခြင်း မပြုပါကြောင်း၊

 အလားတူ မုံရွာ-စစ်ကိုင်းအပြန်လမ်းကြောင်းအတွက် အသုံးပြုပါက မုံရွာဂိတ်တွင် မုံရွာ-မြင်းမူအပိုင်း ၃၈ မိုင် ၃ ဖာလုံအတွက် ကောက်ခံပြီး မြင်းမူဂိတ်ရောက်ရှိပါက မုံရွာဂိတ်မှပြေစာကို စစ်ဆေးပြီး ပါရှိပါက မြင်းမူ-စစ်ကိုင်းအပိုင်း ၃၆ မိုင် ၄ ဖာလုံအတွက်သာ ထပ်မံကောက်ခံကာ ကံတလူဂိတ်ရောက်ရှိပါက မြင်းမူဂိတ်မှပြေစာကိုစစ်ဆေးပြီး ပြေစာပါရှိပါက ထပ်မံကောက်ခံခြင်း မပြုပါကြောင်း၊

သို့ဖြစ်ပါ၍ ရွှေတောင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ လမ်းအသုံးပြုခကောက်ခံနေသော ဂိတ် ၃ ခုတွင် ဂိတ် ၂ ခုမှ ဖြတ်သန်းပေးဆောင်ခဲ့ပြီးပါက နောက်ဂိတ်တစ်ခုတွင် ထပ်မံပေးဆောင်ရန် မလိုအပ်သောကြောင့်‌ မြင်းမူတိုးလ်ဂိတ်အား ဖျက်သိမ်းရန်အစီအစဉ်မရှိပါကြောင်း၊

မြင်းမူကောက်ခံရေးဂိတ်၏ အရှေ့ဘက်နှင့်‌အနောက်ဘက် သုံးမိုင်အတွင်း နေထိုက်လျက်ရှိသည့် ဒေသခံပြည်သူများအဆင်ပြေစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေတောင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်နှင့်‌ ဒေသခံပြည်သူလူထုတို့ ဆွေးနွေးညှိနှိုင်းပြီး အထူးကိစ္စတစ်ရပ်အနေဖြင့် အခမဲ့ဖြတ်သန်းသွားလာခွင့်‌ပြုနိုင်ရေးအတွက်ကို  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစိုးစံသက်ထွန်း(မြင်းမူ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဖြေကြားချက်တွင် ဂိတ်ကို ၂၆-၇-၂၀၀၉ ခုနှစ်တွင် တိုင်းအေးချမ်းသာယာရေးနှင့်‌ဖွံ့ဖြိုးရေးကောင်စီက ခွင့်‌ပြုခဲ့သည်ဟု ဖြေကြားခဲ့ပါကြောင်း အဆိုပါ ပဋိဉာဏ်စာချုပ်သည် ကန်ထရိုက်နံပါတ် ၂၀၁၀-၂၀၁၁ (B.O.T) ၁၆နှင့်  ၂၅-၇-၂၀၁၀ တွင် ချုပ်ဆိုခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်က ခွင့်‌ပြုခဲ့သည့် ဂိတ်သည် ၂၀၁၀ စာချုပ်၏ နောက်ဆက်တွဲ(ခ)တွင် မည်သည့်အတွက် ပါရှိလာခြင်းမရှိသည်ကို ရှင်းလင်းစွာ သိချင်ပါ ကြောင်းနှင့် အဆိုပါ ဂိတ်ကို စာချုပ် စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း၊

ဖြေကြားချက်တွင်ပါရှိသည့် ၃ မိုင်အတွင်း နေထိုင်သူများကို သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟူသောအချက်သည်လည်း ထိုသို့သတ်မှတ်၍ အဆင်မပြေနိုင်ပါကြောင်း၊ ဂိတ်ကိုမရောက်ခင် ၃ မိုင်အတွင်းမှ မြင်းမူကနေ နောင်ကြီးအိုင်ကိုဆက်သွယ်ထားသည့် လမ်းတစ်လမ်းရှိသကဲ့သို့ မြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းများ လည်းရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါလမ်းကို  ၃ မိုင်သာသုံးပြီး စစ်ကိုင်းကလာသည့် ဂိတ်ကြေးကို ပေးဆောင်နေရခြင်း များရှိသည့်အတွက်  ထို့သို့ပေးဆောင်ပေးရမှုများကိုလည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဖြေလျော့မှုများကို မည်သည့်အချိန်တွင် ပြီးစီးအောင် အကောင်အထည်ဖော် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော်တွင် မေးခွန်းများကို ဖြေကြားမည်ဆိုပါက ဖြေကြားရမည့် မေးခွန်းများသည် ယခင်လွှတ်တော်အဆက်ဆက်တွင် မေးမြန်းဖြေကြားခဲ့သည့် မေးခွန်းများနှင့် ဆက်စပ်မှု ရှိ/မရှိ၊ နိုင်ငံတကာတွင် စာချုပ်ထားသော စာချုပ်စာတမ်းများနှင့် ဆက်စပ်မှုရှိ/မရှိ၊ အနာဂတ် Future plan များနှင့် ဆက်စပ်မှုမရှိမရှိ ဆန်းစစ်ပြီး ပြည်ထောင်စုဝန်ကြီးကိုတင်ပြကာ အတည်ပြုချက်ရရှိသည့် အချိန်တွင် ဖြေဆိုခြင်းဖြစ်ပါကြောင်း၊

မိမိတို့ ကိုယ်တိုင်လည်း သွားရောက် စိစစ်ခဲ့ပါကြောင်း၊  ၂၀၀၈၊ ၂၀၀၉ ခုနှစ်က ခုဂိတ်နှစ်ခုဆိုသည်မှာလည်း မှန်ကန်ပါကြောင်း၊  စစ်ကိုင်းမှာ တစ်ဂိတ်၊ မုံရွာမှာ တစ်ဂိတ်၊ ၇၂ မိုင် အတွက်ကို နှစ်ဂိတ်သာ ထားရှိခဲ့ချိန်တွင် စစ်ကိုင်းကလာသည့်ကားအနေဖြင့် မုံရွာကိုသွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ၇၂ မိုင်အတွက် ပေးဆောင်ရပါကြောင်း၊ ထို့အတူ မုံရွာကလာသည့် ကားများအနေဖြင့်လည်း ၇၂ မိုင်စာပေးအတွက် ပေးဆောင်ရခြင်းများကြောင့် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အလယ်ခေါင် ၃၆ မိုင်တွင် တစ်ဂိတ်ထားပြီး ၃၆ မိုင်အတွက်သာ ပေးဆောင်ရန် MIC က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့ခြင်းကြောင့် ဥပဒေနှင့် ညီပါကြောင်း၊

နံပါတ်(၂)မေးခွန်းဖြစ်နှင့် ပတ်သက်၍ နောင်ကြီးအိုင်မှ လာသည့်ကားစီးရေသည် တစ်နေ့ကို စီးရေ ၂၅၀နှင့် ၃၀၀ ခန့်ရှိပြီး ၎င်းတို့အထဲမှ သုံးပုံတစ်ပုံခန့်သည် မြင်းမူဘက်သို့လည်းကောင်း၊ သုံးပုံနှစ်ပုံခန့်သည် စစ်ကိုင်းနှင့်မန္တလေးသို့ ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊ ဂိတ်ကို လမ်းဆုံ၏ စစ်ကိုင်းဘက်အခြမ်းကို ရွှေ့လိုက်မည်ဆိုပါက မြင်းမူဘက်ချိုးကွေ့သည်ကားများအတွက် အဆင်ပြေသော်လည်း စစ်ကိုင်းဘက်ချိုး ကွေ့သည် ကားများအတွက် အဆင်ပြေနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ရွာကလာသည့် ကားများအတွက် စစ်ကိုင်းကလာသည် ဂိတ်ကြေးကို ပေးရန်မလိုဘဲ လျော့ပေါ့သက်သာသည့် နှုန်းတစ်ခု ဖြင့် ဆောင်ရွက်ပေးရန် ကျေးပေးစရာမလိုဘဲနဲ့ သူ့အတွက်လျော့ပေါ့သက်သာတဲ့ နှုန်းတစ်ခုလုပ်ပေးဖို့ စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန

(င)-BOTစနစ်ဖြင့်လုပ်ကိုင်ခွင့် ပေးထားသောလမ်း များ၏အရည်အသွေးသည် ပြည်သူများ ပေးဆောင် နေရသည့် လမ်းအသုံးပြုခ နှုန်းထားများနှင့် ထိုက် တန်မှု မရှိ ဖြစ်နေခြင်းများကို မည်ကဲ့သို့ စိစစ်ကြပ် မတ်ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 12 July 2017

photoပဲခူးတိုင်းဒေသကြီးအတွင်း  B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ ၆ ခု ရှိပါကြောင်း၊ မိမိတို့ပဲခူးတိုင်း အနောက်ခြမ်းတွင် မက်(စ်) ကုမ္ပဏီနှင့် နေလသစ္စာ ကုမ္ပဏီတို့က လမ်းများကို B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပြည်သူများသည် ယခုအချိန်တွင် ပေးဆောင်ရသည့် လမ်းအသုံးပြုခများသည် အရင်ကထက်ပိုပြီး ပေးဆောင်နေရပါကြောင်း၊ သို့သော် လမ်းများကို ထိန်းသိမ်းပြုပြင်သည့် အရည်အသွေးက ပေးဆောင်ရသည့် လမ်းအသုံးပြုခများနှင့် နှိုင်းဆမည်ဆိုပါက ထိုက်တန်မှုမရှိပါကြောင်း၊ မိမိတို့ဘက်မှလည်း B.O.T စာချုပ်ချုပ်သည့် စာချုပ်ပါအချက် အလက်များကို ပြည်သူများမေးသည့်အခါ ၎င်းအချက်အလက်များကို သိရှိရခြင်းမရှိပါကြောင်း၊ ရန်ကုန်-ပြည်လမ်းရှိ ဇီးကုန်း တိုးလ်ဂိတ်ဆိုလျှင် လမ်းပေါ်ဖြတ်သန်းရခြင်း မရှိသည့် မြို့ဝင်ကြေးများကိုပါ ကောက်ခံနေသည်ကို တွေ့ရှိရပါကြောင်း၊ မက်(စ်)က တာဝန်ယူထားသည့် ရန်ကုန်- ပြည်-မကွေးလမ်းပိုင်းတွင် ပြည်မြို့၏ အရှေ့ဘက်ထွက်ပေါက်ဖြစ်သည့် ပြည်-အောင်လံ လမ်းပေါ်တွင် တိုးလ်ဂိတ်တစ်ခု၊ အနောက်ဘက်ထွက်ပေါက်ဖြစ်သည့် ပြည်-ရန်ကုန်လမ်းပေါ်ရှိ ပြည်နှင့်ရွှေတောင်ကြားတွင် တိုးလ်ဂိတ်တစ်ခု၊ မိမိတို့မြို့ရှိ ၃ မိုင် ၆ ဖာလုံခန့် မြို့တွင်းလမ်း အဝင်အထွက်နှစ်ခုတွင် တိုးလ်ဂိတ်နှစ်ခုတို့ ရှိသည့်အတွက် ရှိနေတာလည်း အနီးအနားရှိ ပြည်သူများအတွက် အခက်အခဲတစ်ခုဖြစ်နေပါကြောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းသည် ယခင်က မြန်မာနိုင်ငံတွင် အကောင်းဆုံးလမ်းဖြစ်ပြီး မိုင်အရှည် ၁၇၅ မိုင်ရှိပြီး မောင်းချိန်လေးနာရီခွဲ ငါးနာရီခန့်သာ မောင်းကြရပါကြောင်း၊

ယခုတွင် လမ်းပိုင်းပျက်စီးမှုများမှာ ရွှေတောင်-ထန်းကုန်းကြားအပိုင်း၊ ရွှေတောင်နှင့်တောင်ကုန်းကြား လမ်းပိုင်း၊ ရွှေတောင်အနားမှာရှိ နတ်တလင်း-ဇီးကုန်းတို့တွင် ပျက်စီးနေသည့် လမ်းပိုင်းများ ၎င်းလမ်းများနှင့်ပတ်သက်၍ လမ်း၏ကတ္တရာဘေးတွင် ကွန်ကရစ်နှင့် လမ်းပခုံးကို ချဲ့ထွင်သည့်အခါ အရည်အသွေးမပြည့်မီသည့် လမ်းမညီမညာမှုများကြောင့် ပြည်သူများအတွက် စိုးရိမ်ရသည့် ယဉ်တိုက်မှုများ ဖြစ်စေမည့် အခြေအနေတစ်ရပ်ဖြစ်နေပါကြောင်း၊ ပြည်မြို့အတွင်းဆိုလျှင် မက်(စ်) က ဆောင်ရွက်ပေးထားသည့် ဗိုလ်ချုပ်လမ်းပိုင်းသည် နိုင်လွန်ကတ္တရာခင်းထားခြင်း မဟုတ်သည့် အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရန်အတွက်လည်း အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ပြည်သူများကိုယ်စား မေးမြန်းလိုသည်မှာ ဘတ်ဂျက်နှစ်တစ်နှစ်တွင် မြို့အတွင်း မိုင်မည်မျှ မိမိတို့ကို ပြုပြင်ပေးမည်နည်း မြို့ချင်းဆက်လမ်းများ မိုင်မည်မျှ ပြုပြင်ပေးမည်နည်း၊ လမ်းအကျယ်မည်မျှ ချဲ့မည်နည်းနှင့် စာချုပ်တွင် မည်မျှရာခိုင်နှုန်း နိုင်ငံတော်ကို ပေးဆောင်သနည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် B.O.T စနစ်ယူထားသည့် ကုမ္ပဏီများကို အရည်အသွေးပြည့်လမ်းများ၊ လမ်းလိုအပ်ချက်များကို နှစ်ရှည်အတွင်း ပြုပြင်ထိန်းသိမ်းရန်အတွက် မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်နေသည်ဆိုသည့် အချက်ကိုလည်းသိလိုပါကြောင်း မေးမြန်းပါသည်။


ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ photoရန်ကုန်-ပြည်လမ်းအပိုင်း ၁၅၈ မိုင် ၂ ဖာလုံ အား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မက်(စ်)ဟိုင်းဝေး ကုမ္ပဏီလီမိတက်သို့ ၂၄-၁၂-၂၀၁၂ ရက်နေ့ မှစတင်၍ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး ပဋိညာဉ်စာချုပ်ပါစည်းကမ်းချက်များအရ B.O.T ဆောင်ရွက်ခွင့်ရရှိသော ကုမ္ပဏီအနေဖြင့် လမ်းအသုံးပြုခကောက်ခံရရှိသည့် ငွေအပေါ် နိုင်ငံတော်ကို ပေးသွင်းရသော ဝင်ငွေခွန်နှုန်းထားများမှာ ပထမဆုံးသုံးနှစ်တွင် ဝင်ငွေခွန်ကင်းလွှတ် ခွင့်ပြုထားပြီး လေးနှစ်မှ ၁၃ နှစ်အထိ ပထမ ၁၀ နှစ်တွင် ၅ ရာခိုင်နှုန်း၊ ၁၄ နှစ်မှ ၂၃ နှစ်အထိ ဒုတိယ ၁၀ နှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၄ နှစ်မှ ၃၃ နှစ်အထိ တတိယ ၁၀ နှစ်တွင် ၁၅ ရာခိုင်နှုန်းနှင့် ၃၄ နှစ်မှ အနှစ် ၄၀ အထိ စတုတ္ထခုနစ်နှစ်တွင် ၂၀ ရာခိုင်နှုန်းတို့ ဖြစ်ပါကြောင်း၊ မက်(စ်)ဟိုင်းဝေး ကုမ္ပဏီလီမိတက်အနေဖြင့် ပဋိညာဉ်စာချုပ်အရ ၂၄-၁၂-၂၀၁၅ မှ ၃၁-၃-၂၀၁၇ ရက်နေ့အထိ ကောက်ခံရရှိသည့် ဝင်ငွေ၏ ၅ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၆၃.၆၅၁ သန်းကို နိုင်ငံတော်သို့ ပေးသွင်း ရမည်ဖြစ်ပါကြောင်း၊

ပြည်သူများအနေဖြင့် အချိန်တိုအတွင်းခရီးလမ်း‌ ဖြောင့်ဖြူးချောမွေ့စွာ သွားလာနိုင်သော အရည်အသွေးပြည့်မီသည့် လမ်းဖြစ်ပေါ်လာစေရန်အတွက် ရန်ကုန်-ပြည်လမ်းပိုင်း၊ မိုင် ၂၂/၃ မှ ၁၈၀/၅ အထိ ၁၅၈ မိုင် ၂ ဖာလုံကို  AC လမ်းခင်းခြင်း လုပ်ငန်းများကို တင်ပြပါအတိုင်း ရေးဆွဲဆောင်ရွက်သွားရန်  ကုမ္ပဏီအားညွှန်ကြားထားပြီးဖြစ်၍ ကုမ္ပဏီအနေဖြင့် လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း ၂၉-၅-၂၀၁၇ ရက်နေ့တွင် ဝန်ခံကတိပြုထားပြီး ဖြစ်ပါကြောင်း၊ ညွှန်ကြားထားမှုများက (က) မှော်ဘီ- တိုက်ကြီးအပိုင်း ၂၇ မိုင် ၅ ဖာလုံအား ၄၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ၄၈ ပေအကျယ် AC ခင်းခြင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း အပြီးဆောင်ရွက်သွားမည်၊ (ခ) တိုက်ကြီး- သာယာဝတီပိုင်း ၃၀ မိုင်အား ၄၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းကို ၂၀၂၀ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ၄၈ ပေအကျယ် AC လမ်းခင်းခြင်းကို ၂၀၂၁ ခုနှစ် မတ်လတွင် လည်းကောင်း အပြီးဆောင်ရွက်သွားမည်၊ သာယာဝတီ-ပြည်အပိုင်း ၉၈ မိုင် ၅ ဖာလုံကို ၂၄ ပေအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းခြင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အပြီးဆောင်ရွက်သွားမည်နှင့် ပြည်မြို့တွင်းလမ်းအပိုင်း ၂ မိုင်ကို ၄၈ ပေအကျယ် AC လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

B.O.T တိုးလ်ဂိတ်များအားလုံးတွင် လမ်းပိုင်းများအလိုက် စာချုပ်ပါအချက်အလက်များအတိုင်း ကောက်ခံရမည့်နှုန်းထား၊ ကောက်ခံရမည့်ငွေကို ယာဉ်အမျိုးအစားအလိုက် တိတိကျကျ ပွင့်လင်းမြင်သာစွာ ဗွီနိုင်းဆိုင်းဘုတ်ကြီးများဖြင့်လည်းကောင်း၊ ခွင့်ပြုထားသည့် (ယာဉ်+ကုန်) အလေးချိန် သတ်မှတ်ချက်ကိုလည်း ဗွီနိုင်းဆိုင်းဘုတ်ကြီးများဖြင့်‌ တိုးလ်ဂိတ်များအားလုံးတွင် ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါကြောင်း၊ B.O.T လမ်းပိုင်းပေါ်ရှိ တိုးလ်ဂိတ်များတွင် မြို့ဝင်ကြေးပေါင်း၍ ကောက်ခံခြင်းကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားပြီးဖြစ်၍ ယခုကောက်ခံမှု မရှိတော့ပါကြောင်း၊ မြို့ဝင်ကြေးကောက်ခံခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ လေလံပေး၍ ကုမ္ပဏီမှကောက်ခံနေခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ပြည်မြို့(အဝင်)တိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံခြင်းမှာ ဇီးကုန်းမြို့ (မိုင်တိုင်-၁၃၁/၆) မှ ပြည်မြို့ (မိုင်တိုင်-၁၈၂/၅) အထိ ၅၀ မိုင် လေးဖာလုံအတွက် အသုံးပြုခကောက်ခံခြင်းသာလျှင်ဖြစ်ပြီး ပြည်မြို့အထွက်တိုးလ်ဂိတ်အနေဖြင့် ပြည်မြို့မှထွက်ခွာလာလျှင် (မိုင်တိုင်-၁၈၂/၅)မှ အောင်လံမြို့(မိုင်တိုင်-၂၂၁/၆)အထိ ၃၉ မိုင် လေးဖာလုံအတွက် လမ်းအသုံးပြုခကောက်ခံခြင်း ဖြစ်ပါကြောင်း၊ ပြည်မြို့တွင်းလမ်း ၂ မိုင်ကိုလည်း စတင်ပြီး AC ခင်းနေပြီဖြစ်ရာ ၇-၆-၂၀၁၇ ရက်နေ့အထိ ၃ ဖာလုံပြီးစီးပြီဖြစ်ပါကြောင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် မျဉ်းဝါ၊ မျဉ်းကြား၊ သတိပေးဆိုင်းဘုတ်များကို ပြည့်စုံစွာရေးဆွဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံချက်ပါအတိုင်း လုပ်ငန်းများပြီးစီးသည်နှင့်အမျှ လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် အချိန်ကုန်သက်သာစွာဖြင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မက်(စ်) ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ပြည်လမ်းပိုင်းအား အရည်အသွေးပြည့်မီသည့် လမ်းဖြစ်ပေါ်လာ စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ စနစ်တကျကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စိုးစိုးကြည် (ပြည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ လမ်းအကျယ်များချဲ့လိုက်ပြီဆိုလျှင် ရန်ကုန်-ပြည် လမ်းပိုင်းတွင် အသုံးပြုရသည့် တံတားများနှင့် ပတ်သက်ပြီး မင်းလှမြို့အနီးမှာရှိ ကိုင်းမြစ်ကြီးတံတားကို ကြည့်မည်ဆိုပါက တံတားက လမ်းထက်စာလျှင် ကျင်းမြောင်းနေပါကြောင်း၊ တံတားပေါ်တွင် ဆက်ဆီးဒင့်တစ်ခုခု၊ ပြဿနာတစ်ခုခုဖြစ်လျှင် ကားဆယ်ချီ၊ ရာချီပိတ်ဆို့မှု ဖြစ်ပေါ်နိုင်ပါကြောင်း၊ အုတ်ဖိုမြို့အနီးရှိ လင်းလွန်းပင်တံတားသည်လည်း ကားနှစ်စီးမရှောင်ရှောင်လျှင် အန္တရာယ်ရှိနိုင်ပါကြောင်း၊ လမ်းများကို နိုင်လွန်ကတ္တရာလည်းခင်းလျှင် ၄၈ ပေ၊ ၂၄ ပေလမ်းများကို ချဲ့ပြီးပြီဆိုလျှင် ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့မည်မဟုတ်ပါကြောင်း၊ မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တံတားဦးစီးအနေနှင့် ကားနှစ်စီးရှောင်နိုင်သည့် အခြေအနေအထိကို တံတားချဲ့ပေးရန် အစီအစဉ်ရှိပါသနည်းနှင့် ပြည်မြို့တွင်းလမ်းသည် ၃ မိုင် ၆ ဖာလုံရှိသည့်အနက် ကျန်သည့် တစ်မိုင် ၆ ဖာလုံကို မည်သည့်နှစ်တွင် ဆက်ပြီးခင်းပေးမည်ကို တစ်ဆက်တည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မင်းလှမြို့အဝင် ကိုင်းမြစ်ကြီးတံတားနှင့် ကုက္ကိုမြို့အဝင် မင်းလွန်းပင်တံတား ကျဉ်းနေသည်မှာ မှန်သော်လည်း ၎င်းတံတားများကို ချဲ့ရန်အတွက် မက်(စ်)ကုမ္ပဏီကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ပြည်မြို့တွင်းက သုံးမိုင် ၆ ဖာလုံအနက် နှစ်မိုင်ကလည်း ယာဉ်အသွားအလာအများဆုံးဖြစ်သည့် မြို့လယ်ကောင်ကို အရင်ဦးစားပေးခင်းခြင်းဖြစ်ပါကြောင်း၊ ကျန်သည့် တစ်မိုင် ၆ ဖာလုံကို ဆက်လက်ခင်းပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန

(စ)-၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် ရှိ ဆောက်လုပ်ရေးလုပ်ငန်း တင်ဒါရရှိသူများထံမှ ၅% ကောက်ခံ ရရှိငွေအပေါ် လုပ်ငန်း တစ်ခုချင်း၊ QC စစ်ဆေးရာတွင် မည်သို့သုံးစွဲခဲ့ပြီး လက်ကျန် ငွေနှင့် ကောက်ခံခြင်းသည် ဥပဒေနှင့် ညီ/မညီ တို့ နှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 12 July 2017

photo၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များထံမှ လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို  QC အရည်အသွေးစစ်ဆေးရန်အတွက် ဖြတ်တောက် ကောက်ခံပါ ကြောင်း၊ ထို့သို့ ကောက်ခံရန်အတွက် ပြည်နယ်အစိုးရ၏ အောက်တွင် လူ ၂၀ ကျော် ခန့်ပါဝင်သည့် အရည်အသွေး စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊  ယင်းအဖွဲ့တွင်  ဌာနအငြိမ်းစားဝန်ထမ်းများ၊ ကျောင်းပြီးစ အင်ဂျင်နီယာများနှင့်သာ ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊  ကုမ္ပဏီများအနေဖြင့်လည်း ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ QC အရည်အသွေးစစ်ဆေးရန်အတွက် ၅ ရာခိုင်နှုန်း စုစုပေါင်း ၁၂ ရာခိုင်နှုန်းအထိ အခွန်ဆောင်ထားရသည့်အတွက် လုပ်ငန်းအရည်အသွေး၊ စံချိန် စံညွှန်းမမီနိုင်သည့်ကို သိရှိရပါကြောင်း၊  အထက်သို့ တင်ပြမည်ဆိုပါကလည်း နောက်နှစ်တင်ဒါများကို ရရန် ခက်ခဲသွားမည့်အတွက် တင်ပြခြင်းမပြုသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဖြစ်သင့်၊ ဖြစ်ထိုက်သည့် ကိစ္စများ ဖြစ်လာနိုင်ရန်နှင့် ၅ ရာခိုင်နှုန်းဖြတ် ငွေများကို သုံးစွဲရာတွင် ပွင့်လင်းမြင်သာနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊  (၁) ရခိုင်ပြည်နယ်အစိုးရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်တွင် တည်ရှိသော လုပ်ငန်းတင်ဒါများထံမှ ရရှိသည့် လုပ်ငန်းတစ်ခုချင်းအလိုက် လုပ်ငန်းတန်ဖိုးငွေ ၅ ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမှုကိုလည်းကောင်း၊ အရည်အသွေး QC စစ်ဆေးရာတွင် မည်ကဲ့သို့ သုံးစွဲပြီး လက်ကျန်ငွေမည်မျှရှိသည်ကို လည်းကောင်း၊ ဤကဲ့သို့ကောက်ခံခြင်းသည် ဥပဒေနှင့် ညီ/မညီ ကိုလည်းကောင်း၊ ဥပဒေနှင့်မညီပါက မည်သို့ အရေးယူဆောင်ရွက်သွားမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


photoတည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာ၌ နည်းပညာအသုံးပြုပြီး စနစ်တကျပြီးစီးရေး၊ ကျွမ်းကျင်သောကန်ထရိုက်အဖွဲ့အား ရွေးချယ် တာဝန်ပေးအပ်နိုင်ရေး၊ စောင့်ကြည့်စစ်ဆေးသောအဖွဲ့များ စီမံထားရှိနိုင်ရေးတို့သည် အရေးကြီးသော ကိစ္စရပ်များဖြစ်ပါကြောင်း၊ ဒေသန္တရဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ပြည်နယ်အစိုးရသည် စီမံခန့်ခွဲကြီးကြပ်သူအဖြစ်ပါဝင်ရပြီး နိုင်ငံတော်၏မူဝါဒများနှင့်အညီ အထက်ပါ ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ခြင်း၊ အကြံပေးအဖွဲ့(Consultant)ငှားရမ်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးစိစစ်ရေးကော်မတီဖွဲ့စည်း၍ ရခိုင်ပြည်နယ် အနှံ့ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးလျက်ရှိသော်လည်း ကော်မတီအနေဖြင့် မိမိဌာန လုပ်ငန်းတာဝန်များရှိနေခြင်းကြောင့် အချိန်ပြည့်စောင့်ကြည့်ရန် ခက်ခဲခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ထိရောက်စွာ မစစ်ဆေးနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ဖြင့် စစ်ဆေးကြပ်မတ်နိုင်ရန်အတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ် ပါကြောင်း၊ အဆိုပါအဖွဲ့တွင် ဌာနမှ အတွေ့အကြုံရှိ အငြိမ်းစား အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာ ဘွဲ့ရဒေသခံလူငယ်များကို ခရိုင်/မြို့နယ်များရှိ တည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့များနှင့် ပေါင်းစပ်၍ မြေပြင်အရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွင်းဆင်းစစ်ဆေးစဉ် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ လစာနှင့် စစ်ဆေးရေးကိရိယာများ ဝယ်ယူရေးအတွက် ဒေသန္တရဆောက်လုပ်ရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေပါ လုပ်ငန်းများထဲမှ ၂.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဖြတ်တောက်ကောက်ခံသုံးစွဲလျက်ရှိပါကြောင်း၊

ရန်ပုံငွေများကို ဖြတ်တောက်ကောက်ခံသုံးစွဲရာတွင် ကျွမ်းကျင်သည့် ငွေစာရင်းတာဝန်ခံများ ခန့်အပ်၍ စာရင်းစစ်ဆေးခံနိုင်သည်အထိ စီမံဆောင်ရွက်ထားပြီး ဆောင်ရွက်မှုအခြေအနေအား ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြု သုံးစွဲခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီများဆောင်ရွက်သည့်လုပ်ငန်းများမှ ကျပ် ၁၃၈၄.၆၇ သန်း ဖြတ်တောက်ကောက်ခံရရှိထားပြီး ၃/၂၀၁၇ လအထိ ကျပ် ၄၂၈.၇၃ သန်း သုံးစွဲခဲ့ သဖြင့် ကျပ် ၉၅၅.၉၄ သန်းစာရင်းပိတ်လက်ကျန်ငွေအဖြစ် ဘဏ်တွင် ကျန်ရှိပါကြောင်း၊

အထက် ဖော်ပြပါဒေသန္တရဆောက်လုပ်ရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စု ရန်ပုံငွေများထဲမှ ဖြတ်တောက်ကောက်ယူမှုနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေး ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံး၏အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန် စာအုပ်အပိုဒ် ၃၆ တွင် (Quality Control)အရည်အသွေးစစ်ဆေးခြင်းများကို လိုအပ်သလို ဆောင်ရွက်ရမ ည်ဖြစ်ပြီး လုပ်ငန်းတန်ဖိုးအလိုက် ကျပ်သန်း ၁၀၀၀ အောက် ၈ ရာခိုင်နှုန်း၊ ကျပ်သန်း ၁၀၀၀ မှ ၂၀၀၀ အထိ ၇ ရာခိုင်နှုန်း၊ ကျပ်သန်း ၂၀၀၀ အထက် ၆ ရာခိုင်နှုန်း သုံးစွဲနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသဖြင့် အဆိုပါလမ်းညွှန်ချက်နှင့်အညီ စနစ်တကျဖွဲ့စည်းစစ်ဆေးသုံးစွဲ ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်းနှင့် ပိုလျှံငွေများရှိပါက ပြည်နယ်အတွက်လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဖြည့်စွက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဖေသန်း(မြေပုံ)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီး၏ ပြန်လည်ဖြေကြားချက်တွင် လုပ်ငန်းတစ်ခုချင်းအလိုက် ဖော်ပြနိုင်ခြင်းမရှိဘဲ အကုန်လုံးစုပေါင်း၍ ဖြေကြားထားသည့်အတွက် ပြည့်ပြည့်စုံစုံ မဖြေနိုင်ခြင်းသည် အားနည်းချက် ဖြစ်ပါကြောင်း၊ ကန်ထရိုက် လုပ်ငန်းအပိုဒ် ၃၆ ကို ညွှန်းပြီး ၈ ရာခိုင်နှုန်းအထိ ကောက်ယူနိုင်ကြောင်း ဖြေကြားခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊  ကုမ္ပဏီများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ QC ၅ ရာခိုင်နှုန်း စသည်ဖြင့် နှုတ်လိုက်မည်ဆိုပါက မူလခန့်မှန်းတွက်ချက်ထားသည့် တန်ဖိုးလျော့သွားပြီး အရည်အသွေးမီသည့် လုပ်ငန်းများ ဖြစ်မလာနိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများကို  Estimate ထဲက ထုတ်နုတ် သုံးစွဲခြင်းဟုတ်/မဟုတ်၊ ထပ်ဆောင်းပေါင်းထည့်ပေးခြင်း ဟုတ်/မဟုတ်၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက စစ်ဆေးပြီး ကာလအချိန်သတ်မှတ်ချက်မတိုင်မီ ပျက်စီးခဲ့ပါက မည်သူ့တွင် တာဝန်ရှိသည်နှင့် နောင်လာမည့် ဘဏ္ဍာနှစ်များတွင် အရည်အသွေးကောင်းမွန်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါ ခေါ်ယူရာတွင် လိုအပ်ချက်များအတွက် မည်သို့လျော့ပေါ့ပြီး အကောင်းဆုံးစီမံ ဆောင်ရွက်သွားမည် ဆိုသည့် အချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း 

ရခိုင်ပြည်နယ် အစိုးရက ပြန်ကြားလာသည့်စာအရ ၁၃၈၄.၆၇ သန်းဖြတ်တောက်ပြီး အသေးစိတ်စာရင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ရှိပါကြောင်း၊ ထို့ကြောင့်ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ထပ်မံတောင်းခံပြီး ကိုယ်စားလှယ်တော်ကြီးကို အသေးစိတ်စာရင်း ပေးမည်ဖြစ်ပါကြောင်း၊ ၅ ရာခိုင်နှုန်းဖြတ်တောက်ခြင်းသည် မူလဘတ်ဂျက်ထဲက  ၅ ရာခိုင်နှုန်းကို ကျခံရမှာဖြစ်ပါကြောင်း၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက စစ်ဆေးပြီး ကာလအချိန်သတ်မှတ်ချက်မတိုင်မီ ပျက်စီးခဲ့ပါက ကန်ထရိုက်တာသည် စာချုပ်စာတမ်းအရ ကန်ထရိုက်တာသည် အလုံးစုံတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ကန်ထရိုက်တာသည် အဓိကတာဝန်ရှိပါကြောင်း၊

နောင်လာမယ့်နှစ်များတွင် Quality ပြည့်မီရန် အရည်အသွေးကောင်းမွန်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါ ခေါ်ယူရန်နှင့် ပတ်သက်၍ Quality ကောင်းမွန်ရေးသည် အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် တင်ဒါစည်းမျဉ်းစည်းကမ်းများ ညွှန်ကြားချက်ထုတ်ပြန်ထားပါကြောင်း၊

တင်ဒါခေါ်ယူရာတွင် Two Envelope  System ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမ စာအိတ်တွင် Technical ကို စိစစ်မည်ဖြစ်ပြီး  Technical အောင်သည့် ကုမ္ပဏီများသာ ဒုတိယအကြိမ် လုပ်ငန်းပြိုင်ဆိုင်ချိန်တွင် ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြိုင်ဆိုင်ချိန်တွင်လည်း အနိမ့်ဆုံးကြမ်းခင်း ဈေးနှင့် အမြင့်ဆုံးကြမ်းခင်းဈေး နှစ်ခုထားရှိကာ အမြင့်ဆုံး ကြမ်းခင်းဈေးကျော်လွန်လျှင် သော် လည်း ကောင်း၊ အနိမ့်ဆုံးကြမ်းခင်းဈေးထက်အောက်ဆိုလျှင် သော်လည်းကောင်း ရွေးချယ်ခြင်းမပြုပါ ကြောင်းနှင့် ကြမ်းခင်းဈေးကိုလည်း တရားဝင်ကြိုတင်ကြေညာရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန

(င)-ခေါင်လန်ဖူးမြို့နယ်အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းကြောင်းပေါ်ရှိကြားစခန်းများ တွင် တာဝန်ထမ်းဆောင်နေသည့် ကြားစခန်း အ စောင့်များအား အမြဲတမ်းဝန်ထမ်းခန့်ထားပေးရန် နှင့် ဝန်ထမ်းလစာအတိုင်းပေးရန် အစီအစဉ် ရှိ/မ ရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

Submitted by on 6 July 2017

photoခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အကျဆုံးတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများတွင် နောက်ကျကျန်နေသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပူတာအို၊  မဂွေစ၊ ငါ့လုံဒမ်နှင့် မြစ်ဝမ်ကောင်၊ ရီဒန်း၊ ထလားလော်နှင့် ခေါင်လန်ဖူးမြို့နယ်အထိ လမ်းအရှည်မိုင်ပေါင်း ၁၃၀ ကျော်ကွာဝေးပြီး ယခင်ခေတ်အဆက်ဆက်တွင် အဆိုပါလမ်းပေါ်၌ ကြားစခန်းများထားရှိပြီး အစောင့်များထားရှိကာ ခရီးသွားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသူ/သားများ အဆင်ပြေစွာသွားလာပြီး ညအိပ်ညနား တည်းခိုနေကြရပါကြောင်း၊ ယခုအခါ ပူတာအိုမှ မဂွေစ ထိုမှတစ်ဆင့် နောင်မွန်မြို့အထိ ကားများသွားလာနိုင်ပြီ ဖြစ်သည့်အတွက် ကြားစခန်းအစောင့်များ ထားရှိခြင်းမပြုခဲ့ပါကြောင်း၊ သို့သော် မဂွေစမှ ခေါင်လန်ဖူးလမ်းအတွင်း နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် ကြားစခန်းများအတွက် အစောင့်များထားရှိသည်မှာ ယနေ့အထိ ဖြစ်ပါကြောင်း၊ သို့သော် ရပ်ဘော- ငါ့လုံဒမ်-ခေါင်လန်ဖူးလမ်းအရှည် ၆၅ မိုင် ၄ ဖာလုံရှိပြီး ၎င်းလမ်းပေါ်တွင် ကြားစခန်းလေးခု ရှိပါကြောင်း၊ ၎င်း ကြားစခန်းလေးခုအနေဖြင့် မိုင်တိုင် (၂၆/၀) မိုင်တွင် ငါ့လုံဒမ်ကြားစခန်း၊ မိုင်တိုင်အမှတ် (၃၄၈/၄) မိုင်တွင် နုဝမ်ကောင်ကြားစခန်း၊ မိုင်တိုင်အမှတ် (၄၄/၄) တွင် ရီဒန်းကြားစခန်း၊ မိုင်တိုင်အမှတ် (၅၄/၀) မိုင်တွင် ထလားလော်ကြားစခန်းစသဖြင့် ကြားစခန်းလေးခု ရှိပါကြောင်း၊ မိုင်တိုင်အမှတ် (၂၆/၀) မိုင် ငါ့လုံဒမ်ကြားစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် အိုအားဖြီးဆိုသူသည် ကြားစခန်းစောင့်အဖြစ် ၁၂ နှစ်၊ မိုင်တိုင်အမှတ် (၃၈/၄) မိုင်တွင် နုဝမ်ကောင် ကြားစခန်းအတွက် တာဝန်ထမ်းဆောင်နေသည့် ဦးဟဲစာခီမှာ ကြားစခန်းစောင့်အဖြစ် နှစ်ပေါင်း ၃၀၊ မိုင်တိုင်အမှတ် (၄၄/၄) ရီဒန်းတွင် ကြားစခန်းစောင့်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးစတုတ္ထဇေက ကြားစခန်းစောင့်အဖြစ် ၂၈ နှစ်၊ မိုင်တိုင်အမှတ် (၅၄/၀) မိုင် ထလားလော်တွင် ဦးအားရော်က ကြားစခန်းစောင့်အဖြစ် ၁၈ နှစ် အသီးသီး တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သော်လည်း ယနေ့အချိန်အထိ အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးခြင်း မရှိဘဲ ယာယီနေ့စား အဖြစ်သာ ခန့်ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယာယီနေ့စားအဖြစ် ခန့်အပ်သည်ဆိုသော်လည်း တချို့လများတွင် လစာရရှိခြင်းမရှိပါကြောင်း၊ ကြားစခန်းစောင့်များသည် ဌာနအကျိုးပြု လုပ်ငန်းဆောင်ရွက်နေသည့်အတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်အတွက် ဌာနမှဆောင်ရွက် ပေးရမည်ဖြစ်သော်လည်း ယနေ့အထိ ထိုက်သင့်သည့် ခံစားခွင့်မရှိသည့်အတွက် သင့်‌တော်သည့် ခံစားခွင့်ရရှိစေရန် အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးခြင်းနှင့် ဝန်ထမ်းလစာအတိုင်းပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


photoရပ်ဘော့- ငါ့လုံဒမ်- ခေါင်လန်ဖူးလမ်းသည် အရှည် ၆၅ မိုင် ၄ ဖာလုံရှိပြီး ၎င်းလမ်းပေါ်တွင် ကြားစခန်းများအနေဖြင့် မိုင်တိုင်အမှတ် ၂၆ မှာ ငါ့လုံဒမ်စခန်း၊ မိုင်တိုင်အမှတ် ၃၈ မိုင် ၄ ဖာလုံတွင် နုဝမ်ကောင်စခန်း၊ မိုင်တိုင်အမှတ် ၄၄ မိုင် ၄ ဖာလုံတွင် ရီဒန်းစခန်းနှင့်  မိုင်တိုင်အမှတ် ၅၄ မှာ ထလားလော်စခန်း စုစုပေါင်း လမ်းစခန်း ၄ ခုရှိပါကြောင်း၊ ၎င်းစခန်း ၄ ခုလုံးက လမ်းဖောက်လုပ်သည့် အင်ဂျင်နီယာများ၊ လမ်းလုပ်သားများ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန်အတွက် ထားရှိသည့်  ယာယီစခန်း ၄ ခုသာ ဖြစ်ပါကြောင်း၊

ကချင်ပြည်နယ်သာမကဘဲ ကျန်တိုင်းဒေသကြီး/ပြည်နယ်ရှိ လမ်းများအားလုံးတွင် လမ်းစခန်းများ ရှိပါကြောင်း၊ ၎င်းလမ်းစခန်းများ လမ်းဖောက်လုပ်သည့် အချိန်တွင် လမ်းလုပ်သားများ၏ ပစ္စည်များ ဖြစ်သည့် တောင်း၊ ဝါး၊ ပေါက်တူး၊ ပေါက်ချွန်းများ၊ ကတ္တရာပုံးများ စသဖြင့် ၎င်းပစ္စည်းများကို ယာယီသိမ်းဆည်းထားသည့် စခန်းများဖြစ်ပြီး ၎င်း လမ်းလုပ်ငန်းများပြီးသွားလျှင် မိမိတို့ အစောင့်များ ထားရှိမည်မဟုတ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အလားတူ မိုးတွင်းကာလတွင် မြေပြိုနိုင်သည့် နေရာတွင် အစောင့်များ ထားရှိရပါကြောင်း၊ ၎င်းတို့အားလုံးသည် ယာယီစခန်းများသာ ဖြစ်ပါကြောင်း၊ လမ်းလုပ်ငန်းခွင် ကြားစခန်းများသည် ယာယီစခန်းများသာဖြစ်ပြီး အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် ဖွဲ့စည်းပုံပါဝင်ခြင်း မရှိပါသဖြင့် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး ယာယီနေ့စားဝန်ထမ်းအဖြစ်သာ ခန့်ထားဆောင်ရွက် လျက်ရှိပြီး အဆိုပါ ကြားစခန်းအစောင့်များအား အမြဲတမ်းဝန်ထမ်းခန့်ထားပေးရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်း‌ဖြေကြားပါသည်။

ဦးအာမိုးဆီ (ခေါင်လန်ဖူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သို့သော် တချို့ကြားစခန်းအစောင့်များက မိမိတို့မကြာခင် ပင်စင်ရတော့မည် ဟုပြောကြားပါကြောင်း၊ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး ယာယီနေ့စားနှင့် ခန့်ထားပေးသည်ဆိုသည်မှာ ဌာနများတွင် တွေ့ရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နေ့စားဖြင့် ခန့်မည်ဆိုပါက စခန့်ကတည်းက ကာယကံရှင်များ သိရှိခြင်းရှိ/မရှိ ကာယကံရှင်များ ကျေနပ်ခြင်းရှိ/မရှိ စသည့် သူတို့၏ အခွင့်အရေးများ မဆုံးရှုံးစေရန် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက် ပေးမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ကချင်ပြည်နယ်သာမက ချင်းပြည်နယ်တွင် မြေပြိုနိုင်သည့် နေရာများကို ပိုပြီးဂရုစိုက်ရပါကြောင်း၊ မြေပြိုလျှင် ချက်ချင်းသတင်းပို့ပါ စသဖြင့် ၎င်းကိစ္စမျိုးတွင် မိမိတို့က လစာပေးထားရပါကြောင်း၊ လစာဆိုသည်မှာ နေ့စားလစာဖြစ်ပါကြောင်း၊  မိုးတွင်းကာလကုန်သွားလျှင် သူတို့၏တာဝန် မရှိတော့ပါကြောင်း၊ အလားတူ ရေကျော်နိုင်သည့် နေရာများကိုလည်း စောင့်ကြည့်ရန် ဒေသခံများကို ကျွန်တော်တို့က တာဝန်ပေးရပါကြောင်း၊ ယခုလို ယာယီစခန်းများသည် တစ်နိုင်ငံလုံးအနှံ့ ရှိသည့်အတွက် ယာယီအဖြစ်သာ အသုံးပြုခြင်းဖြစ်သည့်အတွက် လောလောဆယ် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
Subscribe to ဆောက်လုပ်ရေး