Skip to main content

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သုတေသနမှတ်တမ်းတို

အကျဉ်းချုပ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) ကို ဆွေးနွေးအတည်ပြု နိုင်ရေးအတွက် ၃-၂-၂၀၁၄ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီး လာမည့်ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေးတွင် စတင်ဆွေးနွေးမည်ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲများက အလေး ထားပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများ၊ ပညာရှင်များ ပူးပေါင်း၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့် ယင်းဥပဒေပြဋ္ဌာန်းနိုင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့်ဝင်ရောက်လာခြင်းကြောင့် အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ များစွာပေါ်ထွက်လာခြင်း၊ အရည်အသွေးကောင်းမွန်သောစံချိန်စံညွှန်းမီ ပစ္စည်းများသုံးစွဲခွင့်ရရှိခြင်း၊ နည်းပညာအချက်အလက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေမည် ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) တွင် အောက်ပါရည်ရွယ်ချက်များပါရှိပါသည် - • နိုင်ငံအဝန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ • အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီးနိုင်ရန်၊ • ဝင်ငွေအသစ်များရရှိစေရန်၊ • လူနေမှုအဆင့်အတန်းတိုးတက်စေရန်၊ • စီးပွားရေးနှင့်ဆက်စပ်သည့် သတင်းအချက်အလက်နည်းပညာ အထောက်အကူပြုဝန်ဆောင်မှုများ၊ ငွေကြေးပံ့ပိုးမှုများလွယ်ကူစွာ ရရှိနိုင်စေရန်၊ • ပြည်တွင်းပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်၊ • ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တိုးတက်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်ဖော်ဆောင်ပေးရန်၊ နောက်ခံသမိုင်း မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်ကပင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်၍ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ဥပဒေအမှတ် ၂၂ ဖြင့် ၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်ပြဋ္ဌာန်းပြီး ယင်းဥပဒေကို စက်မှုဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို ဈေးကွက်စီးပွားရေးစနစ်အရသော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်းကြောင့်လည်းကောင်း၊ ခေတ်စနစ်နှင့်လျော်ညီအောင် ဥပဒေအသစ်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် စက်မှုဝန်ကြီးဌာနမှဦးဆောင်၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း) ကိုရေးဆွဲလျက်ရှိပါသည်။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ နိုင်ငံတော်အနေဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင် ရွက်ရာတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ၁၁/၂၀၁၃ ဖြင့် ၉-၁-၂၀၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အောက်ပါအတိုင်းဆောင်ရွက်လျက်ရှိပါသည်။ • အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဖွဲ့စည်းတည်ထောင်ခြင်း၊ • စက်မှုလက်မှုဖွံဖြိုးရေးဘဏ်ကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် အဖြစ်ပြောင်းလဲရန် စီစဉ်လျက်ရှိခြင်း၊ • အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအစား ၈.၅ ရာခိုင်နှုန်းဖြင့် ချေးငွေများထုတ်ပေးခြင်း၊ • ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အကောင်အထည်ဖော်နိုင်ရန်အတွက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ပြည်တွင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့်ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပမှအဖွဲ့အစည်းများ၊ ပညာရှင်များဖြင့် ဆွေးနွေးညှိနှိုင်းခြင်း၊ • ကိုရီးယား အမျိုးသားနည်းဗျူဟာတက္ကသိုလ် National Strategy Institute (NSI) နှင့် ကိုရီးယားနိုင်ငံ Gunhang Int’l Co,Ltd တို့ပူးပေါင်း၍ မြန်မာ SMEs လုပ်ငန်းရှင်များအား စစ်တမ်းကောက်ယူခြင်း၊ • လုပ်ငန်းရှင်များအနေဖြင့် စုံစမ်းမေးမြန်းနိုင်ရန် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုဆပ်ကော်မတီကို အမှတ် ၃၅ B/၁၅ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ ဗဟန်းမြို့နယ် ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားရှိခြင်း စသည်များဆောင်ရွက်လျက်ရှိပါသည်။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း)အကျဉ်းချုပ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း)ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အများပြည်သူလေ့လာသိရှိနိုင်ရန်အတွက် ထုတ်ဖော်ကြေ ညာထားပါသည်။ ယင်းဥပဒေ(မူကြမ်း)တွင် အခန်း (၁၄) ခန်းနှင့် ပုဒ်မပေါင်း ၃၅ ခုပါဝင်ပြီး ကဏ္ဍစုံလင်စွာတွေ့ရှိ ရပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို အကျဉ်းချုပ်အနေ ဖြင့်ဖော်ပြရလျှင်- • အသေးစားစီးပွားရေးလုပ်ငန်းဆိုသည်မှာ - ထုတ်လုပ်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး အမြဲတမ်းဝန်ထမ်း ၅၀ ဦးအထိရှိသော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ အထိရှိ သောလုပ်ငန်းများကိုဆိုလိုသည်။ • အလတ်စားစီးပွားရေးလုပ်ငန်းဆိုသည်မှာ - ထုတ်လုပ်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး အမြဲတမ်းဝန်ထမ်း ၃၀၀ ဦးအထိရှိသော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ အထက်မှ ကျပ်သန်း ၁၀၀၀ အထိရှိသောလုပ်ငန်းများကိုဆိုလိုသည်။ မတည်ရင်းနှီးငွေနှင့် လုပ်သားအင်အားပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစားများခွဲခြား သတ်မှတ်ထားခြင်း၊ ယင်းလုပ်ငန်းများအပေါ် ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ စီးပွားရေး ဆိုင်ရာအသင်းအဖွဲ့၊ အကြံပေးအဖွဲ့၊ ဘဏ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းနှင့် တာဝန်ခံဝန်ကြီးဌာနများ ဖွဲ့စည်း သတ်မှတ်ထားခြင်း၊ လုပ်ငန်းများကိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံမူများချမှတ်ထားခြင်း၊ ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ အေဂျင်စီဖွဲ့စည်းခြင်း၊ အကြံပေးအဖွဲ့ဖွဲ့စည်းခြင်း၊ အေဂျင်စီရုံးခွဲများဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ခွဲခြားသတ်မှတ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ အသင်းအဖွဲ့အချင်းချင်းပူးပေါင်းခြင်းနှင့် ရန်ပုံငွေအဖွဲ့အစည်း များပူးပေါင်းဆောင်ရွက်ခြင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများကို လုပ်ကိုင်လိုသူများ၏ ဆောင်ရွက်ရမည့် တာဝန်များနှင့်ဥပဒေပါအခွင့်အရေးများ ရရှိခံစားနိုင်ခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို မှတ်ပုံတင်ရန် ဤဥပဒေကဖော်ပြခြင်း၊ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်ကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များပါဝင်ကြောင်း ၎င်းဥပဒေမူကြမ်းတွင် လေ့လာတွေ့ ရှိရပါသည်။ နိုင်ငံတကာတွင်ကျင့်သုံးဆောင်ရွက်မှုများ ၂၀၁၃ ခုနှစ်၊ မေလ (၁၉)ရက်နေ့က သတ္တမအကြိမ်မြောက် “Supporting Needs For ASEAN Economic Community (AEC)” အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့တွင် ဆွေးနွေးကျင်းပခဲ့ရာ ပါရမီစွမ်းအင်ကုမ္ပဏီများ အုပ်စု၊ အကြီးတန်းအကြံပေး ဦးတင်ချို၏ Importance of SMEs and experience in ASEAN countries ခေါင်းစဉ်ဖြင့် Presentation မှ ဖော်ပြထားသည်အတိုင်း အောက်ပါနိုင်ငံများကို ကောက်နုတ်ဖော်ပြထားပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၈၀ ခုနှစ်မှစတင်၍ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး SMEs ကို ၁၉၈၉ ခုနှစ် တွင်စတင်ကျင့်သုံးခဲ့ကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းကော်မတီကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး လုပ်သားအင်အား၏ ၄၅ ရာခိုင်နှုန်းသည် ဤလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပရေးရှင်း (IFC) စသောနိုင်ငံတကာအဖွဲ့အစည်းများနှင့် ဂျပန်အစိုးရတို့၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ လာအိုနိုင်ငံ လာအိုနိုင်ငံအစိုးရသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အဆိုပါ စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှင့်အခြားသောလိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရန်အတွက် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်များတွင် မူဝါဒများချမှတ်ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းစသော အမျိုးအစား (၃) မျိုးသတ်မှတ်၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာအို နိုင်ငံသည်လည်း အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပရေးရှင်းတို့မှ ကူညီထောက်ပံ့ မှုများရရှိပါသည်။ ဗီယက်နမ်နိုင်ငံ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းစီးပွားရေးလုပ်ငန်း ၉၇ ရာခိုင်နှုန်းသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များဖြစ်ပြီး ပြည်တွင်းအသားတင်ထုတ်ကုန် ၄၀ ရာခိုင်နှုန်းရှိသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ်စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဂျာမန်၊ ဒိန်းမတ်အစိုးရတို့၏ ကူညီထောက်ပံ့မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် SMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်စီဖွဲ့စည်း၍ စီးပွားရေးလုပ်ငန်း များအာမခံရေးနှင့် ဘဏ္ဍာရေးထောက်ပံ့ရေးကော်ပရေးရှင်းကို ဖွဲ့စည်းတည်ထောင်ထားပါသည်။ နိုင်ငံတကာနှင့်ပတ်သက်၍ အထက်ပါအချက်အလက်များကို မှတ်တမ်းတိုရေးသားသူများက လေ့လာထုတ်နုတ် ဖော်ပြထားခြင်းဖြစ်ပါသည်။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း) ရေးဆွဲရေးအဖွဲ့မှလည်း SMEs နှင့်ပတ်သက်၍နိုင်ငံတကာ၏ ကျင့်သုံးဆောင်ရွက်မှုများကို လေ့လာလျက်ရှိသည် ဟုသိရှိရပါသည်။ အစိုးရ၏ထင်မြင်ချက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က လုပ်ငန်းစတင်ထူထောင်နိုင်ရေး အစုအဖွဲ့၏လုပ်ငန်းတာဝန် (၆)ရပ်ချမှတ်ထားရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် SMEs အေဂျင်စီများ ဖွဲ့စည်းထားရှိမှုနှင့် အေဂျင်စီရုံး များဖွင့်လှစ်ဆောင်ရွက်ပေးနေမှု၊ One Stop Service Center များဖွင့်လှစ်ဆောင်ရွက်နေမှု၊ မြေနေရာချထားမှု များကြောင့် SMEs လုပ်ငန်းများကို များစွာအထောက်အပံ့ပေးနိုင်မည်ဟု သုံးသပ်ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြောင်းလဲရန်နှင့် မြို့ပြအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသာမက ကျေးလက်ဒေသအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကိုပါ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ အခြားသောပုဂ္ဂိုလ်အဖွဲ့အစည်းများ၏အမြင်များ မြန်မာနိုင်ငံအနေဖြင့်ပြည်တွင်း SMEs များဖွံ့ဖြိုးတိုးတက်ရေးကို အားထား၍လုပ်ဆောင်နေသည်ဆိုသော်လည်း ၉၇ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံ၏အသေးစားနှင့်အလတ်စားလုပ်ငန်းများကို ထိုင်းနှင့်မလေးရှားနိုင်ငံတို့မှ ဝင်ရောက်နေရာယူလာနိုင်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းက အကူအညီပေးမည့် အစီအစဉ်ရှိနေသော်လည်း လတ်တလောတွင် SMEs များနာလန်ထူရန် အခက်အခဲများစွာ ရှိနေသေးကြောင်း၊ ၂၀၁၅ ခုနှစ်တွင် SMEs များကို အတိုင်းအတာတစ်ခုထိဖြစ်လာအောင် လုပ်ပေးဖို့ဆိုတာ သိပ်မလွယ်ကူကြောင်း၊ တစ်နိုင်ငံလုံးမှာရှိသည့် SMEs အားလုံးအတွက် ညီညွတ်သော မူဝါဒတစ်ခုနှင့် Criteria တစ်ခုသတ်မှတ်ဖို့လိုကြောင်း၊ လုပ်ငန်းပုံစံများမှာအသေးစားလုပ်ငန်းပုံစံ ၁၅ ရာခိုင်နှုန်းနီးပါးသည် နည်းစနစ်တကျ လုပ်ဆောင်ဖွဲ့စည်းထားခြင်းမရှိဘဲ ၃ ရာခိုင်နှုန်းသောလုပ်ငန်းပုံစံများမှာ နိုင်ငံခြားပုံစံများဖြစ်နေကြာင်း၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သုံးသပ်ပြောကြားခဲ့ပါသည်။

ရက်စွဲ
၇.၃.၂၀၁၄