Skip to main content

အာဆီယံပါလီမန်များ အထွေထွေညီလာခံဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်ကိုယ်စားလှယ်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အာဆီယံ ပါလီမန်ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲကို ယနေ့ ည ၇ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ Banquet Hall ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် ၊ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အာဆီယံ ပါလီမန်များမှ ကိုယ်စားလှယ်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ AIPA နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အာဆီယံပါလီမန်များအထွေထွေညီလာခံဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက် လာကြသူ များနှင့် အတူတကွ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက န၀ရတ်ကိုးသွယ်လှ များခြယ်ယိမ်းအက၊ ခေတ် ၃ ခေတ်ယိမ်းအက၊ ပတ္တလား အတီး၊ မင်းသားလတ်ယိမ်းအက၊ ဒုံးယိမ်းအက၊ ကုဏ္ဍာလာအိုင်နန်းတွင်း ယိမ်းအက၊ ဆီမီးယိမ်း အက၊ WE ARE ASEAN အက၊ အာဆီ ယံစုပေါင်းယိမ်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနား သို့ တက်ရောက်လာကြသည့် အာဆီယံပါလီမန်များ ကိုယ်စား လှယ်အဖွဲ့မှလည်း သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုအက များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်