Skip to main content


အကျဉ်းချုပ်

စီးပွားရေးလုပ်ငန်းများအကြား တရားမျှတသည့် စျေးကွက်ယှဉ်ပြိုင်မှုစနစ် ဖြစ်ပေါ်စေ ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉/၂၀၁၅ ဖြင့် ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းခဲ့ ပါသည်။ နိုင်ငံအတွင်း တရားမျှတသည့်စျေးကွက် ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ကောင်းမွန်သောစနစ်များကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းဆိုင်ရာယှဉ်ပြိုင် ခြင်းစာတမ်းတိုအား ပြုစုတင်ပြခြင်းဖြစ်ပါသည်။


စီးပွားရေးလုပ်ငန်းဆိုင်ရာယှဉ်ပြိုင်ခြင်း

၁။      စျေးကွက်တွင်း စီးပွားရေးလုပ်ငန်းများ (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ များအကြား ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုသည့် ဝယ်ယူသူအရေအတွက်၊ စျေးကွက် ဝေစု၊ စျေးကွက်လွှမ်းမိုးနိုင်မှုပိုမိုရရှိစေရန် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ယှဉ်ပြိုင်မှု သို့မဟုတ် ပြိုင်ဆိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ယှဉ်ပြိုင်မှုဥပဒေကိုကျင့်သုံးရန် ဖြစ်ပေါ်လာသည့်အကြောင်းအရင်း

၂။      အချို့သောအာဆီယံနိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေ(Competition Law) ကိုပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ် သည့်အတွက် ဒေသတွင်းအဖွဲ့အစည်းများနှင့် လိုက်လျော်ညီထွေစွာ ဆောင်ရွက်နိုင်စေရန်နှင့်​နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယှဉ်ပြိုင်မှုဥပဒေကိုချမှတ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။       ထိုသို့ဆောင်ရွက်ခြင်းသည် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်း ကာကွယ်ရန်နှင့် စီးပွားရေးအဖွဲ့အစည်းအချင်းချင်း တရားမျှတသောယှဉ်ပြိုင်မှုများ ဆောင်ရွက် နိုင်စေရန် အထောက်အပံ့ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုမူဝါဒချမှတ်ဆောင်ရွက်ရန်နှင့် ယှဉ်ပြိုင်မှုဥပဒေ အတည် ပြုပြဋ္ဌာန်းနိုင်ရန်တို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ (ခ)တွင် “စီးပွားရေး လုပ်ငန်းများအကြား တရားသဖြင့်ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများ ပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်” ဟု ဖော်ပြထား သည့်အတိုင်း ကုမ္ပဏီများ၊ ပုဂ္ဂလိကအချင်းချင်းယှဉ်ပြိုင်မှုရှိမှသာ ရင်းနှီးမြှုပ်နှံမှုပိုမိုရရှိနိုင်ပြီး နိုင်ငံတကာစျေးကွက်အတွင်း တစ်ဦးတစ်ယောက်၊ အစုအဖွဲ့မှ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု မဖြစ်ပေါ်စေရန် တရားမျှတသောယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ပါသည်။

ယှဉ်ပြိုင်မှုဥပဒေ၏အဓိပ္ပာယ်

၃။      နိုင်ငံစီးပွားရေး၏ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ရေးဆွဲ ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဘောင်ကိုရည်ညွှန်းပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုတိုးတတ်စေရန် ရည်ရွယ်သည့်အတိုင်း တာဝန်သတ်မှတ်ချက်များပါဝင် သကဲ့သို့ ယှဉ်ပြိုင်မှုကိုကျဆင်းစေမှုမှလည်း ကာကွယ်ရန်ဖြစ်ပါသည်။ ယှဉ်ပြိုင်ခြင်းများ ထိန်းချုပ်မှုကိုဖယ်ရှားခြင်းဖြင့် ယှဉ်ပြိုင်မှုစျေးကွက်အခြေအနေများကို ဖွံ့ဖြိုးတိုးတက်စေရန်သာ မက အများနှင့်ပုဂ္ဂလိကကန့်သတ်ချက်များ၏ ယှဉ်ပြိုင်နိုင်စွမ်းမရှိမှုများကို ပြင်ဆင်တည့်မတ်ရန် ရည်ရွယ်သည့် သတ်မှတ်ချက်များဖြစ်ပါသည်။

ယှဉ်ပြိုင်မှုမူဝါဒ၏အဓိပ္ပာယ်      

၄။      ယှဉ်ပြိုင်မှုမူဝါဒဆိုသည်မှာ ဈေးကွက်တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်များအကြား ပြိုင်ဆိုင်မှုကိုထိန်းကျောင်းပေးရန် သို့မဟုတ် မြှင့်တင်ပေးရန် အတွက်လည်းကောင်း၊ ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကိုတိုးတက်ဖြစ်ပေါ်စေသည့် အစိုးရမူဝါဒများ နှင့်လုပ်ငန်းစဉ်များကို မြှင့်တင်ပေးရန်အတွက်လည်းကောင်း ရေးဆွဲကျင့်သုံးသောအစိုးရ၏ မူဝါဒဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှုဆောင်ရွက်နေသည့်အခြေအနေ

၅။      မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တာဝန်တစ်ရပ်အနေဖြင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယှဉ်ပြိုင်မှုဥပဒေကို အပြီးသတ်ရေးဆွဲပြဋ္ဌာန်းပြီး ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းပြီးဖြစ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဥပဒေများကိုလေ့လာ၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ၎င်းဥပဒေတွင် အခန်းပေါင်း (၁၀) ခန်းပါဝင်ပြီး ကုန်သွယ်မှုအတွက်သာ သီးသန့်ရေးဆွဲထား ခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများအတွက် ရေးဆွဲထားခြင်းဖြစ်ပါသည်။ ယှဉ်ပြိုင်မှုဥပဒေ ၏အနှစ်သာရများမှာ တရားမျှတသောယှဉ်ပြိုင်ခြင်း၊ လက်ဝါးကြီးအုပ်မှုကိုဆန့်ကျင်ခြင်း၊ ကုမ္ပဏီများအုပ်စုဖွဲ့၍ ကျန်ကုမ္ပဏီများကို အနိုင်အထက်ပြုလုပ်မှုမှ ကာကွယ်ခြင်းတို့ကို အဓိက ဦးတည်ထားပြီး ယင်းအချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အပြစ်ပေးရမည့်ပြစ်မှု၊ ပြစ်ဒဏ် များကို ထည့်သွင်းထားပါသည်။ မြန်မာနိုင်ငံမှဈေးကွက် ယှဉ်ပြိုင်နိုင်မှုရရှိရေးရည်မှန်းချက်ဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှဦးဆောင်၍ အောက်ပါလုပ်ငန်း ကော်မတီ (၁၅) ခုကို ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည် -

(က)

ကုန်စည်များလွတ်လပ်စွာ စီးဆင်းစေနိုင်ရေးလုပ်ငန်းကော်မတီ

( ခ )

ဝန်ဆောင်မှုများလွတ်လပ်စွာ စီးဆင်းစေနိုင်ရေးလုပ်ငန်းကော်မတီ

( ဂ )

ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေးလုပ်ငန်းကော်မတီ

(ဃ)

ငွေကြေးအရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီ

( င )

ကျွမ်းကျင်လုပ်သားများလွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်စေနိုင်ရေးလုပ်ငန်းကော် မတီ

( စ )

ယှဉ်ပြိုင်မှုမူဝါဒအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ

(ဆ)

စားသုံးသူများအကာအကွယ်ပေးရေး လုပ်ငန်းကော်မတီ

(ဇ)

ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ

(ဈ)

အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ

(ည)

အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရေးလုပ်ငန်းကော်မတီ

(ဋ)

အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ကော်မတီ

(ဌ)

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ

(ဍ)

အာဆီယံကနဦးပေါင်းစည်းရေး အစီအစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ

(ဎ)

ပြင်ပစီးပွားရေးဆက်ဆံမှုများတွင် ညီညွတ်သောချဉ်းကပ်နည်းဖြစ်ရေးနှင့် ကမ္ဘာ လုံးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှုကွန်ရက်၌ ပူးပေါင်းပါဝင်မှုတိုးမြှင့်ရေးလုပ်ငန်း ကော်မတီ

(ဏ)

စာရင်းအင်းအချက်အလက်ဆိုင်ရာလုပ်ငန်းကော်မတီတို့ဖြစ်ပါသည်။

၆။      အထက်ပါလုပ်ငန်းကော်မတီ (၁၅) ခုအနက် ကုန်စည်များ လွတ်လပ်စွာစီးဆင်းရေး၊ မူဝါဒအကောင်အထည်ဖော်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းကော်မတီ (၃) ရပ် ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ကျန်ရှိသည့် လုပ်ငန်းကော်မတီ (၁၃) ခုကို ၎င်းတို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများက တာဝန် ယူ၍အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။         

အာဆီယံနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းယှဉ်ပြိုင်မှုဥပဒေ ကျင့်သုံးဆောင်ရွက်နေမှုများ

၇။      အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း စီးပွားရေးယှဉ်ပြိုင်မှု အသိုင်းအဝန်းတစ်ခုပေါ်ပေါက် လာစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံ အနက် (၅) နိုင်ငံသည် စီးပွားရေးလုပ်ငန်းယှဉ်ပြိုင်မှုဥ​ပဒေကို ကျင့်သုံးလျက်ရှိပြီး ကျန်အဖွဲ့ဝင် (၅)နိုင်ငံသည်လည်း ယှဉ်ပြိုင်မှုဥပဒေ ဖြစ်ပေါ်လာရေးအတွက် အထူးဆောင်ရွက်နေပါသည်။ ဥပဒေကျင့်သုံးနေသည့် အဖွဲ့ဝင်(၅) နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏အခြေ အနေများမှာ  အောက်ပါအတိုင်းဖြစ်ပါသည် -

(က) စင်္ကာပူနိုင်ငံ။       စင်္ကာပူနိုင်ငံသည် ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ယှဉ်ပြိုင်မှုဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၎င်းဥပဒေတွင် အစိတ်အပိုင်းများစွာပါဝင်ပြီး အဓိကအနေဖြင့် ယှဉ်ပြိုင်မှုအလေ့အကျင့်များကို သွေဖီဆန့်ကျင်မှုများ၊ တစ်ဦးချုပ်ကြီးစိုးထားမှုနှင့် အလွဲသုံးစားမှုများ သိသိသာသာ လျော့ကျစေရေးနှင့် ပူးတွဲလုပ်ဆောင်ခြင်းတို့ကိုရည်ရွယ်၍ စျေးကွက်တွင်စျေးကစား သူများ၏အပြုအမှုကို ထိန်းချုပ်ရန်ဖြစ်ပြီး စင်္ကာပူနိုင်ငံ၏ဈေးကွက်အတွင်း ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(ခ)  ထိုင်းနိုင်ငံ။       ထိုင်းနိုင်ငံရှိ ယှဉ်ပြိုင်မှုဥပဒေ (Competition Law) သည် ဥပဒေ ဟောင်းဖြစ်ခဲ့သော ၁၉၇၉ ခုနှစ် မိုနိုပိုလီလက်ဝါးကြီးအုပ် ကာကွယ်တားဆီးသော ဥပဒေဖြစ်ပြီး ၁၉၉၉ ခုနှစ် မတ်လ ၂၁ ရက်တွင် ထိုင်းအစိုးရသည် ယှဉ်ပြိုင်မှု ဥပဒေသစ်ကိုပြဋ္ဌာန်း၍ အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

(ဂ)  မလေးရှားနိုင်ငံ။     မလေးရှားနိုင်ငံသည်လည်း ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၀ ခုနှစ် တွင်ပြဋ္ဌာန်းကျင့်သုံးခဲ့ပြီး ယင်းဥပဒေ၏အဓိကကဏ္ဍမှာ ဈေးကွက်တွင်းယှဉ်ပြိုင်ရာ တွင် လုပ်ငန်းရှင်များ၏ အကျိုးခံစားခွင့်နှင့် စားသုံးသူများအား အကာအကွယ်ပေး ခြင်းတို့ကို ရည်ရွယ်၍ ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

(ဃ) ဗီယက်နမ်နိုင်ငံ။      ဗီယက်နမ်နိုင်ငံသည် ၁၉၉၂ ခုနှစ် အခြေခံဥပဒေ အခန်း(၂) တွင် စီးပွားရေးစနစ်ကို အပိုဒ် - ၁၅ မှ ၂၉ အထိဖော်ပြထားပြီး စျေးကွက်စီးပွားရေး စနစ်ကို မကျင့်သုံးမီကာလက အားနည်းချက်များနှင့် အမှားများကိုထောက်ပြ၍ စျေးကွက်စီးပွားရေးစနစ်အခြေခံများကို ပြောင်းလဲကျင့်သုံးလာခဲ့ပြီး ယှဉ်ပြိုင်မှု ဥပဒေကို ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ဆောင် ရွက်ချက်များသည် ဈေးကွက်ယှဉ်ပြိုင်မှုကို ထိခိုက်စေသည့် စီးပွားရေးလုပ်ငန်းများ အပေါ် လှည့်စားမှုများဖြင့်ညွှန်ကြားခြင်း၊ လုပ်ငန်းလျှို့ဝှက်ချက်များအား ချိုး ဖောက်ခြင်း၊ စီးပွားရေးအတွက် အကျပ်ကိုင်ခြင်း၊ အခြားကုမ္ပဏီများအား အသရေ ဖျက်ခြင်း၊ အခြားကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းလုပ်ဆောင်မှုများအပေါ် နှောင့်နှေး မှုများဖြစ်ပေါ်စေခြင်း၊ အသင်းအဖွဲ့များအားခွဲခြားခြင်း၊ ကုန်ပစ္စည်းများတရားမဝင် Multi-level များရောင်းချခြင်း၊ တင်သွင်းခြင်း၊ မမျှတသည့်ယှဉ်ပြိုင်မှုကို မြှင့်တင် ခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများအား အနှောင့်အယှက်ဖြစ်စေသည့် စီးပွားရေး လှုပ်ရှားခြင်းစသည့် အပြုအမူများကိုဖော်ထုတ်ကာ ယှဉ်ပြိုင်မှုဥပဒေနှင့်အညီ ဟန့် တားဆောင်ရွက်လျက်ရှိပါသည်။

(င) အင်ဒိုနီးရှားနိုင်ငံ။    အင်ဒိုနီးရှားနိုင်ငံသည် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်နှင့် စီးပွားရေးလုပ်ငန်းများအတွင်း တရားမျှတမှုမရှိသော ယှဉ်ပြိုင်ခြင်းများကိုဟန့် တားသောအနေဖြင့် ၁၉၉၉ ခုနှစ်တွင် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဓိကရည်ရွယ်ချက်များမှာ ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ် ပေးရန်၊ အမျိုးသားအကျိုးစီးပွားရေးသည် ပြည်သူတို့၏သာယာဝပြောမှုကို ဦးတည် စေရန်၊ စီးပွားရေးနယ်ပယ်အတွင်း အသေးစား၊ အလတ်စား၊ အကြီးစားစီးပွားရေး လုပ်ငန်းများ တန်းတူအခွင့်အရေးရရှိရန်၊  လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ကိုင် ခြင်းနှင့် တရားမျှတမှုမရှိသော ယှဉ်ပြိုင်ခြင်းမျိုးကိုတားဆီးကာကွယ်ရန်၊ စီးပွား ရေးကဏ္ဍများအတွင်း အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းများကိုဖန်တီး တတ်စေရန်၊ ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့်အပြုအမူနှင့် အုပ်စုဖွဲ့အနိုင်ကျင့်မှုများကို ဟန့်တားရန်တို့ဖြစ်ပြီး အထူးဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(စ) အိန္ဒိယနိုင်ငံ။     အိန္ဒိယနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်မတိုင်မီအထိ ယှဉ်ပြိုင်မှုဥပဒေ မရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရားမျှတ သောယှဉ်ပြိုင်မှုဥပဒေ၏အရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့၍ ယှဉ်ပြိုင်မှုအက် ဥပဒေကို ၂၀၀၂ ခုနှစ်တွင် ပြဋ္ဌာန်းကျင့်သုံးခဲ့ပြီး ရည်ရွယ်ချက်များကို အောက်ပါ အတိုင်းချမှတ်ခဲ့ပါသည်-

(၁)   ယှဉ်ပြိုင်မှုအပေါ် ဆိုးရွားသောအကျိုးသက်ရောက်မှုရှိသည့် အလေ့အကျင့်မှ ကာကွယ်ရန်၊

(၂)   အိန္ဒိယဈေးကွက်အတွင်း ယှဉ်ပြိုင်မှုမြှင့်တင်ရန်နှင့် ရေရှည်တည်တံ့နိုင်စေရန်၊

(၃)   စားသုံးသူများ၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်၊

(၄)   ကုန်သွယ်မှုလွတ်လပ်ခွင့်ကိုအာမခံနိုင်ရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးလုပ်ငန်းများယှဉ်ပြိုင်ခြင်း၏အကျိုးတရားများ

၈။      စီးပွားရေးလုပ်ငန်းများယှဉ်ပြိုင်ခြင်းကြောင့် အကျိုးဖြစ်ထွန်းမှုများစွာ ဖြစ်ပေါ်စေပါ သည်။ စီးပွားရေးလုပ်ငန်းဆိုင်ရာယှဉ်ပြိုင်ခြင်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများ အတွက်အထောက်အကူဖြစ်စေရုံသာမက စီးပွားရေးနှင့် လူမှုရေးကဏ္ဍနှစ်ရပ်လုံးရှိ ဦးတည်ချက် များနှင့်လည်း ညီညွတ်စေပါသည်။ နိုင်ငံအလိုက် ဈေးကွက်များပေါင်းစည်းမှုကိုပါ မြင့်တက်လာ စေခြင်း၊ အသေးစားလုပ်ငန်းများ အကာအကွယ်ပေးခြင်း သို့မဟုတ် မြှင့်တင်ပေးခြင်းနှင့် နည်းပညာတိုးတက်မှုရှိစေခြင်း၊ ကုန်ပစ္စည်းနှင့်ကုန်ထုတ်လုပ်မှုဖြစ်စဉ်တို့တွင် ဆန်းသစ်တီထွင်မှုများ မြင့်တက်စေခြင်း၊   စက်ရုံလုပ်ငန်းများ အသွင်အမျိုးမျိုး တိုးချဲ့ဆောင်ရွက်လာမှုကိုအားပေး ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုရှိခြင်း၊ ငွေကြေးဖောင်းပွမှုအား တိုက်ဖျက်ခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ အလုပ်သမားများသာတူညီမျှခံစားခွင့်ရရှိ စေခြင်း၊ သီးသန့်ရည်ရွယ်သည့် စားသုံးသူအုပ်စုအတွက် သက်သာချောင်ချိမှုကို ဖြစ်ပေါ်စေခြင်း တို့ဖြစ်ပါသည်။

ယှဉ်ပြိုင်မှုမူဝါဒမရှိသည့် ဈေးကွက်တွင်းထိခိုက်နစ်နာမှုများ

၉။      ယှဉ်ပြိုင်မှုမူဝါဒကို ဆောင်ရွက်ခြင်းမရှိလျှင် ဈေးကွက်တွင်း၌ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ် စေပါသည်။ ၎င်းတို့မှာ -

(က)    ဈေးကွက်ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့်  သဘောတူညီချက်များ ဖြစ်ပေါ်နိုင်ခြင်း၊

(ခ)     ဈေးကွက်လက်ဝါးကြီးအုပ်စိုးမှု ဖြစ်ပေါ်လာနိုင်ခြင်း၊

(ဂ)     ကုမ္ပဏီများအုပ်စုဖွဲ့၍ ကျန်ကုမ္ပဏီများကို အနိုင်အထက်ပြုလုပ်မှုများဖြစ်ပေါ် နိုင်ခြင်း၊

(ဃ)   ယှဉ်ပြိုင်မှုမူဝါဒဥပဒေနှင့် ဆက်စပ်လျက်ရှိသော ဉာဏမူပိုင်ခွင့်ဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေနှင့် အနုဉာဏဥပဒေများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်လာနိုင်ခြင်း စသည့်အကျိုးဆက်များဖြစ်ပေါ်စေနိုင်ပါသည်။

လုပ်ငန်းများအချင်းအချင်း ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးသက်ရောက်မှုများ

၁၀။    စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်ရေးနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ မျှဝေပေး ခြင်းနှင့် အကောင်အထည်ဖော်ရာ၌ သမဝါယမသဘောတရားအတိုင်း အချင်းချင်းညီညွတ်မှုကို ရရှိလာစေပါသည်။ စီးပွားရေးလုပ်ငန်းယှဉ်ပြိုင်မှုကို ကန့်သတ်ချုပ်ချယ်နေသည့် စီးပွားရေး လုပ်ငန်းများအား ဟန့်တားသောအနေဖြင့် ထိရောက်သည့်မူတစ်ခု ဖြစ်ထွန်းစေခြင်းဖြစ်ပါသည်။ သတင်းအချက်အလက်များ၊ အသိပညာဗဟုသုတများနှင့် အရင်းအမြစ်များ မျှဝေဖလှယ်ခြင်း အားဖြင့် စီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက်စွမ်းဆောင်နိုင်ပြီး တိုးတက်မှုများကိုဖြစ် ပေါ်လာစေပါသည်။ ဤကဲ့သို့ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရားမျှတသော ဈေးကွက်ယှဉ်ပြိုင်ခြင်းကို လွတ်လပ်စွာဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။

စီးပွားရေးပညာရှင်တစ်ဦး၏ သုံးသပ်ချက်

၁၁။   ယှဉ်ပြိုင်မှုဥပဒေသည် မျှတမှုမရှိသော ပြိုင်ဆိုင်မှုများနှင့် သဘာဝပတ်ဝန်းကျင်ရှိ ဂေဟစနစ်များ ပျက်စီးဆုံးရှုံးစေခြင်းကိုလည်း ဥပဒေများဖြင့်ကာကွယ်တားဆီးနိုင်ပါသည်။ စားသုံးသူများ သာယာဝပြောမှု (Comsumers’ Welfare) ကို မြှင့်တင်ပေးနိုင်ပြီး မလိုလားအပ် သောကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ စျေးကွက်စီးပွားရေးစနစ်မပီပြင် လျှင် စျေးနှုန်းဆွဲတင်မှုများ၊  စျေးကစားမှုများမှတဆင့်၊ ဆင့်ကဲဆင့်ကဲဖြစ်စဉ်များအရ အခြား သောစျေးကွက်များ၏ စျေးနှုန်းများအထိ သက်ရောက်မှုပေးကာ၊ ကုန်စျေးနှုန်းမတည်ငြိမ်မှု များကို ရင်ဆိုင်ရလေ့ရှိပါသည်။ ယင်းနှင့်တစ်ဆက်တည်း ရင်းနှီးမြှုပ်နှံမှုများ ကြိုတင်ခန့်မှန်း ရန်ခက်ခဲလာလေ့ရှိပြီး နောက်ဆုံးတွင် ကုန်စျေးနှုန်း(Price)၊ လုပ်ခလစာ (Wages)၊ ဘဏ်တိုး နှုန်း (Interest Rates) များအကြားတွင် အကျိုးသက်ရောက်မှုများကိုလည်း ဖြစ်စေတတ်ပါ သည်။ ယခုအခါမြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ စီးပွားရေးလုပ်ငန်း များအရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးမှု စဉ်ဆက်မပြတ်ဖြစ်ပေါ် စေရန် ခေတ်မီစနစ်ကျနပြီးယှဉ်ပြိုင်မှုရှိသော စျေးကွက်စီးပွားရေးစနစ်ကို အားပေးရမည်ဖြစ် ပါသည်။ စီးပွားရေးပြိုင်ဆိုင်မှုက ဈေးကွက်ကိုပိုမိုကြံ့ခိုင်စေပါသည်။ ဝယ်ယူသူများကဈေးနှုန်း သက်သာမှုကို ကြိုက်နှစ်သက်ကြပြီး ရွေးချယ်နိုင်မည့်အခွင့်အလမ်းများကိုလည်း ရရှိစေမည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများတိုးတက်လျက်ရှိရာတွင် တရားသဖြင့်ယှဉ်ပြိုင်မှုကိုသာ အားပေး၍အရင်းအနှီးနည်းပါးသော အသေးစား၊ အလတ်စားလုပ်ငန်းများကို တံခါးဖွင့်ပေးပြီး မြှင့်တင်ပေးရာရောက်ပါသည်။ သို့မှသာ သယံဇာတများကိုလည်း စွမ်းဆောင်ရည်ပြည့်ဝစွာ အသုံးပြုလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်ကာ ဥစ္စာဓနနှင့်ဝင်ငွေဖန်တီးမှုကို ဖြစ်ပေါ်ရာရောက်မည်ဖြစ်ပါသည်။

ဖော်ပြပါနိုင်ငံများ၏ စျေးကွက်ယှဉ်ပြိုင်မှုပုံသဏ္ဍာန်များ၏ အကျိုးကျေးဇူးနှင့်ဆိုးကျိုး များ

၁၂။    ဖော်ပြခဲ့သည့်နိုင်ငံများ၏ စျေးကွက်ယှဉ်ပြိုင်မှု ပုံသဏ္ဍာန်များ၏ အကျိုးကျေးဇူးနှင့် ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) စျေးကွက်ယှဉ်ပြိုင်မှုသည် စားသုံးသူ၏လိုအပ်ချက်နှင့် ဝင်ငွေအပေါ်မူတည်၍ ရွေးချယ်ခွင့်ကို ပိုမိုတိုးပွားစေခြင်း၊

(ခ)    ကုမ္ပဏီများ၊ နိုင်ငံများ၏ စီးပွားရေးဆိုင်ရာနှင့် ကုန်ထုတ်လုပ်မှုမြင့်မားမှု စွမ်းဆောင်ရည် အစဉ်တိုးတက်နေအောင် ဆောင်ကြဉ်းပေးနိုင်ခြင်း၊

(ဂ)     လုပ်ငန်းနှင့် စားသုံးသူပြဿနာရပ်များကို ဆန်းသစ်ပြောင်းလဲမှုများဖြင့်ဖြေရှင်းနိုင်ခြင်း၊

(ဃ)    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်း၊

(င)     အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုကို ကုန်ကျစရိတ်သက်သာစွာဖြင့် လည်းကောင်း၊ စားသုံးသူစျေးနှုန်းသက်သာစွာဖြင့်လည်းကောင်းရရှိနိုင်ခြင်း၊

 (စ)    စားသုံးသူ၊ ထုတ်လုပ်သူ၊ ရောင်းဝယ်ဖြန့်ဖြူးသူပါ မှန်ကန်သောစျေးကွက်၊ စျေးနှုန်းဆိုင်ရာ သတင်းအချက်အလက်များကို ရရှိနိုင်ခြင်း၊

(ဆ)    စားသုံးသူ၏ အချိန်နှင့်အမျှ ပြောင်းလဲနေသော ဝယ်လိုအားနှင့်ဆန္ဒကို မှန်ကန် မြန်ဆန်သော တုန့်ပြန်မှုပေးနိုင်ပြီး ထုတ်လုပ်မှုကိုပိုလျှံစေခြင်း၊

(ဇ)     မျှတသောအရင်းအမြစ်ခွဲဝေမှုကို ဖြစ်ပေါ်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

၁၃။    ဆိုးကျိုးများအနေဖြင့် အရင်းအမြစ်များကိုမြှုပ်နှံမှုတွင် အချိုးမကျစွာ ခွဲဝေမှုပုံသဏ္ဍာန် များကြောင့်လည်းကောင်း၊ အမြတ်များများရရှိရေးကို ဦးတည်ချက်ထားမိခြင်းကြောင့်လည်း ကောင်း၊ အရေးကြီးသော လူမှုရေးရာဝန်ဆောင်မှု လုပ်ငန်းများ၊ (ဥပမာ- ပညာရေး၊ အရေးပေါ် ကဏ္ဍ၊ လူမှုဖူလုံမှု) တွင် ငွေကြေးသုံးစွဲမှု လျော့နည်းသွားနိုင်ပါသည်။ ထို့အပြင် လူ့စွမ်းအား၏ နေရာတွင် နည်းပညာစက်ယန္တယားများ အစားထိုးသုံးစွဲမှုကြောင့်လည်း အလုပ်အကိုင်အခွင့် အလမ်းဖန်တီးနိုင်မှုတွင် များစွာအားနည်းနိုင်ပါသည်။

၁၄။    သို့ဖြစ်ပါ၍ စျေးကွက်ယှဉ်ပြိုင်မှုသည် ကြီးမားသော အကျိုးကျေးဇူးများရရှိနိုင်ကြောင်း စာတမ်းတွင် နိုင်ငံတကာဥပမာများကို ထုတ်နှုတ်တင်ပြခြင်းမှ တွေ့ရှိနိုင်ပါသည်။ ထိုနည်းတူစွာ စျေးကွက်ယှဉ်ပြိုင်မှု၏ သိသာထင်ရှားသော ဆိုးကျိုးများလည်းရှိနိုင်ပါသည်။ တရားမျှတသော စျေးကွက်ယှဉ်ပြိုင်မှု သဘောတရား၏ ကောင်းကျိုးများနှင့် ဦးတည်ချက်လွဲချော်သွားသော စျေးကွက်ယှဉ်ပြိုင်မှု ဆိုးကျိုးများကိုချိန်ဆ၍ ဟန်ချက်ညီအောင်ကျင့်သုံးခြင်းဖြင့် စီးပွားရေး ပြိုလဲမှုအခြေအနေဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်နိုင်မည်ဟု သုံးသပ်ရပါကြောင်း ရေးသားပြုစု တင်ပြအပ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

 

 

 

 

 

 

 

 

 

 

 

ရက္စြဲ
ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်